အတိုက်အခံဘက်မှ ပါတီများ၏ ညွန့်ပေါင်းအစိုးရသည် ထိုင်းနိုင်ငံသား အများအပြားအတွက် လစ်ဘရယ်ဒီမိုကရက်များ၏ “စိတ်ကူးယဉ်အဖွဲ့” ဖြစ်သည်။
ရွေးကောက်ပွဲအနိုင်ရသည့် Move Forward ပါတီ ဦးဆောင်သော ခြောက်ပါတီ ညွန့်ပေါင်းအဖွဲ့သည် ပါလီမန် ကိုယ်စားလှယ် ၃၁၀ ရှိပြီး အောက်လွှတ်တော်နေရာ ၅၀၀ တွင် လုံးဝအများစု အနေအထား ဖြစ်သည်။
သို့သော် ထိုစိတ်ကူးအကောင်အထည် ပေါ်ရေးအတွက် ညွန့်ပေါင်းအဖွဲ့သည် ကိုယ်စားလှယ် ၅၀၀ ရှိသော အောက်လွှတ်တော်နှင့် ကိုယ်စားလှယ် ၂၅၀ ရှိသော အထက်လွှတ်တော် နှစ်ရပ်လုံးတွင် အများစု ထောက်ခံမှု လိုအပ်သည်။ ထိုညွန့်ပေါင်းအဖွဲ့မှ ဝန်ကြီးချုပ်လောင်း ဝန်ကြီးချုပ်ဖြစ်ရေးအတွက် ပါလီမန်ကိုယ်စားလှယ် အနည်းဆုံး ၃၇၆ ဦး၏ ထောက်ခံမှု လိုအပ်သည်။
ဝန်ကြီးချုပ်လောင်း ဝန်ကြီးချုပ်ဖြစ်ရေးအတွက် ပါလီမန်ကိုယ်စားလှယ် အနည်းဆုံး ၃၇၆ ဦး၏ ထောက်ခံမှု လိုအပ်သည်။
မေလ ၁၄ ရက်နေ့က ရွေးကောက်ပွဲရလဒ်များကို အလွတ်သဘော ထုတ်ပြန်မှုအရ Move Forward ပါတီခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရတ်က သူသည် နိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ရန် အသင့်ရှိကြောင်း ပြောသည်။ သို့သော် ထိုသို့လုပ်ရန် သူသည် ညွန့်ပေါင်းအဖွဲ့ပြင်ပမှ ပါလီမန်ကိုယ်စားလှယ် နောက်ထပ် ၆၆ ဦး၏ ထောက်ခံမှု လိုအပ်နေသည်။ ထိုကိစ္စသည် လေးနက်သော နိုင်ငံရေးပရိယာယ်နှင့် စေ့စပ် ညှိနှိုင်းရေး ကျွမ်းကျင်မှု လိုအပ်သည်ကို သံသယရှိရန် မလိုပေ။
အတည်မပြုရသေးသော မဲရေတွက်မှုများအရ Move Forward ပါတီသည် အောက်လွှတ်တော် နေရာ ၁၅၂ နေရာရပြီး ဖွေထိုင်းပါတီက ၁၄၁ နေရာရကာ ဘွန်ဂျိုင်ထိုင်းက ၇၀ နေရာ၊ ပါလန် ပရာချာရက် က ၄၁ နေရာနှင့် ယူနိုက်တက် ထိုင်းနေးရှင်း ပါတီက ၃၆ နေရာရထားသည်။
ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်ရန် မစ္စတာ ပီတက ဖိတ်ခေါ်ထားသည့် ဖွေထိုင်းပါတီကလည်း ၎င်းတို့သည် Move Forward ပါတီ၏ အစိုးရသစ်ဖွဲ့မည့် အားထုတ်မှုများကို ထောက်ခံကြောင်းနှင့် စင်ပြိုင်မဟာမိတ်အဖွဲ့ ဖွဲ့မည် မဟုတ်ကြောင်း မေလ ၁၅ ရက်နေ့က ကြေညာချက်တစောင်တွင် ပြောသည်။
အစိုးရတရပ် ထူထောင်ရန် ညှိနှိုင်းဆွေးနွေးရန်နှင့် လိုအပ်သည်များ အားလုံးကို လုပ်ရန်အတွက် ပြဿနာများအား ကိုင်တွယ်ရန်မှာ Move Forward ပါတီ၏ အလုပ်ဖြစ်ကြောင်း ဖွေထိုင်းပါတီက ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
သို့သော် Move Forward ပါတီ၏ အားထုတ်မှုများ မအောင်မြင်ပါက ဖွေထိုင်းပါတီသည် သီးခြား မဟာမိတ်အဖွဲ့ မထူထောင်ဟု မဆိုလိုကြောင်း လေ့လာသူအချို့က ပြောသည်။
ပွင့်လင်းမြင်သာမှုအတွက် ညွန့်ပေါင်းအဖွဲ့သည် ၎င်းတို့၏ မဲဆွယ်ပွဲကတိများနှင့် ပတ်သက်သည့် နားလည်မှုစာချွန်လွှာများ ရေးဆွဲရမည်ဖြစ်ကြောင်း မစ္စတာ ပီတက မေလ ၁၅ ရက်နေ့တွင် ကြေညာသည်။
Move Forward ပါတီ၏ အားထုတ်မှုများ မအောင်မြင်ပါက ဖွေထိုင်းပါတီသည် သီးခြား မဟာမိတ်အဖွဲ့ မထူထောင်ဟု မဆိုလိုကြောင်း လေ့လာသူအချို့က ပြောသည်။
ထိုင်းနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုစနစ်နှင့် ပတ်သက်သည့် ပြုပြင်ပြောင်းလဲရေး ရပ်တည်ချက်ကြောင့် Move Forward ပါတီ၏ ရှေ့လမ်းခရီးသည် ချောမွေ့မည်မဟုတ်ကြောင်း နိုင်ငံရေး သုတေသီများက ခန့်မှန်းသည်။ ထို့အပြင် Move Forward ပါတီသည် ပါလန် ပရာချာရက်၊ ယူနိုက်တက် ထိုင်းနေးရှင်းနှင့် ဘွန်ဂျိုင်ထိုင်း ပါတီများနှင့် မဟာမိတ်ဖွဲ့မည်မဟုတ်ကြောင်း ပြောကြားထားသည်။
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ၎င်းတို့၏ ယခင်ပါတီဖြစ်သော Future Forward ကို တရားရုံးက ဖျက်သိမ်းလိုက်ပြီးနောက် တည်ထောင်သည့် မစ္စတာ ပီတ၏ Move Forward ပါတီသည် နိုင်ငံတွင် အခြေခံကျသော အပြောင်းအလဲများကို ဆန့်ကျင်သည့် စစ်တပ်၊ တော်ဝင်မိသားစုနှင့် စီးပွားရေး အသိုက်အဝန်းမှ အများအပြားနှင့် ပတ်သက်လိုခြင်း မရှိပေ။
ဒီမိုကရက်တစ် အာဏာသည် ထိုင်းနိုင်ငံမှ ရှေးရိုးစွဲသူများ အာဏာနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြသည်။
“ထိုင်းနိုင်ငံရေးမှာ သာမန် သင်္ချာတွက်သလို တွက်လို့မရဘူး။ ၁ နဲ့ ၁ ပေါင်းလို့ ၂ ဖြစ်တာ မဟုတ်ဘူး၊ ထိုင်းနိုင်ငံရေးမှာ ဘာမဆိုဖြစ်နိုင်တယ်” ဟု ဘူရာဖာတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံနှင့် ဥပဒေမဟာဌာနမှ ကထိက အိုလန် သင်ဘန်တီယိုက ပြောသည်။
ဖြစ်နိုင်ခြေရှိသော အခြေအနေ ၂ ခု
လာမည့် ဝန်ကြီးချုပ်သစ်ကို ရွေးချယ်ရာတွင် အထက်လွှတ်တော် ကိုယ်စားလှယ်များသည် အဓိက အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း အိုလန်က ခန့်မှန်းသည်။ ယခင် စစ်အုပ်စုက စိတ်တိုင်းကျရွေးချယ်ထားသည့် အထက်လွှတ်တော် ကိုယ်စားလှယ်အများစုသည် Move Forward ပါတီခေါင်းဆောင်ကို ထောက်ခံမည် မဟုတ်ကြောင်း ၎င်းကပြောသည်။
ဒီမိုကရက်တစ် အာဏာသည် ထိုင်းနိုင်ငံမှ ရှေးရိုးစွဲသူများ အာဏာနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြသည်။
၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အသွင်ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်အရ အထက်လွှတ်တော် ကိုယ်စားလှယ် ၂၅၀ သည် အောက်လွှတ်တော်ကိုယ်စားလှယ် ၅၀၀ နှင့် ဝန်ကြီးချုပ်ရွေးချယ်ရာတွင် မဲပေးခွင့်ကို ၂၀၂၄ ခုနှစ်၊ မေလအထိ ရရှိထားသည်။
လာမည့် ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းရန် ဖြစ်နိုင်ခြေရှိသော အခြေအနေ နှစ်ခုကို အိုလန်က ရှုမြင်ရာ တခုမှာ Move Forward ပါတီ ဦးဆောင်သည့် အစိုးရဖြစ်ပြီး အခြားတခုမှာ ဖွေထိုင်းပါတီ ဦးဆောင်သည့်အစိုးရ ဖြစ်သည်။
ပထမ အခြေအနေတွင် အောက်လွှတ်တော်တွင် အများစု ထိန်းချုပ်ထားသော်လည်း ဝန်ကြီးချုပ်သစ် ရွေးချယ်ရာတွင် အထက်လွှတ်တော်၏ ထောက်ခံမှုမရသည့် ညွန့်ပေါင်းအဖွဲ့ ဖြစ်သည်။
မစ္စတာ ပီတသည် အထက်လွှတ်တော်နှင့် သူ၏ညွန့်ပေါင်းအဖွဲ့ ပြင်ပမှ ပါတီများ သူ့ကိုထောက်ခံမဲ ပေးရန် လူထုဖိအားရရှိရေး စည်းရုံးနေကြောင်း ပြောသည်။ သို့သော် အိုလန်က ပီတသည် ထိုနည်းလမ်းကို အသုံးပြုခြင်းအားဖြင့် အလုပ်မဖြစ်ကြောင်းနှင့် သူ၏ပါတီသည် အတိုက်အခံအဖြစ်သာ ထပ်မံရှိနေမည်ကို နားလည်သည်ဟု ပြောသည်။
“ပီတက ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ချို့ယွင်းချက်ကို၊ အထူးသဖြင့် ဝန်ကြီးချုပ်တယောက် ရွေးချယ်ရာမှာ အထက်လွှတ်တော်ရဲ့ အာဏာကို မီးမောင်းထိုးပြချင်တာ” ဟု အိုလန်က ပြောသည်။
ပထမ အခြေအနေတွင် အောက်လွှတ်တော်တွင် အများစု ထိန်းချုပ်ထားသော်လည်း ဝန်ကြီးချုပ်သစ် ရွေးချယ်ရာတွင် အထက်လွှတ်တော်၏ ထောက်ခံမှုမရသည့် ညွန့်ပေါင်းအဖွဲ့ ဖြစ်သည်။
ပါလီမန်တွင် အတိုက်အခံခေါင်းဆောင်အဖြစ် Move Forward ပါတီ၏ အခန်းကဏ္ဍသည် ပါတီကို လူထုက ပိုမိုယုံကြည်ထောက်ခံမှုကို ရစေနိုင်ပြီး လာမည့်ရွေးကောက်ပွဲတွင် အပြတ်အသတ် အများစုအနိုင်ရကာ အစိုးရတရပ် ဖွဲ့စည်းနိုင်သည့် အလားအလာကို မြှင့်တင်ပေးမည်ဟု ၎င်းကယုံကြည်သည်။
Move Forward ပါတီ ရွေးကောက်ပွဲ အနိုင်ရခြင်းသည် ပါတီ၏ မျှော်မှန်းချက်များထက်ပင် မြင့်မားနေကြောင်း အိုလန်က ပြောသည်။ သို့သော် သိမ်းကြုံးအနိုင်ရခြင်းသည် နက်ရှိုင်းသော ဆန့်ကျင်မှုများကို ဖြစ်စေသည်။
အချို့သော အထက်လွှတ်တော် အမတ်များသည် လာမည့် ဝန်ကြီးချုပ်သစ် ရွေးချယ်ခြင်းနှင့် ပတ်သက်သည့် ၎င်းတို့၏ သဘောထားများကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။
အထက်လွှတ်တော်အမတ် အများစုသည် နိုင်ငံ၏ မဏ္ဍိုင်ကြီး သုံးခုဖြစ်သော နိုင်ငံ၊ ဘာသာရေးနှင့် ဘုရင်စနစ်ကို သစ္စာခံသည့် တစုံတဦးကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံမည်ဟု ယုံကြည်ကြောင်း အထက်လွှတ်တော်အမတ် ကစ်တီဆက် ရက်တန်နာဝါရာဟာက ပြောသည်။ အထက်လွှတ်တော်အမတ်များသည် ပဋိပက္ခဖြစ်စေပြီး လမ်းမပေါ် ဆန္ဒပြပွဲများဖြစ်စေသည့် တစုံတဦးကို ရွေးချယ်ခြင်းပြုမည် မဟုတ်ဟုလည်း သူကပြောသည်။
ဖွေထိုင်းပါတီ၏ သက်ဆင်နှင့် ပတ်သက်သောအချက်
Move Forward ပါတီ ဦးဆောင်သည့် “စိတ်ကူးယဉ်အစိုးရ” သည် မရေရာကြောင်း ဘုရင်ပရာဂျာဒီပေါ့ အင်စတီကျုမှ ဒီမိုကရေစီ တီထွင်ဆန်းသစ်ရေး ဒါရိုက်တာ စတီသွန် သန်နာနီသီချော့က သဘောတူသည်။ Move Forward ပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့နှင့် ပတ်သက်ပြီး ဖွေထိုင်းပါတီက လူသိရှင်ကြား ပြောကြားရာတွင် နှေးကွေးနေခြင်းကို ထောက်ပြသည်။
အထက်လွှတ်တော်အမတ် အများစုသည် နိုင်ငံ၏ မဏ္ဍိုင်ကြီး သုံးခုဖြစ်သော နိုင်ငံ၊ ဘာသာရေးနှင့် ဘုရင်စနစ်ကို သစ္စာခံသည့် တစုံတဦးကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံမည်ဟု ယုံကြည်ကြောင်း အထက်လွှတ်တော်အမတ် ကစ်တီဆက် ရက်တန်နာဝါရာဟာက ပြောသည်
ဖွေထိုင်းပါတီသည် Move Forward ပါတီ၏ အားထုတ်မှုများကို ထောက်ခံသည့် ကြေညာချက်အား မေလ ၁၄ ရက်နေ့ညက မထုတ်ပြန်ဘဲ မေလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းမှသာ ထုတ်ပြန်ကြောင်း စတီသွန်က ထောက်ပြသည်။
ဖွေထိုင်းပါတီက ၎င်းတို့သည် အောက်လွှတ်တော်နေရာ အများစုကို ရမည်ဟု ယုံကြည်နေကြောင်း ထိုအချက်က ပြသနေသည်ဟု ၎င်းကပြောသည်။ Move Forward ပါတီ၏ မျှော်လင့်မထားသော အောင်မြင်မှုကြောင့် ဖွေထိုင်းပါတီ အငိုက်မိသွားကြောင်းလည်း ပြောသည်။
ဖွေထိုင်းပါတီသည် ဒုတိယနေရာမှသာ အနိုင်ရသော်လည်း ညွန့်ပေါင်းအစိုးရဖွဲ့သည့် လမ်းကြောင်းကို ဦးဆောင်လိုကြောင်း ထင်ရှားသည်ဟု စတီသွန်က ပြောသည်။
“ဖွေထိုင်းပါတီက ထိုင်းနိုင်ငံရေးကို ကြိုးဆွဲချင်နေတုန်းပဲ။ ပြီးတော့ သူတို့က Move Forward ပါတီကို နုတ်ထွက်ရတော့မယ့် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာရဲ့ ယူနိုက်တက် ထိုင်းနေးရှင်းပါတီနဲ့အတူ အတိုက်အခံအဖြစ်ပဲ ထားချင်တာ” ဟုလည်း စတီသွန်က ပြောသည်။
ဖွေထိုင်းပါတီသည် ဒုတိယနေရာမှသာ အနိုင်ရသော်လည်း ညွန့်ပေါင်းအစိုးရဖွဲ့သည့် လမ်းကြောင်းကို ဦးဆောင်လိုကြောင်း ထင်ရှားသည်ဟု စတီသွန်က ပြောသည်။
ဖွေထိုင်းပါတီက ဦးဆောင်ပြီး ဖွဲ့စည်းမည့် ညွန့်ပေါင်းအဖွဲ့တွင် နုတ်ထွက်ပေးရမည့်အစိုးရ၏ အဓိက မဟာမိတ်များဖြစ်သည့် ဘွန်ဂျိုင်ထိုင်းနှင့် ပါလန် ပရာချာရက်ပါတီများ ပါနိုင်ကြောင်း သူက ဆက်ပြောသည်။ ထိုညွန့်ပေါင်းအဖွဲ့၏ ဝန်ကြီးချုပ်ကို အထက်လွှတ်တော်က ထောက်ခံမည်ဟု ၎င်းကမျှော်လင့်သည်။
ထိုသို့ဖြစ်လျှင် Move Forward သည် ဒီမိုကရက်ပါတီနှင့် ယူနိုက်တက်ထိုင်းနေးရှင်းပါတီ တို့နှင့်အတူ အတိုက်အခံ အင်အားစုတွင်သာ ရှိနေမည်ဖြစ်သည်။
ခက်ခဲသော ဆုံးဖြတ်ချက်
ဖွေထိုင်းပါတီသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင် နိုင်ငံသို့ ပြန်လာနိုင်ရေးကို ဦးစားပေးသောကြောင့် ညွန့်ပေါင်းအစိုးရသစ်ကို ဦးဆောင်လိုကြောင်း စတီသွန်က ပြောသည်။ ဖွေထိုင်းသည် သက်ဆင် ပြန်လာရေးအတွက် လွယ်ကူစေရန် မည်သည့် မဟာမိတ်က ကူညီမည်ကို ချိန်ဆနေကြောင်းလည်း ၎င်းကပြောသည်။
လက်ရှိဥပဒေ စည်းကမ်းချက်များအရ သက်ဆင်သည် ထိုင်းနိုင်ငံသို့ ပြန်လာပါက ထောင် အနည်းဆုံး ၁၀ နှစ် ကျခံရမည် ဖြစ်သည်။ ဖွေထိုင်းပါတီ ဦးဆောင်သော အစိုးရသည် သက်ဆင်အတွက် ပိုမိုကောင်းမွန်မည့် အခြေအနေများ ဖန်တီးပေးနိုင်သည်။ ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုတွင် ဖြုတ်ချခံရပြီးနောက် အာဏာအလွဲသုံးစားမှု၊ မလျော်သြဇာ သုံးမှုများအတွက် မျက်ကွယ်တွင် ထောင်ချမခံရမီ၂၀၀၈ ခုနှစ်တွင် သက်ဆင်သည် နိုင်ငံမှ ထွက်ပြေးခဲ့သည်။
သူ၏မွေးနေ့ဖြစ်သော ဇူလိုင်လ ၂၆ ရက်နေ့မတိုင်မီ နိုင်ငံသို့ ပြန်ပြီး ဥပဒေကို ရင်ဆိုင်မည်ဖြစ်ကြောင်း မစ္စတာ သက်ဆင်က ပြောထားသည်။ ဖွေထိုင်းပါတီသည် တပါတီတည်း အစိုးရ ဖွဲ့နိုင်လောက်အောင် တောင်ပြိုကမ်းပြို နိုင်မည်ဟု သူယူဆသောကြောင့် ထိုသို့ ပြောခြင်းဖြစ်သည်ဟုလည်း စတီသွန်က ပြောသည်။
ဖွေထိုင်းအနေဖြင့် Move Forward နှင့် ပူးပေါင်းခြင်းသည် သက်ဆင်ပြန်လာရေး ကောင်းမွန်သော ရွေးချယ်မှု ဟုတ်၊ မဟုတ် စဉ်းစားမည်ဖြစ်ကြောင်း အိုလန်က ပြောသည်။ ဖွေထိုင်းသည် Move Forward နှင့် ပူးပေါင်းကာ ထိုင်းအထက်လွှာနှင့် ပွတ်တိုက်မှု အဖြစ်ခံမည်ဆိုသောအချက်ကို သူက သံသယရှိသည်။
ဖွေထိုင်းသည် Move Forward နှင့် ပူးပေါင်းကာ ထိုင်းအထက်လွှာနှင့် ပွတ်တိုက်မှု အဖြစ်ခံမည်ဆိုသောအချက်ကို သံသယရှိသည်။
“အဲဒီလို ရွေးချယ်မှုကို သက်ဆင်က ကြိုက်မယ်လို့ ကျနော် မထင်ဘူး။ သူ့ဘဝရဲ့ နောက်ဆုံးအချိန်တွေ (အသက် ၇၃ နှစ်) မှာ သူက မီးကုန်ယမ်းကုန် လောင်းကြေးထပ်လိမ့်မယ်။ သူက အထက်လွှာနဲ့ ပွတ်တိုက်မှု ဖြစ်ချင်ပါ့မလား” ဟု အိုလန်က မေးခွန်းထုတ်သည်။
ထိုအချက်သည် ဖွေထိုင်းပါတီအတွက် ခက်ခဲသော ဆုံးဖြတ်ချက်ဖြစ်မည်ဟု စတီသွန်က ပြောသည်။ “ဒီမိုကရေစီ လိုလားသော” ညွန့်ပေါင်းအဖွဲ့ဖွဲ့ရန် Move Forward ကို ရွေးချယ်ခြင်းသည် ဖွေထိုင်းအတွက် ပိုမိုကောင်းမွန်သည်ဟု ပြောသည်။ ရှေးရိုးစဉ်လာပါတီများ၏ ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ရန် ရွေးချယ်ခြင်းသည် ဖွေထိုင်းပါတီအတွက် “အန္တရာယ်များသော ကစားပွဲ” ဖြစ်ကြောင်း ပြောသည်။
သို့သော် သက်ဆင်နှင့် ပတ်သက်သော အချက်များသည် တွက်ချက်မှုအားလုံးကို အရိပ်မိုးနေသည်။
“ဒီညီမျှခြင်းထဲမှာ သက်ဆင်ပါလာရင် ဘာမဆို ဖြစ်နိုင်တယ်။ ဖွေထိုင်းက သက်ဆင်အတွက် စွန့်လွှတ်အနစ်နာခံမှု လုပ်ကောင်းလုပ်နိုင်တယ်” ဟု သူက ပြောသည်။
Move Forward ပါတီ အနိုင်ရသောကြောင့် အထက်လွှာများ တုန်လှုပ်
Move Forward ပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့သည် သူ၏အမြင်တွင် အကောင်းဆုံး ဖြစ်သော်လည်း ဖွေထိုင်း ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့ ပိုမိုဖြစ်နိုင်ကြောင်း အိုလန်က ပြောသည်။
ဖွေထိုင်းပါတီကို ဦးဆောင်သူများသည် ရည်မှန်းထားသည့် တောင်ပြိုကမ်းပြို အောင်ပွဲမရခြင်းကို တာဝန်ယူသည့်အနေဖြင့် နုတ်ထွက်မည်ဟု သူက မျှော်လင့်နေသည်။ ထိုသို့ဖြစ်လျှင် နုတ်ထွက်ရမည့် အစိုးရမှ ပါတီများနှင့် ညွန့်ပေါင်းအဖွဲ့ဖွဲ့ရန် ခေါင်းဆောင်ပိုင်းအသစ်အတွက် လမ်းပွင့်သွားမည် ဖြစ်သည်။
“ဖွေထိုင်းက ဒီပုံသေနည်းကို သုံးမယ်လို့ ကျနော်ထင်တယ်။ သူတို့က အာဏာမရဘဲ ကြာကြာ မနေနိုင်ဘူး။ သူတို့မှာ အစိုးရအနေနဲ့ လုပ်စရာတွေ အများကြီး ရှိနေတယ်” ဟု သူက ပြောသည်။
Move Forward ပါတီ အနိုင်ရခြင်းကြောင့် ထိုင်းအထက်လွှာသည် တုန်လှုပ်သွားပြီး ၎င်းတို့၏ သြဇာကို ဆက်လက် ထိန်းသိမ်းထားရန် ကူညီမည့် နိုင်ငံရေးသမားများ လိုအပ်နေသည်။
ထိုညွန့်ပေါင်းအဖွဲ့တွင် ပါလန် ပရာချာရက်ပါတီလည်း ပါဝင်နိုင်ကြောင်း အိုလန်က ပြောသည်။ ထိုပါတီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာဝတ် ဝေါင်ဆူဝန်သည် ဖွေထိုင်းပါတီမှ ဝန်ကြီးချုပ်ကို ထောက်ခံရန် အထက်လွှတ်တော်မှ သူ၏ အဆက်အသွယ်များကို သုံးနိုင်သောကြောင့် ဖြစ်သည်ဟု ပြောသည်။
ယူနိုက်တက်ထိုင်းနေးရှင်းပါတီမှ သေနင်္ဂဗျူဟာသမားနှင့် ဝန်ကြီးချုပ်လောင်း ပရာယွတ် နုတ်ထွက်လိုက်ပါက ဖွေထိုင်းဦးဆောင်သော ညွန့်ပေါင်းအဖွဲ့တွင် ယူနိုက်တက်ထိုင်းနေးရှင်းပင် ပါဝင်နိုင်ကြောင်း အိုလန်က ပြောသည်။
Move Forward ပါတီ အနိုင်ရခြင်းကြောင့် ထိုင်းအထက်လွှာသည် တုန်လှုပ်သွားပြီး ၎င်းတို့၏ သြဇာကို ဆက်လက် ထိန်းသိမ်းထားရန် ကူညီမည့် နိုင်ငံရေးသမားများ လိုအပ်နေကြောင်းလည်း သူကပြောသည်။
“သူတို့က ဖွေထိုင်းကို မယုံကြည်ဘူး၊ ဒါပေမယ့် Move Forward ကို ပိုလို့တောင် မယုံဘူး။ Move Forward က စနစ်ကို ပြောင်းလဲမယ့် ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောကြားထားတာကိုး” ဟုလည်း သူက ပြောသည်။
(Thai PBS ပါ Liberal govt led by Move Forward may be a pipe dream ကို ဘာသာပြန်သည်။)
You may also like these stories:
ထိုင်းဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိသူ ပီတ လင်ဂျာရွန်ရတ်
အတိုက်အခံများ ထိုင်းရွေးကောက်ပွဲနိုင်၊ စစ်တပ်ကို စိန်ခေါ်မှုဖြစ်လာ
ထိုင်းရွေးကောက်ပွဲအလွန် စိတ်ဝင်စားဖွယ်ရာများ
ရွေးကောက်ပွဲပြီးလျှင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းပြန်ပြီး အဖမ်းခံမည်