အဆဂအို (Asagao)
အရင် ဆယ်နှစ်လောက် သြဂုတ်လ မနက် နေတော်တော် မြင့်ချိန်လောက်မှာ၊ ရှေးမြို့တော် ကနဇဝ (Kanazawa) မှာ တွေ့ခဲ့ရတဲ့ ဝါးခြမ်းကလေးတွေကို၊ အပင်ငယ် နွယ်တက်စရာ ကပ်လုပ်ထားတဲ့ အဆဂအို (Asagao) (ခရမ်း၊ ကြက်သွေး၊ ကောင်းကင်ပြာ နဲ့ အဖြူ ရောင်စုံ အပွင့်တွေကို နုနယ်တဲ့ လိပ်ပြာတောင်ပံ ရွက်ဖတ်တွေနဲ့ အစိမ်းရင့် ရွက်ဖားဖားတွေ နောက်ခံထားပြီး ထင်ထင်ရှားရှား တောက်ပြောင် လှပနေပုံ) ကို အခုထိ၊ မျက်စိထဲက မထွက်နိုင်အောင် စွဲလမ်း နှစ်သက် ခဲ့ရပါတယ်။
အမေရိက အခေါ် နံနက်ကျက်သရေ (Morning Glory)၊ ဂျပန် အခေါ် “မနက်ရဲ့ မျက်နှာ” (Face of morning) နွယ်ပန်းပင်ကို၊ နရခေတ် (Nara period) မှာ တရုတ်မှ ဂျပန်ကို ယူခဲ့ပါတယ်။
ဒါပေမယ့် အဲဒိုခေတ် (Edo period) အရောက်မှာမှ၊ ဒီအပင်ကို ဂျပန်တွေ သတိပြုမိကြတယ်၊ နှစ်သက်လာကြတယ်၊ ပန်းကို ချီးမွမ်းပြီး ကဗျာ စပ်ကြတယ်။
အဲဒိုခေတ် ကဗျာဆရာမ ကဂ နို ချိယို (Kaga no chiyo) ဟာ တနေ့မနက် အိပ်ရာထမှာ၊ အဆဂအို ပင်ငယ်ဟာ ညတွင်းချင်း ရေတွင်းပေါ် ကျော်တက်လာတာကို သတိပြုမိပြီး ဝမ်းသာအားရ ဒီလို ထင်ရှားတဲ့ ကဗျာကို ရေးလိုက်တယ်။
နံနက် ကျက်သရေ
ရေတွင်းမှာ ရှိတဲ့ ငါ့ရေပုံးကို ယူသွားလို့
ငါသုံးဖို့ရေကို သူများဆီ သွားတောင်းရတယ်။
(ဒီအတိုင်းတော့ ကောင်းလိုက်တဲ့ ကဗျာလို့ ပြောစရာ မတွေ့ပါ။)
ခရစ်နှစ် ၁၈၀၄ နဲ့ ၁၈၃၉ အတွင်းမှာ အဲဒီအခါက စာပေ အရေးအသားတွေကို ယုံရမယ် ဆိုရင်၊ အဆဂအို ပန်းမျိုးကွဲ ၁၈၀၊ အရွက်မျိုးကွဲ ၄၀ ကျော်ကို ဥယျာဉ်မှူးတွေ အပြိုင်အဆိုင် စိုက်ခဲ့ကြတယ်တဲ့။
ဒီပန်းကို ကျေနပ် နှစ်သက် စွဲလမ်းသူတွေဟာ၊ ပန်းအိုးကို ရှေ့မှာချပြီး နေအရုဏ်နဲ့အတူ အရောင်လှလှနဲ့ ပွင့်မယ့် ပန်းကို စောင့်ကြရတယ်။
တချို့ကတော့ ဒီပန်း ရောင်းတဲ့ဈေးကို စောစောသွားပြီး၊ ပန်းပွင့်လာတာကို စောင့်ကြည့်ကြတယ်။
အခုအခါ လူကြိုက်အများဆုံး အဆဂအို အမျိုးကို၊ တိုင်ရင် (Tairin) “လှည်းဘီးကြီး” လို့ ခေါ်ပါတယ်။
စိုက်တဲ့ လူတွေက တော်ရင် အပွင့်ဟာ ၂၀ က ၂၄ စင်တီမီတာ (၅ လက်မက ၆ လက်မ) ထိ ရနိုင်ပါတယ်။
ဖုဂျိ ခရမ်း၊ နဂါးနီ၊ နတ်ကြိုက်၊ ဝါးနှင်း ဆိုပြီး ပန်းတပွင့်တည်းကို၊ စိတ်အာရုံမှာ အကြည်နူးဆုံး ဖြစ်အောင် မှန်းဆပြီး နာမည် မှည့်ကြတယ်။
အဲဒိုခေတ် ဥယျာဉ်မှူးတွေဟာ အချိန်ယူ လေ့လာပြီး လက်ရွေးစင် မျိုးစေ့ကို ရှာဖွေ ရွေးချယ်ပြီးမှ၊ ကြိုက်သလို အပွင့် အနေအထား ရအောင် အပင်သစ်ကို ပျိုးထောင်ခဲ့ကြတယ်။
ဒီနေရာမှာ ကျမ အမှားကို ဝန်ခံပါရစေ၊ ကျမ မှတ်မိနေတယ် ဆိုတဲ့ ကနဇဝက ပန်းဟာ အမေရိကမျိုး ဖြစ်နေပါတယ်။
ဘာပြုလို့လဲ ဆိုတော့ ပန်းက နံနက်ခင်း အကုန်ပိုင်းရောက်မှ ပွင့်လို့၊ ဒီလို ပြောနိုင်တာ ဖြစ်ပါတယ်။
ဂျပန်မျိုး ဖြစ်ရင် မနက် ၄ နာရီမှာ ပွင့်တယ်။ ၉ နာရီ ဆိုရင် ပန်းညှိုးစ ပြုပါတယ်။ အမေရိက မျိုးက မွန်းတည့်အထိ ခံတယ်။
ဂျပန်က တခဏကလေး လှတဲ့အပွင့်ကိုပဲ လူ့ဘဝနဲ့ နှိုင်းပြီး ဒီ အဆဂအို ပန်းကို နှစ်သက် စွဲလမ်းနေကြတာ ဖြစ်ပါတယ်။
နာမည်ကျော် ဟိုင်ကု (Haiku) ကဗျာဆရာ မစအိုက ရှိကိ (Masaoka Shiki) က ဒီလို ကဗျာ စပ်ခဲ့ပါတယ်။
နံနက်ကျက်သရေ ပန်းဟာ
ငါပန်းချီ ဆွဲတုန်းပဲ
ညှိုးနွမ်းသွားပါလေရော။ ။
ရုသ် လင် ဟဒ်
(Ruth Lin Hart)
(သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း မြန်မာပြန် ရေးသားသည့် ဤဆောင်းပါးကို ကွန်သာယာ စာပေတိုက်က ၂၀၀၄ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဝေသော “ဂျပန်မှုထပ်တစ်ရာ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းမှာ A Hundred More Things Japanese, 1980 by the Japan Culture Institute စာအုပ်ဟု သိရပြီး ဆောင်းပါး အပုဒ်ရေ ၁၀၀ ရှိပါသည်။ ဆရာကြီး မြန်မာပြန်ထားသည့် ထိုဆောင်းပါးများထဲက မူရင်းရေးသူ ရုသ် လင် ဟဒ် (Ruth Lin Hart) ၏ ယခု တပုဒ်ကို ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး ဒေါက်တာ သန်းထွန်းသည် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် အသက် ၈၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)