(၁)
၁၉၃၂ ပတ်ဝန်းကျင်လောက်က စစ်ရိပ်ငွေ့များ ယှက်သန်းနေစဉ် ပြင်သစ် စာရေးဆရာကြီး ဟင်နရီဘာဘုနှင့် ရိုမင်းရိုလိန် တို့၏ ဆော်သြချက်ဖြင့် စစ်ဆန့်ကျင်ရေး ညီလာခံတရပ် ခေါ်ဆိုရန် စိုင်းပြင်းကြလေသည်။
ကမကထ ကော်မတီတွင် ဂျာမနီမှ လောကဓာတ် သိပ္ပံပညာရှင်ကြီး အိန်းစတိန်း၊ အင်္ဂလန်မှ အဘိဓမ္မာ ဆရာကြီး ဘာထရန် ရပ်ဆယ်၊ လူမှု သျှတ္တရ ကျမ်းပြုဆရာကြီး ဟက်ဗလေ့အဲလေ့၊ နော်ဝေမှ စာရေးဆရာကြီး နီဆိုး၊ အမေရိကန်မှ ဝတ္ထုရေးဆရာကြီး အက်ပ္ပတန် စင်ကလဲယား၊ ရုရှားမှ ဂေါ်ကီ၊ တရုတ်ပြည်မှ မေဒမ်ဆွန်ယက်ဆင် စသည်ဖြင့် အပြည်ပြည်မှ ပညာရှင်များ၊ ပုဂ္ဂိုလ်ကျော်များ ပါဝင်ကြသည်။
စစ်ဆန့်ကျင်ရေး ညီလာခံကြီးသည် ၁၉၃၂ သြဂုတ်လ ၂၇ ရက်၌ ဟော်လန်ပြည် အမ်စတာဒမ် မြို့တော်တွင် အောင်မြင်စွာ ကျင်းပခဲ့ပေသည်။
ယင်းညီလာခံကြီးတွင် နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ သိပ္ပံ၊ ပညာရေး၊ စာပေ၊ အနုပညာ နယ်ပယ် အားလုံးမှ ကိုယ်စားလှယ်များ ပါဝင်ကြသည်။
ဤကား ငြိမ်းချမ်းရေး လှုပ်ရှားမှု၏ ပဏာမ အစဖြစ်လေသည်။
၁၉၄၈ ပတ်ဝန်းကျင်၌ နိုင်ငံကြီးများသည် လက်နက်ပြင်ဆင်ကာ နေ့စဉ် နောက်ထပ် စစ်ဖြစ်မည်ကို စိုးရိမ်ပူပန်ကြ၍ စစ်တားဆီးရန် ကြိုးပမ်း အားထုတ်ကြသည်။
၁၉၄၈ သြဂုတ်လ ၂၅၊ ၂၇ ၌ ပိုလန်ပြည် ဝရိုကလော မြို့တွင် ကမ္ဘာ့ပညာရှင်များ ညီလာခံတရပ် ခေါ်ဆိုလေသည်။
ယင်းညီလာခံတွင် စာပေ အနုပညာရှင်၊ သိပ္ပံပညာကျော် ပါမေက္ခ၊ အယ်ဒီတာ၊ ပန်းချီ ပန်းပုဆရာ၊ ကာတွန်းဆရာ၊ ကဗျာဆရာ၊ သီချင်းရေး ဆရာ၊ ပြဇာတ်နှင့် ရုပ်ရှင် ပညာသည်၊ ဗိသုကာ၊ ရာဇဝင် ကျမ်းပြုဆရာ စသည်တို့ ပါဝင်လေသည်။
ညီလာခံကြီးက စစ်မက်ကို အဘယ်ပုံ တားဆီးကြမည်၊ ယဉ်ကျေးမှု ရတနာစုများကို အဘယ်ပုံ ကာကွယ် စောင့်ရှောက်ကြရမည် စသည့် နည်းလမ်းတို့ကို စဉ်းစားကြသည်။
ထို့နောက် ၁၉၄၉-၅၀ နှစ်များတွင် ကမ္ဘာ့ ငြိမ်းချမ်းရေး ညီလာခံကြီးများ ကျင်းပကာ ငြိမ်းချမ်းရေး လှုပ်ရှားမှုကြီး စတင်ခဲ့လေသည်။
ကမ္ဘာ့ ငြိမ်းချမ်းရေး ကောင်စီဟု အမည်တွင်သော ကမ္ဘာ့ အဖွဲ့အစည်းကြီး၏ ဥက္ကဋ္ဌမှာ ကမ္ဘာကျော် ပြင်သစ် သိပ္ပံပညာရှင် ပါမောက္ခ ဂျူးလီးယက်ကျူရီ ဖြစ်၍ အတွင်းရေးမှူးချုပ်မှာ ပြင်သစ် စာရေးဆရာ လာဖိ ဖြစ်သည်။
(၂)
ယခုလ ၁၅ ရက်နေ့က ဆန်းကဖီးတွင် ကျင်းပပြီးခဲ့သော ယဉ်ကျေးမှု အနုပညာရှင်များ တွေ့ဆုံ ဆွေးနွေးပွဲသည် ငြိမ်းချမ်းရေး လှုပ်ရှားမှု၏ ယဉ်ကျေးမှု အခန်းကဏ္ဍကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။
အစည်းအဝေးများတွင် တွေ့ရမြင်ရခဲသော စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ ဂီတပညာရှင်၊ ရုပ်ရှင် ပညာရှင်၊ ဇာတ်ပညာရှင်များပင် တက်ရောက်ကြသည်။
ရုပ်ရှင် ဒါရိုက်တာ အေဝမ်း ဦးတင်မောင်သည် အဏုမြူ လက်နက်၏ ကြောက်စရာ ကောင်းပုံကို သူ့ကြည့်ခဲ့ရသော ဂျပန် ဇာတ်ကားမှ ကိုးကား၍ ပြောလေသည်။
ရုပ်ရှင်ထဲ၌ ပြောသကဲ့သို့ပင် အမူအရာ အသံတို့၌ ကြောက်စရာဟန် ပေါ်နေ၏။ အဏုမြူ ဆန့်ကျင်ရေး ရုပ်ရှင်ကား တခု ကြည့်ရသကဲ့သို့သော ရသကို ခံစားရပေ၏။
ရုပ်ရှင်မင်းသား ဇေယျ၊ မင်းသမီး မြင့်မြင့်ဋ္ဌေး တို့ ပြောသည်ကို ကြားရသည်မှာလည်း ရုပ်ရှင် ဇာတ်ကားထဲမှ အခန်းတခန်း ကြည့်ရသကဲ့သို့ပင်။
ဇေယျမှာ သူ၏ ဟန်မူအတိုင်း တည်တည်နှင့် ဟာသ လုပ်သည်။ မြင့်မြင့်ဋ္ဌေးမှာ အစည်းအဝေး ပရိသတ်ကို ပြောသည်ဟု မထင်ရ။ ဇာတ်ကား တခုထဲတွင် ဇာတ်ကောင် တဦးအား စစ်မုန်းကြောင်း ပြောနေသကဲ့သို့ ထင်ရပေ၏။ မေမြင့်မှာ သူ၏ ဘဝ အတွေ့အကြုံပါ ထည့်၍ ပြောလေသည်။
ကျနော့် အပါးရှိ မိတ်ဆွေ စာရေးဆရာက “တို့ ကျောင်းသား ဘဝက စွဲခဲ့တာပေါ့” ဟု ပြုံးကာ ပြောသည်။
ရုပ်ရှင်ပညာရှင်များကား လူထု၏ အသည်းစွဲများ ဖြစ်ကြပေသည်။
ဒေါ်စောမြအေးကြည်မှာ ဒေါမာန်ပါပါ ပြောသည်။ ပန်းချီဆရာ ဦးသန်းကား သင်္ဂြိုဟ်ဆရာကဲ့သို့ စကားလုံးကြွယ်ကြွယ်ဖြင့် ပြောသည်။ သီချင်းရေးဆရာ လင်းခေးလုလင်မှာ လက်နက် လျှော့ပေါ့ရေး ပြောလေသည်။
ရုပ်ရှင် ဒါရိုက်တာ စာရေးဆရာ သုခမှာ ဟာသကွက်များ ထည့်ကာ ခပ်ရွှင်ရွှင် ပြော၏။
သူက “ကျနော်ကတော့ စစ်ဆိုတာ မပြောနဲ့ အိမ်လာ ခဲနဲ့ ပေါက်တာတောင် မကြိုက်ဘူး” ဆိုသည်။
အငြိမ့်မင်းသမီးကြီး ရွှေနှင်းဆီ ဒေါ်တင်ညွန့်က “ကျမက ပရိသတ်ထဲ စကားပြောရမှာ သိပ်ကြောက်တာ။ ထသာ ကလိုက်ချင်တယ်” ဟု စကား ပလ္လင်ခံကာ ပြောရာ ပြုံးကြရသည်။
ဇာတ်သဘင် ပညာရှင် ဦးအောင်မောင်းနှင့် ဗိုလ်မှူး ဗကို မှာလည်း ပြောကြရန် ဖြစ်သော်လည်း ခရီးလွန်နေကြ၍ မလာနိုင်ကြတော့ပေ။
စကားပြောသည့် အစီအစဉ် ဆုံးလျှင် စစ်ရဲဂီတ တူရိယာအဖွဲ့မှ မာမာအေး၏ အဆိုသံ ထွက်ပေါ်လာလေသည်။
ဆွေးနွေးပွဲကို ကမကထ ပြုလုပ် ဖိတ်ခေါ်သော ယဉ်ကျးမှု ကော်မရှင် သဘာပတိ ဂျာနယ်ကျော် မမလေးက ကြေညာ စာတမ်းကို ဖတ်သည်။
“ကျည်ဆန် တတောင့်အစား ပန်းချီ ဆေးတဘူးကို လည်းကောင်း၊ လက်ပစ်ဗုံး တလုံးအစား စောင်းတလက်ကို လည်းကောင်း၊ စစ်လေယာဉ်ပျံ တစီးအစား ဇာတ်ရုံတော် တဆောင်ကို လည်းကောင်း အစိုးရများက သုံးစွဲမည် ဆိုလျှင် ကမ္ဘာကြီးသည် လှပတင့်တယ် နေချင့်စဖွယ် ဖြစ်နေပေလိမ့်မည်”
ထို့နောက် ပန်းချီဆရာ ဦးအုန်းလွင်က နိဂုံးချုပ် သဘာပတိ မိန့်ခွန်း မြွက်ကြားလေ၏။
(၃)
ဤ အနုပညာရှင်များ၏ စစ်ဆန့်ကျင်ရေး စကားများသည် သူတို့၏ စာဖတ်ပရိသတ်၊ ပန်းချီ ပရိသတ်၊ ပွဲကြည့် ပရိသတ်၊ သောတရှင် ပရိသတ်များ ထံသို့ ပျံ့နှံ့ ရိုက်ခတ်သွားပေလိမ့်မည်။
အနုပညာရှင်များ၌ အမြဲတမ်း ပရိသတ် ရှိလေရာ သူတို့၏ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်သည် မသေးငယ်ပေ။
ကျနော်သည် မကြာမီ ဆန်းလာမည့် အင်အားသစ်ကြီး၌ ပါဝင်မည့် အနုပညာရှင်တို့၏ ကြီးမားသော ကဏ္ဍကို တွေးတော နေမိလေသည်။ ။
(ငြိမ်းချမ်းရေး ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ ရေးသားသည့် ဤဆောင်းပါးကို ဆန်းစသော်တာ စာအုပ် ထုတ်ဝေရေးက ၂၀၁၉ ခုနှစ် မတ်လတွင် ထုတ်ဝေသော “သတင်းစာ ဗေဒ ဒဂုန်တာရာ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက် အသက် ၉၄ နှစ် အရွယ်တွင် ကွယ်လွန်သွားပါသည်။ ဆရာကြီး ဒဂုန်တာရာသည် ၁၉၁၉ ခုနှစ် မေလ ၁၀ ရက်နေ့တွင် မွေးဖွားခဲ့ရာ ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က အသက် ၁၀၄ နှစ်မြောက် မွေးနေ့ ကျရောက်ခဲ့ပါသည်။)