ဆောင်းပါး

ပညာခေတ် နဲ့ အမျိုးသမီးတို့ ကဏ္ဍ

၁၅ နှစ်သမီး အထက်တန်း ကျောင်းသူကလေး တယောက် ရွက်လှေတစင်းနဲ့ ကမ္ဘာတပတ် ပတ်မိအောင် ကြိုးစားတဲ့ သတင်းလေး တပုဒ် နိုင်ငံခြား သတင်းစာတွေမှာ ဖတ်လိုက်မိပါတယ်။

ကလေးမလေးက အမေရိကန်မလေးပါ။ တယောက်တည်း လှေတစင်းနဲ့ ရွက်လွှင့်လာခဲ့တာ ၂၅ ရက်လောက် ကြာတော့ ပစိဖိတ် သမုဒ္ဒရာအတွင်း ကြီးမား ပြင်းထန်လှတဲ့ မုန်တိုင်းကြီးတွေ ၃ ရက် ဆက်တိုက် ကြုံလိုက်ပြီး ဆက်သွယ်ရေး စက်တွေ ပျက်စီးသွားတဲ့ အတွက် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။

နောက်နှစ်မှာ ထပ်ပြီး ကြိုးစားဦးမယ်လို့ ကလေးမလေးက ပြောသွားကြောင်း သတင်းစာတွေမှာ ရေးသားထားပါတယ်။

ဒီသတင်းလေးကို ဖတ်လိုက်ရတော့ ကလေးမလေးရဲ့ ဇွဲသတ္တိကို ချီးကျူးမိပါတယ်။

တချိန်တည်းမှာပဲ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကျောင်းသူ ကျောင်းသား ၁၀၀ လောက်နဲ့ သန်လျင် ကျောက်တန်းကို ပျော်ပွဲစား ထွက်ခဲ့စဉ်က ကြုံခဲ့ရတဲ့ အဖြစ်ကလေးတခုကို ပြန်ပြီး မျက်စိထဲမှာ မြင်ယောင်လာမိပါတယ်။

အဲဒီတုန်းက ညောင်တန်းဆိပ်က သီတာ သင်္ဘောကြီး စီးသွားခဲ့ရတာပါ။

သန်လျင်ဘက်ရောက်တော့ သန်လျင်နေ ကျောင်းသူ ကျောင်းသားတွေ စီစဉ်ထားတဲ့ ကားတွေနဲ့ ကျောက်တန်းကို ဆက်သွားကြပါတယ်။

ကျောက်တန်း ရောက်တော့ စက်တပ် သမ္ဗန်လေးတွေနဲ့ ရေလယ်ဘုရားကို ထုံးစံအတိုင်း ကူးကြပါတယ်။ အဲဒီမှာ ကောလိပ်က ဓာတုဗေဒ ဆရာမလေးတယောက်က သမ္ဗန်ပေါ် တက်မယ်လုပ်ပြီးမှ တလှုပ်လှုပ် ဖြစ်နေတဲ့ သမ္ဗန်ပေါ် မတက်ရဲလို့ ကုန်းပေါ် ပြန်တက်လာပါတယ်။ မကြောက်ဖို့ သူ့ကို အားပေး တိုက်တွန်းပေမယ့် မရပါဘူး။

ရေလယ်ဘုရား ခြေရင်းမှာ တလှုပ်လှုပ်နဲ့ ခါယမ်းနေတဲ့ သမ္ဗန်ပေါ်က ဘုရားခြေရင်းရှိ လှေကားထစ်ကလေးပေါ် ခုန်တက်ဖို့ ကြိုးစားရင်း ယိမ်းထိုးနေတဲ့ လူတွေကို ကြည့်ပြီး ဆရာမလေးခမျာ ကြောက်လန့်နေပါတယ်။

သူ့ သူငယ်ချင်းတွေက ဘယ်လို ပြောပြော မရပါဘူး။ သူ့ကို ဇွတ်အတင်း ဆွဲခေါ်ကြတော့ သူ့မှာ မျက်နှာတွေ ဖြူဖတ်ဖြူလျော် ဖြစ်ပြီး မျက်ရည်တောင် လည်နေပါတော့တယ်။
နောက်ဆုံးတော့ သူတယောက်တည်း ကုန်းပေါ်က အအေးဆိုင်လေးမှာ သံပရာရည် သောက်ပြီး ရင်အတုန် ပျောက်အောင် လုပ်ရင်း ကျန်ရစ်ရပါတော့တယ်။

ဆရာမလေးက မန္တလေးသူပါ။ ဒါပေမယ့် ဂေါဝိန်ဆိပ်တောင် မရောက်ဘူးလေတော့ ဧရာဝတီ မြစ်ကြီးကို သူမမြင်ဖူးပါဘူး။

ဧရာဝတီကို သူမြင်ဖူးတာက စစ်ကိုင်းတောင်ရိုးအသွား အင်းဝ တံတားကြီးပေါ်က ကားဖြတ်မောင်းရင်း တွေ့ရတာပဲ ရှိပါတယ်။ မန္တလေးမွေး၊ မန္တလေးကြီး ဖြစ်ပေမယ့် မင်းကွန်းဘက်လည်း မရောက်ဘူးရှာပါဘူး။

အဲဒီတော့ ရေဆိုလို့ သူရင်းနှီး ကျွမ်းဝင်တာက ယောက်ျားလေး တလွှားခုန်သာ ရှိတဲ့ ရေနီမြောင်းသာ ဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ်ကို အလုပ်ပြောင်းလာရမှ အင်းလျားလို ရေပြင်ကျယ်ကျယ်ကို မြင်ဖူး တွေ့ဖူးရတာပါ။

အဲဒီ အဖြစ်ကလေးတွေကို စဉ်းစားမိတော့ မြစ်ကို မမြင်ဘူးသေးတဲ့ အတွက် ချောင်းလောက်ကို ဖြတ်မကူးရဲတဲ့ မြန်မာ မိန်းကလေးတွေ ဘယ်လောက်များ ရှိနေကြမလဲ။

ဒီလို မိန်းကလေးတွေ အများကြီးများ ရှိနေတယ်ဆိုရင် အဲဒီတိုင်းပြည်၊ အဲဒီ လူမျိုး ကမ္ဘာနဲ့ ရင်ပေါင် တန်းနိုင်အောင် ဘယ်လိုများ လုပ်ကြလေမလဲ၊ စတာတွေကို ခုနစ်စဉ် အမျှင်တန်း အတွေး နယ်ချဲ့မိလိုက်ပါတယ်။

နိုင်ငံ ထူထောင်ဖို့၊ လူမျိုး တိုးတက်ဖို့ အတွက် အဲဒီ အမျိုးသမီးများရဲ့ လုပ်အားကို မရရင် ဖြစ်ကို မဖြစ်ပါဘူး။ အမျိုးသမီးတွေ အားလုံး ကျောင်းဆရာမတွေ၊ ဆရာဝန်တွေ၊ အရောင်းစာရေးတွေချည်း လုပ်နေလို့ မဖြစ်ပါဘူး။

အင်ဂျင်နီယာတွေ၊ လေယာဉ် ပိုင်းလော့တွေ၊ မီးရထားနဲ့ ဘတ်စ်ကား မောင်းတဲ့သူတွေလည်း လိုပါတယ်။ စစ်တပ်၊ ရဲတပ် တို့မှာလည်း အမျိုးသမီးတွေ လိုအပ်ပါတယ်။

နိုင်ငံကြီးတွေမှာ ဆိုရင် မီးရထား မောင်းတာ၊ ဘတ်စ်ကား မောင်းတာတွေက အစ အာကာသယာဉ် မောင်းတာအထိ အမျိုးသမီးတွေ ဝင်ရောက် လုပ်ကိုင်နေကြပါပြီ။

အမေရိကန်နိုင်ငံမှာ ဆိုရင် အမျိုးသမီး တိုက်လေယာဉ် မောင်းတာအထိ ရှိနေပါပြီ။

အရှေ့တိုင်းက အိမ်နီးချင်း တရုတ်ပြည်ကြီးမှာ ဆိုရင် ပြည်တွင်း ရေကြောင်းမှာ သင်္ဘောမောင်းတဲ့ အမျိုးသမီး ကပ္ပတိန်တွေ အများကြီး ရှိပါတယ်။ မီးရထား စက်ခေါင်း မောင်းတဲ့ အမျိုးသမီးတွေလည်း များပါတယ်။

ဂျပန်နိုင်ငံမှာတော့ ပင်လယ်ထဲ ပုလဲ ငုတ်တာတောင် အမျိုးသမီးတွေ အများဆုံး ဝင်ရောက် လုပ်ကိုင်နေကြပါတယ်။

ဗလင်တီနာ ထရက်ရှ်ကိုဗာ ဆိုတဲ့ ဆိုဗီယက် နိုင်ငံသူ တဦး ကမ္ဘာ့ ပထမဆုံး အမျိုးသမီး အာကာသ သူရဲကောင်း အမည်ကို ခံယူခဲ့တာ နှစ်ပေါင်း ၃၀ ကျော် ကြာခဲ့ပါပြီ။

ဗီယက်နမ် နိုင်ငံသားတွေရဲ့ အမေရိကန် ကျူးကျော်မှု ခုခံရေး စစ်ပွဲကြီး ကာလတုန်းက တောင်ဗီယက်နမ်က အမျိုးသား လွတ်မြောက်ရေး တပ်ဦးရဲ့ ပြောက်ကျား တပ်မတော်ကြီးရဲ့ ဒုတိယ အကြီးအကဲ စစ်ဦးစီး ဗိုလ်ချုပ်ကြီး ငုယင်သီဒင်း ဆိုတဲ့ အမျိုးသမီး ဗိုလ်ချုပ်ကြီး ဖြစ်ပါတယ်။

မန္တလေးသူ ဖြစ်ပြီး ဧရာဝတီ မြစ်ကိုတောင် မမြင်ဘူးတဲ့ တက္ကသိုလ် ဓာတုဗေဒ ဆရာမလေးဟာ နိုင်ငံရပ်ခြားက ထင်ရှား ကျော်ကြားသူ အမျိုးသမီး လူစွမ်းကောင်းတွေ အကြောင်း ကြားမှ ကြားဖူးရဲ့လား မသိ။

ပင်လယ် သမုဒ္ဒရာတွေကို ကျော်ဖြတ်ပြီး ရွက်လှေကလေးနဲ့ ကမ္ဘာပတ်ဖို့ ကြိုးစားတဲ့ ၁၅ နှစ် သမီးလေး အကြောင်းကိုသာ ဖတ်ခဲ့ဖူးရင် အဲဒီ တက္ကသိုလ် ဆရာမလေးဟာ ရေလယ်ဘုရားကို သွားဖို့ သမ္ဗန် စီးရမှာ ဒါလောက်ကြီး ကြောက်နေလိမ့်မယ် မထင်ပါဘူး။

ငုယင်သီဒင်း ရဲ့ သက်စွန့်ဆံဖျား တိုက်ပွဲတွေ အကြောင်း ကြားဖူးခဲ့ရင်လည်း သူ့ အသက်ကလေး တချောင်းကို ဒါလောက်ကြီး မက်မော တွယ်တာနေလိမ့်မယ် မထင်ပါဘူး။

အခုတော့လည်း မြန်မာ မိန်းကလေးတွေ ဖတ်နေရတဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေ ထဲမှာက မင်းသမီး မင်းသားနဲ့ အဆိုတော်တွေ၊ မော်ဒယ် မိန်းကလေးတွေ အကြောင်းလောက်သာ အဟုတ်လုပ် ရေးနေကြတာ ဆိုတော့ သူတို့အဖို့ အားကျစရာ ဆိုလည်း မော်ဒယ်တွေလောက်သာ ရှိကြတော့တာကိုး။

အဲဒီတော့ ကျောင်းသူအရွယ် ကလေးမလေးတွေက ဇာတ်စင်ပေါ်ကသူတွေလို လျှပ်ပေါ် လော်လီတာ၊ ဟီရိသြတပ္ပ နားမလည်တာကို အပြစ်ပြောနေလို့ ဘယ်ဖြစ်တော့မှာတုန်း။

လူငယ် လူရွယ်တွေကို သတ္တိဗျတ္တိနဲ့ အစွမ်းအစနဲ့ ထူးချွန် ထက်မြက်လာစေချင်ရင် ထူးချွန် ထက်မြက်သူတွေ အကြောင်း သူတို့ သိအောင် လုပ်ပေးဖို့ လိုပါတယ်။ အဲဒါက လူကြီးတွေရဲ့ တာဝန် ဖြစ်ပါတယ်။

တခြားဟာတွေ ထားလိုက်ပါတော့။ အမျိုးသမီးငယ်တွေ အတွက် ရည်ရွယ်ပြီး ထုတ်တဲ့ အမျိုးသမီး စာစောင်၊ မဂ္ဂဇင်းတွေကိုပဲ ကြည့်။ မင်းသား မင်းသမီး၊ အဆိုတော်နဲ့ မော်ဒယ်တွေ အကြောင်းက ထမင်းဟင်း ချက်နည်း၊ မုန့်ဖုတ်နည်း၊ အချုပ်အလုပ် ဇာထိုး ပန်းထိုးနည်း၊ ကိုယ်ကာယ အလှ လေ့ကျင့်ခန်း လုပ်နည်း၊ စတာတွေနဲ့ ဗေဒင် လက္ခဏာတွေပဲ ရှိတယ်လေ။

“မိန်းမရဲ့ နေရာဟာ မီးဖိုချောင်သာ ဖြစ်တယ်” ဆိုတဲ့ ဟို ရှေးရှေးတုန်းက အယူအဆတွေနဲ့ မိန်းကလေးတွေကို ယောက်ျားတွေရဲ့ အလုပ်အကျွေး အဖြစ်လောက်သာ သဘောထားနေကြတုန်းလား။

ကမ္ဘာကြီး တခုလုံးမှာ မိန်းမနဲ့ယောက်ျား ဦးရေဟာ မတိမ်းမယိမ်းလောက် ရှိပါတယ်။ ဒီကမ္ဘာကြီး သာယာ ဝပြောဖို့ အတွက် ကမ္ဘာသား အားလုံး တက်ညီ လက်ညီ လုပ်ကိုင်ကြဖို့ လိုပါတယ်။

လူသားတွေရဲ့ အဆင့်ဟာ အမဲလိုက်စားတဲ့ အဆင့်ကို ကျော်လွန်ခဲ့တာ ကြာပါပြီ။ ပြီးတော့ လူမျိုး တမျိုးနဲ့ တမျိုး၊ နိုင်ငံ တခုနဲ့ တခု စစ်တိုက်ကြရင်လည်း ဓား နဲ့ လှံ နဲ့ ဗလအားကိုးပြီး တိုက်ခိုက်ကြတဲ့ ခေတ် မဟုတ်တော့ပါဘူး။

အိပ်ရာထဲမှာ အိပ်နေရာက ခုတင်ဘေး စားပွဲပေါ်က ခလုပ်ကလေး နှိပ်လိုက်ရုံနဲ့ မိုင် ထောင်ပေါင်းများစွာ ဝေးတဲ့ မြို့ကြီး သုံးလေးမြို့ကို မှုန့်မှုန့်ညက်ညက် ကြေသွားအောင် ချေမှုန်း သုတ်သင်ပစ်နိုင်တဲ့ စစ်တိုက်နည်းနဲ့ တိုက်ကြတဲ့ ခေတ်ကြီးပါ။

အဲဒါကြောင့် ဒီခေတ်ကြီးကို “ပညာခေတ်” လို့ သတ်မှတ် ပြောဆိုနေကြပါပြီ။ “ဗလ” သမားတွေထက် “ပညာ” သမားတွေက ပိုပြီး တန်ဖိုးရှိတဲ့ခေတ် ဖြစ်နေပါပြီ။

မိန်းကလေးတွေဟာ အချက်အပြုတ် အချုပ်အလုပ်တွေနဲ့ အချိန်ဖြုန်းနေဖို့ မလိုတော့ပါဘူး။ ယောက်ျား ကောင်းကောင်းရဖို့ အတွက် ကိုယ်ကာယ အလှအပကို ဂရုတစိုက် ပြုပြင်နေဖို့ မလိုတော့ပါဘူး။

ကမ္ဘာကျော် ဟိုတယ်ကြီးတွေက ထမင်းချက် ဟင်းချက် ကောင်းလှတယ်လို့ နာမည်ကြီးတဲ့ စားတော်ကဲကြီးတွေဟာ အများစုက ယောက်ျားတွေပါ။ အဝတ်အစား အချုပ်အလုပ် ဖက်ရှင် ဒီဇိုင်း တော်လှချီရဲ့ ဆိုပြီး နာမည်ကျော်နေသူတွေ အများစုဟာလည်း ယောက်ျားတွေပါ။

ထမင်းဟင်း ချက်တာ၊ အဝတ်အစား ချုပ်လုပ်တာကို “အလုပ်” တခုလို့ သတ်မှတ်ပြီး လုပ်စားနေတဲ့သူတွေ ဒီခေတ်ကြီးမှာ ပေါပါတယ်။ ပိုက်ဆံ ပေးနိုင်ရင် အချိန်မရွေး ငှားလို့ ရပါတယ်။

ဒါကြောင့် “ပညာ” နဲ့ “အသိဉာဏ်” ရှိဖို့သာ အရေးကြီးပါတယ်။ ရုပ်မလှလည်း ကိစ္စ မရှိပါဘူး။ ယောက်ျားရဲ့ ဘုန်းရိပ် ကံရိပ်ကို ခိုစားတဲ့ ခေတ်မှ မဟုတ်တော့တာပဲ။

“ပညာ” လှဖို့သာ အရေးကြီးပါတယ်။ ကိုယ့်ပညာ နဲ့ ကိုယ် လုပ်စား ရပ်တည်နေကြတာ မဟုတ်လား။

ဒီအချက်ကို မိန်းကလေးတွေ သဘောပေါက် နားလည်လာအောင် လုပ်ပေးဖို့ အမျိုးသမီး စာစောင်၊ မဂ္ဂဇင်းတွေမှာ တာဝန်ရှိပါတယ်။ ဒီတာဝန်ကို အမျိုးသမီး စာစောင်၊ မဂ္ဂဇင်းတွေက ယူကြရဲ့လား၊ ယူနိုင်ကြရဲ့လား။

အမျိုးသမီး စာစောင်၊ မဂ္ဂဇင်းတွေရဲ့ ဦးစီးဦးကိုင် နေရာကို ယူထားကြတဲ့ အယ်ဒီတာတွေ ကိုယ်တိုင်က ဒီတာဝန်ကို ထမ်းဆောင်ဖို့ တာဝန်ရှိပါလားလို့ သဘောပေါက် နားလည်မှု ရှိကြပါရဲ့လား ဆိုတာကို ဆန်းစစ်ကြည့်ကြဖို့ လိုအပ်နေပြီ။ အရေးတကြီး လိုအပ်နေပြီလို့ မယူဆဘူးလား။

ထမင်းဟင်း ကောင်းကောင်း ချက်တတ်ရုံ၊ ဇာထိုး ပန်းထိုး တတ်ရုံ၊ ကိုယ်ကာယ လှပနေရုံနဲ့တော့ လူတလုံး သူတလုံး ဖြစ်မလာနိုင်ဘူးနော်။ ။

(သတင်းစာဆရာကြီး လူထုစိန်ဝင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို ဒေါင်း စာပေက ၁၉၉၉ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “အတွေးအမြင် စာစောင် အမှတ် ၁၃၉” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး လူထုစိန်ဝင်း သည် ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက် အသက် ၇၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

Loading