အဖြစ်အပျက်လေး တခု
ကျွန်ုပ် တောမှ မြို့သို့ တက်လာသည်မှာ ခြောက်နှစ်ရှိခဲ့ပြီ။
ထိုအတောအတွင်း၌ နိုင်ငံရေးခေါ်သော ကိစ္စများ များစွာပေါ်ပေါက်ခဲ့ရာ အချို့ကို မြင်ဖူးလိုက်ရ၏။ အချို့ကို ကြားဖူး လိုက်ရ၏။
ထိုကိစ္စတို့ကြောင့် ကျွန်ုပ်၏ နှလုံးကား စိုးစဉ်းမျှ လှုပ်ရှားခဲ့ပုံမရ၊ ထိုနိုင်ငံရေး ကိစ္စတို့ကို ပြန်လည် သတိရသောအခါ ကျွန်ုပ်၏ စိတ်သည် ပို၍ တိုမိသည်သာမက တနေ့တခြား လောကတွင် အချစ်လျော့၍ သွားတော့သည်။
သို့သော်လည်း အဖြစ်အပျက်ကလေး တခုသည်ကား ကျွန်ုပ်အတွက် အဓိပ္ပာယ် လေးနက်လှပါ၍ ယနေ့ ထက်တိုင် မမေ့နိုင်ခဲ့ပါ။
ထိုနေ့ကား ကျွန်ုပ်တို့ စိန့်တိုင်း သမ္မတနိုင်ငံ အဖြစ်သို့ ရောက်သည်မှာ ခြောက်နှစ်မြောက်သော သက္ကရာဇ်၏ ဆောင်းရာသီ နေ့တနေ့ ဖြစ်၍ မြောက်လေကြမ်းကြီး ရမ်းကားနေသော နေ့လည်း ဖြစ်ပါသည်။
တဝမ်းတခါး ဝရုံ လှရုံ အတွက် ကျွန်ုပ်မှာ စောစောစီးစီး အိပ်ရာမှ ထ၍ အလုပ်ဆင်းရပါသည်။
သို့သော်လည်း အလုပ်သို့ သွားရာခရီးတွင် မည်သူမျှ မတွေ့ရလောက်အောင် ရှိပါသည်။ အတော် ပင်ပင်ပန်းပန်း ရှာခါမှ လန်ချား တစီးကို တွေ့ရ၍ တက်စီးကာ လန်ချားသမားအား တောင်တံခါးသို့ သွားရန် ခိုင်းပါသည်။
ခဏကြသောအခါ လေငြိမ်စပြု၍ လမ်းတွင် ပျံဝဲနေသော ဖုန်တို့လည်း ထိုင်စပြုသောကြောင့် မျက်စိ အတော် ရှင်းသွားပါသည်။ လန်ချားသမားလည်း လျင်မြန်စွာ ပြေးပါတော့သည်။
တောင်တံခါးသို့ ရောက်ခါနီးကာမှ တစုံတယောက်သော သူသည် ကျွန်ုပ်၏ ရှေ့တွင် ဖြတ်ပြေး၍ လန်ချားနှင့် ငြိပြီးလျှင် မြေသို့ ပစ်လဲသွားပါသည်။
လဲသူကား အခြားမဟုတ်၊ ဆံပင်ဖြူ ကျိုးကျားနှင့် အဝတ်စုတ် အဝတ်နွမ်းများကိုသာ ဝတ်ထားသော မိန်းမတယောက် ဖြစ်နေပါသည်။ ထိုမိန်းမသည် လမ်းဘေးမှ ရုတ်တရက် ပြေးထွက်လာ၍ ကျွန်ုပ်တို့ ရှေ့တည့်တည့်တွင် လမ်းကို ဖြတ်ခဲ့ပါသည်။
လန်ချားသမားသည် ရှောင်နိုင်သမျှ ရှောင်ပါသေး၏။ သို့သော်လည်း ထိုမိန်းမ၏ ကြယ်သီးမတပ် လေတွင် လွင့်နေသော အဝတ်စုတ်သည် လှည်းတံတွင် ငြိပါသည်။
ကံအားလျော်စွာ လန်ချားသမားက အရှိန်လျှော့လိုက်၍သာ သက်သာရာ ရပါသည်။ သို့မဟုတ်ပါက ထိုမိန်းမသည် ကျွမ်းထိုး မှောက်ခုံလဲ၍ နာနာကျည်းကျည်း ထိခိုက်ရပါသည်။
ကျွန်ုပ်တို့ လန်ချား ရပ်ပြီးသည့် နောက်တွင်ပင် ထိုမိန်းမသည် လဲရာမှ ထ၊ လေးဘက်ထောက်လျက် ရှိပါသည်။
ထိခိုက်သွားသည်ဟုကား ကျွန်ုပ် မထင်၊ ဤ လန်ချား တိုက်သည့် ကိစ္စကို မည်သူမျှ မမြင်ပါ။ သို့ပါလျက်လည်း လန်ချားသမားသည် ဆက်လက် မဆွဲရုံမျှမက အမှုပတ်အောင် ရပ်ကြည့်နေသည်ကို တွေ့ရသောအခါ ကျွန်ုပ်သည် အလွန် စိတ်တိုမိပါသည်။
ဤကိစ္စသည် ကျွန်ုပ်၏ ခရီးကို ကြန့်ကြာစေရုံမျှမက ဒုက္ခလည်း ပေးချင် ပေးနိုင်ပါသည်။
“ဟေ့ ဆက်ဆွဲမှာကို ဆွဲပါကွ၊ မဖြစ်လောက်ပါဘူး” ဟု လန်ချားသမားကို ကျွန်ုပ် ဆိုပါသည်။
သို့သော်လည်း ကျွန်ုပ် ဆိုသည်ကို မကြား၍လား၊ ဂရုမစိုက်လို့လား မသိ။ သူသည် လှည်းတံများကို ချ၍ ထိုမိန်းမကို ညင်သာစွာ ထူမ လေတော့သည်။
ထို့နောက် မိန်းမကို ဖေးထူထား၍ “ခိုက်မိသွားသလား” ဟု မေးပါသည်။
“ခိုက်မိသွားတယ်”
“နင်လဲသွာတာကို ငါအမြင်သားပဲ” သိပ်ပြင်းထန်တာလည်း မဟုတ်ပါဘူး…ဘယ့်နှယ် ခိုက်မိနိုင်မှာတဲ့လဲ။ အလကား မူရာများနေတာ၊ မုန်းစရာ ကောင်းလှတယ်၊
လန်ချားသမားကလည်း သက်သက် အမှုပတ်အောင် လုပ်နေတာပဲ၊ မင်းအမှုကို မင်းဘာသာ ရှင်းအောင်လုပ်ပေတော့” စသည်ဖြင့် ကျွန်ုပ်ကား စိတ်တွင် ရေရွတ်မိပါသည်။
သို့သော်လည်း လန်ချားသမားကား ခိုက်မိသွားသည်ဟု ကြားရပြီးနောက် အဆိုင်းမတွတော့ပြီ။ မိန်းမ၏ လက်မောင်းကို ကိုင်ကာ ဂရုတစိုက် လမ်းတဖက်ဆီသို့ ခေါ်ဆောင်ပါသည်။
ကျွန်ုပ်လည်း လှမ်း၍ ကြည့်လိုက်မိရာ ဂါတ်တဲ အပြင်ဘက်၌ မည်သူ့ကိုမျှ မမြင်ရ၍ ထိုမိန်းမကို ဂါတ်တဲ အတွင်းသို့ သွင်းသွားပါသည်။
ထိုခဏ၌ ကျွန်ုပ်သည် ထူးဆန်းသော ဝေဒနာ တခုကို ခံစားရပါသည်။
အဘယ် အကြောင်းကြောင့်မသိ၊ ဖုန်အလိမ်းလိမ်း ကပ်သော ထိုလန်ချားသမား၏ ကိုယ်ခန္ဓာသည် ကျွန်ုပ်၏ ရှေ့တွင် ကြီး၍ကြီး၍ လာပါသည်။
သူရှေ့သို့ ဆက်သွားလေ သူ၏ ကိုယ်ခန္ဓာ ကြီးလာလေ ဖြစ်၍ နောက်ဆုံး၌ ကျွန်ုပ်မှာ သူ့ကိုယ်ကို မော့၍ပင် ကြည့်ရပါသည်။
ထိုအတွင်းမှာပင် ထိုသူရှိရာ အရပ်ဆီမှ မမြင်ရသော သတ္တိတခုသည် လာ၍ ကျွန်ုပ်၏ ကိုယ်ခန္ဓာအား ဖြစ်ညှစ် ဖိနှိပ်နေသကဲ့သို့ ခံစားရပါသည်။
ထိုမမြင်ရသည့် သတ္တိထူးသည် ကျွန်ုပ်၏ သားမွေး ဝတ်လုံအောက်တွင် ကိန်းအောင်းနေသော သေးနုပ်သိမ်ဖျင်းသည့် အလေ့တို့ကို တွန်းထုတ်နေသကဲ့သို့ ရှိပါသည်။
ကျွန်ုပ်၏ ခွန်အားသည် ကုန်ခမ်းသွားတော့သကဲ့သို့ လည်းကောင်း၊ သွေးသည် ခဲသွားတော့သကဲ့သို့ လည်းကောင်း၊ ကျွန်ုပ်သည် ချိနဲ့၍ လာပါတော့သည်။
ဤသို့ဖြင့် ကျွန်ုပ်သည် အကြံမရှိ အစည်မရှိ၊ မျက်စိ အကြောင်သားနှင့် မလှုပ်မယှက် ထိုင်နေရာ ဂါတ်တဲဘက်မှ ပုလိပ် အရာရှိတဦး ကျွန်ုပ်ဆီသို့ ထွက်လာနေသည်ကို မြင်ရမှ လန်ချားပေါ်မှ ဆင်းပါသည်။
“တခြား လန်ချားတခုကို ငှားပြီးသွားပါ…ခင်ဗျား လန်ချားသမား ဆက်ပြီး မသွားနိုင်တော့ဘူးတဲ့” ဟု ထိုသူက အကြံပေးပါသည်။
ကျွန်ုပ်လည်း ဘာကိုမျှ မစဉ်းစားဘဲ အိတ်ထဲသို့ လက်နှိုက်၍ ကြေးပြား လက်တဆုပ်ကြီးကို ထုတ်ယူပြီးလျှင် “ကျုပ် လန်ချားသမားကို ဒီပိုက်ဆံတွေ ပေးလိုက်ပါ”ဟု ပြောပါသည်။
မြောက်လေပြင်း ငြိမ်သွားလေပြီ၊ လမ်းကား လူရှင်းတုန်းပင် ဖြစ်ပါ၏။
ကျွန်ုပ်သည် လမ်းလျှောက်ရင်း စဉ်းစားပါသည်။ သို့သော်လည်း ကျွန်ုပ်အကြောင်းကို ကျွန်ုပ် မစဉ်းစားရဲသကဲ့သို့ ဖြစ်နေပါသည်။
ဖြစ်ပျက်ခဲ့သည်ကို ဖယ်ထား၍ ကြေးပြား လက်တဆုပ် အတွက် ဖြေရှင်းချက်ကို ရှာပါသည်။
ကျွန်ုပ်သည် ဘာကြောင့် ထိုလန်ချားသမားအား ထိုကြေးပြားတို့ကို ပေးခဲ့ပါသနည်း၊ ဆုလာဘ် အဖြစ်နှင့်ပါလား၊ အထက်ကကဲ့သို့ တွေးကြံ ရေရွတ်ခဲ့ပြီးကာမှ ထိုလန်ချားဆရာ အပေါ် ဆုံးဖြတ်ချက် ပေးနိုင်လောက်အောင် ကျွန်ုပ် လူရာဝင်ပါသေးလား၊ ကျွန်ုပ်၏ လိပ်ပြာကို ကျွန်ုပ် အဖြေမပေးရဲတော့ပါ။
ထိုအတွေ့အကြုံသည် ကျွန်ုပ်၏ မှတ်ဉာဏ်တွင် ယနေ့ထက်တိုင် တောက်လောင်လျက် ရှိပါသည်။ ထိုအကြောင်းကို ကျွန်ုပ် ပြန်ပြောင်း စဉ်းစားမိလေတိုင်း ပင်ပန်း ဆင်းရဲရပါသည်။
ဤအတောအတွင်း၌ ဖြစ်ပျက်နေသော စစ်ရေး၊ မက်ရေး၊ နိုင်ငံရေး ဇာတ်လမ်းသည် ငယ်စဉ်က ကျွန်ုပ် ကျက်မှတ်ခဲ့ဖူး၍ ယခုအခါ တကြောင်းပါဒကိုမျှ မရွတ်ပြနိုင်တော့သော ပျို့ကဗျာ စာပေတို့နှင့် တူပါတော့သည်။
သို့သော်လည်း ထို ခြောက်နှစ်လောက် ဆီက ကြုံခဲ့ရသော အဖြစ်အပျက်ကလေးကား ကျွန်ုပ်အား ဟီရိသြတ္တပ္ပ တရားရေး ရေဖြင့် သုတ်သင် ဆေးကြောပေး၍ ကျွန်ုပ် အကျင့်စရိုက်အား ပြုပြင်စေလျက် ကျွန်ုပ် မျှော်လင့်ချက်နှင့် ရဲစွမ်း သတ္တိတို့ကို အားပေးကာ မျက်စိရှေ့တွင် ဇာတ်ခင်းလျက် ရှိပါသေးသည်။
ထိုအဖြစ်အပျက်ကလေးကို ထိုနေ့ နံနက်က ဖြစ်ပျက်ခဲ့သည့် အတိုင်း တသဝေမတိမ်း မြင်ပါသေးသည်။ ။
လူရွှန်း (၁၉၅၆ ခုနှစ် ပထမ အကြိမ်)
(စာပေပညာရှင် ကဗျာဆရာကြီး မင်းသုဝဏ် မြန်မာပြန် ရေးသားသည့် ဤဆောင်းပါးကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “မင်းသုဝဏ် နှင့် တရုတ်ပြည် ရေစက်” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းမှာ တရုတ် အမျိုးသား စာပေပညာရှင်ကြီး လူရွှန်း (Lu Xun) ၏ A Little Incident ဆောင်းပါးဟု သိရပါသည်။ လူရွှန်းသည် ဆရာကြီး မင်းသုဝဏ်တို့ ဦးဆောင်ခဲ့သည့် မြန်မာ ခေတ်စမ်းစာပေ လှုပ်ရှားမှုကဲ့သို့ တရုတ်ပြည် စာပေသစ် လှုပ်ရှားမှု ဦးဆောင်သူ တဦးလည်း ဖြစ်ပါသည်။ သို့သော် လူရွှန်းသည် မြန်မာ မျိုးချစ်စာဆိုကြီး သခင်ကိုယ်တော်မှိုင်းနှင့် ခေတ်ပြိုင် ဖြစ်ပြီး မြန်မာတွေက သူ့ကို သခင်ကိုယ်တော်မှိုင်းကဲ့သို့ တင်စားခေါ်ဝေါ်ကြကြောင်းလည်း သိရသည်။ လူရွှန်းသည် ၁၈၈၁ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် မွေးဖွားခဲ့ပြီး ၁၉၃၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်တွင် ကွယ်လွန်ခဲ့ပါသည်။ ဆရာကြီး မင်းသုဝဏ် သည်လည်း ၁၉၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွေးဖွားပြီး ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၅ ရက် အသက် ၉၅ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)