ဦးခေါင်းပေါ်မှမီးသီး ဖြတ်ကနဲလင်းလာသောကြောင့် ညသန်းခေါင်တွင် ဒေါ်တင်ရီ ဆတ်ကနဲ နိုးလားသည်။ ယခုလေးပင် လျှပ်စစ်မီးပြန်လာသည်။
အသက် ၆၅ နှစ်ရှိပြီဖြစ်သော ဒေါ်တင်ရီသည် အိပ်ရာမှထလိုက်ပြီး ရေစုပ်စက်ကို ဖွင့်လိုက်သည်။
စက်သံသည် အိမ်နီးချင်းများ အနှောက်အယှက်ဖြစ်စေမည်ကို သူသိသော်လည်း လျှပ်စစ်မီးလာစဉ် ချက်ချင်းရေတင်ရမည်ဟု ရန်ကုန်သူ ဒေါ်တင်ရီ သိနေသည်။
ထို့နောက် သူသည် ထမင်းနှင့်ဟင်းချက်ရန် လျှပ်စစ်ဒယ်အိုးကို ခလုတ်ဖွင့်လိုက်သည်။
နံနက်ခင်း ၁ နာရီခွဲသာရှိသေးသော်လည်း ဒေါ်တင်ရီသည် နေ့အချိန်သဖွယ် အိမ်မှုကိစ္စများကို လုပ်နေသည်။
“ကျမ ဆက်ပြီးအိပ်နေရင် မနက်ဖြန် တနေကုန် မီးပြတ်ပြီး ကျမမိသားစု ရေပြတ်မယ်” ဟု ဒေါ်တင်ရီက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်နောက်ပိုင်း ရှည်ကြာစွာ ဓာတ်အားပြတ်တောက်ခြင်းကြောင့် မြန်မာပြည်သူများ အထူးသဖြင့် ရန်ကုန်ကဲ့သို့သော မြို့ကြီးများမှ ပြည်သူများ၏ဘဝကို ဆိုးရွားစေသည်။ အခြေအနေသည် လွန်ခဲ့သောနှစ်မှစတင်ပြီး ပိုမိုဆိုးရွားလာပြီး တနေ့လျှင် သုံးနာရီနှင့် လေးနာရီသာ ဓာတ်အားရရှိတော့ကာ အခြားသော နေ့စဉ်အခက်အခဲများအနက် တခုဖြစ်လာသည်။
ညသည် တခါက အိပ်စက်ရန် သီးသန့်အချိန်ဖြစ်သော်လည်း ယခုအခါ အိမ်အလုပ် လုပ်ချိန်ဖြစ်လာပြီး မြို့များတွင်နေထိုင်သူများသည် အဖိုးတန်လှသော မီးလာချိန်နာရီပိုင်းအတွင်း ရေတင်ခြင်း၊ အဝတ်လျှော်ခြင်းနှင့် ချက်ပြုတ်ခြင်းများဖြင့် အလုပ်ရှုပ်နေကြသည်။
ကလေးနှစ်ဦးမိခင် မဇာခြည်သည်လည်း ညမှောင်သောအခါ လုပ်ငန်းများ စတင်လုပ်ကိုင်သူများအနက် တဦးဖြစ်သည်။ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦးဖြစ်သော မဇာခြည်က ရန်ကုန်ရှိ သူ၏အိမ်အတွက် ရေလုံလောက်စွာ သိုလှောင်ထားနိုင်ရန် အားထုတ်သည့်အနေဖြင့် တညလုံး မအိပ်ကြောင်း ပြောသည်။
သူသည် တညခြား ရေတင်သော်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းကြောင့် မကြခဏဆိုသလို ရေအနည်းငယ်သာလာကြောင်း ထိုထက် ပိုမိုဆိုးရွားသည့်အခါလည်း ရှိကြောင်း ပြောသည်။
“ကျမ မနေ့က မအိပ်ရဘူး။ ဒါတောင်မှ ရေနည်းနည်းပဲရတယ်။ အရမ်းစိတ်ပျက်စရာ ကောင်းတယ်” ဟု မဇာခြည်က ဧရာဝတီသတင်းဌာနသို့ ပြောပြသည်။
ဓာတ်အားပြတ်တောက်ရခြင်း အကြောင်းရင်းများ
၂၀၂၂ ခုနှစ် အစောပိုင်းမှ စတင်ပြီး ဓာတ်အားပြတ်တောက်မှုများ နိုင်ငံတဝန်းကျယ်ပြန့်လာပြီး စီးပွားရေး အချက်အခြာများဖြစ်သော ရန်ကုန်နှင့် မန္တလေးကိုပင် ထိခိုက်လာသည်။ မြန်မာသည် အရှေ့တောင်အာရှတွင် လျှပ်စစ်ဓာတ်အားဖြန့်ချိမှု အနည်းဆုံးနှုန်းရှိပြီး မိသားစုများ၏ ၅၀ ရာခိုင်နှုန်းသာ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ထားကြောင်း ကမ္ဘာ့ဘဏ်၏အဆိုအရ သိရသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ အစီရင်ခံစာအရ မြန်မာတွင် ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အား၏ ၄၀ ရာခိုင်နှုန်းကို ရေအားလျှပ်စစ်မှ၊ ၁၄ ရာခိုင်နှုန်းကို ဆိုလာစက်ရုံများမှ၊ ၃၄ ရာခိုင်နှုန်းကို ပြည်တွင်း သဘာဝဓာတ်ငွေ့မှနှင့် ၁၁ ရာခိုင်နှုန်းကို သဘာဝဓာတ်ငွေ့ရည် (LNG) မှ ထုတ်လုပ်သည်ဟု သိရသည်။
၂၀၂၁ ခုနှစ်အထိ မြန်မာနိုင်ငံသည် နေ့စဉ်လျှပ်စစ်ဓာတ်အား ၃,၇၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပြီး ရန်ကုန်တမြို့တည်းက ထိုပမာဏ၏ ထက်ဝက်ကို သုံးစွဲသည်။ သို့သော် နေ့စဉ် ဓာတ်အားထုတ်လုပ်မှုသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ၃,၇၁၁ မဂ္ဂါဝပ်မှ ၂၀၂၂ ခုနှစ်၊ မတ်လတွင် ၂,၆၅၅ မဂ္ဂါဝပ်သို့ ကျဆင်းသွားခဲ့သည်။
၇၅၀ မဂ္ဂါဝပ်မျှ ထုတ်လုပ်နေသည့် LNG သုံး ဓာတ်အားပေးစက်ရုံများကို ဆိုင်းငံ့ထားသည်မှာ စစ်အာဏာ သိမ်းပြီးချိန်ကပင် ဖြစ်ပြီး ဓာတ်ငွေ့ရည်ဈေးနှုန်း မြင့်တက်မှုကြောင့်ဟု အကြောင်းပြသည်။ ထိုဓာတ်အားပေးစက်ရုံများကို ဟောင်ကောင်အခြေစိုက် CNTIC V Power ၏ LNG သင်္ဘောမှ ထောက်ပံ့နေပြီး ထိုသင်္ဘောသည် မတ်လတွင် မြန်မာမှ အပြီးအပိုင် ပြန်လည်ထွက်ခွာသွားသည်။
၇၅၀ မဂ္ဂါဝပ်မျှ ထုတ်လုပ်နေသည့် LNG သုံး ဓာတ်အားပေးစက်ရုံများကို ဆိုင်းငံ့ထားသည်မှာ စစ်အာဏာ သိမ်းပြီးချိန်ကပင် ဖြစ်ပြီး ဓာတ်ငွေ့ရည်ဈေးနှုန်း မြင့်တက်မှုကြောင့်ဟု အကြောင်းပြသည်။
နိုင်ငံတော် ဓာတ်အားပေးစနစ်အတွင်းမှ အကြီးစား ရေအားလျှပ်စစ်စက်ရုံများ၏ ထုတ်လုပ်မှုစွမ်းရည်သည် ခြောက်သွေ့သော နွေရာသီအခြေအနေနှင့်အညီ ကျဆင်းသွားကာ နိုင်ငံတဝန်းတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများကိုလည်း ဖြစ်စေကြောင်း နိုင်ငံပိုင် ရန်ကုန်လျှပ်စစ်ဓာတ်အားဖြန့်ချိရေး ကော်ပိုရေးရှင်း (YESC) က ဧပြီလတွင် ပြောသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သူသည် ၂၀၂၅ ခုနှစ်တွင် ဓာတ်အားအလုံအလောက်ရရန် လုပ်ဆောင်နေကြောင်း ပြီးခဲ့သည့်ဇန်နဝါရီလက ပြောခဲ့သည်။
မြန်မာအစိုးရနှင့် ကမ္ဘာ့ဘဏ်တို့သည် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပ) ကို ၂၀၁၅ ခုနှစ်တွင် စတင်လုပ်ကိုင်ပြီး ၂၀၃၀ ပြည့်နှစ်တွင် မြန်မာမှ အိမ်ထောင်စုတိုင်းကို ဓာတ်အားပေးစနစ်နှင့် ချိတ်ဆက်ရန် ရည်မှန်းခဲ့သည်။ သို့သော် အာဏာမသိမ်းမီက ထိုအစီအစဉ်၏ အစိတ်အပိုင်းအဖြစ် အတည်ပြုထားသော စွမ်းအင်စီမံကိန်းများကို အာဏာသိမ်းပြီးနောက် ဆိုင်းငံ့ထားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် စီးပွားရေးတိုးတက်မှုအတွက် အဓိကကျသော စွမ်းအင်ကဏ္ဍ တိုးတက်ရေးကို ဦးစားပေးကြောင်း NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်းတဦးက ပြောသည်။
“ကျနော်တို့အစိုးရက လျှပ်စစ်ဓာတ်အားနဲ့ပတ်သက်ပြီး ဘဏ္ဍာငွေ အများကြီးသုံးတယ်” ဟု ထိုလွှတ်တော် ကိုယ်စားလှယ်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
အိမ်ထောင်စုများအတွက် ကုန်ကျစရိတ် ပိုများလာ
ရန်ကုန်ဒေသခံများသည် NLD အစိုးရခေတ်က နွေရာသီ ဓာတ်အားပြတ်တောက်မှုများ သတိရသော်လည်း ထိုစဉ်က မီးပြတ်ခြင်းသည် ယခုလောက်ရှည်ကြာခြင်း မရှိသလို ယခုလောက် အကြိမ်ရေ မများကြောင်း ပြောသည်။
ရန်ကုန်ဒေသခံ မခင်ခင်ထွန်းသည်လည်း သူ၏အသက်မွေးဝမ်းကြောင်းကို ရှည်ကြာသည့် ဓာတ်အားပြတ်တောက်မှုများက ခြိမ်းခြောက်လာသောအခါ အထောက်အကူပြု အစီအစဉ်တခုကို အသုံးပြုရသည်။ သူသည် အလုပ်အတွက်သုံးရန် ဘက်ထရီတလုံးနှင့် အင်ဗာတာတလုံးကို လွန်ခဲ့သောနှစ်က ဝယ်ယူခဲ့သည်။
“ဝင်ငွေက မတိုးတက်ဘဲ ကုန်ဈေးနှုန်းတွေ အရမ်းတက်နေတဲ့အခြေအနေမှာ အပိုငွေထပ်ပြီး ကုန်ကျတာ အရမ်းဆိုးတယ်” ဟု သူက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ဒေါ်တင်ရီနှင့် မဇာခြည်ကဲ့သို့သော အိမ်ရှင်မများသည်လည်း ချက်ပြုတ်ရန် ဓာတ်ငွေ့နှင့် မီးသွေးဝယ်ရသောကြောင့် ကုန်ကျစရိတ် ပိုမိုများပြားနေသည်။
ဓာတ်အားပြတ်တောက်လွန်းသောကြောင့်ဝယ်လိုအားမြင့်မားနေသည့် ထိုလောင်စာများ၏တန်ဖိုးသည် စစ်အာဏာသိမ်းမှု မတိုင်မီကာလနှင့် နှိုင်းယှဉ်ပါက နှစ်ဆမှ သုံးဆအထိ တိုးလာနေသည်။
ဓာတ်အားပြတ်တောက်လွန်းသောကြောင့်ဝယ်လိုအားမြင့်မားနေသည့် ထိုလောင်စာများ၏တန်ဖိုးသည် စစ်အာဏာသိမ်းမှု မတိုင်မီကာလနှင့် နှိုင်းယှဉ်ပါက နှစ်ဆမှ သုံးဆအထိ တိုးလာနေသည်။
“ကျမတို့က ဟင်းချက်ဖို့ ဓာတ်ငွေ့ဖြည့်ထားရပြီး ညဘက်မီးထွန်းဖို့ LED ဘက်ထရီမီးသီးတွေ ဝယ်ရတယ်။ သူတို့က လျှပ်စစ်ဓာတ်အား ပုံမှန်မပေးတော့ ကျမတို့က အပိုကုန်ကျစရိတ်တွေ သုံးနေရတယ်” ဟု ဒေါ်တင်ရီက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် အခြားစီးပွားရေးနှင့် လူမှုရေးအခက်အခဲများကိုလည်း မြန်မာပြည်သူများ ခံစားနေရသည်။
ရေမလုံလောက်မှုများ
လျှပ်စစ်ဓာတ်အား ရှည်ကြာစွာ ပြတ်တောက်သောကြောင့် ရေစက်များ မမောင်းနိုင်တော့ဘဲ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးမှ ဒေသခံများသည် ရေမလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်မှာ ဧပြီလကတည်းက ဖြစ်သည်။
တနေ့လျှင် လျှပ်စစ်ဓာတ်အား သုံးနာရီသာရကြောင်း ထိုပမာဏသည် မန္တလေးလျှပ်စစ်ဓာတ်အားဖြန့်ချိရေး ကော်ပိုရေးရှင်း (MESC) က ကတိပြုထားသည့်ပမာဏ၏ ထက်ဝက်သာရှိကြောင်း မန္တလေးဒေသခံတဦးက ရှင်းပြသည်။
“အရမ်းပူအိုက်တဲ့ရာသီမှာ ပြည်သူတွေအနေနဲ့ လျှပ်စစ်ဓာတ်အားနဲ့ရေ လိုအပ်လို့ အရမ်းကို ရုန်းကန်နေရတယ်” ဟု မန္တလေးဒေသခံတဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

မန္တလေးရှိ မြို့နယ် ခြောက်ခုမှ ပြည်သူများသည် လူမှုဖူလုံရေးအသင်းများက လှူဒါန်းသောရေများကို မှီခိုနေရသည်။ အဖွဲ့အစည်းများသည် ကိုယ်ပိုင်ရေတွင်းများရှိသော အမရပူရမှအပ မန္တလေးမြို့အနှံ့ ရေများလှူဒါန်းနေရသည်။
၎င်းတို့အဖွဲ့သည် ဧပြီလ ၂၀ ရက်နေ့မှစတင်ပြီး ထရပ်ကား သုံးစီးဖြင့် နေ့စဉ် ဂါလံ ၂ သောင်းခန့် ဖြန့်ချိနေကြောင်း အဖွဲ့အစည်းတခုမှ အဖွဲ့ဝင်တဦးက ပြောသည်။
မေလပထမပတ်အထိ မန္တလေးတွင် ရေမလုံလောက်မှု ခံစားနေရဆဲဖြစ်ကြောင်း ၎င်းကပြောသည်။
“တမြို့လုံးမှာ ရေ ဒီလောက်ကြာကြာပြတ်တာ တခါမှ မကြုံဖူးဘူး” ဟုလည်း ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
အသေးစားနှင့်အလတ်စား လုပ်ငန်းများ ပြိုလဲလုဖြစ်နေ
လျှပ်စစ်ဓာတ်အား မလုံလောက်သောကြောင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများ (SMEs) သည် SME များ၏ အရေးပါမှုကို အလေးထားပြောသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အုပ်ချုပ်ရေးအောက်တွင် ပြိုလဲလုနီးပါးဖြစ်နေသည်။
လျှပ်စစ်ဓာတ်အား မလုံလောက်သောကြောင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများ (SMEs) သည် SME များ၏ အရေးပါမှုကို အလေးထားပြောသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အုပ်ချုပ်ရေးအောက်တွင် ပြိုလဲလုနီးပါးဖြစ်နေသည်။
SME လုပ်ငန်းရှင်များသည် လောင်စာနှင့် သယ်ယူပို့ဆောင်ရေးအတွက် အသုံးစရိတ် ပိုမိုကုန်ကျနေပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ရေရှည်ရပ်တည်ရေးကို ထိုခိုက်စေကြောင်း ရန်ကုန်မှ အစားအသောက်ထုတ်ကုန် လုပ်ငန်းရှင် မသိမ့်က ပြောသည်။
လျှပ်စစ်ဓာတ်အားလိုအပ်သည့် လုပ်ငန်းအစိတ်အပိုင်းများ အားလုံးအတွက် မီးစက်များကို သုံးနေရပြီး ငွေပိုမိုကုန်ကျနေကြောင်း ၎င်းကပြောသည်။ ရေခဲမုန့်ထုတ်လုပ်သည့် သူ၏မိတ်ဆွေတဦးသည် လွန်ခဲ့သောလက လုပ်ငန်းရပ်ဆိုင်းလိုက်ရသည်။
“ကျမလည်း လုပ်ငန်းရပ်ဆိုင်းဖို့ စဉ်းစားနေပြီ” ဟု မသိမ့်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
စစ်အုပ်ချုပ်ရေးအောက်မှ မြန်မာနိုင်ငံတွင် မည်သည့်တိုးတက်မှုမှ မရှိကြောင်းလည်း ပြောသည်။
“အရည်အချင်းမရှိဘဲ တိုင်းပြည်ကို မအုပ်ချုပ်သင့်ဘူးလို့ပဲ မင်းအောင်လှိုင်ကို ကျမ ပြောချင်တယ်” ဟု မသိမ့်က ပြောသည်။
ထင်ရှားသော စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ဒေါက်တာ တေဇာဆန်းက စစ်ကောင်စီသည် တည်ငြိမ်မှုနှင့် တိုးတက်မှုရှိအောင် လုပ်နိုင်သည့်စွမ်းရည် မရှိသောကြောင့် နိုင်ငံ၏ လူမှုစီးပွားအခြေအနေကို ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုက ဖရိုဖရဲဖြစ်အောင် လုပ်လိုက်ကြောင်း ပြောသည်။
“စစ်အုပ်ချုပ်ရေး ခိုင်မာသွားရင် အခြေအနေက ပိုဆိုးလာမယ်” ဟုလည်း ဒေါက်တာ တေဇာဆန်းက ပြောသည်။
တချိန်တည်းတွင် လျှပ်စစ်ဓာတ်အား မရှိသောကြောင့် မိုးရာသီက ပူအိုက်သော နွေရာသီအပူချိန်မှ သက်သာအောင် လုပ်ပေးမည်ဟု ပြည်သူများက မျှော်လင့်နေကြသည်။
ပုံမှန်မီးပြတ်နေခြင်းကြောင့် ပြည်သူများသည် ၄၀ ဒီဂရီ ဆဲလ်စီးယပ်အထက်ရှိသော နေ့စဉ်အပူချိန်ကို လေအေးပေးစက်နှင့် ပန်ကာများမရှိဘဲ ရင်ဆိုင်နေရသည်။ အထူးသဖြင့် ညဘက်များတွင် ပိုမိုရင်ဆိုင်ရသည်။ ယခုနှစ်သည် မြန်မာတွင် မှတ်တမ်းတင်ထားသည်များအနက် အပူဆုံးနှစ်ဖြစ်မည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသည်။
ရန်ကုန်နှင့် အခြားဒေသများမှ ပြည်သူများသည် တညပြီးတည မအိပ်နိုင်ဘဲ မိုးဦးစောစောကျပါစေဟုသာ ဆုတောင်း နေရသည်။
ထိုသို့ စိတ်ပျက်လက်ပျက်ဖြစ်ခြင်းများသည် လူမှုကွန်ရက်တွင် ရေဆူအမှတ်ရောက်လာနေသည်။
“ရာသီဥတု ပိုအေးလာမယ်ဆိုရင် ရန်ကုန်ကို ဆိုင်ကလုန်းမုန်တိုင်း တိုက်ရင်တောင် ဂရုမစိုက်ဘူး” ဟု မကြာသေးမီက လူမှုကွန်ရက် ပို့စ်တခုတွင် ရေးသားထားသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ယုဇန၏ Myanmar Power Shortage Leaves Millions at Mercy of Searing Summer ကို ဘာသာပြန်သည်။)
You may also like these stories:
မီးမပေးနိုင်ခြင်းက နိုင်ငံ့စီးပွားရေးကို ပိုဆိုးစေ
မီးအပျက်များ၍ ရန်ကုန်ရှိ တနိုင်တပိုင် လုပ်ငန်းများ အသက်ငင်နေကြ
မန္တလေးတွင် သောက်သုံးရေပြတ်လပ်မှု ကြုံနေ
အပူလှိုင်း အာရှတွင် ကျရောက်နေပြီး အခြေအနေ ဆိုးရွားနိုင်
အပူချိန်လွန်ကဲမှုကြောင့် အညာစစ်ဘေးရှောင်များ ကျန်းမာရေး စိုးရိမ်ရ
ကရင်နီစစ်ရှောင်များ ရေရှားမှုကြောင့် ကျန်းမာရေးပြဿနာများ ကြုံနေရ