ဆောင်းပါး

တယောရှင်

၁၂၈၉ ခု၊ သီတင်းကျွတ်လဆန်း ၁၁ ရက်နေ့။
(၆ . ၁၀ . ၂၇)

နောက်တနေ့တွင်လည်း မှောင်အတိ မိုက်လျက်နေ၏။

မည်သူသည် ကိစ္စမရှိဘဲ အိမ်အပြင်သို့ ထွက်ချင်ပါအံ့နည်း။ အိမ်အတွင်း မီးဖိုနားတွင် ထိုင်ကာ စကားပြောနေမည် ဖြစ်၏။

ကျနော်တို့ကား ကျောင်းမဖွင့်သေးမီ အလုပ်လက်မဲ့များ ဖြစ်နေကြသောကြောင့် မိမိတို့၏ အခန်းကလေးထဲမှာပင် မင်းမူလျက် နေနေကြလေသည်။

ညနေ ၃ နာရီခန့် အချိန်တွင် အိမ်ရှေ့လမ်းထဲမှ တယောသံကို ကြားရသောအခါ နားစွင့်ကာ ထောင်မိကြ၏။

အလုပ်မရှိသော သူတို့ အဖို့ကား ၎င်း တယောသံကလေးမှာ သာယာလှပေ၏။ တယောသံကို နားထောင်ရုံနှင့်မျှ အားမရသေးဘဲ တယောရှင်ကို မြင်လိုကြပြန်သဖြင့် ပြတင်းပေါက်ကို ဖွင့်ကာ ကြည့်ပြန်လေသည်။

ကျနော်တို့၏ အိမ်ဘက်သို့ လျှောက်ကာ တယောထိုးလာသော တယောပညာရှင်ကား အသက် ၅၀ ကျော် ၆၀ နီးပါး အဘိုးကြီး ဖြစ်၏။

ဝတ်စားထားသော အဝတ်အစားများမှာ ညစ်စုတ်လှပေ၏။ ဖာရာများလည်း အထပ်ထပ်၊ ဤတယောရှင်ကား အသို့သော သူမျိုးပါနည်း။ သူတောင်းစား ဖြစ်ပါ၏။

ကျနော့် အိမ်အနီးအနား အခန်းများမှ ပိုက်ဆံများ ပစ်ချပေးနေသည်ကို မြင်ရသောကြောင့် ထိုအဘိုးအို တယောရှင်မှာ သူတောင်းစား ဖြစ်ကြောင်း သိရလေသည်။

ရွှေတိဂုံဘုရား စောင်းတန်းတွင် တယောထိုးကာ ပိုက်ဆံတောင်းနေသော မျက်မမြင် အဘိုးကြီးအား ပြေး၍ သတိရမိပေ၏၊

ကျနော်တို့ အခန်းရှေ့သို့ ထိုတယောရှင် အဘိုးကြီး ရောက်လာသောအခါ ပြတင်းပေါက်မှ နေ၍ ပိုက်ဆံ ပစ်ပေးလိုက်ကြလေ၏။

တယောရှင် အဘိုးကြီးမှာလည်း ဝမ်းမြောက်လှသဖြင့် ဆလံသ၍ မဆုံးပြီ။ ထို့နောက် ဆက်လက်၍ တယောထိုးကာ လျှောက်သွားပြန်၏။

ဤအခိုက် အခန်းထဲသို့ ကိုကျင် ဝင်လာသဖြင့် မေးကြည့်ရာ အင်္ဂလန်ပြည်တွင် မည်သူမျှ လူအများထံမှ သက်သက်မဲ့ ပိုက်ဆံ မတောင်းရ ဟူသော သူတောင်းစား နှိပ်ကွပ်ရေး ဥပဒေ ရှိသောကြောင့် ဝိနည်းရှောင်ကာ တယောထိုး၍ ပိုက်ဆံ တောင်းခြင်း ဖြစ်သည်ဟု ပြောပြလေသည်။

မီးခြစ် စသည်၊ ဖိနပ်ကြိုး စသည်၊ သူတကာ ပစ်လိုက်သောပန်း စသည်တို့ကို ရောင်းဟန်ဆောင်ကာ ပိုက်ဆံတောင်းလေ့ ရှိသည်ဟူ၍ ပြောပြသေး၏။

မီးခြစ် တလုံးကို ဆိုင်မှ ဝယ်လျှင် တပဲနိ ပေးရ၏။ သူတောင်းစားတို့ ထံမှ မီးခြစ်တလုံးကို ယူပြီးလျှင် သုံးပဲနိ၊ လေးပဲနိ စသည်ဖြင့် ပေးရလေ့ ရှိကြလေသည်။

ဤကား အင်္ဂလန်တွင် ဝိနည်းရှောင်ကာ ပိုက်ဆံ တောင်းနည်းပေတည်း။ ။

(စာရေးဆရာကြီး သိပ္ပံမောင်ဝ ရေးသားခဲ့သည့် ဤစာစုကို တကောင်း စာပေတိုက်က ၂၀၀၂ ခုနှစ် မေလတွင် ထုတ်ဝေသော “သိပ္ပံမောင်ဝ အောက်စ်ဖို့ဒ် တက္ကသိုလ် ခရီးသွားမှတ်တမ်း စတုတ္ထအကြိမ်” စာအုပ်မှ ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး သိပ္ပံမောင်ဝသည် ၁၉၂၇ ခုနှစ် သြဂုတ်လမှ စတင်ပြီး အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ် တက္ကသိုလ်သို့ သွားရောက်၍ ၂ နှစ်ခန့် ပညာသင်ခွင့်ရချိန် တွေ့ကြုံရသည့် ဖြစ်ရပ်အစုံကို ရက်စွဲများနှင့် နေ့စဉ်မှတ်တမ်း ရေးသားထားခြင်း ဖြစ်ပါသည်။ ယခု စာစုသည် ဤမှတ်တမ်းများထဲမှ တခုဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၄၂ ခုနှစ် ဇွန်လ ၆ ရက် အသက် ၄၃ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

သိပ္ပံမောင်ဝ ပညာရေး နှင့် စာပေဘဝ အကျဉ်း

ဆရာကြီး သိပ္ပံမောင်ဝ၏ အမည်ရင်းမှာ ဦးစိန်တင် ဖြစ်ပြီး ၁၈၉၉ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ မုပွန် နတ်ကျွန်း အရပ်မှာ ဘခင် ဦးအုန်းရွှေ၊ မိခင် ဒေါ်သစ် တို့မှ မွေးဖွားသည်။

၁၉ဝ၅ ခုနှစ်ခန့်မှ ၁၉၁၉ ခုနှစ်ထိ မော်လမြိုင် မုပွန်ရပ် ဆရာ ဦးချစ်လှ ကျောင်းတွင် စတင် ပညာ သင်ကြားခဲ့သည်။

မောင်ငံ ရပ်ရှိ စိန့်သြဂတ်စတင်း သာသနာပြု ကျောင်းသို့ ပြောင်းရွှေ့၍ သတ္တမတန်း အောင်မြင်သည် အထိ အင်္ဂလိပ် – မြန်မာ နှစ်ဘာသာဖြင့် ပညာ သင်ယူခဲ့ပြီးနောက် အဋ္ဌမတန်း ရောက်သောအခါ ရှင်မဟာဗုဒ္ဓဃောသ အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ပညာ သင်ကြားသည်။

၁၉၂၀ ပြည့်နှစ်တွင် ၁၀ တန်းစာမေးပွဲကို မြန်မာဘာသာ နှင့် ပါဠိ ဘာသာတို့၌ အထူး အမှတ်ရကာ အောင်မြင်သည်။

ထို့နောက် ရန်ကုန်ကောလိပ် သိပ္ပံကျောင်းကို ဆက်လက် တက်ရောက် ပညာသင်ကြားသည်။

၁၉၂၄ ခုနှစ်တွင် အိုင်အေ (IA) (Intermediate of Arts – IA) “ဥပစာတန်း” အထက်တန်း စာမေးပွဲကို မြန်မာဘာသာ အတွက် ပထမဆု ရသူတို့ကို ချီးမြှင့်သည့် သာဒိုးအောင် ဆုတံဆိပ်တို့ကို ရရှိ အောင်မြင်ခဲ့သည်။

ဆရာကြီး သိပ္ပံမောင်ဝ ခေါ် ဦးစိန်တင်သည် အိုင်စီအက်စ် ခေါ် အိန္ဒိယ ပဋိညာဉ် ဝန်ထမ်း စာမေးပွဲကို ဝင်ရောက် ဖြေဆိုရာ ရွေးချယ်ခြင်းခံရ၍ ၁၉၂၇ မှ ၁၉၂၉ အထိ တက္ကသိုလ် ကျူတာ ဘဝဖြင့် တာဝန် ထမ်းဆောင်ပြီး ၅ လ အကြာ အိန္ဒိယနိုင်ငံ ဝန်ထမ်း အိုင်စီအက်စ် အဖြစ်နှင့် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ် ခရိုက်ချပ်ချ် ကောလိပ်တွင် ပညာ သင်ကြား ဆည်းပူးရန် စေလွှတ်ခြင်းခံရသည်။

ရန်ကုန် တက္ကသိုလ် သမိုင်းတွင် ၁၉၂၅ ခုနှစ်က စတင် ပေါ်ပေါက်သည့် မြန်မာစာ ဝိဇ္ဖာ ဂုဏ်ထူးတန်းကို ပထမဆုံး စတင် တက်ရောက်သူလည်း ဖြစ်သည်။

ထိုမြန်မာစာ ဝိဇ္ဖာ ဂုဏ်ထူးတန်း ပေါ်ပေါက်အောင်တီထွင်သူမှာ ဆရာကြီး ဦးဖေမောင်တင် ဖြစ်ပြီး ထိုအချိန်က အင်္ဂလိပ်စာ တတ်မှ လူရာဝင် လုပ်စားကိုင်စား အဆင်ပြေသည်ဟု အများကယူဆ ကျင့်သုံးနေချိန် ဖြစ်ကြောင်းလည်း သိရသည်။

အင်္ဂလိပ်စာ တန်ခိုးကြီး၍ မြန်မာစာ နောက်တန်း ရောက်နေချိန်ဖြစ်သည်။ မြန်မာစာ လေ့လာ လိုက်စားသူတို့မှာ အများ၏ အထင်သေးခြင်း ခံရကြောင်း သိရသည်။

သိပ္ပံမောင်ဝ ဆောင်းပါး တစောင်တွင် “မြန်မာစာ ဂုဏ်ထူး လိုချင်သည်ကား အခြားကြောင့် မဟုတ်။ မြန်မာစာပေကို လေ့လာရန် ဆန္ဒရှိသည် တကြောင်း၊ မြန်မာစာကို အားပေးလိုသည် တကြောင်း၊ မြန်မာစာကို ဝါသနာပါသည် တကြောင်း တို့ကြောင့် ဖြစ်လေသည်” ဟု ဖော်ပြထားကြောင်း စာရေးဆရာ ကဗျာဆရာကြီး မင်းယုဝေက “သိပ္ပံမောင်ဝ အောက်စ်ဖို့ဒ် တက္ကသိုလ် ခရီးသွားမှတ်တမ်း စတုတ္ထအကြိမ်” စာအုပ် အမှာစာတွင် ရေးထားသည်ကို ဖတ်ရသည်။

ပုဂံ ကျောက်စာမှ စ၍ ပျို့၊ လင်္ကာ၊ ရာဇဝင် သမိုင်းတို့ အပါအဝင် ကာလပေါ် ဝတ္ထု အထိ မြန်မာစာပေ အမျိုးမျိုးကို လေ့လာ ဆည်းပူးခဲ့သည်ဟုလည်း ဆိုသည်။

မြန်မာစာပေ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆရာကြီး ဦးဖေမောင်တင်၊ ဆရာ ဇော်ဂျီ၊ ဆရာ မင်းသုဝဏ်တို့နှင့် အတူ ခေတ်စမ်း စာပေကို ပြုစုပြိုးထောင်ခဲ့သူ တဦးလည်း ဖြစ်သည်။

သိပ္ပံမောင်ဝသည် မြန်မာစာပေကို ဝါသနာပါသည့် အလျောက် ထိုခေတ်က ထုတ်ဝေသော သတင်းစာ၊ မဂ္ဂဇင်း များတွင် ဆောင်းပါး၊ ဝတ္ထု စာပေများစွာကို ရေးသားခဲ့ပြီး အဝေးရောက်မင်း ဦးအောင်ကြီး၊ ထွဋ်ခေါင်ဆရာတော်၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ ဒေါက်တာ ဘမော် စသည့် အတ္ထုပ္ပတ္တိ စာများလည်း ရေးသားခဲ့ပါသည်။

သိပ္ပံမောင်ဝ ကလောင်အမည် အပြင် ကလောင်ခွဲ အမည် ၁၀ ခုကျော်ဖြင့် ရေးသားခဲ့ခြင်းလည်း ဖြစ်ပါသည်။

ဆရာကြီး သိပ္ပံမောင်ဝ သည် ၁၉၂၉ မှ ၁၉၄၂ ထိ မြို့အုပ်၊ နယ်ပိုင် ဝန်ထောက်၊ အရေးပိုင်၊ ဒုတိယ အတွင်းဝန် စသည့် ရာထူးဌာန အမျိုးမျိုးဖြင့် စစ်ကိုင်း၊ မိတ္ထီလာ၊ မင်းဘူး၊ ဟင်္သာတ၊ မြောင်းမြ၊ ဇလွန်၊ ညောင်တုန်း၊ ရန်ကုန် (အင်းစိန်)၊ စလင်း၊ ကျောက်ဆည်၊ ရွှေဘို၊ မန္တလေး စသော မြို့ပေါင်း ၁၂ မြို့တို့၌ နိုင်ငံ့ တာဝန်များကို ထမ်းဆောင် ခဲ့ကြောင်းလည်း သိရသည်။

Loading