Chinland Joint defense Committee (CJDC) တွင် မပါသော ချင်းလက်နက်ကိုင်တပ်ဖွဲ့များ
၁။ ZRO/ZRA (ဇိုမီးတော်လှန်ရေး အစည်းအရုံး / ဇိုမီးတော်လှန်ရေး တပ်မတော်)
ZRO/ZRA သည် ယခင်ကတည်းက အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် အခြေပြုသော အဖွဲ့ဖြစ်၏။ အိန္ဒိယအစိုးရ၏ ပြည်သူ့စစ်အဖွဲ့ဟုလည်း ဆိုကြသည်။ မြန်မာနိုင်ငံအတွင်းတွင် ZRA Eastern Command ဆိုသည့်အမည်နှင့် လှုပ်ရှားကြသည်ကိုတွေ့ရ၏။ သို့သော် ZRO/ZRA ၏ လှုပ်ရှားမှုများကို ကြည့်ပါက ချင်းတမျိုးသားလုံး ညီညွတ်ရေးအစား မြန်မာ့စစ်တပ်နှင့်မိတ်ဖွဲ့ပြီး ချင်းအမျိုးသားရေးကို နှောင့်ယှက် လှုပ်ရှားသည်ကို တွေ့ရသည့်အပြင် မြန်မာစစ်တပ်ကို တော်လှန်တိုက်ခိုက်နေသည့် ZFU/PDF Zoland, CDF -Hualngo တို့အား နှောင့်ယှက်တိုက်ခိုက်နေသဖြင့် CJDC က ၎င်းတို့၏ ရန်သူအဖြစ် ကြေညာထားသည်ကို တွေ့ရ၏။
၂။ MTC/MDF (မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ / မရာကာကွယ်ရေးတပ်ဖွဲ့)
ထုတ်ပြန်ချက်အရ ၂၀၀၈ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်တွင် မရာ ပြည်သူ့တပ်မတော် (MPA) ကို စတင်ဖွဲ့စည်း လှုပ်ရှားခဲ့သည်။ ၂၀၀၉ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် အိန္ဒိယနယ်စပ်တနေရာတွင် နအဖ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုပြုခဲ့သော်လည်း ရလဒ်မထွက်ခဲ့။ MPA လှုပ်ရှားမှုများလည်း ၂၀၁၂ ခုနှစ်တွင် ရပ်တန့်သွားခဲ့သည်ဟုဆိုသည်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၃၀ တွင် ပြန်လည်စုစည်းပြီး မရာ အမျိုးသားလွတ်မြောက်ရေးတပ်ဦး (Mara National Liberation Front- MNLF) နှင့် မရာအမျိုးသားတပ်မတော် (Mara National Army- MNA) ကို ပြန်လည်ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။ ၂၀၁၈/၁၉ တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြီးတခုနှင့် အဆက်အသွယ်ရခဲ့သည်ဟု ဆိုသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း ချင်းပြည်နယ်တွင်း လှုပ်ရှားမှုများ၌ Mara National Defense Force (MNDF) ဟု စက်တင်ဘာလတွင် ပြောင်းလဲခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် မရာစစ်တပ် (Mara Army) ဟု ပြန်လည်ပြောင်းလဲခေါ်ဆိုခဲ့သည်
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် ပါတီအမည်ကို မရာအမျိုးသားပါတီ (Mara National Party- MNP) ဟု ပြောင်းလဲခဲ့ပြီး တပ်အမည်အား မူလအတိုင်း MNA ဟု ဆက်လက် ထားရှိသည်ဟုဆိုသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း ချင်းပြည်နယ်တွင်း လှုပ်ရှားမှုများ၌ Mara National Defense Force (MNDF) ဟု စက်တင်ဘာလတွင် ပြောင်းလဲခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် မရာစစ်တပ် (Mara Army) ဟု ပြန်လည်ပြောင်းလဲခေါ်ဆိုခဲ့သည်ဟု ဆိုသည်။
ပထမအကြိမ် မရာ ပြည်သူ့ညီလာခံကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ နှင့် ၃၀ ရက်များတွင် ကျင်းပခဲ့ပြီး ကိုယ်စားလှယ်နှင့် ဖိတ်ကြားထားသူ ၂၇၅ ဦး တက်ရောက်ခဲ့သည်ဟု ဆိုပါသည်။ ထိုညီလာခံတွင် မရာပဋိညာဉ် (Mara Charter) ဆွေးနွေးအတည်ပြုခြင်း၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (Maraland Administrative Territorial Council- MATC) (နောင်တွင် MTC ဟု ပြောင်းလဲခေါ်ဝေါ်) ကို ဖွဲ့စည်းခြင်း၊ ဥက္ကဋ္ဌနှင့်ကော်မတီဝင် ၁၅ ဦးတင်မြှောက်ခြင်း၊ တရားသူကြီးရွေးချယ်ခြင်း၊ လုပ်ငန်းဌာန ၁၁ ခုဖွဲ့စည်းခြင်း၊ CDF- Mara နှင့် Mara Army အား တဖွဲ့တည်းအဖြစ် ပူးပေါင်းပြီး Maraland Defense Force- MDF အဖြစ် ဖွဲ့စည်းခြင်းများပြုလုပ်ခဲ့၏။
မရာပြည်သူ့ညီလာခံတွင် မရာကျေးရွာ ၄၄ ရွာမှ လူထုကိုယ်စားလည် ၈၆ ရာခိုင်နှုန်း အပါအဝင် ပြည်တွင်းပြည်ပမှ ကိုယ်စားလှယ် ၂၇၅ ဦး တက်ရောက်ဆုံးဖြတ်သည်ဖြစ်ရာ MTC/MDF သည် လူထုကိုယ်စားပြုမှု တရားဝင်မှုရှိသည်ဟု ဆိုသည်။
MTC/MDF သည် CDF- Mara ကို အသိအမှတ်မပြုသည့်အပြင် လက်နက်ကိုင် ပဋိပက္ခပင် ဖြစ်ပွားခဲ့၏။ ထို့ပြင် MTC/MDF သည် CJDC နှင့် ZZLMS တို့ ပါဝင်ခြင်း မရှိပါ။ CDF- Mara ကမူ CJDC နှင့် ZZLMS တွင် မိတ်ဖက်အဖြစ်ပါဝင်ပြီး MTC/MDF တို့အား အတုအယောင်အဖွဲ့များအဖြစ် ပြန်လည် ကြေညာသည်ကို တွေ့ရ၏။
၃။ CDF- Senthang (ဆဲန်ထန်)
ဟားခါးမြို့နယ်အတွင်းရှိ ဆဲန်ထန်မျိုးနွယ်စု တပ်ဖွဲ့ဖြစ်၏။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်နေ့တွင် စတင်တည်ထောင်ခဲ့၏။ CNF ၏ လမ်းညွှန်မှု၊ CNA ၏ ကြီးကြပ်မှုဖြင့် အခြား CDF များဖြင့် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။ CDF မင်းတပ်၊ YDF- ယောကာကွယ်ရေးတပ်ဖွဲ့တို့နှင့် မဟာမိတ်ပြုထားသကဲ့သို့ CDF ဇိုဖေ၊ ဇိုတောင်၊ မရာ၊ လောက်တူတို့နှင့်လည်း ZZLMS ဟူ၍ မဟာမိတ် ဖွဲ့စည်းထား၏။
ဟားခါးမြို့နယ်အတွင်း CNA နှင့် CDF ဟားခါးသာရှိရမည် ဆိုသည့်မူအရ CDF ဆဲန်ထန်အား CDF ဟားခါး ရင်း ၂ အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် သဘောတူခဲ့သည်ဆိုသော်လည်း ခေါင်းဆောင် ပြန်လည် ရွေးကောက်သည့်ကိစ္စရပ်များ မကြေလည်၍ သီးခြားရပ်တည်ဆဲဖြစ်သည်
စတင်ဖွဲ့စည်းစဉ်ကာလက CNA ၏ ကြီးကြပ်မှုဖြင့် CDF ဟားခါးနှင့်တွဲ၍ တိုက်ပွဲဝင်သည်ကို တွေ့ရ၏။ နောက်ပိုင်း ဟားခါးမြို့နယ်အတွင်း CNA နှင့် CDF ဟားခါးသာရှိရမည် ဆိုသည့်မူအရ CDF ဆဲန်ထန်အား CDF ဟားခါး ရင်း ၂ အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် သဘောတူခဲ့သည်ဆိုသော်လည်း ခေါင်းဆောင် ပြန်လည် ရွေးကောက်သည့်ကိစ္စရပ်များ မကြေလည်၍ သီးခြားရပ်တည်ဆဲဖြစ်သည်ကို တွေ့ရ၏။
လက်ရှိတွင် CDF ဟားခါး နှင့် CDF ဆဲန်ထန်ကြား နယ်မြေအုပ်ချုပ်ရေးနှင့် ပတ်သက်သည့် ပဋိပက္ခငယ်များ ဖြစ်နေသည်ကို တွေ့ရ၏။ CDF ဟားခါးကလည်း အုပ်ချုပ်ရေးအတွက် ဟားခါးကောင်စီ ဖွဲ့စည်းထားပြီး CDF ဆဲန်ထန်ကလည်း အုပ်ချုပ်ရေးအတွက် Senthang Tribal Government ဖွဲ့စည်းထားသည်ကို တွေ့ရ၏။ ၂၀၂၃ ခုနှစ်၊ မေ ၁၁ ရက်နေ့က CDF ဆဲန်ထန် ဌာနချုပ်အား စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲသွားသည်ကို တွေ့ရ၏။
၄။ TDA- (ထားဒိုကာကွယ်ရေးတပ်မတော်)
တွန်းဇံမြို့နယ်အတွင်းရှိ ထားဒို မျိုးနွယ်များဖွဲ့စည်းထားသောတပ်ဖြစ်၏။ ထားဒိုမျိုးနွယ်စုများကို အခြေခံ၍ ဖွဲ့စည်းသည့် CDF- တွန်းဇံ တပ်ရင်း ၂ တွင် မပါဝင်ဘဲ သီးခြားဖွဲ့စည်းသောတပ်ဖွဲ့ ဖြစ်ပုံရသည်။ ယခုအချိန်တွင် ZFU/PDF- Zoland နှင့် မဟာမိတ်ဖွဲ့၍ လှုပ်ရှားနေသည်ကို တွေ့ရ၏။ CJDC တွင် ပါဝင်ခြင်းမရှိပါ။ အင်အား မသိရပါ။
၅။ Mountain Eagle Defense Force (MEDF)
တီးတိန်မြို့နယ် ဟွိုင်မွှာရွာသစ်နှင့် အိန္ဒိယနယ်စပ်တလျှောက်၌ အခြေပြုသည့် လက်နက်ကိုင်တပ် ဖြစ်၏။ အင်အားမသိရပါ။ MEDE နှင့် ZFU/ PDF- Zoland တို့သည် ဇိုမီးညီအစ်ကိုရင်းဖြစ်မှုကို ခိုင်မာစွာကိုင်စွဲ အတူတကွ ပူးပေါင်းတော်လှန်သွားမည်ဟု သဘောထားထုတ်ပြန်ထားသည်ကို တွေ့ရ၏။ မည်သည့် ချင်းမျိုးနွယ်စုဖြစ်သည်ကို စိစစ်ဆဲဖြစ်၏။ MEDE သည် ZFU နှင့်သာမက CNDF / CDF- CDM Siyin တို့နှင့်လည်း ပူးတွဲမြန်မာစစ်တပ်အား တိုက်ခိုက်သည်ကို တွေ့ရ၏။
၆။ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (Asho Chin Defense Force- ACDF)
ACDF အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့၏။ မြေပြန့်ချင်းဟု ခေါ်ဆိုကြသည့် အရှိုချင်းများ၏ တပ်ဖွဲ့ဖြစ်၏။ ရခိုင်ရိုးမအရှေ့ခြမ်း မင်းတုံး၊ ငဖဲ၊ စေတုတ္တရာနယ်တွင် အခြေပြုလှုပ်ရှားပုံရ၏။ ACDF နှင့် မဟာမိတ်ဖွဲ့သောတပ်ဖွဲ့များမှာ PRA-မကွေး၊ မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ (MBDF)၊ NUG လက်အောက်ခံ အထက်မင်းလှ-ပကဖ ၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (People Liberation Force)၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ / ပြည်သူ့လွတ်လပ်ရေးတပ်မတော် (PIO/PIA)၊ ရိုးမဧရာ PDF များဖြစ်ကြ၏။
ACDF အား NUG မှ ငွေကြေးထောက်ပံ့သည်ကို တွေ့ရသကဲ့သို့ PRA မကွေးကလည်း ကူညီလေ့ကျင့်ပေးသည်ကို တွေ့ရ၏။ CJDC နှင့် ချိတ်ဆက်မှု မတွေ့ရသော်လည်း CDF ကန်ပက်လက်နှင့် ဆက်စပ်မှုရှိသကဲ့သို့ Chin Relief Fund Programme (CRFP) နှင့် ချိတ်ဆက်မှုရှိသည်
ACDF အား NUG မှ ငွေကြေးထောက်ပံ့သည်ကို တွေ့ရသကဲ့သို့ PRA မကွေးကလည်း ကူညီလေ့ကျင့်ပေးသည်ကို တွေ့ရ၏။ CJDC နှင့် ချိတ်ဆက်မှု မတွေ့ရသော်လည်း CDF ကန်ပက်လက်နှင့် ဆက်စပ်မှုရှိသကဲ့သို့ Chin Relief Fund Programme (CRFP) နှင့် ချိတ်ဆက်မှုရှိသည်ကို တွေ့ရ၏။
၆။ Chin Defense Force- Asho
CDF- Asho သည် တော်လှန်ရေး ခြောက်ဖွဲ့နှင်အတူ မဟာမိတ် EAO ထံ သင်တန်းတက်လာခဲ့သည့် အရှိုချင်းလူမျိုး CDM စစ်သား၊ ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းသူ ကျောင်းသား၊ ကျန်းမာရေးဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်ဟုဆိုပါသည်။
CDF အရှိုသည် NUG/MOD, CNF, CDF တို့နှင့် လက်တွဲ၍ တိုက်ပွဲဝင်မည်ဟု ဆိုပါသည်။ CDF- အရှို၏ မဟာမိတ်တော်လှန်ရေး အင်အားစုများမှာ PRA- မကွေး၊ PIO/PIA (ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ် ရေးတပ်မတော်)၊ SAF- ကျောင်းသားလက်ရုံးတပ်တော်၊ PLF, PRF (West) နှင့် မိုးကြိုးပြောက်ကျားတို့ဖြစ်ပြီး CDF အရှို၏ မဟာမိတ် EAO မှာ ရက္ခိုင့်တပ်တော် (AA) ဖြစ်ပုံရပါသည်။ စစ်သင်တန်း အပတ်စဉ် နှစ်ခုဆင်းပြီးပြီဟု သိရ၏။ လက်ရှိအချိန်တွင် ငဖဲမြို့နယ်၊ အမ်း-ပဒါန်း ကားလမ်းကြီးတလျှောက် လှုပ်ရှားလျက်ရှိသည်ကို တွေ့ရ၏။
နိဂုံး
ချုပ်၍ဆိုရလျှင် နွေဦးတော်လှန်ရေး စတင်သည့်ကာလတွင် ချင်းပြည်နယ်တခုလုံးနှင့် ချင်းပြည်နယ်ပြင်ပ ချင်းတို့နေထိုင်ရာကြရာ ကလေး၊ ကဘော်၊ ဂန့်ဂေါဒေသ၊ အရှိုချင်းတို့နေထိုင်သည့် မင်းတုံး၊ စေတုတ္တရာစသည့် ရခိုင်ရိုးမအရှေ့ခြမ်းရှိ ဒေသအားလုံးတွင်ရှိသည့် ချင်းမျိုးနွယ်စုအားလုံး လက်နက်ကိုင် ပုန်ကန်ခဲ့ကြသည်ကို တွေ့ရ၏။
ထို့ပြင် ချင်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ဆက်စပ်နေသည့် ကလေး၊ ကဘော်၊ ဂန့်ဂေါဒေသရှိ ချင်းလက်နက်ကိုင်တပ်ဖွဲ့ အားလုံးနီးပါးကို CJDC တွင် စုစည်းထားနိုင်သည်ကို တွေ့ရ၏။ ချင်း CDF တပ်ဖွဲ့များ ပူးပေါင်း၍သာမက ဆက်စပ်နယ်မြေများရှိ တမူး၊ ကလေး၊ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆောဒေသရှိ PDF များနှင့် ပူးပေါင်း၍ တိုက်ခိုက်နိုင်ကြသည်ကို တွေ့ရ၏။
ချင်းလက်နက်ကိုင်အဖွဲ့များတွင် အိန္ဒိယအခြေစိုက် ZRO/ZRA အဖွဲ့တခုသာ တီးတိန်၊ တွန်းဇံဒေသတွင် အနှောက်အယှက်ဖြစ်နေသည်ကို တွေ့ရ၏။ ချင်းလက်နက်ကိုင်တပ်ဖွဲ့များအတွင်း ဖြေရှင်းရမည့် ပြဿနာများမှာ ဇိုတုန် နှစ်ဖွဲ့ကွဲခြင်း၊ မရာ နှစ်ဖွဲ့ကွဲခြင်းနှင့် CDF တပ်ဖွဲ့ချင်းကြား ပြဿနာများနှင့် ချင်းမျိုးနွယ်စုများ၏ နယ်မြေသတ်မှတ်မှု၊ ကိုယ်ပိုင်အုပ်ချုပ်မှု ပြဿနာဖြစ်သည်။
လက်ရှိ CJDC တွင် မပါသည့် CDF ဆဲန်ထန်၊ TDA နှင့် MEDF တို့မှာ CNA ၊ CDF စသည့် အခြားအဖွဲ့များနှင့် လက်တွဲတိုက်ပွဲဝင်နေခြင်း၊ အရှိုချင်းနှစ်ဖွဲ့မှာလည်း ရခိုင်ရိုးမအရှေ့ခြမ်းတွင် နီးစပ်သည် PDF များနှင့် ပူးတွဲတိုက်ပွဲဝင်နေသည်ဖြစ်ရာ ပြသနာကြီးကြီးမားမားမရှိဟု ဆို၍ရ၏။
စစ်ရေးအရဆိုလျှင် CDF များသည် နှစ်နှစ်ကျော်ကာလအတွင်း တူမီးမှသည် ခေတ်မီလက်နက်များ တပ်ဆင်ကိုင်ဆောင်လာသည့်အပြင် လမ်းဖြတ်တိုက်ပွဲများသာမက စခန်းသိမ်းတိုက်ပွဲများကိုပါ တိုက်ခိုက်လာနိုင်သည်
စစ်ရေးအရဆိုလျှင် CDF များသည် နှစ်နှစ်ကျော်ကာလအတွင်း တူမီးမှသည် ခေတ်မီလက်နက်များ တပ်ဆင်ကိုင်ဆောင်လာသည့်အပြင် လမ်းဖြတ်တိုက်ပွဲများသာမက စခန်းသိမ်းတိုက်ပွဲများကိုပါ တိုက်ခိုက်လာနိုင်သည်ကို တွေ့ရ၏။ ချင်း CDF အားလုံး အင်အားမှာလည်း ၁ သောင်းဝန်း ကျင်ရှိမည်ဟု ခန့်မှန်းရ၏။
ယခင်နှစ်များက မင်းတပ်-မတူပီ ကားလမ်း၊ ကလေး-ဟားခါး ကားလမ်းတို့၌ မြန်မာစစ်တပ်များ သွားလာရာတွင် လနှင့်ချီ၍ ကြန့်ကြာအောင် နှောက်ယှက်တိုက်ခိုက်နိုင်ရာမှ ၂၀၂၃ ခုနှစ်တွင် မြန်မာစစ်တပ် အသုံးပြု၍ မရအောင်အထိ ထိန်းချုပ်လာနိုင်သည်ကို တွေ့ရသည်။ ISP-Myanmar ၏ မှတ်တမ်းများအရ မင်းအောင်လှိုင်စစ်တပ် အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ချင်းပြည်နယ်၌ တိုက်ပွဲပေါင်း ၅၉၉ ကြိမ် ဖြစ်ပွားခဲ့သည်ကို တွေ့ရ၏။
ချင်းပြည်နယ်ပြင်ပ တမူး၊ ကလေး၊ ကဘော်၊ ဂန့်ဂေါဒေသနှင့် ရခိုင်ရိုးမအရှေ့ခြမ်းရှိ CDF များ၏ တိုက်ပွဲများကိုပါ ထည့်တွက်ပါက ပိုမိုများပြားနိုင်သည်။ မြင့်မားမတ်စောက်သည့် တောင်တန်းများသည် CDF များအတွက် စစ်ကစားရန် သာလွန်သော မြေအနေအထားဖြစ်၏။ ချင်းတောင်တန်း၏ ပြင်းထန်သောရာသီဥတုသည်လည်း တောင်တန်းသား CDF များအတွက် အားသာချက်ဖြစ်၏။
သို့ဖြစ်ရာ CDF များအတွက် လူအင်အား၊ တိုက်ရည်ခိုက်ရည်နှင့် တိုက်စိတ်ခိုက်စိတ်သည် ပြဿနာမရှိတော့ဘဲ လက်နက်ခဲယမ်း ဖြည့်တင်းရေးသည်သာ ချင်းလက်နက်ကိုင်တပ်ဖွဲ့များအတွက် စိန်ခေါ်မှုတရပ် ဖြစ်ပေလိမ့်မည်။
သို့သော် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ ဦးစားပေးဖြေရှင်းရမည့် ပြဿနာတခုတော့ရှိ၏။ ချင်းမျိုးနွယ်စုများ၏ ကိုယ်ပိုင်လက္ခဏာနှင့် သီးခြားလက္ခဏာများကို အခြေခံသည့် ပေါင်းစည်းရေးဖြစ်၏။ တီးတိန်၊ တွန်းဇံမြို့နယ် နှစ်ခုတွင် ZFU/ PDF Zoland, CDF တွန်းဇံ၊ TDA, MEDE, CDF စီရင်း စသည့်အဖွဲ့ ငါးဖွဲ့ရှိသည်။
ဖလမ်းမြို့နယ်တွင်း CNDF နှင့် CDF ဟွာလ်ငို ရှိသည်။ ဟားခါးမြို့နယ်တွင်း CDF ဟားခါးနှင့် CDF ဆဲန်ထန် ရှိသည်။ ထန်တလန်မြို့နယ်တွင် CDF ထန်တလန်အပြင် CDF ဇိုဖေ၊ မရာ၊ လောက်တူ တို့ရှိသည်။
ချင်းပြည်နယ်တွင် လက်ရှိ အုပ်ချုပ်ရေးဖွဲ့စည်းမှုအရ ဖွဲ့စည်းထားသော ခရိုင်၊ မြို့နယ်၊ မြို့များနှင့် မျိုးနွယ်စု ကျေးရွာနယ်မြေများသည် တထပ်တည်း မကျ။ ထို့ပြင် ဒေသတခုအတွင်းမှာပင် လူဦးရေများသော မျိုးနွယ်စုရှိသကဲ့သို့ အခြားမျိုးနွယ်များလည်း ရှိသည်။
မတူပီမြို့နယ်တွင်း CDF မတူပီ၊ CDF ဇိုတုန်၊ CDF မရာတို့ရှိသည်။ မျိုးနွယ်စုတိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်းထားကြ၏။ ကလေး၊ ကဘော်ဒေသတွင်း CDF- KKG, CNDF, CDF- CDM Siyin အပြင် PDF တပ်ဖွဲ့များ ရှိသည်။ ချင်းပြည်နယ်တွင် လက်ရှိ အုပ်ချုပ်ရေးဖွဲ့စည်းမှုအရ ဖွဲ့စည်းထားသော ခရိုင်၊ မြို့နယ်၊ မြို့များနှင့် မျိုးနွယ်စု ကျေးရွာနယ်မြေများသည် တထပ်တည်း မကျ။ ထို့ပြင် ဒေသတခုအတွင်းမှာပင် လူဦးရေများသော မျိုးနွယ်စုရှိသကဲ့သို့ အခြားမျိုးနွယ်များလည်း ရှိသည်။ ဥပမာ တီးတိန်၊ တွန်းဇံမြို့နယ်များတွင် ဇိုမီးတို့က အများစုဖြစ်သော်လည်း ထားဒို၊ ဂွီတဲလ်၊ စီရင်း စသည့် အခြားမျိုးနွယ်စုများလည်း ရှိကြ၏။
ချင်းတို့၏သမိုင်းကြောင်းအရ ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လူထု ၅,၀၀၀ ကျော် အစည်းအဝေးညီလာခံကြီး ကျင်းပခဲ့ကြသည်။ ထိုညီလာခံကြီး၌ ချင်းပြည်နယ်တွင် ဒီမိုကရေစီစနစ် ကျင့်သုံးရန် သို့မဟုတ် ပဒေသရာဇ်နစ် ဆက်လက် ကျင့်သုံးရန်နှင့်ပတ်သက်ပြီး လူထုဆန္ဒမဲဖြင့် မဲပေးဆုံးဖြတ်ကြရာ လူထု ၅,၀၀၀ ကျော်က ဒီမိုကရေစီစနစ်ကျင့်သုံးရန် မဲပေးကြပြီး ၁၇ ဉီးသာ ပဒေသရာဇ် အုပ်ချုပ်ရေးစနစ် ဆက်လက် ကျင့်သုံးရန် မဲပေးကြသည်။
အများဆန္ဒအရ ဒီမိုကရေစီစနစ်ကျင့်သုံးရန် မဲပေးသူပြည်သူလူထု ၅,၀၀၀ ကျော်က အနိုင်ရရှိသဖြင့် ချင်းပြည်နယ်ကို ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အစဉ်အလာ စော်ဘွားနှင့် တိုက်သူကြီးတို့၏ အုပ်ချုပ်မှုကို ပယ်ချပြီး ရွေးကောက်ပွဲဖြင့် ခေါင်းဆောင်ရွေးချယ်သော စနစ်ကို ပြောင်းလဲခဲ့၏။ သို့ဖြင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ သို့ဖြစ်ရာ ဒီမိုကရေစီနည်းအရ ရွေးကောက်ခြင်းသည် ချင်းအမျိုးသားတို့ ပေါင်းစည်းရေးအတွက် အခြေခံဖြစ်၏။
သို့သော် တမြို့နယ်တည်းတွင် မတူသောမျိုးနွယ်စုများ နေထိုင်ကြရာ လူဦးရေနည်းသော မျိုးနွယ်စုများကိုလည်း အပြန်အလှန် လေးစားရန် လိုအပ်၏။ လူဦးရေများသော မျိုးနွယ်စုများ၏ သဘောထား (ဝါ) အများစုသက်သက်နှင့် မလုံလောက်၊ လူနည်းစု ချင်းမျိုးနွယ်များအားလည်း အပြန်အလှန် လေးစားမှုရှိရန် လိုသည်။ ၁၉၄၇ ခုနှစ် မေမြို့စုံစမ်းကော်မရှင် သဘောတူညီမှုကို ချင်းမျိုးနွယ်စုခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့ကြရာတွင် တီးတိန်နှင့်တွန်းဇံနယ်မှ ဇိုမျိုးနွယ်စုကိုယ်စား ဖိုင်တူရွာသူကြီး လျင်းခေါ်မန်၊ ထားဒိုမျိုးနွယ်စုကိုယ်စား အိုင်းစီးရွာသူကြီး လက်စွနှင့် ဟန်ကင်ရွာသူကြီး အွန်းခေါ်မန်၊ ဂွီးတဲမျိုးနွယ်စု ကိုယ်စား တွီးမွီရွာသူကြီး ထွန်းဟန် တို့ပါဝင်ပြီး ချင်းမျိုးနွယ်စုအသီးသီး၏ ကိုယ်စားပြုမှုကို ဖော်ပြခဲ့၏။
ချင်းမျိုးနွယ်စုများ တစုတစည်းတည်း စုစည်းနိုင်ရန်လိုအပ်မှုက ချင်းတို့အတွက် အားနည်းချက်ဖြစ်သည်။ သို့သော် မည်သည့် ချင်းမျိုးနွယ်စုမှ မြန်မာစစ်တပ်နှင့် ပူးပေါင်းခြင်းမရှိသည်ကတော့ ချင်းတို့၏အားသာချက်ဖြစ်၏။
ဤသို့သော အခြေအနေအောက်တွင် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ ဖြေရှင်းရမည့် ပြဿနာမှာ မြန်မာစစ်တပ်ကို တိုက်ခိုက်ရေးအပြင် ယခု CJDC ဦးတည်ချက်ထားသည့် ချင်းပြည်တည်ဆောက်ရေး (Chin State building) အတွက် ချင်းပဋိညာဉ် (Chin Charter) တရပ်ရရှိရေး၊ နိုင်ငံရေးပြသနာဖြစ်ပေလိမ့်မည်။ လက်တွေ့အား ဖြင့် ချင်းမျိုးနွယ်စုများအလိုက် နယ်မြေပိုင်ဆိုင်မှုသတ်မှတ်ခြင်း၊ အပြန်အလှန် အသိမှတ်ပြုခြင်းသည်လည်း အရေးပါပေလိမ့်မည်။ ချင်းပဋိညာဉ်သည် ချင်းမျိုးနွယ်စုများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးပေါ် အခြေခံသည့် ချင်းတို့၏ပေါင်းစည်းမှု (One Chin) ဖြစ်ပေလိမ့်မည်။
ချင်းပြည်နယ်နှင့် ချင်းပြည်နယ်ပြင်ပရှိ ချင်းလူမျိုးတိုင်း မြန်မာစစ်တပ်အား လက်နက်ကိုင် တိုက်ပွဲဝင်နေခြင်းသည် ချင်းတို့၏ ထူးခြားချက်ဖြစ်၏။ ချင်းမျိုးနွယ်စုများ တစုတစည်းတည်း စုစည်းနိုင်ရန်လိုအပ်မှုက ချင်းတို့အတွက် အားနည်းချက်ဖြစ်သည်။ သို့သော် မည်သည့် ချင်းမျိုးနွယ်စုမှ မြန်မာစစ်တပ်နှင့် ပူးပေါင်းခြင်းမရှိသည်ကတော့ ချင်းတို့၏အားသာချက်ဖြစ်၏။
ဤတွင် ပြီး၏။
(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၁)
နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၂)
စစ်အာဏာသိမ်းပြီးနောက်ပိုင်းရခိုင်နှင့် ချင်းတို့ကြား ဆက်ဆံရေး ပိုကောင်းလာ
လမ်းပန်းဆက်သွယ်ရေး ပြတ်နေသဖြင့် ဟားခါး၌ ကုန်ဈေးနှုန်းမြင့်လာ
ဟားခါး၊ ချွန်ကျုံးရွာ၌ တိုက်ပွဲ ဆက်ပြင်းထန်
စစ်ကောင်စီယာဉ်တန်း ဖလမ်း-ဟားခါး လမ်းပေါ်တွင် ချေမှုန်းခံရ
ဖလမ်း-ဟားခါး ကားလမ်းတလျှောက် တိုက်ပွဲများဆက်ဖြစ်နေ
ချင်းတောင်တန်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာမလား