တင်းကျပ်မှုတွေ ကြားက အရှိန်မြှင့်လာတဲ့ အကြီးစားထောက်တိုင် ရှင်းလင်းရေး
အကြမ်းဖက်ဖိနှိပ်တွေကြားကပဲ စစ်ကောင်စီကို ကူညီထောက်ပံ့နေတယ်လို့ ယူဆခံရသူတွေ ပစ်ခတ်လုပ်ကြံခံရတဲ့ ဖြစ်စဉ်တွေဟာ ပြီးခဲ့တဲ့လပိုင်းမှာပဲ လုံခြုံရေး တင်းကျပ်လှတဲ့ မြို့ပြလူမြင်ကွင်းမှာ ခပ်စိတ်စိတ် ပြန်လည်ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။
အထူးသဖြင့် လုံခြုံရေးတင်းကျပ်ပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရန်ကုန်မြို့ပေါ်မှာ ရှေ့နေ ဦးမင်းတေဇညွှန့်တင်၊ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုညွှန်ချုပ် ဦးစိုင်းကျော်သူ၊ ဗိုလ်မှူးဟောင်း ဦးရဲမင်းသန်းနဲ့ သန်လျင်မြို့နယ်က လေတပ်အရာရှိနေအိမ် ဝင်ရောက်ပစ်ခတ်လုပ်ကြံခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်လာပြီးတဲ့နောက် စစ်တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းကြားမှာလည်း စိုးရိမ်ထိတ်လန့်မှုတွေနဲ့ လုံခြုံရေးသတိထားဖို့ဆိုတာတွေကို လူမှုကွန်ရက်ပေါ်မှာ ပေါ်ပေတင်တင် သတိပေးရေးသားကြတဲ့အထိ ရိုက်ခတ်ခဲ့ပါတယ်။
ဒါ့အပြင် ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်မှာ အနီးကပ် လုပ်ကြံရှင်းလင်းခံခဲ့ရတဲ့ ဗိုလ်မှူးဟောင်း ဦးရဲမင်းသန်းနဲ့ ပတ်သက်လို့ သူဟာ အထူးနှိမ်နင်းရေးတာဝန်ယူထားပြီး နေပြည်တော်နဲ့ ရန်ကုန် အသွားအပြန် သတင်းပို့ကာ တော်လှန်ရေးအင်အားစုများကို ဖမ်းဆီးရာမှာ ထိပ်ဆုံးကနေ ပါဝင်နေသူတယောက်ဖြစ်တယ်လို့ ရှင်းလင်းခဲ့တဲ့ Yangon UG Association (YUA) က သတင်းထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်းအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဝင်တဦးက “ ရွေးကောက်ပွဲကော်မရှင်ကလူကို လုပ်လိုက်တာမျိုးဆိုရင် ဒီလိုလူတွေက လူထုအရှေ့ကိုထွက်ဖို့ တော်တန်ယုံသတ္တိမရှိကြတော့ဘူး။ အဲဒီလောက်အထိ ထိရောက်မှုရှိတယ်။ သူတို့မိသားစုဝင်တွေရော အရမ်းကြီး ခြိမ်းခြောက်မှု ဖြစ်တာပေါ့၊ ညရောနေ့ရော သွားလာတာတွေ မလုံခြုံတော့ဘူးဆိုတာ သူတို့လည်းသိတယ်၊ ကျနော်တို့လည်း သိတယ်။ နောက်ပိုင်းဆိုရင် ဒါမျိုးတွေ ခပ်စိတ်စိတ် ကြားလာကြရမှာပါ” လို့ ပြောပါတယ်။
ရှေ့နေ ဦးမင်းတေဇညွှန်တင်ကတော့ အိန္ဒိယ၊ ထိုင်းနဲ့ စင်္ကာပူလို နိုင်ငံရပ်ခြားမှာ ဥပဒေအကြံပေးလုပ်ငန်းတွေ လုပ်ကိုင် နေတဲ့ Biz Law Consult Myanmar တည်ထောင်သူ ဖြစ်ပြီး မတ်လ ၂၄ ရက်နေ့က သန်လျင်မြို့နယ်က အိမ်ကို ကား မောင်းပြန်လာစဉ် အနီးကပ်ပစ်ခတ်လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။
သူဟာ စစ်ခေါင်းဆောင် သားသမီးတွေရဲ့ လုပ်ငန်းတွေမှာ ဥပဒေပိုင်းဆိုင်ရာ ကူညီဆောင်ရွက်ပေးသူ၊ သူ့ရဲ့အကျိုးဆောင် လုပ်ငန်းတွေကတဆင့် ပိတ်ဆို့ဒဏ်ခတ်ခံထားရတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံရပ်ခြားကို ရွှေ့ပြောင်းပေးရာ မှာ လုပ်ကိုင်ပေးနေသူ၊ လေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးမြတ်ဟိန်း(လက်ရှိ ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဌ)နဲ့လည်း အလွန် ရင်းနှီးသူဖြစ်တယ်လို့ ပစ်ခတ် လုပ်ကြံခဲ့တဲ့ Urban Owls အဖွဲ့က ဆိုပါတယ်။
ဒါ့အပြင် ဦးမင်းတေဇညွှန့်တင်ဟာ စစ်ခေါင်းဆောင်သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ဆက်နွယ်နေပြီး ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော်ပြစ်မှုကျူးလွန်မှုတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ လက်နက်ပွဲစား ထွန်းမင်းလတ်အမှုကိုလည်း ဥပဒေပိုင်းဆိုင်ရာ ကူညီပေးနေသူတဦးဖြစ်ပါတယ်။
သူ့ကိုလုပ်ကြံမှုနဲ့ ပတ်သက်လို့ Urban Owls အဖွဲ့က “ ယခုဖြစ်စဉ်သည် စစ်ကောင်စီနှင့် အကျိုးတူလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းရှင်တွေကို ရာဇသံ ထပ်မံပေးလိုက်ခြင်းလည်းဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ပြည်သူနှင့် တော်လှန်ရေး၏ ဆန့်ကျင်ဘက်တွင် ရှိနေသော မည်သူကိုမှ ငဲ့ညှာမည်မဟုတ်ပါ” လို့ ဆိုထားပါတယ်။
ဦးမင်းတေဇညွှန့်တင် လုပ်ကြံခံရတဲ့ သန်လျင်မြို့နယ်ထဲမှာပဲ ဧပြီ ၁၈ ရက်နေ့က မင်္ဂလာဒုံလေတပ်၊ စစ်လက်နက်ပစ္စည်း ထောက်ပံ့ရေးတပ် (လပစ)က တပ်ခွဲမှူးအဆင့်ရှိသူ ကျော်စွာထွန်းနေထိုင်ရာ ထန်းပင်ကုန်းရပ်ကွက်က နေအိမ်ကို သေနတ်သမားတချို့ ဝင်ရောက် ပစ်ခတ် လုပ်ကြံမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။

ဒီလုပ်ကြံမှုမှာ လေတပ်အရာရှိဖြစ်တဲ့ ကျော်စွာထွန်းဟာ နေအိမ်မှာ ရှိမနေတဲ့အတွက် လွတ်မြောက်ခဲ့ပေမယ့် အကိုအရင်း ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဦးအောင်ညီထွန်းနဲ့ ဆွေးမျိုးနီးစပ်သူ အမျိုးသား နှစ်ဦးတို့ သေဆုံးခဲ့ပါတယ်။
ဆက်တိုက်ဆိုသလိုပဲ ဧပြီ ၂၂ ရက်နေ့မှာ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုညွှန်ချုပ်ဖြစ်သူ ဒု ဗိုလ်မှူးကြီးဟောင်း ဦးစိုင်းကျော်သူ ပစ်ခတ်လုပ်ကြံခံရသလို ဧပြီ ၂၉ ရက်နေ့မှာလည်း ဗိုလ်မှူးဟောင်း ဦးရဲမင်းသန်းတို့ဟာ ရန်ကုန် မြို့မှာပဲ ပစ်ခတ်လုပ်ကြံခံခဲ့ရပါတယ်။
ဦးစိုင်းကျော်သူဟာ ဆရာဝန်ဖြစ်တဲ့ ဇနီးသယ်ကို ဆေးခန်းပို့ပြီး ကားနဲ့အပြန် သင်္ယန်းကျွန်းမြို့နယ်၊ အောင်ရတနာဆေးရုံ အနီး ဝေဇယန္တာလမ်းပေါ် လူမြင်ကွင်းမှာ သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ လက်ရှိရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးသိန်းစိုးရဲ့ လူယုံတပည့်ရင်းတဦးဖြစ်သလို စစ်ကောင်စီကျင်းပဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲဖြစ် မြောက်ရေးမှာ အရေးပါသူတဦးလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဦးစိုင်းကျော်သူဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီက ရွေး ကောက်ပွဲဆိုင်ရာပုဒ်မနဲ့ စွပ်စွဲထောင်ချရာမှာလည်း တရားလိုပြသက်သေအနေနဲ့ လုပ်ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
စစ်ကောင်စီက တရားဝင်အစိုးရသဖွယ် ကျင်းပဖို့ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေက လုံးဝလက်မခံကြောင်း ကြေညာထားရာ အတင်းအကြပ် မဲစာရင်းကောက်ယူတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဝန်ထမ်းနဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတချို့ ပစ်ခတ် လုပ်ကြံခံရတဲ့ ဖြစ် စဉ်တွေရှိခဲ့ပေမယ့် အခုလို ဒုညွှန်ချုပ်အဆင့်ရှိသူ လုပ်ကြံခံရတာဟာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။
သူ့ကိုလုပ်ကြံမှုနဲ့ ပတ်သက်လို့ For the Yangon ဆိုတဲ့ မြို့ပြပြောက်ကျားအဖွဲ့က “ စစ်ကောင်စီ ရာထူးကြီးပိုင်းတွေဟာ သူတို့တွေရဲ့ လုံခြုံရေးအတွက် နေပြည်တော်မှာ ပုန်းခိုနေထိုင်ကြရပါတယ်၊ စိုင်းကျော်သူကို နေပြည်တော်ကနေ ရန်ကုန်ကို ပြန်ရောက်တဲ့နေ့မှာပဲ ရှင်းလင်းခဲ့တာပါ၊ စစ်ကောင်စီနဲ့သူတို့အပေါင်းအပါတွေအတွက် ရန်ကုန်ပြန်လာဖို့ဆိုတာ သေမင်းနှုတ်ခမ်းဝကို ဖြတ်လျှောက်နေရသလို ဖြစ်နေပါပြီ”လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
ဦးမင်းတေဇညွှန့်တင်၊ ဦးစိုင်းကျော်သူနဲ့ ဦးရဲမင်းသန်းတို့ ပစ်ခတ်လုပ်ကြံခံရတဲ့ဖြစ်စဉ်တွေဟာ စနစ်တကျစောင့်ကြည့် ချိန်သားကိုက်လှုပ်ရှားနိုင်မှုနဲ့အတူ သူတို့ရဲ့ ကားတွေပေါ်မှာတင်ပဲ လူမြင်ကွင်းမှာ အနီးကပ်ပစ်ခတ်လုပ်ကြံခံရပုံခြင်းလည်း တူညီနေကြပါတယ်။
ယမန်နှစ် ဧပြီ ၇ ရက်နေ့က စစ်ကောင်စီရဲ့ ဗဟိုဘဏ် ဒုက္ကဌ ဒေါ်သန်းသန်းဆွေဟာ ရန်ကုန်မြို့နေအိမ်မှာ ပစ်ခတ် လုပ်ကြံခံခဲ့ရပေမယ့် ဒေါ်သန်းသန်းဆွေဟာ သေဘေးက လွတ်မြောက်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီအတွက် အရေးပါတဲ့ ထောက်တိုင်တွေအဖြစ် သတ်မှတ်ခံထားရတဲ့ စစ်တပ်ပိုင် Mytel ကုမ္ပဏီ ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်သူ ရေတပ်ဗိုလ်မှူးဟောင်း ဦးသိန်းအောင်ဟာ ရန်ကုန်မြို့နေအိမ်ရှေ့မှာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့က ပစ်ခတ်သတ်ဖြတ်ခံခဲ့ရ သလို ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်ပိုင်းကလည်း စစ်ကောင်စီဒုဥက္ကဌဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ ဆရာရင်း အသက် ၇၂နှစ် အရွယ် ဗိုလ်မှူးချုပ်ဟောင်းအုန်းသွင်လည်း ပစ်ခတ် လုပ်ကြံ ခံခဲ့ရပါတယ်။
ဒီလိုစစ်တပ်ရာထူးကြီးပိုင်မှာ တာဝန်ယူခဲ့ကြသူတွေ လုပ်ကြံခံရစဉ်ကလည်း စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ထောက်ခံသူ တွေကြားမှာ လုံခြုံရေးအရ စိုးရိမ်ပူပန်မှုတွေရှိ့ခဲပြီး နေပြည်တော်ကို ပြောင်းရွေ့နေထိုင်တာတွေ ရှိခဲ့တယ်လို့ ဧရာဝတီရဲ့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
လက်ရှိမှာ စစ်ခေါင်းဆောင်မိသားစုနဲ့ စစ်တပ်အရာရှိကြီးတွေကို အကျိုးစီးပွားအရ နောက်ကွယ်က ကူညီ ထောက်ပံ့နေသူ တွေနဲ့ ဒုညွှန်ချုပ် အဆင့်ထိ တာဝန်ယူထားဆဲ ရာထူးကြီးပိုင်းတွေပါ လုပ်ကြံခံလာရတဲ့ဖြစ်စဉ်ကြောင့် စစ်တပ် ထောက်ခံ သူတွေကြားမှာ စိုးရိမ်ကြောက်လန့်မှုတွေ ထပ်မံမြှင့်တက်စေခဲ့တဲ့အထိ ခြိမ်းခြောက်နိုင်ခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့ဝင် တွေက ဆိုပါတယ်။
ရန်ကုန်တိုင်းပြည်သူ့တပ်မဟာမှ ပြောရေးဆိုခွင့်ရှိသူ မဗီဗီယန်က “ အခုဆိုရင် ရာထူးကြီးကြီးမားမားတွေကိုလည်း ရှင်းလင်းလိုက်တယ်၊ ဒီလိုလုပ်တဲ့ဟာက ရန်သူဘက်မှာ တကယ်ကို ကြီးမားတဲ့သက်ရောက်မှုရရှိတယ်။ ကြားရချက် အရဆိုရင် ဒီလူတယောက်ကို ရှင်းလိုက်တဲ့ အတွက်ကြောင့် ကျန်တဲ့သူတွေဆိုရင် တော်တော် ကြောက်ကုန်ကြတယ်၊ တပ်တွင်းတွေမှာ သွားပြီးတော့ မိသားစုလိုက်နေရတာတို့၊ သား၊ သမီးတွေကိုတောင် ကျောင်းထုတ်ပြီးတော့ အိမ်မှာပဲ ထားတာတို့ စသဖြင့် အဲဒီလောက်အထိ ဖြစ်သွားတာပေါ့နော်။ ဒါဆိုလို့ရှိရင် ကျမတို့ အတွက် ထိရောက်တယ်လို့ပြောလို့ရ တယ်”လို့ဆိုပါတယ်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တချို့ ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ ဦးစိုင်းကျော်သူလုပ်ကြံခံရမှု မတိုင်မီ မတ်လ ၂၈ ရက်နေ့က နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့(ICG)ဟာ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲကို အတင်းအကျပ် အင်အားသုံးကျင်းပဖို့ ကြိုးပမ်းလာပါက ရွေးကောက်ပွဲအကြိုကာလ တလျှောက်မှာ သွေးထွက်သံယိုမှုနဲ့ မတည်ငြိမ်မှုတွေ ကို ပိုမိုမြင်တွေ့လာရဖွယ်ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။
မကြာသေးမီက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လာရောက်တွေ့ဆုံခဲ့တဲ့ The Elder အဖွဲ့ရဲ့ ဒုဥက္ကဌ၊ ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းကလည်း လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုပါက အကြမ်းဖက်မှုနဲ့ သွေးကွဲမှုတွေကို ပိုမိုဖြစ်ပေါ်စေနိုင်ပြီး ရလဒ်တွေကို မြန်မာနိုင်ငံသားတွေ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ လည်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ခုလိုလုပ်ကြံမှုတွေကို စစ်တပ်အားပေးထောက်ခံတဲ့ နိုင်ငံတွေက အကြမ်းဖက်သမားတွေအသွင် ပုံဖော်လာနိုင်ပြီး စင်ပြိုင်အစိုးရဖြစ်တဲ့ NUG ကို ဂုဏ်သိက္ခာပိုင်းအရ ထိခိုက်လာနိုင်တဲ့အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက် နေသူတွေကို လုပ်ကြံသတ်ဖြတ်မှုတွေအပေါ် NUG အနေနဲ့ တားမြစ်၊ ဆန့်ကျင်သင့်တယ်လို့လည်း ICG က ဆိုထားပါ တယ်။
စစ်ကောင်စီအပေါ် အကူအညီအထောက်အပံ့ပေးနေသူတွေကို ဥပဒေကြောင်းအရ ဖမ်းဆီးအရေးယူရေးသာ မူဝါဒ ချမှတ်ထားပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကိုလည်း ဧပြီ ၄ ရက်နေ့မှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပြီးဖြစ်တယ်လို့ NUG ဘက်ကဆိုပါတယ်။
NUG ပြောခွင့်ရှိသူ ဦးနေဘုန်းလတ်က “NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကနေ စစ်ရေးပစ်မှတ်၊ စီးပွားရေးပစ်မှတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေရှိနိုင်တယ်၊ စစ်ကောင်စီကို အထောက်အပံ့ပေးနေသူတွေနဲ့ ပတ်သက်လို့တော့ ဥပဒေအရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးအရေးယူဖို့ကိုပဲ တစိုက်မတ်မတ် လုပ်သွားဖို့ရှိပါတယ်” လို့ ဆိုပါတယ်။
မြို့ပြအခြေစိုက် လှုပ်ရှားနေကြတဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်ကောင်စီသတင်းပေး ဒလန်တွေ၊ ပျူစောထီးတွေနဲ့ စစ်ကောင်စီရပ်တည်နိုင်ရေး အကူအညီထောက်ပံ့ပေးနေသူတွေဟာ အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်ကျူးလွန်မှုတွေမှာ အဓိက ထောက်တိုင်တွေဖြစ်တဲ့အတွက် သူတို့ကို ရှင်းလင်းတာတွေဟာ တော်လှန်ရေးအတွက် အရေးပါတယ်လို့ ခံယူထားကြပါတယ်။
ဒါ့အပြင် ပြည်သူကို ရန်သူလိုသဘောထားတဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းနေသူတွေကို ပြည်သူရဲ့ ရန်သူအဖြစ် သတ်မှတ်ရ မှာဖြစ်သလို စစ်အာဏာသိမ်းမှုကို ထောက်ခံကာ စိတ်ရောကိုယ်ပါ လုပ်ဆောင်ပေးနေသူတွေနဲ့ ကိုယ်ကျိုးစီးပွားအတွက် ပူးပေါင်းလုပ်ဆောင်ပေးနေသူတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းတာဟာ အကျိုးမရှိကြောင်း ပြသရမှာဖြစ်တယ်လို့လည်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာမှ ပြောရေးဆိုခွင့်ရှိသူ မဗီဗီယန်က ဆိုပါတယ်။
“စစ်ကောင်စီဘက်မှာ ပူးပေါင်းပြီးတော့ အလုပ်လုပ်နေတဲ့လူတွေထဲမှာ တကယ့်ကိုစိတ်ရောကိုယ်ပါ တကယ့်ကို သဘောတူပြီး လုပ်နေတယ်ဆိုတဲ့လူမျိုးတွေက နည်းပါတယ်၊ ဘယ်လိုလဲဆိုတော့ မိမိအကျိုးအမြတ်၊ မိသားစုအကျိုး အမြတ်ရရှိလို့ ပူးပေါင်းအလုပ် လုပ်နေတဲ့သူတွေကများတယ်။ အဲဒါကြောင့် သူတို့အကျိုးမရှိဘူး၊ သူတို့အသက်သေ ဆုံးမယ်ဆိုတာ ပြလိုက်လို့ရှိရင် ဒါအားလုံးက တုန်လှုပ်တာပဲ၊ ဒါကြောင့် ဒီလိုလုပ်ဆောင်တဲ့အပေါ်မှာ ကျမကတော့ ဒီလိုအချိန်မျိုးမှာ ရန်သူကိုအားပေးနေတဲ့၊ ရန်သူကို ကူညီနေတဲ့သူ တွေကို ပြည်သူတရပ်လုံးရဲ့ ဘုံရန်သူအဖြစ်သတ်မှတ် ပြီးတော့ ရန်သူကိုချေမှုန်းသလိုပဲ ကျမတို့ချေမှုန်းရမှာပဲ” လို့ ပြောပါတယ်။
အခြားသော ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးကလည်း စစ်ကောင်စီထောက်တိုင်တွေကို ရှင်းလင်းရာမှာ အောက်ခြေ အဆင့်တွေကို ရှင်းလင်းခြင်းထက် အဓိကအရင်းအမြစ်ထောက်တိုင်တွေနဲ့ စီမံခန့်ခွဲရေးအဆင့် တာဝန်ယူထား သူတွေကို ရှင်းလင်းဖယ်ရှားမှသာ ပိုပြီးထိရောက်မယ်လို့လည်း ဆိုပါတယ်။
၎င်းက “ သူတို့လေယာဉ်တွေနဲ့ ဗုံးကြဲတယ်၊ လေယာဉ်တွေရဲ့ source တွေကဘာတွေလဲ၊ လေယာဉ်ရဲ့ သိုလှောင်ဆီ၊ ဒါတွေ ဘယ်ကလာသလဲ၊ လေယာဉ်တက်သွားပြီး ပြန်ဆင်းမယ့်လေယာဉ်ကွင်းတွေ၊ သူတို့ရဲ့ထောက်တိုင်တွေကို ပျက်စီး စေမယ့် အရာတွေကို လုပ်တော့မှာ၊ အသေးလေးတွေကို လုပ်လိုက်ရင် အစားပြန်ထိုးရတာလွယ်တယ်၊ ဒါတွေကို စီမံခန့်ခွဲနေတဲ့ကောင်တွေကို ထိထိမိမိလုပ်လိုက်မှ ယိုယွင်းပျက်စီးပြီးနှောင့်နှေးသွားမှာပေါ့” လို့ ဆိုပါတယ်။
NUG ထုတ်ပြန်ထားချက်အရလည်း ယခုနှစ် ပထမလေးလပတ်အတွင်းမှာ စစ်ကောင်စီလေတပ်စခန်းတွေကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး မင်္ဂလာဒုံလေတပ်၊ တံတားဦးလေတပ်၊ မကွေးလေတပ်၊ တောင်ငူလေတပ်နဲ့ နေပြည်တော် အေလာလေတပ်တို့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနဟာ သူ့ရဲ့ ထောက်တိုင်တွေ တရားဝင်လက်နက်ကိုင်ခွင့် ရရေး အတွက် အရပ်သားတွေ လက်နက်ကိုင်ဆောင်ခွင့်၊ ဌားရမ်းခွင့်ဆိုတဲ့ ခေါင်းစဉ်နဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် ဥပဒေကို အတည်ပြု ထုတ်ပြန်ခဲ့ရာ လက်နက်ကိုင်ပဋိပက္ခတွေ၊ အချင်းချင်း အပြန်အလှန် ပစ်ခတ်ရှင်းလင်းမှုတွေက ပိုဆိုးလာဖို့သာရှိနေတယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။
အလားတူ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပြည်သူတွေအပေါ် လူရာချီသေဆုံးစေတဲ့အထိ ဗုံးကြဲတိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ ကူညီပေးနေသူ ထောက်တိုင်တွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ် လို့ ကြေညာ ထားတဲ့အတွက် အပြန်အလှန် ပစ်ခတ်သတ်ဖြတ်မှုတွေဟာ ဆက်လက်တိုးမြှင့်လာဖွယ်ရှိနေပါတယ်။
You may also like these stories:
ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင် လုပ်ကြံခံရပြီးနောက် စစ်အရာရှိဟောင်းများ သွေးပျက်
ဒုဝန်ကြီးချုပ် သို့မဟုတ် မင်းအောင်လှိုင်ကို ပါရမီဖြည့်သူများ
တိုက်ပွဲပြင်းထန်ခြင်းနှင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် စစ်အရာရှိသေဆုံးမှု မြင့်တက်
စစ်ကောင်စီတပ်က ကြောက်နေရတဲ့ ဒရုန်းတိုက်ခိုက်မှုများ
မြန်မာအာဏာရှင်တို့ မှီခိုရာ ရက်စက်ကြမ်းကြုတ်သော စစ်ထောက်လှမ်းရေးအဖွဲ့