၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်နောက်ပိုင်း ရှည်ကြာစွာ ဓာတ်အားပြတ်တောက်မှု အခြေအနေသည် အဆိုးရွားဆုံးဖြစ်လာပြီး တနေ့လျှင် သုံးနာရီနှင့် လေးနာရီသာ ဓာတ်အားရရှိတော့ကာ လာသည့်အချိန်များမှာလည်း ညနက်သန်းခေါင်ဖြစ်သောကြောင့် ပြည်သူလူထုအများစု၏ နေ့စဉ်ဘဝမှာ များစွာခက်ခဲလာနေသည်။ ထိုသို့သောအခြေအနေတွင် လျှပ်စစ်ကား ဓာတ်အားဖြည့်သွင်းသောရုံများ (EV Charging Station) တည်ဆောက်ခြင်းနှင့် လျှပ်စစ်ကား (EV) တင်သွင်းခြင်းတို့ဖြင့် လူအများက သတိပြုလာရသူက Earth Group of Companies ၏ အမှုဆောင်အရာရှိချုပ် ဒေါ်ခိုင်ဇော်ပင်။
ဒေါ်ခိုင်ဇော်သည် မြန်မာ့ထိပ်တန်း ခရိုနီကြီး ဦးတေဇ (ထူးကုမ္ပဏီအုပ်စု)၏ မရီးတော်စပ်သူဖြစ်ကာ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က ဦးတေဇမှတဆင့် စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ရင်းနှီးသိ ကျွမ်းနေခဲ့သလို လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ၎င်း၏ မိသားစုဝင်များ နှင့်ပါ ခင်မင်ရင်းနှီးသူလည်း ဖြစ်သည်။
လက်ရှိ စစ်ခေါင်းဆောင်၏ မိန့်ခွန်းများတွင် တဖွဖွပြောဆိုနေခဲ့သော နိုင်ငံအတွင်း လျှပ်စစ်ကား (EV)များနှင့် လျှပ်စစ် ရထားများ ပြေးဆွဲနိုင်ရေးကိစ္စရပ်များ၌ သူမ၏ အကြံဉာဏ်များပါဝင်ခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင် သတင်းရင်းမြစ်တချို့က ပြောဆိုသည်။
ဒေါ်ခိုင်ဇော်သည် ဆိုလာပါဝါ အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်းကဏ္ဍကို နှစ်အတန်ကြာ လုပ်ကိုင်ခဲ့သူဖြစ်၍ ၎င်း၏ အကြံပြုချက်များကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံသဘောကျပြီးနောက် လျှပ်စစ်ကားနှင့်ပတ်သက်ပြီး လမ်းညွှန်မှုများ ချမှတ်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်မြို့ရှိ ကားအရောင်းစင်တာလုပ်ငန်းရှင်တဦးက “အခု EV မှာက သူတို့ (ဒေါ်ခိုင်ဇော်)ရဲ့ Prime ကုမ္ပဏီကပဲ အကုန် လုံးလုပ်နေတာ။ သူက အရင်ကတည်းက ပေါက်ပေါက်မြောက်မြောက်ရှိတော့ အခု EV ကိစ္စ လုပ်ပိုင်ခွင့်တွေ တော်တော် များများ သူပဲရထားတာ” ဧရာဝတီကို ပြောသည်။
ဒေါ်ခိုင်ဇော်သည် လျှပ်စစ်ကား ဓာတ်အားဖြည့်သွင်းသောရုံများ (EV Charging Station) တည်ဆောက်ခြင်းနှင့် လျှပ်စစ် ကား (EV) တင်သွင်းခြင်းကို ၎င်းပိုင် Earth Renewable Energy ၏ ကုမ္ပဏီခွဲတခုဖြစ်သော Prime Automotive Myanmar ကုမ္ပဏီအနေဖြင့် လုပ်ဆောင်လျက်ရှိသည်။
![](https://burma.irrawaddy.com/wp-content/uploads/2023/07/Ma-Khine-Zaw-1.jpeg)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ဒေါ်ခိုင်ဇော်ကို မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) အစည်းအဝေးများ၌ သိပ်မတွေ့ရသော်လည်း စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်ပိုင်းမှ စတင်ပြီး UMFCCI တွင် ပြန်ပေါ်လာပြီး ဆိုလာပါဝါနှင့် လျှပ်စစ်ကားကိစ္စများကို အဓိက ဝင်ရောက်လုပ်ကိုင်လာသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ကားများအတွက် လိုအပ်သော အခြေခံအဆောက်အအုံများ ပြည့်မီအောင် ဆောင်ရွက်ထားမှု မရှိဘဲ စစ်ကောင်စီက အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီကို ၂၀၂၂ ခုနှစ် ဇွန်လအတွင်း၌ ဖွဲ့စည်းခဲ့ပြီး လျှပ်စစ်ကား ဓာတ်အားဖြည့်သွင်းရုံများ (Charging Station) တည်ဆောက်ရန်နှင့် လျှပ်စစ်ကားများ (EV) အမြန်ဆုံးတင်သွင်းနိုင်ရေး လုပ်ဆောင်ခဲ့သည်။
စစ်ကောင်စီက Charging Station အတွက် လိုအပ်သောပစ္စည်းများနှင့် EV ကားများ တင်သွင်းခွင့်ကို ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် အခွန်ကင်းလွတ်ခွင့်ပေးထားသလို ယင်းအခွန်ကင်းလွတ်အား ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အထိ ထပ်တိုးမည်ဟူသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
ထိုအခွင့်အရေးများကို ဒေါ်ခိုင်ဇော်၏ ကုမ္ပဏီများကသာ အဓိက လုပ်ပိုင်ခွင့်ရနေကြောင်းလည်း ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။
ဒေါ်ခိုင်ဇော်သည် Charging Station တည်ဆောက်ရေးလုပ်ငန်းများကို Earth Renewable Energy အနေဖြင့် လုပ်ကိုင်ပြီး လျှပ်စစ်ကားတင်သွင်းမှုပါမစ်များကိုမူ Prime Automotive Myanmar ကုမ္ပဏီအနေဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Earth Renewable Energy ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး လျှပ်စစ်ဘတ်စ်ကား ဓာတ်အားဖြည့်သွင်းရုံကို ပြီးခဲ့သည့် မတ်လအတွင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၂၀၁/၁) (စီလမ်းဆုံ) ယာဉ်ရပ်နားစခန်းတွင် ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်၌ ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် ဓာတ်အား ဖြည့်သွင်းရုံ ၃ ရုံထိ တည်ဆောက်ပြီးစီးထားပြီဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။
နိုင်ငံခြားကားကုမ္ပဏီများနှင့် ပြည်တွင်းကားတင်သွင်းရောင်းချသူများကြားရှိ လုပ်ငန်းသဘောသဘာဝမှာ နိုင်ငံခြားကား ကုမ္ပဏီများအနေဖြင့် ၎င်းတို့ထုတ်လုပ်သော ကားအမျိုးအစားများကို ပြည်တွင်းဈေးကွက်အတွင်းသို့ တရားဝင် ဖြန့်ဖြူး ရောင်းချခွင့်ပေးထားသည့် ကိုယ်စားလှယ်များမှတဆင့် ဖြန့်ဖြူးရောင်းချကြခြင်း ဖြစ်သည်။
သို့သော် Prime Automotive ကုမ္ပဏီအနေဖြင့်မူ ယင်းအခြေအနေကိုကျော်လွန်ပြီး နာမည်ကြီး နိုင်ငံခြားကားအမှတ် တံဆိပ်များ၏ EV ကားများကို တိုက်ရိုက်တင်သွင်းရန် လုပ်ဆောင်မှုကြောင့် ပြည်တွင်းရှိ ကားကုမ္ပဏီတချို့နှင့်ပင် ပြဿနာ ဖြစ်ခဲ့ကြောင်း ကားလုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “သူတို့က ပါမစ်တွေကိုင်ထားပြီးတော့ ငါတို့မှာ လုပ်ပိုင်ခွင့်တွေ ရထားတယ်ဆိုပြီးတော့ Brand တွေကို စကားလိုက်ပြောနေတာ” ဟု ဆိုသည်။
ဒေါ်ခိုင်ဇော် ဘယ်သူလဲ
ဒေါ်ခိုင်ဇော်သည် ခရိုနီ ဦးတေဇ၏ မိန်းမဖြစ်သူ ဒေါ်သီတာဇော်၏ အစ်မအရင်းဖြစ်ပြီး စက်မှုကုန်ထုတ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အပါအဝင် လုပ်ငန်းကဏ္ဍ ၅ ခုခန့်ကို လုပ်ကိုင်နေသည့် အသက် ၆၀ နှစ်ဝန်းကျင်အရွယ် စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်သည်။
၂၀၁၉ ခုနှစ် ASEAN Business Award (ABA) အာဆီယံစီးပွားရေးဆုချီးမြှင့်ပွဲတွင် ဒေါ်ခိုင်ဇော်သည် အမျိုးသမီးစီးပွားရေး လုပ်ငန်းကဏ္ဍအတွက် ဂုဏ်ပြုခြင်းခံခဲ့ရသူတဦးဖြစ်ပြီး UMFCCI ၏ ညီနောင်အသင်းတခုဖြစ်သော မြန်မာနိုင်ငံ စက်မှုကုန် ထုတ်လုပ်သူများအသင်း၏ ဒု-ဥက္ကဋ္ဌတဦးလည်း ဖြစ်သည်။
ပြီးခဲ့သည့် ၁၀ စုနှစ်ဝန်းကျင်တွင် ဒေါ်ခိုင်ဇော်သည် နိုင်ငံတကာစီးပွားရေးအသိုင်းအဝိုင်းကြား ဝင်ဆံ့နိုင်ရန် သူ့ကိုယ်သူ စွန့်ဦးတီထွင်လုပ်ငန်းရှင်တဦးအဖြစ် ပုံဖော်နေထိုင်ခဲ့သော်လည်း အမှန်တကယ်၌မူ သူမသည် စစ်ဗိုလ်ချုပ်အဟောင်းရော အသစ်များပါအပြင် မြန်မာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်များကြားထိ ပေါက်ရောက်သော စီးပွားရေးလုပ်ငန်းရှင်တဦးပင် ဖြစ်သည်။ထို့ပြင် ထိုင်းနိုင်ငံတွင် အနေများသူတဦးဖြစ်ပြီး အရင်က ထိုင်းနိုင်ငံရေးအသိုင်းအဝိုင်း နှင့်လည်း နီးစပ်သူတဦး ဖြစ်သည်။
![](https://burma.irrawaddy.com/wp-content/uploads/2023/07/MKZ2.jpeg)
ဒေါ်ခိုင်ဇော်သည် နေပြည်တော်၏ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါများရရှိခဲ့သူဖြစ်ပြီး အဓိကအားဖြင့် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမတလျှောက် ဆိုလာစနစ်ဖြင့် လမ်းမီးတိုင်များ တည်ဆောက်ရေးတင်ဒါကို ရရှိခဲ့သူဖြစ်ကြောင်း ထိုအကြောင်းကိုသိသည့် စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောသည်။
အဆိုပါ တင်ဒါသည် ကျပ်ဘီလီယံနှင့်ချီ တန်ကြေးရှိပြီး ယင်းလမ်းမီးတိုင်များမှာမူ အရည်အသွေး ညံ့ဖျင်းသောကြောင့် နှစ်အနည်းငယ်အတွင်း၌ပင် ပျက်စီးသွားခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
ထို့ပြင် ဒေါ်ခိုင်ဇော်သည် မြန်မာစစ်တပ်ကို ကျောထောက်ခံပြုထားသော သီတဂူဆရာတော်ဟု လူသိများသည့် အရှင်ဘဒ္ဒန္တ ဉာဏိဿရ၏ ဒါယိကာမတဦးလည်း ဖြစ်သည်။ သီတဂူဆရာတော်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေသော ၂၀၁၃ ခုနှစ်က ပေါ်ပေါက်လာခဲ့သည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)၏ ဒုဥက္ကဋ္ဌလည်း ဖြစ်သည်။
ဒေါ်ခိုင်ဇော်ကဲ့သို့ အာဏာရှိသူများထံမှ တင်ဒါနှင့် ပါမစ်လုပ်ပိုင်ခွင့်များရယူကာ စီးပွားရှာခဲ့သည့် ပါမစ်စီးပွားရေးသမားများသည် ရွေးကောက်ခံ NLD အရပ်သား အစိုးရလက်ထက်တွင် ငုပ်လျှိူးနေခဲ့ကြသော်လည်း ယခုအာဏာသိမ်း စစ်ကောင်စီ လက်ထက်တွင်မူ ခေါင်းပြန်ထောင်လာကြပြီ ဖြစ်သည်။
You may also like these stories:
မိုင်းဖုန်းဆရာတော် ခရီးစဉ်နှင့်အတူ ခရိုနီဦးတေဇ ပြန်ပေါ်လာ
ဆွေမျိုး မိတ်ဆွေ ကောင်းစားရေးနှင့် စစ်ဗိုလ်ချုပ်များ
စစ်တပ်ခရိုနီများ နေပြည်တော်စစ်ရေးပြပွဲအတွက် ငွေလှူ
လေတပ်ကို မှီ၍ ပိုချမ်းသာလာကြသည့် စစ်ဗိုလ်ချုပ် အနွယ်တော်များ
ဂျော်နသန်ကျော်သောင်း (သို့မဟုတ်) စစ်တပ်ကို လျှို့ဝှက်လက်နက်တပ်သူ