လွန်ခဲ့သော နှစ်နှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အကြွင်းမဲ့ အာဏာသိမ်းယူလိုက်သောအခါ ယခင်က ခံစားခဲ့ဖူးသော အတွေ့အကြုံကို ပြန်ခံစားရခြင်းပင်ဖြစ်သည်။ ၁၉၈၈ ခုနှစ်ကအတိုင်း နောက်တကြိမ် ဖြစ်ပွားခြင်းဖြစ်သည်။ ကနဦးတွင် တနိုင်ငံလုံးမှ မြို့ကြီးမြို့ငယ်များတွင် ဆန္ဒပြသူများက ငြိမ်းချမ်းသော ဆန္ဒပြပွဲများ ပြုလုပ်ကြပြီး စစ်တပ်က ပစ်ခတ်သတ်ဖြတ်သည်ကို ခံရသည်။ လူအများအပြားသေဆုံးပြီး တက်ကြွလှုပ်ရှားသူအမျိုးမျိုးသည် နယ်စပ်ဒေသများသို့ ထွက်ပြေးကြကာ ဗဟိုအစိုးရထိန်းချုပ်မှုကို ခုခံဆန့်ကျင်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကြသည်။
ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသော အစိုးရတရပ်ကို ထူထောင်ပြီး အများအားဖြင့် ပြည်ပတွင်သာ လှုပ်ရှားသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ ပါဝင်သော ပိုမိုကျယ်ပြန့်သည့် တပ်ဦးတခု တည်ထောင်သည်။ ထို့နောက် လွန်စွာ လူထုထောက်ခံမှုမရှိသော စစ်အုပ်စုကို ဖြုတ်ချမည့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားသော်လည်း မည်သူမျှ ထိုစစ်ပွဲတွင် အောင်မြင်နိုင်ခြေမရှိသကဲ့သို့ ဖြစ်နေသည်။
သို့သော် ၁၉၈၈ ခုနှစ်နောက်ပိုင်း ဖြစ်ပျက်ခဲ့သည်များနှင့် ယနေ့ဖြစ်ပျက်နေသည်များအကြားတွင် အခြေခံအားဖြင့် ကွဲပြားခြားနားချက်များ ရှိသောကြောင့် ထိုသို့သောအချက်များသည် အတွေ့ရအများဆုံး အပေါ်ယံ ရှုမြင်သုံးသပ်ချက်များသာ ဖြစ်သည်။ နှစ်ပေါင်း ၄၀ ကျော်ကြာ ၁၉၈၈ ခုနှစ်နှင့်နောက်ပိုင်း ဖြစ်ရပ်များ အပါအဝင် မြန်မာနိုင်ငံအကြောင်း ရေးသားခဲ့သည့် သတင်းစာဆရာတယောက် ဖြစ်သောကြောင့် မိတ်ဆွေအချို့က ယခုအုံကြွမှုအရေးတော်ပုံသည် ၁၉၈၀ ပြည့်နှစ်များ နှောင်းပိုင်းနှင့် ၁၉၉၀ ပြည့်နှစ်များတွင် ဖြစ်ပွားခဲ့သည်များနှင့် မည်သည့်အတွက်မတူကြောင်း ရှင်းပြရန် စာရေးသူကို ချဉ်းကပ်မေးမြန်းကြသည်။
နှစ်ပေါင်း ၄၀ ကျော်ကြာ ၁၉၈၈ ခုနှစ်နှင့်နောက်ပိုင်း ဖြစ်ရပ်များ အပါအဝင် မြန်မာနိုင်ငံအကြောင်း ရေးသားခဲ့သည့် သတင်းစာဆရာတယောက် ဖြစ်သောကြောင့် မိတ်ဆွေအချို့က ယခုအုံကြွမှုအရေးတော်ပုံသည် ၁၉၈၀ ပြည့်နှစ်များ နှောင်းပိုင်းနှင့် ၁၉၉၀ ပြည့်နှစ်များတွင် ဖြစ်ပွားခဲ့သည်များနှင့် မည်သည့်အတွက်မတူကြောင်း ရှင်းပြရန် စာရေးသူကို ချဉ်းကပ်မေးမြန်းကြသည်။
ပထဆုံးအချက်မှာ မိုဘိုင်းဖုန်းများ၊ အင်တာနက်နှင့် ၎င်းတို့နှင့်ပူးတွဲလာသည့် ဒစ်ဂျစ်တယ် မီဒီယာနှင့် အီးမေးလ်သည် ၁၉၈၀ ပြည့်နှစ်များက မရှိသေးသည့် အရာများဖြစ်သည်။ ထိုစဉ်က စာရေးသူသည် မြန်မာသို့ သွားရောက်ခွင့် ပိတ်ပင်ခံရသော်လည်း မကြည်လင်သော ဖုန်းလိုင်းများနှင့် အခါအားလျော်စွာရရှိသော စာများဖြင့် ယုံကြည်ရသောကွန်ရက် တည်ဆောက်ပြီး လွန်စွာခက်ခဲသော အခြေအနေတွင် သတင်းရယူနိုင်ခဲ့သည်။ ထိုသို့သောစာများကို ယုံကြည်ရသောသူများက ဘန်ကောက်ရှိ စာရေးသူထံ ကိုယ်တိုင်လာရောက်ပေးပို့ခြင်း ဖြစ်သည်။
နိုင်ငံတွင်းမှ ထိုသို့သော အဆက်အသွယ်များထံမှ အကူအညီမရခဲ့ပါက စာရေးသူသည် ယခုအခါ ရပ်ဆိုင်းသွားပြီဖြစ်သော Far Eastern Economic Review စာစောင်အတွက် ဆောင်းပါးများ ရေးသားနိုင်ခဲ့မည် မဟုတ်ပေ။ ၎င်းတို့အတွက် အန္တရာယ်ရှိသည့်တိုင် နောက်ဆုံးသတင်းများကို စာရေးသူထံပို့ပေးခဲ့သော ထိုအဆက်အသွယ်များကို စာရေးသူ မည်သည့်အခါမျှ ကျေးဇူးမေ့မည် မဟုတ်ပေ။
ဓာတ်ပုံများကို ကိုင်ရတွယ်ရ ခက်ခဲသည့် ကင်မရာများ၊ ဖလင်များဖြင့် ရိုက်ကူးရပြီး ဖလင်လိပ်များကို နိုင်ငံမှခိုးထုတ်ကာ ထိုင်းနိုင်ငံ သို့မဟုတ် တနေရာရာတွင် ထိုဖလင်လိပ်များကို ဆေးရသည်။ မှုန်ဝါးသည့် အချို့သော ဗီဒီယိုမှတ်တမ်းများကိုလည်း လက်ကမ်းစာစောင်များမှသည် ပိုစတာများအထိ ပုံနှိပ်စာရွက်စာတမ်းများ၊ လွတ်လပ်စွာထုတ်ဝေသည့် သတင်းစာများနှင့် ဂျာနယ်များကဲ့သို့ပင် မြန်မာပြင်ပသို့ အလားတူ ခိုးထုတ်ရသည်။ ထိုသို့ထိန်းသိမ်းထားသော စာရွက်စာတမ်းများသည် အရေးပါသော သမိုင်းဝင်ပစ္စည်းများ ဖြစ်နေသော်လည်း အကန့်အသတ်များရှိပြီး ယနေ့ခေတ် အွန်လိုင်းတွင် ရနိုင်သည့်အရာများနှင့် နှုင်းယှဉ်မရပေ။
ယနေ့တွင် တရက်၊ နှစ်ရက်အတွင်း၊ သို့မဟုတ် နာရီပိုင်းအတွင်း ကမ္ဘာကမသိဘဲ မြန်မာပြည်တွင်းတွင် မည်သည့် ဖြစ်ရပ်၊ မည်သည့် ဆန္ဒပြပွဲ၊ လက်နက်ကိုင်တိုက်ပွဲ၊ လုပ်ကြံသတ်ဖြတ်မှု သို့မဟုတ် ရက်စက်ကြမ်းကြုတ်မှုမှ မဖြစ်ပျက်နိုင်တော့ပေ။ မြန်မာလူငယ်များသည် ဆိုက်ဘာအသိအပညာ အတွေ့အကြုံများပြီး စစ်တပ်ထက် သာလွန်ကျွမ်းကျင်သည်။ စစ်တပ်သည် အွန်လိုင်းနည်းပညာ အသုံးပြုရာတွင် ကျွမ်းကျင်မှု လွန်စွာနည်းသည်။
တချိန်တည်းတွင် ၁၉၈၈ ခုနှစ်က မြို့ကြီးမြို့ငယ်များမှ ဆန္ဒပြပွဲများတွင် စစ်တပ်က ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် တွေ့ရသည့် ရက်စက်ကြမ်းကြုတ်မှုများထက် များစွာပိုမိုဆိုးရွားသည်။ သြဂုတ်လ ၈ ရက်နေ့တွင် ပြည်သူများ လမ်းမများပေါ် ထွက်လာသောအခါ စစ်သားများက ရန်ကုန်တွင်သာမက ပဲခူး၊ စစ်ကိုင်း၊ တောင်ကြီးနှင့် အခြားမြို့များမှ လက်နက်မဲ့လူအုပ်များအတွင်းသို့ပါ အော်တိုမက်တစ် ရိုင်ဖယ်များဖြင့် ပစ်ခတ်သည်။ ရန်ကုန်တွင် သံချပ်ကာယာဉ်တွင် တပ်ဆင်ထားသည့် ဘရင်းဂန်းများကိုပင်သုံးပြီး ဆန္ဒပြပွဲများကို နှိမ်နင်းသည်။
၁၉၈၈ ခုနှစ်က မြို့ကြီးမြို့ငယ်များမှ ဆန္ဒပြပွဲများတွင် စစ်တပ်က ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် တွေ့ရသည့် ရက်စက်ကြမ်းကြုတ်မှုများထက် များစွာပိုမိုဆိုးရွားသည်။
အထူးသဖြင့် သွေးချောင်းစီးပြီး လူသိနည်းသောဖြစ်ရပ်တခုမှာ စစ်ကိုင်းတိုင်းတွင် သြဂုတ်လ ၁၁ ရက်နေ့တွင် ဖြစ်ပွားသည်။ ထိုစဉ်က စစ်အရာရှိဟောင်း အာဏာသိမ်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဒေသဆိုင်ရာအကြီးအကဲနှင့် စစ်ကိုင်းတိုင်း ပြည်သူ့ကောင်စီဥက္ကဋ္ဌ ကျော်စွာ ဦးစီးသည့် စစ်သားများနှင့် ရဲများသည် ဘုန်းကြီးများအပါအဝင် ဆန္ဒပြသူ ၁၀၀ ခန့်ကို ပစ်သတ်သည်။ ဒေသခံဆေးဝန်ထမ်းများ၏ ခန့်မှန်းချက်များအရ သတ်ဖြတ်ခံရသည့် အရပ်သားအရေအတွက်သည် နောင်ရေးသားချက်များတွင် ဖော်ပြသကဲ့သို့ ရာပေါင်းများစွာ မဟုတ်ဘဲ ထောင်နှင့်ချီသော အရပ်သားများကို စစ်တပ်က ၁၉၈၈ တွင် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
သြဂုတ်လအတွင်း နိုင်ငံတဝန်းတွင် စစ်တပ်က လူပေါင်း ၃,၀၀၀ ကို စစ်တပ်က သတ်ဖြတ်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် အာဏာသိမ်းသောအခါ နောက်ထပ် လူ ၁,၀၀၀ ကို သတ်သည်။ ထိုအချိန်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ဆိုသည့် စစ်အုပ်သစ်ကို ဖွဲ့စည်းသည့် အချိန်ဖြစ်သည်။
ထိုသတ်ဖြတ်မှုကြောင့် မြို့ပြမှ လူငယ်အများစုပါဝင်သည့် တက်ကြွလှုပ်ရှားသူများသည် နေအိမ်များကို စွန့်ခွာပြီး တောလမ်းများကိုဖြတ်ကာ တောင်တန်းများကို ကျော်လွှားပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီတပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ ထိန်းချုပ်ထားသည့်ဒေသများသို့ သွားရောက်စေခဲ့သည်။
ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းမှ ဗမာပြည်ကွန်မြူနစ်ပါတီ ထိန်းချုပ်ထားသည့် ဒေသသို့ လူအနည်းငယ်သာရောက်ပြီး မြန်မာစစ်တပ်နှင့် လျှို့ဝှက် စီးပွားရေး လုပ်ကိုင်နေသည့် ဘိန်းဘုရင်ခွန်ဆာ ထိန်းချုပ်သော ထိုင်းနယ်စပ်ဒေသသို့ မည်သူမှ သွားရောက်ခြင်း မရှိပေ။ ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလတွင် ခွန်ဆာ လက်နက်ချပြီး သူ၏စစ်တပ်ကို ဖျက်သိမ်းကာ သူနှင့်အနီးကပ်ဆုံး စီးပွားရေးသမားများရှိသည့် ရန်ကုန်သို့ ရွှေ့ပြောင်းသွားသည်။
နယ်စပ်ဒေသများသို့ ထွက်ပြေးခြင်းသည် မဟာမိတ်အဖွဲ့များနှင့် တပ်ဦးအများအပြား ဖွဲ့စည်းမှုကို ဖြစ်စေခဲ့သည်။ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကို ထိုင်းနယ်စပ်မှ KNU စခန်းတခုဖြစ်သော ကော့မူးရာမှ အစည်းအဝေးတခုတွင် ဖွဲ့စည်းသည်။ (တိုက်တိုက်ဆိုင်ဆိုင် ထိုနေရာကို ယခုအခါ စစ်ကောင်စီမဟာမိတ် နယ်ခြားစောင့်တပ်က ထိန်းချုပ်ပြီး အသစ်တည်ဆောက်ထားသော ကာစီနိုလောင်းကစားရုံများရှိရာ ရွှေကုက္ကိုဟုခေါ်သည့် မြို့သစ်ဖြစ်နေသည်။)
နယ်စပ်ဒေသများသို့ ထွက်ပြေးခြင်းသည် မဟာမိတ်အဖွဲ့များနှင့် တပ်ဦးအများအပြား ဖွဲ့စည်းမှုကို ဖြစ်စေခဲ့သည်။ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကို ထိုင်းနယ်စပ်မှ KNU စခန်းတခုဖြစ်သော ကော့မူးရာမှ အစည်းအဝေးတခုတွင် ဖွဲ့စည်းသည်။
ထို့နောက် နှစ်ပတ်ကြာသောအခါ ဗမာလူမျိုးစု ခုခံတော်လှန်ရေးအင်အားစုနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဗမာ့ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (DAB) ကို ဖွဲ့စည်းကြသည်။ ထို့နောက် ၁၉၉၀ ပြည့်နှစ်၊ မေလ ၁၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြတ်ပြတ်သားသား အနိုင်ရသည်။ သို့သော် ထိုလွှတ်တော်ကို မည်သည်အခါကမှ ခေါ်ယူခြင်းမရှိခဲ့ပေ။ လွှတ်တော်ခေါ်မည့်အစား နဝတသည် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို စတင် ဖမ်းဆီးသောကြောင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ နောက်ထပ်အုပ်စုတခု နယ်စပ်သို့ ထွက်ပြေးကြသည်။
ထိုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကို ဖွဲ့စည်းခဲ့ပြီး NCGUB ကလည်း အဝေးရောက် NLD များ၊ NCGUB အဖွဲ့ဝင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သည့် ပိုမိုကျယ်ပြန့်သော အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ကို ဖွဲ့စည်းသည်။
NCGUB ကို ဖွဲ့စည်းပြီးနောက် စာရေးသူသည် Far Eastern Economic Review စာစောင်တွင် ထိုစဉ်က အများအပြားဝေဖန် ခံရသည့် “မျှော်လင့်ချက်ကင်းမဲ့သော ငိုရှိုက်သံ” (Cry of Desperation) ဆိုသည့်ဆောင်းပါးကို ရေးသားခဲ့သည်။ မည်သည့် ပြည်ပနိုင်ငံမှ နယ်စပ်အခြေစိုက်အစိုးရကို အသိအမှတ်ပြုနိုင်ဖွယ် မရှိကြောင်းနှင့် ထိုအစိုးရသည် မြန်မာပြည်တွင်းအခြေအနေအပေါ် တစုံတရာသက်ရောက်မှုရှိရန် ခက်ခဲကြောင်း စာရေးသူက ရေးသားခဲ့သည်။
ခုခံတော်လှန်ရေး လှုပ်ရှားမှုသည် မြန်မာနယ်စပ်မှ စခန်းများတွင်သာ လုံခြုံစွာရှိနေပြီး အဖွဲ့အစည်းပေါင်းစုံနှင့် အမည်ပေါင်းစုံသည် ပြည်ပမှထောက်ခံသူများကို စိတ်ရှုပ်ထွေးစေသည်။ မည်သည့်အဖွဲ့၏စကားကို နားထောင်ပြီး မည်သူနှင့် ပူးပေါင်းဆောင်ရွက်ရမည်နည်း။ လွန်စွာများပြားလှသော တပ်ဖွဲ့များ၊ တပ်ဦးများတွင် မည်သူက မည်သူနည်း။
ထိုင်းနယ်စပ် မြန်မာဘက်ခြမ်းမှ ခုခံတော်လှန်ရေးစခန်းများသို့ စာရေးသူ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ မန်ရှီနှင့် ရွှေလီသို့လည်း သွားရောက်ကာ ကချင်ပြည်နယ်အခြေစိုက် တက်ကြွလှုပ်ရှားသူများနှင့်လည်း တွေ့ဆုံခဲ့သည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် မြင်တွေ့ရသည့် မြင်ကွင်းများသည် အားရဖွယ်မဟုတ်ပေ။ ၎င်းတို့ ယုံကြည်ရာအတွက် တိုက်ပွဲဝင်ရန် အရာရာစွန့်လွှတ်ခဲ့သည့် ငယ်ရွယ်သော ABSDF တက်ကြွလှုပ်ရှားသူများ၏ ရိုးသားမှုကို သံသယဝင်ရန် အကြောင်းမရှိပေ။ သို့သော် တောက်တောက်ပြောင်ပြောင် အရာများ၊ အထိမ်းအမှတ်တံဆိပ်များနှင့် စစ်ဝတ်စုံများကို ၎င်းတို့ဝတ်ဆင်ပုံများ၊ ၎င်းတို့အဖွဲ့အစည်းကို တပ်ဖွဲ့များအဖြစ် ဖွဲ့စည်းပုံများသည် တောတွင်း ရှေ့တန်းစစ်မျက်နှာများတွင် တိုက်ပွဲဝင်နေသည့် အခြား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ထူးမခြားနားဖြစ်စေသည်။
ထို့အပြင် ၎င်းတို့သည် သက်တမ်းမရှည်ပေ။ ABSDF သည် မကြာမီ ပြိုင်ဘက်အုပ်စုများအဖြစ် ကွဲသွားပြီး အုပ်စုနှစ်ခုပင် ဖြစ်ခဲ့သည်။ ကချင်ပြည်နယ်မှ ABSDF သည် အချင်းချင်းပင် ပြန်လည်တိုက်ခိုက်ပြီး တဖွဲ့က အခြားတဖွဲ့ကို အစိုးရထောက်လှမ်းရေးအဖြစ် စွပ်စွဲကာ ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုက်သည်။ တိုင်းရင်းသားလက်နက်ကိုင် အများအပြားသည် စစ်အုပ်စုနှင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များ ချုပ်ဆိုသောအခါ DAB ပြိုကွဲသွားသည်။ NCGUB ဆိုသည်မှာ စကားလုံးအတိုကောက် သက်သက်ထက် မပိုတော့ပေ။
၁၉၉၀ ပြည့်နှစ်များအလယ်သို့ ရောက်သောအခါ စာရေးသူသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်ရှိ ဆေးခန်းတခုဖြစ်သည့် ထိုစဉ်မှ ယနေ့တိုင်ဖွင့်ထားဆဲဖြစ်သော ကရင်ဆရာဝန် ဒေါက်တာ စင်သီယာမောင်ထံ သွားရောက်လည်ပတ်သည်။ ABSDF မှ မည်သို့သောလူနာများကို လက်ခံကုသပေးနေသနည်းဟု စာရေးသူက သူ့ကိုမေးသည်။ ဆရာမက အကျဉ်းချုံးပြီး ရှင်းလင်းစွာဖြင့် “ပထမနှစ်မှာတော့ ငှက်ဖျားတွေပဲ။ နောက်တော့ သေနတ်ဒဏ်ရာတွေ ကုပေးရတယ်။ အခုအများစုကတော့ မီးဖွားပေးရတာပဲ” ဟု ပြောသည်။
ABSDF မှ မည်သို့သောလူနာများကို လက်ခံကုသပေးနေသနည်းဟု စာရေးသူက သူ့ကိုမေးသည်။ ဆရာမက အကျဉ်းချုံးပြီး ရှင်းလင်းစွာဖြင့် “ပထမနှစ်မှာတော့ ငှက်ဖျားတွေပဲ။ နောက်တော့ သေနတ်ဒဏ်ရာတွေ ကုပေးရတယ်။ အခုအများစုကတော့ မီးဖွားပေးရတာပဲ” ဟု ပြောသည်။
ထိုတက်ကြွလှုပ်ရှားသူများသည် တောတွင်းမှ ကြမ်းတမ်းသောဘဝကို မကြုံဖူးသည့် မြို့ပြဒေသများမှ လူငယ်များဖြစ်ပြီး ငှက်ဖျားနှင့် အခြားရောဂါများကြောင့် ဖျားနာကြသည်။ တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချထားပြီး ခွန်အားရှိသေးသောသူများသည် စစ်မြေပြင်သို့ သွားရောက်ကာ မကြာခဏ ဒဏ်ရာရကြသည်။ နောက်ဆုံးတွင် အများအပြားသည် မဲဆောက်နှင့် အခြားနယ်စပ်မြို့များတွင် အခြေချကာ သားသမီးများရပြီး မိသားစုကို ပြုစုပျိုးထောင်ကြသည်။ ထိုတက်ကြွလှုပ်ရှားသူ အများအပြားသည် အဓိကအားဖြင့် ဥရောပ၊ သြစတြေးလျ၊ ကနေဒါနှင့် အမေရိကန် ပြည်ထောင်စုတွင် အဝေးရောက်များဘဝဖြင့် အဆုံးသတ်သွားသည်။
လက်ကျန် ABSDF များသည် နောက်ဆုံးတွင် လက်နက်ကိုင်တိုက်ပွဲကို စွန့်လွှတ်လိုက်ပြီး စစ်အာဏာရှင်စနစ်အကြောင်း သတင်းအချက်အလက် ဖြန့်ချိခြင်းနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် ကွန်ရက်ဖွဲ့ခြင်းကိုသာ အာရုံစိုက်တော့သည်။ သို့သော် ထူးဆန်းသည်မှာ ထိုသို့သော အခြေအနေများ ဖြစ်နေစေကာမူ ABSDF သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် စစ်အုပ်စုနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ဆိုသည့် စာချုပ်ကို လက်မှတ်ရေးထိုးသည့် “လက်နက်ကိုင်အဖွဲ့” ရှစ်ခုအနက်တခု ဖြစ်လာခြင်းဖြစ်သည်။
ပြောရန်မလိုသောအချက်တခုမှာ KNU နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အဖွဲ့ နှစ်ခုသာ လက်နက်ကိုင်အင်အားစုဟု ခေါ်နိုင်သော အဖွဲ့အစည်းများဖြစ်သည်။ နောက်ထပ်အဖွဲ့ နှစ်ဖွဲ့ဖြစ်သော လားဟူ ဒီမိုကရက်တစ်သမဂ္ဂ (LDU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့သည် NCA ကို လက်မှတ်ရေးထိုးကြောင်း အစိုးရက ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဂုဏ်ယူဝံ့ကြွားစွာ ကြေညာသည်။
သို့သော် လားဟူအဖွဲ့သည် ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတခုမျှသာဖြစ်ပြီး ယနေ့ မွန်အဖွဲ့သည် ယခင်က အခြေအနေနှင့် နှိုင်းယှဉ်လျှင် လွန်စွာသေးငယ်သော အဖွဲ့အစည်းမျှသာ ဖြစ်သည်။ မည်သို့ဆိုစေ NMSP အဖွဲ့သည် ၁၉၉၅ ခုနှစ်၊ ဇွန်လကပင် စစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူထားပြီး ဖြစ်သောကြောင့် ယခု NCA ကို ထပ်မံလက်မှတ်ရေးထိုးခြင်းအားဖြင့် မည်သည့်ထူးခြားချက်ရှိသည်ကို မသိရပေ။
NCA သည် လက်မှတ်ရေးထိုးထားသော သဘောတူစာချုပ်ဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်များနှောင်းပိုင်းနှင့် ၁၉၉၀ ပြည့်နှစ်များက သဘောတူညီချက်များသည် လက်မှတ်ရေးထိုးထားခြင်း မရှိသောကြောင့် စစ်အုပ်စုသည် မြန်မာပြည်တွင်းစစ်ကို ငြိမ်းချမ်းစွာ နိုင်ငံရေးအရ အဖြေရှာရန် အလေးအနက်ရှိသည်ဟု ယုံကြည်စရာ အကြောင်းမရှိပေ။ ထိုစဉ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များတွင် KIA တဖွဲ့တည်းကသာ စာဖြင့် တရားဝင်လက်မှတ်ရေးထိုးရန် အတင်းအကျပ် တောင်းဆိုသောကြောင့် စစ်အုပ်စုက လက်မှတ်ရေးထိုးခဲ့သည်။
၂၀၁၁ ခုနှစ်၊ ဇွန်လတွင် KIA သည် တိုက်ခိုက်ခံရပြီးနောက် စစ်တပ်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားသည်။ KNU နှင့် NCA လက်မှတ်ရေးထိုးသည့် အခြားအဖွဲ့အစည်းတခုဖြစ်သော ချင်းအမျိုးသားတပ်ဦး (CNF) နှင့်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီး မကြာမီ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားသည်။
၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်းနှင့် ယနေ့အခြေအနေတွင် ထူးထူးခြားခြား တူညီသောအချက်များ ရှိသည်မှာ မှန်သည်။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားသူများဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ဖွဲ့စည်းသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် NCGUB အလားဖြစ်ပြီး ဗမာနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ပေါင်းစည်းထားသည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) သည် NCUB ၏ ယနေ့ခေတ် ပုံစံမျိုးဖြစ်သည်။
သို့သော် ယနေ့ ခုခံတော်လှန်မှုကို အနီးကပ်လေ့လာသောအခါ ထိုစဉ်ကနှင့် ယခုအခြေအနေအကြား အထင်ရှားဆုံး ကွဲပြားခြားနားမှုမှာ အင်တာနက်အသုံးပြုနိုင်ခြင်းဖြစ်ပြီး ထိုအချက်သည် တခုတည်းသော ကွဲပြားခြားနားချက် မဟုတ်သေးပေ။
သို့သော် ယနေ့ ခုခံတော်လှန်မှုကို အနီးကပ်လေ့လာသောအခါ ထိုစဉ်ကနှင့် ယခုအခြေအနေအကြား အထင်ရှားဆုံး ကွဲပြားခြားနားမှုမှာ အင်တာနက်အသုံးပြုနိုင်ခြင်းဖြစ်ပြီး ထိုအချက်သည် တခုတည်းသော ကွဲပြားခြားနားချက် မဟုတ်သေးပေ။
၁၉၈၀ ပြည့်နှစ်များနှောင်းပိုင်နှင့် ၁၉၉၀ ပြည့်နှစ်များက တက်ကြွလှုပ်ရှားသူများသည် ပြည်ပမှ “အန်ကယ်များ” က ၎င်းတို့ကို လာရောက်ထောက်ခံမည်ဟု ယုံကြည်ခဲ့ကြသည်။ မည်သို့ဆိုစေ အမေရိကန် ကွန်ဂရက်သည် အာဏာရှင်စနစ်ကို ရှုတ်ချသောကြေညာချက်များ ထုတ်ပြန်သလို ဥရောပသမဂ္ဂ၊ သြစတြေးလျနှင့် ကမ္ဘာတဝန်းမှ အခြား ဒီမိုကရေစီနိုင်ငံများကလည်း အလားတူ ကြေညာချက်များ ထုတ်ပြန်ကြသည်။
ယနေ့ ဒီမိုကရေစီရေးတိုက်ပွဲဝင်သူများသည် ထိုသို့သော ထင်ယောင်ထင်မှားဖြစ်ခြင်း ရှိပုံမရပေ။ မြန်မာသည် ယူကရိန်း မဟုတ်ကြောင်းနှင့် ပြည်ပမှ မည်သည့်လက်နက်နှင့် ရုပ်ဝတ္တုပစ္စည်းအကူအညီမှ ရမည်မဟုတ်ကြောင်း ၎င်းတို့ သိနေပုံရသည်။ ၎င်းတို့၏ ကိုယ်ပိုင်ရင်းမြစ်များကို အားကိုးပြီး လုပ်သေနတ်များ၊ စစ်တပ်နှင့် ရဲထံမှသိမ်းဆည်းမိသော လက်နက်များဖြင့် တိုက်ပွဲဝင်ကြပြီး မြန်မာနိုင်ငံအလယ်ပိုင်းတွင် တိုက်ပွဲများ ဖော်ဆောင်ခဲ့သည်။
ခုခံတော်လှန်ရေးသမား အများအပြားကို ကရင် သို့မဟုတ် ကချင်တပ်မတော်များက လေ့ကျင့်ပေးကြသော်လည်း အချို့လက်နက်များကို ၎င်းတို့ထံမှ ရရှိခြင်းမဟုတ်ပေ။ ထိုစစ်ပွဲသည် တောတွင်းအခြေစိုက် ပုန်ကန်အုံကြွမှု မဟုတ်တော့ပေ။ ထိုတိုက်ပွဲအတွက် ဘဏ္ဍာရေး အထောက်အပံ့များသည် ပြည်ပတွင်နေထိုင်သော မြန်မာနိုင်ငံသားများထံမှ လာသည်။ လူကြိုက်များသည့် အွန်လိုင်း ဗီဒီယိုဂိမ်းများကဲ့သို့သော တီထွင်ဆန်းသစ်ပြီး ဝါဒများလည်း ဖြန့်ချိနိုင်သည့် နည်းလမ်းများမှ လာသည်။ ယခု တိုက်ပွဲမဝင်လျှင် နောက်တကြိမ် အခွင့်အရေးရတော့မည် မဟုတ်ပေ။
ခုခံတော်လှန်ရေး အမာခံဒေသကို “ပြည်သူ့ကာကွယ်ရေးတပ်များ” (PDFs) ဟု စုစည်းခေါ်ဝေါ်သော်လည်း ထိုသို့ ဆိုသောကြောင့် ၎င်းတို့သည် ထိရောက်သော မည်သည့် ဗဟိုကွပ်ကဲမှုတခုခုအောက်တွင် ရှိနေသည်ဟု ဆိုလိုခြင်း မဟုတ်သလို NUG ထံမှ အမိန့်ခံယူသည်ဟုလည်း မဆိုလိုပေ။ သို့သော် ထိုအချက်ကြောင့်ပင် ၎င်းတို့၏ခေါင်းဆောင် မည်သူဖြစ်သည်၊ မည်သည့်နေရတွင် မည်သို့လှုပ်ရှားသည်ကို စစ်ကောင်စီ မသိနိုင်သောကြောင့် ၎င်းတို့ကို ချေမှုန်းရန် ခက်ခဲသည်။
ဒေသခံပြည်သူများ၏ ထောက်ခံမှုကို မှီခိုအားထားသည့် ဒါဇင်ပေါင်းများစွာသော ဒေသဆိုင်ရာ ခုခံတော်လှန်ရေးတပ်ဖွဲ့များရှိပြီး စစ်အုပ်စုအပေါ် တနိုင်ငံလုံးကျယ်ပြန့်ပြီး နက်ရှိုင်းစွာအမြစ်တွယ်သည့် မုန်းတီးမှုကြောင့် တက်ကြွလှုပ်ရှားသူများသည် မည်သည့်နေရာတွင်မဆို လူအုပ်များအတွင်း ရောထွေးဝင်ရောက်ရန် မခက်ခဲပေ။ ဗိုလ်ချုပ်များသည် ကြမ္မာငင်သည့် စစ်အာဏာသိမ်းမှု ကျူးလွန်လိုက်သောအခါ တို့ထိမရသော မျိုးဆက်တခုကို ရန်စလိုက်ခြင်းပင်ဖြစ်ကြောင်း ထင်ရှားနေသည်။
ဒေသခံပြည်သူများ၏ ထောက်ခံမှုကို မှီခိုအားထားသည့် ဒါဇင်ပေါင်းများစွာသော ဒေသဆိုင်ရာ ခုခံတော်လှန်ရေးတပ်ဖွဲ့များရှိပြီး စစ်အုပ်စုအပေါ် တနိုင်ငံလုံးကျယ်ပြန့်ပြီး နက်ရှိုင်းစွာအမြစ်တွယ်သည့် မုန်းတီးမှုကြောင့် တက်ကြွလှုပ်ရှားသူများသည် မည်သည့်နေရာတွင်မဆို လူအုပ်များအတွင်း ရောထွေးဝင်ရောက်ရန် မခက်ခဲပေ။
အခြားအရေးကြီးသော ကွဲလွဲချက်တခုမှာ ၁၉၈၈ ခုနှစ် အရေးတော်ပုံအပြီးတွင် စီးပွားရေးသည် ဒယိမ်းဒယိုင် ဖြစ်နေသော်လည်း လူအများအံ့သြစရာဖြစ်ရသည်မှာ ၁၉၉၇ ခုနှစ် ယခင်အုပ်စုကို အမည်ပြောင်းထားသည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) သည် စီးပွားရေးကို ပြန်လည် တည်ဆောက်ရုံသာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ကာ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဆိုရှယ်လစ်စနစ်ဟောင်းကို အစားထိုးရန် ထွန်းသစ်စ အရင်းရှင်စနစ်ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှု၏ စီးပွားရေးအကျိုးဆက်မှာ ပြင်းထန်သော အကျပ်အတည်းဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ မြန်မာမှ ထွက်ပြေးနေပြီး ဆက်လက် လုပ်ကိုင်နေသူများသည် သပိတ်မှောက်မှုများ၊ အရေးယူပိတ်ဆို့မှုများအောက်တွင် အထိနာနေသည်။ ထိုနယ်ပယ်တွင် ဒစ်ဂျစ်တယ် မီဒီယာသည် အဆုံးအဖြတ်ကျသည့် သက်ရောက်မှုတခု ဖြစ်စေသည်။ ၁၉၈၈ ခုနှစ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၏ စစ်မှန်သောအတိုင်းအတာကို နိုင်ငံပြင်ပတွင် လူသိနည်းသည်။ သို့သော် ထိုစဉ်က အရေးယူပိတ်ဆို့မှု အချို့ရှိသော်လည်း အကန့်အသတ်ရှိပြီး သက်ရောက်မှု မရှိသလောက်ပင်ဖြစ်သည်။ ယနေ့တွင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ကောင်းစွာ မှတ်တမ်းတင်ထားပြီး ၎င်းတို့နှင့် စီးပွားရေးလုပ်သော မည်သူမဆိုသည် အင်တာနက်တွင် ဖော်ထုတ်ရှုတ်ချခံကြရသည်။
ဒီမိုကရေစီအင်အားစုများ ရင်ဆိုင်နေရသည့် ရန်သူသည်လည်း ယခင်ကဲ့သို့ မဟုတ်တော့ပေ။ သူ့ကိုယ်သူ ဝန်ကြီးချုပ် ခန့်ထားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူဆရာသမားများကဲ့သို့ စွမ်းရည်နှင့် စစ်ရေးကျွမ်းကျင်မှု မရှိပေ။ ထို့ပြင် သူသည် ဆွဲဆောင်နိုင်စွမ်းမရှိဘဲ အများပြည်သူမြင်ကွင်း သို့မဟုတ် ရုပ်သံတွင် ပေါ်လာတိုင်း စိတ်လှုပ်ရှားပြီး ဇဝေဇဝါဖြစ်နေသည်။
သို့သော် သူ့ကိုအစားထိုးမည်ဆိုလျှင် ထိုသူသည် စစ်ကောင်စီဒုခေါင်းဆောင် စိုးဝင်းကဲ့သို့သော သူ့ထက် သဘောထားတင်းမာသူ ဖြစ်နိုင်သည်။ စိုးဝင်းသည် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ခုခံတော်လှန်ရေးအမာခံ မည်သည့်ဒေသကိုမဆို တိုက်ခိုက်သည့် စစ်ဆင်ရေးများကို မကြာခဏ ကြီးကြပ်သူဖြစ်သည်။ အများအားဖြင့် ထိုသို့သော စစ်ဆင်ရေးများတွင် တိုက်ခိုက်မှုများသည် ကျေးရွာများ၊ မြို့များကို တရွာလုံး၊ တမြို့လုံး တိုက်ခိုက်ခြင်းဖြစ်သည်။ စစ်တပ်သည် ယခင်ကထက် သာမန် ပြည်သူလူထုနှင့် ပိုမိုကင်းကွာပြီး နိုင်ငံတွင် မုန်းတီးစက်ဆုပ်ခြင်း အခံရဆုံးသော အဖွဲ့အစည်း ဖြစ်နေသည်။
အမျိုးမျိုးသော ခုခံတော်လှန်ရေးအင်အားစုများသည် ပြည်သူလူထု၏ ထောက်ခံမှုကို ဆက်လက်ရရှိနေသည်မှာ သံသယဖြစ်ရန်မလိုဘဲ ၎င်းတို့သည် အာဏာသိမ်းပြီးနောက် နှစ်နှစ်ကြာသည့်တိုင် အရှုံးမပေးကြဘဲ တနိုင်ငံလုံးမှတိုက်ပွဲများ ပြင်းထန်လာနေသည်။
အမျိုးမျိုးသော ခုခံတော်လှန်ရေးအင်အားစုများသည် ပြည်သူလူထု၏ ထောက်ခံမှုကို ဆက်လက်ရရှိနေသည်မှာ သံသယဖြစ်ရန်မလိုဘဲ ၎င်းတို့သည် အာဏာသိမ်းပြီးနောက် နှစ်နှစ်ကြာသည့်တိုင် အရှုံးမပေးကြဘဲ တနိုင်ငံလုံးမှတိုက်ပွဲများ ပြင်းထန်လာနေသည်။
သို့သော် ခုခံတော်လှန်ရေးအင်အားစုများ ရင်ဆိုင်နေရသည့် လွန်စွာကြီးမားသော ပြဿနာတခု ရှိသည်။ လက်နက်ကောင်းစွာ တပ်ဆင်ထားပြီး စိတ်တိုင်းကျ ပစ်အားရှိသည့် လေကြောင်းတိုက်ခိုက်မှုစွမ်းအားရှိသော စစ်တပ်ကိုချေမှုန်းရန် လက်နက်များ ၎င်းတို့တွင် မရှိပေ။ စစ်အုပ်စုသည် ယခုစစ်ပွဲကို အနိုင်မယူနိုင်သည့် တချိန်တည်းတွင် ရှုံးလည်းမရှုံးနိုင်ပေ။
သို့သော် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ကြားဝင်ဆောင်ရွက်မှုသည် မအောင်မြင်ဘဲ ထိုအဖွဲ့၏အားနည်းချက်ကိုပင် အများမြင်တွေ့စေသည့် ဆိုးကျိုးကို ဖြစ်စေသည်။ ကြားဝင်မစွက်ဖက်ရေးနှင့် ဘုံသဘောတူညီချက်ရယူဆိုသည့် အဓိက မူနှစ်ခု၏ လမ်းညွှန်မှုကို ခံယူသောကြောင့် အဖွဲ့ဝင်နိုင်ငံတခုခုတွင် အကျပ်အတည်းကျရောက်လျှင် ထိုအဖွဲ့က လုပ်ဆောင်ပေးနိုင်သည့် မည်သည့်အရာမှ မရှိပေ။
နိုင်ငံတကာ ငြိမ်းချမ်းရေးတည်ဆောက်သူများနှင့် ပဋိပက္ခဖြေရှင်းရေးသမားများသည်လည်း ၎င်းတို့၏ အားထုတ်မှုများသည် ငွေကြေးနှင့်အချိန် ဖြုန်းတီးခြင်းသာဖြစ်ကြောင်း အကြိမ်ကြိမ် ပြသနေသည်။ ဗိုလ်ချုပ်များသည် ၎င်းတို့ကို ဂရုမစိုက်သလို ဂရုစိုက်နားထောင်သည့်ပုံစံမျိုး ဟန်ဆောင်လျှင်ပင် ၎င်းတို့သည် ပြင်ပမှပေးသောအကြံကို လက်ခံမည် မဟုတ်ပေ။ ထိုကြောင့် မိမိတို့သည် ဝမ်းနည်းစရာကောင်းသော အမှန်တရားနှင့် ရင်ဆိုင်ကြရသည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး နေဝင်း၏ အာဏာသိမ်းမှုနောက်ပိုင်းမှ စတင်ကာ စစ်တပ်သည် အသွင်အမျိုးမျိုးဖြင့် အုပ်ချုပ်နေပြီး စစ်တပ်ထိပ်တန်းခေါင်းဆောင်များအကြား အကွဲအပြဲ သို့မဟုတ် အောက်ခြေမှ ပုန်ကန်မှုမဖြစ်လျှင် မည်သည့်အပြောင်းအလဲမှ ဖြစ်လာမည့် အလားအလာမရှိပေ။
စစ်တပ်သည် ဆက်လက်ညီညွတ်နေပါက ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သော ပြည်တွင်းစစ်သည် လာမည့်နှစ်ပေါင်းများစွာကြာအောင် နိုင်ငံကို သွေးချောင်းစီးစေမည်ဖြစ်ပြီး အဓိက ဒုက္ခခံစားရမည့်သူများမှာ သြဇာငမ်းငမ်းတက်နေသော စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှုအောက်တွင် ဒုက္ခခံစားနေရသည့် မြန်မာပြည်သူများသာ
ထိုအခြေအနေသည် ၁၉၈၀ ပြည့်နှစ်များ နှောင်းပိုင်းက အခြေအနေဖြစ်ပြီး ယနေ့တိုင်လည်း ထိုအတိုင်းသာ ဆက်လက် ရှိနေသည်။ သို့သော် ထိုသို့သော ဖြစ်ပေါ်တိုးတက်မှုသည် ပိုမိုသွေးချောင်းစီးသည့် ပြည်တွင်းစစ်ကိုလည်း ဦးတည်သွားစေနိုင်ပြီး ထိုသို့ဆိုးရွားသည့် အခြေအနေအတွင်း ပြင်ပကမ္ဘာနှင့် မြန်မာတွင် ပါဝင်ပတ်သက်သူများ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။
မည်သို့ဆိုစေ စစ်တပ်သည် ဆက်လက်ညီညွတ်နေပါက ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သော ပြည်တွင်းစစ်သည် လာမည့်နှစ်ပေါင်းများစွာကြာအောင် နိုင်ငံကို သွေးချောင်းစီးစေမည်ဖြစ်ပြီး အဓိက ဒုက္ခခံစားရမည့်သူများမှာ သြဇာငမ်းငမ်းတက်နေသော စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှုအောက်တွင် ဒုက္ခခံစားနေရသည့် မြန်မာပြည်သူများသာ ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ Uprisings in Myanmar—Then and Now ကို ဘာသာပြန်သည်။ ဘာတေးလ် လင့်တနာသည် ဆုရသတင်းစာဆရာနှင့် မြန်မာ့အရေးအထူးပြုသော စာရေးဆရာဖြစ်သည်။)
You may also like these stories:
နွေဦးတော်လှန်ရေးသည် စစ်ကောင်စီ ပြုတ်ကျရေး သက်သက်သာမဟုတ်
တိုင်းပြည်ပြိုကွဲမယ်တဲ့လား၊ ပြိုကွဲပြီးသွားလို့ လွန်တောင်နေပြီ
ထင်သည်ထက် အင်အားနည်းပြီး ပြိုကွဲမြန်နေသည့် စစ်ကောင်စီတပ်
မြန်မာစစ်တပ် ပြိုလဲပျက်စီးသွားနိုင်သည်
မြန်မာအဝေးရောက်အစိုးရများသမိုင်း
မရဲဘဲ ကျွဲပြဲစီးနေသော စစ်ကောင်စီ