ရန်ကုန်မြို့ပြင်မှ ဘုန်းကြီးကျောင်းတကျောင်း၌ နံနက်စောစော ၄ နာရီခန့်တွင် မရွှေလဲ့နှင့်အဖွဲ့သည် တွန့်လိမ်နေသော စပါးကြီးမြွေ အကောင် ၃၀ ခန့်ကို ဆန်အိတ်ဟောင်းများတွင်ထည့်ပြီး ဗင်ကားပေါ်သို့ တင်နေကြသည်။
လူသားလောက အန္တရာယ်များသောနေရာများမှ စပါးကြီးမြွေများကို ဆွဲထုတ်၊ မြေဟောက်များကို ချော့မော့ခေါ်ပြီး ၎င်းတို့၏ သဘာဝ ကျင်လည်ကျက်စားရာနေရာများသို့ ပြန်လွှတ်ပေးရသော ထိုလုပ်ငန်းသည် မြန်မာမှ ထိပ်တန်းမြွေရှင်းလင်းရေးအဖွဲ့၏ ပုံမှန်တနေ့တာလုပ်ငန်းမျှသာ ဖြစ်သည်။
ယခု အိတ်များအတွင်း ထည့်သွင်းနေသည် မြွေများမှာ ရန်ကုန်တလွှားရှိ အိမ်များ၊ တိုက်ခန်းများမှ သုံးလတာအတွင်း ဖမ်းဆီးထားပြီး သဘာဝအတိုင်း ပြန်လွှတ်ပေးရန် သင့်တော်သည်အထိ ထိုဘုန်းကြီးကျောင်းတွင် စောင့်ရှောက်ထားသော မြွေများဖြစ်သည်။
“မြွေတွေက မလှည့်စားတတ်လို့ ကျမ သူတို့ကိုသဘောကျတယ်” ဟု မရွှေလဲ့က ၎င်းတို့အဖွဲ့စီမံသည့် မြွေဂေဟာတွင် AFP သတင်းဌာနသို့ ပြောကြားစဉ် စပါးကြီးမြွေကြီးတကောင်သည် သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်နေသည်။
“သူတို့ရဲ့သဘာဝကိုသိရင် သူတို့က ချစ်ဖို့ကောင်းတယ်” ဟုလည်း သူကပြောသည်။
သူ၏ဆရာ ကိုတိုးအောင်သည် တောင့်တောင့်ခိုင်ခိုင် အသက် ၄၀ အရွယ် အမျိုးသားတဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် မြွေများကို စတင်ဖမ်းဆီးပြီးနောက် ဆေးရုံ ခုနစ်ကြိမ် တက်ရောက်ခဲ့ရသူဖြစ်ပြီး ပိုမိုတည်ငြိမ်သည်။
မြွေဖမ်းသည့်အလုပ်တွင် မည်သူမဆိုသည် “လျင်မြန်ဖျတ်လတ်ရန်” လိုကြောင်း ကိုတိုးအောင်က ပြောသည်။
“အဆိပ်ပြင်းတဲ့မြွေကို ဖမ်းတဲ့အခါ ၉၀/၁၀ ပဲ။ မြွေကိုက်ခံရမယ့်အလားအလာက ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်” ဟု ၎င်းကပြောသည်။
၎င်းတို့၏အဖွဲ့ကို “ရွှေမေတ္တာ” အဖွဲ့ဟု ခေါ်ပြီး အဖွဲ့ဝင် တဒါဇင်ခန့်ရှိကာ လွန်ခဲ့သောနှစ်အတွင်း ရန်ကုန်တဝိုက်မှ မြွေ ၂၀၀ ခန့်ကို ကယ်ဆယ်ခဲ့သည်။
၎င်းတို့နှစ်ဦး လက်ဆေးကန်အပေါက်များမှ မြွေများ၊ တံစက်မြိတ်များမှ မြွေများကို ဆွဲထုတ်နေသည့် လူမှုကွန်ရက် ဗီဒီယိုများကြောင့် ပြည်တွင်းမီဒီယာတွင် “မြွေမင်းသားနှင့် မြွေမင်းသမီး” ဆိုသည့် အမည်များကို ရစေသည်။
အနံ့ခံလိုက်ခြင်း
အဖွဲ့ဝင်အားလုံးသည် စားဝတ်နေရေးအတွက် အခြားအလုပ်များကို လုပ်ကိုင်ရပြီး ၎င်းတို့အတွက် အကာအကွယ်ကိရိယာများမှသည် ၎င်းတို့၏ ခရမ်းရောင် မြွေအရေးပေါ်ယာဉ်အတွက် ဓာတ်ဆီအထိ အရာရာအတွက် အလှူရှင်များကို မှီခိုရသည်။
၎င်းတို့သည် အများအားဖြင့် မြန်မာစပါးကြီးမြွေများကို ဖမ်းရသည်။ ထိုမြွေများသည် အဆိပ်မရှိဘဲ ၁၆ ပေခန့်အထိ ရှည်တတ်ကာ ကြွက်နှင့် အခြားသားကောင်ငယ်များကို သေသည်အထိ ဖိညှစ်ပစ်တတ်သည်။
မြွေဟောက်နှင့် ငန်းတော်ကြားမြွေများသည်လည်း ရန်ကုန်မှ တိုက်ခန်းများတွင် နေထိုင်ကြပြီး ပိုမိုခက်ခဲသော အလားအလာရှိသည်။ ၎င်းတို့၏အဆိပ်သည် လူကိုသေဆုံးစေနိုင်သည့် အဆိပ်ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နောက်ဆုံးရနိုင်သည့် စာရင်းများအရ ၂၀၁၄ ခုနှစ်က မြန်မာတွင် လူပေါင်း ၁ သောင်းခွဲ မြွေကိုက်ခံရကြောင်း သိရသည်။
မြွေကိုက်ခံရသူများတွင် သေဆုံးသူ ၁,၂၅၀ ဦးရှိသောကြောင့် ထိုသေဆုံးမှုနှုန်းသည် ကမ္ဘာ့နိုင်ငံအများစုထက် မြင့်မားနေသည်။ ထိုသို့ မြင့်မားရခြင်းမှာ မြန်မာ့ကျန်းမာရေးစနစ် ချို့တဲ့ခြင်းနှင့် မြွေဆိပ်ဖြေဆေးရရန် ခက်ခဲခြင်းတို့ကြောင့် ဖြစ်သည်။
ထိုသို့သော အန္တရာယ်သည် ရွှေမေတ္တာတို့အဖွဲ့ ရင်ဆိုင်ရနိုင်သောအန္တရာယ် ဖြစ်သည်။
မတ်လအတွင်းက ၎င်းတို့သည် ရန်ကုန်မှ အိမ်တအိမ်အောက်တွင် အသိုက်လုပ်နေသည့် မြွေအများအပြားကို ရှင်းလင်းဖယ်ရှားရသောကြောင့် အချိန် နှစ်ရက်ကုန်သည်။
အိမ်နီးချင်းများ ဝိုင်းကြည့်နေသည့်ကြားမှ ဖောင်ဒေးရှင်းအတွင်းသို့ လှိုဏ်ခေါင်းဖောက်ဝင်ရသည်။ အထဲမှ မြွေများက အဆိပ်ဖြင့် မှုတ်သောကြောင့် ၎င်းတို့၏တူးဖော်မှုကို မကြာခဏ ရပ်ထားရသည်။
“မြွေ အနံ့အသက် မကောင်းဘူး” ဟု ဆေးမင်ကြောင် ထိုးထားသည့် အသက် ၃၁ နှစ်အရွယ် အဖွဲ့ဝင် ကိုရဲမင်းက မြွေသိုက်တူးသည့်အလုပ်ကို ခဏနားပြီးပြောသည်။
မည်သို့သောအနံ့ဖြစ်သည်ကို သိရှိခြင်းသည်လည်း မြွေဖမ်းသမားများ ကျွမ်းကျင်အောင် လေ့ကျင့်ထားရသည့် အခြားကျွမ်းကျင်မှုတခုဖြစ်ကြောင်း ကိုတိုးအောင်က ပြောသည်။
“သူတို့တွေရဲ့အနံ့တွေကို ကျနော်တို့ကသိပြီး သူတို့ကို မဖယ်ရှားခင် ဘာမြွေမျိုးလဲဆိုတာ သိဖို့လိုတယ်” ဟု ၎င်းကပြောသည်။
မြေဟောက်များသည် အပုပ်နံ့နံကြောင်း ကိုတိုးအောင်က ပြောသည်။
“ဒါပေမယ့် စပါးကြီးမြွေက အနံ့ပိုပြင်းတယ်။ တခါတခါ သူတို့ကို ကားပေါ်တင်ရင် ကျနော်တို့ အန်တောင်မှအန်တယ်” ဟု ၎င်းကပြောသည်။
မေတ္တာတရား
၎င်းတို့၏ အွန်လိုင်းဗီဒီယိုများမှ ကျော်ကြားလာသော ရွှေမေတ္တာအဖွဲ့သည် မြွေများအပေါ် မေတ္တာတရား ပိုမိုထားရန်၊ အထူးသဖြင့် နေအိမ်များသို့ ရောက်လာသော မြွေများကို မေတ္တာထားရန် ပြည်သူလူထုကို တိုက်တွန်းနေသည်။
“အရင်တုန်းက လူတွေက မြွေတွေ့တာနဲ့သတ်ကြတယ်” ဟု မရွှေလဲ့ ပြောသည်။
“အခုတော့ လူတွေက ဗဟုသုတပိုရှိလာပြီး မြွေတွေကို တောထဲပြန်လွှတ်လို့ ရတယ်ဆိုတာ သိလာကြတယ်။ ဒါကြောင့် ကျမတို့ကိုခေါ်ပြီး မြွေတွေဖယ်ရှားခိုင်းတယ်” ဟု သူကရှင်းပြသည်။
ကယ်ဆယ်ထားသောမြွေများကို အနီးရှိဘုန်းကြီးကျောင်းတွင် စောင့်ကြည့်ထားပြီး တောတွင်းသို့ ပြန်လွှတ်ပေးရန် လုံလောက်သည်အထိ စောင့်ရှောက်ထားသည်။
မတ်လနှောင်းပိုင်းက ထိုအဖွဲ့သည် ရန်ကုန်မြို့မြောက်ဘက် မိုင် ၉၀ ခန့်ရှိ ပဲခူးရိုးမမှ လူသူကင်းမဲ့ ပူအိုက်သော တောတွင်းတွင် ထိုသို့သောခရီးအတွက် လမ်းလျှောက်ခဲ့ရသည်။
အဖွဲ့ဝင်တဦးလျှင် စပါးကြီးမြွေအိတ်တအိတ်ထမ်းပြီး ၎င်းတို့ကို လွှတ်ပေးရန် သင့်တော်သောနေရာအထိ လျှောက်ရသည်။
“လှောင်အိမ်ထဲမှာ အပတ်ပေါင်းများစွာနေပြီး ၅ နာရီခရီးလောက် ကားစီးလိုက်ရတဲ့အတွက် တချို့မြွေတွေက ကြောင်တောင်တောင် ဖြစ်နေလို့ ထွက်သွားအောင် တုတ်နဲ့တို့ပေးရတယ်” ဟု မရွှေလဲ့က ပြောသည်။
“လှောင်ပိတ်ခံရတဲ့ ခံစားချက်ကို ဘယ်သူမှမကြိုက်ဘူး” ဟု နောက်ဆုံးမြွေတကောင် ထွက်ခွာသွားစဉ် မရွှေလဲ့ကပြောရင်း လူသားများနေသောနေရာသို့ နောက်တကြိမ် ပြန်မလာရန် မျှော်လင့်နေသည်။
“တဦးပေါ်တဦး မေတ္တာထားရမယ်ဆိုတဲ့ အမြင်အရ မြွေတွေကို လွှတ်ပေးရတာ ကျမ ပျော်တယ်။ ကျေနပ်စရာကောင်းတယ်” ဟု သူကပြောသည်။
(AFP ၏ Pythons on your porch? Call Myanmar’s ‘Snake Princess’
ကို ဘာသာပြန်သည်။)
You may also like these stories:
ရွှေတြိဂံက တောရိုင်းတိရိစ္ဆာန် ကုန်ကူးမှု
စစ်ကောင်စီခေတ်မှာ တိရစ္ဆာန်တွေလည်း ဒုက္ခများသည်
မြွေကိုက်ခံရမှုကြောင့် အသက်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ဖို့ Application တီထွင်လိုက်တဲ့ အမျိုးသား
ရန်ကုန်တိရစ္ဆာန်ရုံကမြွေမင်းသမီး
မြွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူလာကြတဲ့အကြောင်း
တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းလာသည့် မြွေ ၄ ထောင်ကျော် ဖမ်းမိ