ထိုင်းဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိသူ ပီတ လင်ဂျာရွန်ရတ်
ထိုင်းနိုင်ငံတွင် အပြောင်းအလဲဖြစ်တော့မည်။ ကြီးမားသော အပြောင်းအလဲဖြစ်သည်။ မေလ ၁၄ ရက်နေ့က နောက်ဆုံးမဲများကို ပေးပြီးနောက် မဲရေးတွက်မှုစတင်ကာ ရလဒ်များက ထိုင်းမဲဆန္ဒရှင်များသည် အပြောင်းအလဲ လိုလားကြောင်း ပြသနေသည်။ ၎င်းတို့သည် စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရကို ပယ်ချခဲ့သည်။ မေလ ၁၅ ရက်နေ့ နံနက်တွင် အတိုက်အခံပါတီများဖြစ်သည့် Move Forward ပါတီ (MFP) နှင့် ဖွေထိုင်းပါတီတို့သည် မဲဆန္ဒနယ်အများစုတွင် အနိုင်ရပြီး လူထုထောက်ခံမှု အများဆုံးရကြောင်း မဲရေတွက်မှုများက ပြသနေသည်။
နောက်ဆုံးရေတွက်မှုများအရ တိုးတက်သော MFP နှင့် လူထုထောက်ခံမှုမြင့်မားသည့် ဖွေထိုင်းပါတီသည် ရေတွက်ပြီး မဲများ၏ ၉၉ ရာခိုင်နှုန်း ရရှိသည်။ အယ်လ်ဂျာဇီးယား သတင်းအရ ၎င်းတို့သည် မဲဆန္ဒနယ် ၅၀၀ အနက် ၂၈၆ နေရာ ရရှိဖွယ်ရှိသော်လည်း ဝန်ကြီးချုပ်ရွေးချယ်ရာတွင် စစ်တပ်က ခန့်ထားသည့် အထက်လွှတ်တော်အမတ် ၂၅၀ ကလည်း မဲပေးမည်ဖြစ်သောကြောင့် ၎င်းတို့၏ အစိုးရဖွဲ့နိုင်သည့် စွမ်းရည်မှာ မရေမရာ ဖြစ်နေသည်။
ရွေးကောက်ပွဲကော်မရှင်၏ အချက်အလက်များတွင် MFP သည် စုစုပေါင်း ကိုယ်စားလှယ်နေရာ ၁၄၈ နေရာ (တိုက်ရိုက်ရွေးကောက်ပွဲတွင် ၁၁၃ နေရာနှင့် ပါတီအချိုးကျ ကိုယ်စားပြုမှုအရ ၃၅ နေရာ) ရရှိပြီး မစ္စ ပေတောင်တန် ရှင်နာဝပ် ဦးဆောင်သည့် ဖွေထိုင်းပါတီက စုစုပေါင်း ၁၃၈ နေရာ (တိုက်ရိုက်ရွေးကောက်ပွဲတွင် ၁၁၁ နေရာနှင့် ပါတီအချိုးကျကိုယ်စားပြုမှုအရ ၂၇ နေရာ) ရရှိထားကြောင်း ပြသနေသည်။
မဲများကို ဆက်လက်ရေတွက်နေစဉ် ၂၀၂၀ ပြည့်နှစ်တွင် ထူထောင်သည့် MFP ပါတီခေါင်းဆောင် မစ္စတာ ပီတာ လင်ဂျာရွန်ရတ်သည် လွန်စွာပျော်ရွှင်နေသည်။ သူက “အရမ်းစိတ်လှုပ်ရှားစရာ ကောင်းတယ်” ဟု မီဒီယာသို့ ပြောကြားသည်။
“ပြည်သူတွေကို ကျနော်တို့ပေးထားတဲ့ကတိတွေဟာ ရွေးကောက်ပွဲနောက်ပိုင်းမှာလည်း တသမတ်တည်း ဖြစ်ရမယ်” ဟုလည်း ၎င်းကပြောသည်။

မစ္စတာ ပီတာ လင်ဂျာရွန်ရတ်က ၎င်းတို့သည် စစ်တပ်ကျောထောက်နောက်ခံပြု ပါတီများနှင့် အစိုးရဖွဲ့မည့် မည်သည့်အလားအလာကိုမဆို “တံခါးပိတ်ထားကြောင်း” ကြေညာပြီး ညွန့်ပေါင်းဖွဲ့စည်းရေးအတွက် ရှင်နာဝပ်၏ ပါတီနှင့် ဆွေးနွေးရန် ကြိုးစားမည်ဖြစ်ကြောင်း ပြောသည်။
ထိုင်းနိုင်ငံတွင် အပြောင်းအလဲ ပေါ်ပေါက်စေရန်နှင့် အာဏာကြီးမားသော တော်ဝင်မိသားစု-စစ်တပ်အထက်လွှာများကို ဖယ်ရှားရန် ကတိပြုထားသည့် အသက် ၄၂ နှစ်အရွယ် ခေါင်းဆောင်သည် မည်သို့သော သူဖြစ်သည်ကို မိမိတို့အနေဖြင့် အနီးကပ်လေ့လာရန် လိုအပ်သည်။
ပီတ လင်ဂျာရွန်ရတ် သြဇာကြီးမားလာခြင်း
၁၉၈၀ ပြည့်နှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် မွေးဖွားသည့် လင်ဂျာရွန်ရတ်သည် နိုင်ငံရေးမျိုးရိုးဖြစ်သည်။ သူသည် ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်၏ လူရင်း မစ္စတာ ပါဒွန် လင်ဂျာရွန်ရတ်၏ တူဖြစ်သည်။ ထို့အပြင် ကွယ်လွန်သူ ဖခင် မစ္စတာ ပေါင်ဆက်သည် စိုက်ပျိုးရေးဝန်ကြီးဌာနတွင် အကြံပေးဖြစ်ခဲ့သည်။
ဘန်ကောက်တွင် အခြေခံပညာအောင်ပြီးနောက် ကျောင်းဆက်တက်ရန် နယူးဇီလန်သို့ ပြောင်းရွှေ့ပြီး နောင်တွင် အမေရိကန် ပြည်ထောင်စု၊ ဟားဗတ်တက္ကသိုလ်၌ နိုင်ငံတကာကျောင်းသားဆုရရှိသည့် ပထမဆုံး ထိုင်းကျောင်းသား ဖြစ်လာသည်။
၂၀၀၆ ခုနှစ်တွင် ဖခင်ကွယ်လွန်သောအခါ သူ့မိသားစုပိုင် အကြွေးပိနေသော ကုမ္ပဏီကို ကယ်ရန် ဘဏ်များက သူ့ကို အချိန် လေးလသာ ပေးခဲ့သည်။ အသက် ၂၅ နှစ်အရွယ်တွင် သူသည် သူ့ဖခင်၏ CEO Agrifood ကုမ္ပဏီကို ကယ်တင်နိုင်ခဲ့ရုံသာမက ထိုကုမ္ပဏီကို အာရှထိပ်တန်း ဆန်ဖွဲနုဆီ ထုတ်လုပ်သည့်လုပ်ငန်း ဖြစ်လာစေခဲ့သည်။

သူသည် Merrill Lynch Phatra နှင့် Boston Consulting Group အပါအဝင် နိုင်ငံတကာ လုပ်ငန်းများတွင်လည်း လုပ်ကိုင်ခဲ့သည်။
Future Forward ပါတီမှ ကိုယ်စားလှယ်လောင်းတဦး အနေဖြင့် နိုင်ငံရေးလောကသို့ ၂၀၁၉ ခုနှစ်ရောက်မှ ဝင်ရောက်ခြင်းဖြစ်သည်။ သို့သော် Future Forward ပါတီ ဖျက်သိမ်းခံရသောအခါ သူ့ကို Move Forward ပါတီ ခေါင်းဆောင် ခန့်လိုက်ကြသည်။
မစ္စတာ လင်ဂျာရွန်ရတ်သည် သူ၏ သန့်ရှင်းသောပုံရိပ်၊ စကားပြောကောင်းခြင်း၊ ပွင်းလင်းခြင်းနှင့် အနှစ်သာရမဲ့သော စကားများ မပြောဆိုခြင်းတို့ကြောင့် ထိုင်းပြည်သူများအကြား လူကြိုက်များမှု အလျင်အမြန်ရလာသည်။ လက်တွေ့တွင် သူရရှိသော လူကြိုက်များမှုသည် ကမ္ဘာတဝန်းမှ မည်သည့် ပေါ့တေးဂီတ ကြယ်ပွင့်နှင့်မဆို ယှဉ်နိုင်သည်။
လင်ဂျာရွန်ရတ် နိုင်ငံရေးသြဇာ ကြီးထွားလာခြင်းသည် လှုပ်ရှားမှုတခု အားယူနေချိန်လည်း ဖြစ်သည်။ Future Forward ပါတီကို ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးက ဖျက်သိမ်းခြင်းကြောင့် ပြည်သူများက လမ်းမများတွင် စတင် ကန့်ကွက်လာသည်။ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်သို့ ရောက်လာသောအခါ သူသည် ၂၀၁၄ ခုနှစ် အာဏာသိမ်းခေါင်းဆောင်နှင့် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ နုတ်ထွက်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ရေးသားရန် တောင်းဆိုသည့် လူငယ်လှုပ်ရှားမှု ကြီးထွားလာအောင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
ထို့နောက် တနိုင်ငံလုံး တုန်လှုပ်သွားစေသောလုပ်ရပ်မှာ ဆန္ဒပြသူများက ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးကိုတောင်းဆိုကာ ထိုင်းတော်ဝင်မိသားစုကို ဝေဖန်ခြင်းမှ တားမြစ်သည့်အစဉ်အလာကို ချိုးဖျက်လိုက်ခြင်း ဖြစ်သည်။
ထိုဖြစ်ရပ်များသည် ပြည်သူများအား Move Forward ပါတီကို မဲပေးစေသည့် ဒေါသအမွေ ပေးခဲ့သည်ဟု ၎င်းကပြောသည်။
မဲဆွယ်ပွဲများအတွင် လင်ဂျာရွန်ရတ်သည် ပြုပြင်ပြောင်းလဲသည့် ထိုင်းနိုင်ငံအမြင်ကို တင်ပြခဲ့သည်။ VOA Thai သတင်းဌာနနှင့် ပြောကြားရာတွင် သူက စစ်အာဏာသိမ်းမှု သံသရာလည်နေသော နိုင်ငံတနိုင်ငံသည် နောက်ဆုံးတွင် နိဂုံးချုပ်သွားမည်ဖြစ်ကြောင်း ပြောသည်။ ထို့အပြင် စစ်အရာရှိများ တာဝန်ထမ်းဆောင်မှုမှ အငြိမ်းစားယူပြီး ၇ နှစ်ကြာမှသာ နိုင်ငံရေးလောကသို့ ဝင်ရောက်ခွင့်ပေးမည့် အစီအစဉ်ကိုလည်း အဆိုပြုခဲ့သည်။
အစိုးရဝန်ထမ်းများက စစ်အာဏာသိမ်းမှုကို ထောက်ခံခြင်းမှ တားမြစ်ခြင်း၊ အာဏာသိမ်းခေါင်းဆောင်များ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ပိတ်ပင်ခြင်း စသည့် ပြဋ္ဌာန်းချက်များပါဝင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ပြည်သူများက ရေးဆွဲသင့်ကြောင်း မစ္စတာ လင်ဂျာရွန်ရတ်က ပြောသည်။ သူ၏ ပါတီသည် ကလေးသူငယ်စရိတ်မှ သက်ကြီးရွယ်အို ထောက်ပံ့ကြေးအထိ လူမှုဖူလုံရေး အသုံးစရိတ် ဒေါ်လာ ဘီလီယံ ၂၀ နီးပါးပေးရန်လည်း ပြောကြားခဲ့သည်။
ရုပ်သံမင်းသမီး ချူတီမာ တီပါနတ်နှင့် ၂၀၁၉ ခုနှစ်တွင် ကွာရှင်းခဲ့သောကြောင့် တဦးတည်း ရုန်းကန်ရသော ဖခင်ဖြစ်သည့် လင်ဂျာရွန်ရတ်သည် မိန့်ခွန်းများပြောကြားပြီးနောက် သူ၏သမီးဖြစ်သူကို စင်မြင့်ပေါ်သို့ ခေါ်လာလေ့ရှိသောကြောင့် ပရိသတ်က အားပေးခံရသူလည်းဖြစ်သည်။
အောင်မြင်မှု လျှို့ဝှက်ချက်များ
ရွေးကောက်ပွဲတွင် မစ္စတာ လင်ဂျာရွန်ရတ် အောင်မြင်မှုအများစုမှာ သူ့ကို ယုံကြည်သည့် လူငယ်မဲဆန္ဒရှင်များကြောင့် ဖြစ်သည်ဟု ဆိုနိုင်သည်။ ပါတီမူဝါဒများကြောင့် Move Forward ပါတီကို လူငယ် ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိက ပိုမိုကြိုက်နှစ်သက်ကြောင်း ဘန်ကောက်ရှိ ချူလာလောင်ကွန်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာန ပါမောက္ခ ဆီရီပန် နော့ဆူအန် ဆာဝက်ဒီက ABC News သို့ ပြောသည်။ ထိုမူဝါဒများမှာ ထိုင်းနိုင်ငံရေးမှ စစ်တပ်ကိုဖယ်ထုတ်ရေး၊ ဗဟိုချုပ်ကိုင်မှုဖျက်သိမ်းရေးနှင့် လက်ဝါးကြီးဖျက်သိမ်းရေးတို့ ဖြစ်သည်။ Move Forward ပါတီသည် တော်ဝင်မိသားစု အသရေဖျက်မှုဥပဒေကို ပြင်ဆင်ရန်လည်း ကတိပြုထားသည်။
ပါမောက္ခ ဆီရီပန်က “ပါတီခေါင်းဆောင် ပီတက လူငယ်မျိုးဆက်တွေအတွက် စံနမူနာဖြစ်ပုံရတယ်။ သူက ကြည့်ကောင်းပြီး သူပေးချင်တဲ့ သတင်းစကားကို ပြည်သူတွေကို ကောင်းကောင်းပေးနိုင်တယ်” ဟုလည်း ပြောသည်။
အမေရိကန် ပြည်ထောင်စုတွင် နေထိုင်ချိန်မှစတင်ပြီး သူသည် လူမှုကွန်ရက်မီဒီယာ အရေးပါမှုကို သိမြင်ကာ မဲဆွယ်ရာတွင် သူ့အတွက် အကျိုးရှိအောင် အသုံးချနိုင်ခဲ့သည်။ အွန်လိုင်းအခြေခံ တည်ဆောက်ခြင်း၏ အရေးပါမှုကို ပီတ နားလည်ခြင်းသည် အိုဘားမား မဲဆွယ်ပွဲများတွင် စေတနာ့ဝန်ထမ်းလုပ်ခဲ့သည့် အမေရိကန် အတန်းဖော်နှင့် အတူလိုက်ပါခဲ့ရာမှလာကြောင်း VOA News က ဖော်ပြသည်။
လင်ဂျာရွန်ရတ်အတွက် ခက်ခဲသော ကိစ္စ
သူ၏ပါတီသည် မဲဆန္ဒနယ်အများစုတွင် အနိုင်ရသည့်တိုင် မစ္စတာ လင်ဂျာရွန်ရတ် ရှေ့ဆက်ရမည့်ခရီးသည် လွယ်ကူမည် မဟုတ်ပေ။ ပထမဆုံးအချက်မှာ သူသည် ရှင်နာဝပ်၏ ဖွေထိုင်းပါတီနှင့် ညွန့်ပေါင်းဖွဲ့ရန် ကြိုးစားရမည် ဖြစ်သည်။
“ပြည်သူ့ဆန္ဒကို တခါထပ်ပြီး အတားဆီးခံရနိုင်တယ်။ အထက်လွှတ်တော်က လူထုဆန္ဒကို လေးစားမယ်လို့ ကျနော်မထင်ဘူး။ သူတို့ကို ရှေးရိုးစဉ်လာ တော်ဝင်ဝါဒီတွေ နိုင်ငံရေးချုပ်ကိုင်မှုထိန်းသိမ်းဖို့ ဖန်တီးခန့်ထားတာ ဖြစ်တယ်” ဟု နိုင်ငံရေး သုတေသီ ဇာချာရီ အဘူဇာက ပြောသည်။
“အထက်လွှတ်တော်က ဝန်ကြီးချုပ်ရွေးဖို့ မဲပေးတာကို ကျော်လွှားနိုင်ဖို့လိုတဲ့ ဒီမိုကရေစီလိုလားတဲ့ ကိုယ်စားလှယ် ၃၇၆ ဦးပါ တပ်ပေါင်းစုဖြစ်လာမယ့်လမ်းကြောင်း မတွေ့ရဘူး” ဟုလည်း ၎င်းကပြောသည်။
ကိုးကား ။ ။ Firstpost သတင်း Single dad, Harvard graduate: Pita Limjaroenrat is likely to be Thai’s new PM
You may also like these stories:
အတိုက်အခံများ ထိုင်းရွေးကောက်ပွဲနိုင်၊ စစ်တပ်ကို စိန်ခေါ်မှုဖြစ်လာ
ထိုင်းရွေးကောက်ပွဲအကြောင်း သိကောင်းစရာများ
ရွေးကောက်ပွဲမတိုင်မီ ၂ ပတ်အလို ထိပ်တန်းထိုင်းဝန်ကြီးချုပ်လောင်း ရင်သွေးဖွားမြင်
၂၀၂၃ ထိုင်းရွေးကောက်ပွဲ မဲဆွယ်ကတိများနှင့် အများကြိုက်ဝါဒ