မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် နေထိုင်သူ မနော်သည် သူ၏ လသားအရွယ် သမီးငယ်၏ ကျန်းမာရေးအတွက် စိတ်ပူနေသည်။ သူ၏ ကလေးအကြီးများနှင့်မတူဘဲ အငယ်ဆုံးသမီးသည် ကလေးငယ်များ ပုံမှန်အားဖြင့် ထိုးရသည့် ပြင်းထန်သောရောဂါများအတွက် ကာကွယ်ဆေးများ မထိုးရသေးပေ။ထို့ပြင် ခုခံတော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီအကြား ပဋိပက္ခကြောင့် မနော်၏ သမီးငယ်အတွက် အနာဂတ်တွင် ကာကွယ်ဆေးထိုးခွင့်ရမည့် အလားအလာ မရှိသလောက်ပင် ဖြစ်နေသောကြောင့် သမီးငယ်တွင် ပြင်းထန်ရောဂါများ ကူးစက်ခံရမည်ကို စိုးရိမ်သည်မှာ သဘာဝကျပေသည်။
“တိုက်ပွဲကြောင့် ကလေးကို အိမ်မှာပဲမွေးလိုက်ရပြီး မွေးကင်းစကလေးတွေကို ထိုးပေးရမယ့် ဘာကာကွယ်ဆေးမှ မထိုးရသေးဘူး” ဟု မနော်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
မွေးကင်းစကလေးများကို တီဘီနှင့် အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးသာမက ဆုံဆို့နာ၊ မေးခိုင်နှင့် ချောင်းဆိုးရောဂါကာကွယ်ဆေးများ ထိုးပေးရန် လိုအပ်သည်။ ကလေးများ ထိုးထားသင့်သည့် အခြားကာကွယ်ဆေးများတွင် ဝက်သက်၊ ပိုလီယို၊ ဂျာမန်ဝက်သက်၊ ဂျပန်ဦးနှောက်အမှေးရောင်နှင့် အအေးမိ ကာကွယ်ဆေးများ ပါဝင်သည်။
မွေးကင်းစကလေးများကို တီဘီနှင့် အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးသာမက ဆုံဆို့နာ၊ မေးခိုင်နှင့် ချောင်းဆိုးရောဂါကာကွယ်ဆေးများ ထိုးပေးရန် လိုအပ်သည်။ ကလေးများ ထိုးထားသင့်သည့် အခြားကာကွယ်ဆေးများတွင် ဝက်သက်၊ ပိုလီယို၊ ဂျာမန်ဝက်သက်၊ ဂျပန်ဦးနှောက်အမှေးရောင်နှင့် အအေးမိ ကာကွယ်ဆေးများ ပါဝင်သည်။
ကာကွယ်ဆေးထိုးရန် အနီးဆုံးနေရာမှာ ပုလောမြို့ ဖြစ်ကြောင်း မနော်က ပြောသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများဖြစ်နေသောကြောင့် ထိုနေရာသို့ သွားရောက်နိုင်ခြင်း မရှိပေ။
ပြည်တွင်းနေရပ်စွန့်ခွာ (IDP) တဦးဖြစ်သော မစိုးသည် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမှဖြစ်ပြီး သူ၏မွေးကင်းစ ကလေးကို မွေးပြီး ၄၅ ရက်ကြာသည်အထိ ကာကွယ်ဆေးမထိုးနိုင်သည့် မိခင်တဦးဖြစ်သည်။
“ဒေသခံတွေက တိုက်ပွဲကြောင့် ထွက်ပြေးနေရတယ်။ ကလေးကို ဆေးတောင်မထိုးပေးနိုင်ဘူး။ ကာကွယ်ဆေး ထိုးပေးဖို့ ဘယ်သူမှ ကျမတို့စခန်းကို မလာဘူး” ဟု မစိုးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

မနော်နှင့်မစိုးတို့၏ အတွေ့အကြုံများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်တပ် အာဏာသိမ်းပြီးနောက် ကလေးသူငယ် ကျန်းမာရေးစနစ် ပြိုလဲသွားကြောင်း ပြသသည့်အထောက်အထား ဖြစ်သည်။
မြန်မာမှ အသက် ၅ နှစ်အောက် ကလေး ၄ ဒသမ ၄ သန်းအနက် အနည်းဆုံး ၁ သန်းသည် ၂၀၂၁ ခုနှစ်တွင် ကာကွယ်ဆေးထိုး မခံရကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ စာရင်းအရ သိရသည်။
မြန်မာမှ အသက် ၅ နှစ်အောက် ကလေး ၄ ဒသမ ၄ သန်းအနက် အနည်းဆုံး ၁ သန်းသည် ၂၀၂၁ ခုနှစ်တွင် ကာကွယ်ဆေးထိုး မခံရကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ စာရင်းအရ သိရသည်။ မြန်မာမှကလေးငယ်များအားလုံး၏ ၂၂ ရာခိုင်နှုန်းသည် ကာကွယ်ဆေး လုံးဝမထိုးရသေးကြောင်းနှင့် စစ်အာဏာသိမ်းပြီးနောက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုကိုပင် မရတော့ကြောင်း UNICEF က ဆက်လက်ပြောကြားသည်။ ထို့ကြောင့် သန်းပေါင်းများစွာသော ကလေးများသည် ပြင်းထန်သော ရောဂါများ ကူးစက်ခံရမည့်အန္တရာယ် ကျရောက်နေသည်။
ကလေးသူငယ် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲခြင်း
ယခုအခါ ဖြုတ်ချခံလိုက်ရပြီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအောက်တွင် တနိုင်ငံလုံးမှ ကလေးများကို အအေးမိ၊ ပိုလီယိုနှင့် တီဘီကာကွယ်ဆေးများ အပါအဝင် ကာကွယ်ဆေး ကိုးမျိုး ပုံမှန်ထိုးပေးသည်။ အရှေ့တောင်အာရှတွင် ကလေးသူငယ် သေဆုံးမှု အများဆုံးဖြစ်စေသည့် ရောဂါ ၁၃ မျိုးကို ကာကွယ်ဆေး ကိုးမျိုးက အကာအကွယ်ပေးနိုင်သည်ဟု အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
ကရင်နှင့် ကယားပြည်နယ်များကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ဒေသများမှ ကလေးများအပါအဝင် နိုင်ငံတဝန်းမှ ဦးတည်ထားသည့် ကလေးသူငယ်များ၏ ၉၀ ရာခိုင်နှုန်းခန့်ကို NLD အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးထိုးပေးခဲ့သည်။
သို့သော် အာဏာသိမ်းပြီးနောက် မကြာမီမှာပင် ကျန်းမာရေးဝန်ထမ်းများသည် အကြမ်းမဖက် လူထုအာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်သည့် ပထမဆုံး အစိုးရဝန်ထမ်းများ ဖြစ်လာသည်။ စစ်ကောင်စီသည် သပိတ်မှောက်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ပစ်မှတ်ထား အရေးယူသော်လည်း ပြည်သူ့ဆေးရုံနှင့် ကျန်းမာရေးဌာန အများအပြားသည် ဆက်လက်ပိတ်ထားပြီး CDM လှုပ်ရှားမှုအပေါ် ထောက်ခံမှု ဆက်လက် ကြီးမားနေသည်။
အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ကျန်းမာရေးလုပ်သား အနည်းဆုံး ၇၀ ကို စစ်ကောင်စီက သတ်ဖြတ်ပြီး အခြားသူ ၉၃၆ ဦးကို ဖမ်းဆီးထားကြောင်း NUG ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။
NLD အစိုးရ တိုးချဲ့ကာကွယ်ဆေးထိုးအစီအစဉ် ဒါရိုက်တာ ဒေါက်တာ ထားထားလင်းသည် ဖမ်းဆီးခံရသူများ စာရင်းတွင် ပါဝင်ပြီး စစ်ကောင်စီ၏ ထောင် ခုနစ်နှစ်ချခြင်း ခံရသည်။ CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ကျန်းမာရေးဝန်ထမ်း အများအပြားသည် ဖမ်းဆီးခံရမည်စိုးသောကြောင့် ဆက်လက် ပုန်းအောင်းနေကြသည်။
ယခုအခါ မြို့ပြဒေသများတွင် နေထိုင်သည့် ကလေးများသည်ပင် ကာကွယ်ဆေး အပြည့်အဝ မရတော့ပေ။ စစ်ရှောင်စခန်းများ၊ နယ်စပ်ဒေသများနှင့် ဝေးကွာသော တိုင်းရင်းသားဒေသများတွင် နေထိုင်ရသော ကလေးများမှာ အခြေအနေများစွာ ပိုမိုဆိုးရွားကြောင်း ကျန်းမာရေးလုပ်သားများက ပြောသည်။
အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ကျန်းမာရေးလုပ်သား အနည်းဆုံး ၇၀ ကို စစ်ကောင်စီက သတ်ဖြတ်ပြီး အခြားသူ ၉၃၆ ဦးကို ဖမ်းဆီးထားကြောင်း NUG ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။
NLD အာဏာရနေချိန်အတွင်း ပုံမှန်ကာကွယ်ဆေးများသာမက ပြင်းထန်သော ဝမ်းလျှောရောဂါအတွက် ကာကွယ်ဆေးများပါ ထိုးပေးကြောင်း၊ သို့သော် အာဏာသိမ်းပြီးနောက်တွင် ကလေးများကို ကာကွယ်ဆေးထိုးမပေးတော့ကြောင်း CDM လှုပ်ရှားမှုတွင် ပါဝင်သော ဆရာဝန်တဦးက ပြောသည်။
“ကျန်းမာရေးစနစ်ကြီးတခုလုံး ပြိုလဲသွားတဲ့ အခြေအနေမျိုးပဲ” ဟုလည်း ထိုဆရာဝန်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံ အစိတ်အပိုင်းအားလုံးမှ အသက် တနှစ်အောက် ကလေး ၅ သိန်းနီးပါး ကာကွယ်ဆေး အပြည့်အဝမရဘဲ အသက် ၅ နှစ်အောက်ကလေး အများအပြားသည် ကာကွယ်ဆေးဖြင့် တားဆီးနိုင်သည့် ရောဂါများ ကူးစက်ခံရမည့်အခြေအနေ ကျရောက်နေသည်ဟု NUG ကျန်းမာရေးဝန်ကြီးဌာက ပြောသည်။
“စစ်ရှောင်စခန်းတွေကိုသွားပြီး ကာကွယ်ဆေးထိုးပေးဖို့ မဖြစ်နိုင်တော့ဘူး” ဟု စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ စစ်ရှောင်စခန်းများကို ကူညီနေသည့် ကိုနေက ပြောသည်။
မြန်မာနိုင်ငံ အစိတ်အပိုင်းအားလုံးမှ အသက် တနှစ်အောက် ကလေး ၅ သိန်းနီးပါး ကာကွယ်ဆေး အပြည့်အဝမရဘဲ အသက် ၅ နှစ်အောက်ကလေး အများအပြားသည် ကာကွယ်ဆေးဖြင့် တားဆီးနိုင်သည့် ရောဂါများ ကူးစက်ခံရမည့်အခြေအနေ ကျရောက်နေသည်
စစ်ကောင်စီကို ဆန့်ကျင်သည့် အမာခံဒေသများအနက်တခုဖြစ်သော စစ်ကိုင်းတိုင်းတွင် စစ်တပ်က စီးနင်းတိုက်ခိုက်ပြီး ကျေးရွာများကို မီးရှို့သောကြောင့် သိန်းနှင့်ချီသော ဒေသခံပြည်သူများ အိမ်မှ ထွက်ပြေးနေရသည်။ ခင်ဦးမြို့နယ် တခုတည်းတွင်ပင် ကျေးရွာပေါင်း ၇၃ ရွာခန့် မီးရှို့ခံရပြီး အသက် ၅ နှစ်အောက် ကလေးများ အပါအဝင် လူ ၂ သောင်း ထွက်ပြေးနေရသည်။
“ကူးစက်ရောဂါဖြစ်လာရင်တော့ ထိန်းချုပ်ဖို့ ခက်လိမ့်မယ်” ဟု ကိုနေက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ကာကွယ်ဆေးလွှမ်းခြုံမှု ကင်းမဲ့ခြင်း၏ ခြိမ်းခြောက်မှု
မတ်လက စာရင်းများအထိ မြန်မာပြည်သူ ၁ ဒသမ ၇ သန်းကျော်သည် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။ ထိုသူများတွင် ကာကွယ်မထိုးရသည့် အသက် ၅ နှစ်အောက်ကလေး အများအပြား ပါဝင်ကြောင်း NUG ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။
“ဒါကြောင့် ၅ နှစ်အောက် ကလေးတွေမှာ ကာကွယ်ဆေးနဲ့တားဆီးနိုင်မယ့် ရောဂါတွေက အစုလိုက်အပြုံလိုက် ကူးစက်လာနိုင်တယ်။ အဲဒီရောဂါတွေထဲမှာ အသက်ဆုံးပါးစေနိုင်တဲ့ အရမ်းကူးစက်တဲ့ ဝက်သက်နဲ့ ပိုလီယိုလည်း ပါတယ်” ဟု NUG ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ဆေး အစီအစဉ်မှ အရာရှိတဦးက ပြောသည်။
ကလေးများကို ၃ နှစ်ထက်ကျော်လွန်ပြီး ကာကွယ်ဆေးမထိုးနိုင်ပါက ဝက်သက်ရောဂါ ဖြစ်တတ်သောကြောင့် အကြီးအကျယ် ကူးစက်နိုင်ခြေ လွန်စွာမြင့်မားကြောင်း ကျန်းမာရေးကျွမ်းကျင်သူများက ပြောသည်။
၅ နှစ်အောက် ကလေးတွေမှာ ကာကွယ်ဆေးနဲ့တားဆီးနိုင်မယ့် ရောဂါတွေက အစုလိုက်အပြုံလိုက် ကူးစက်လာနိုင်တယ်။ အဲဒီရောဂါတွေထဲမှာ အသက်ဆုံးပါးစေနိုင်တဲ့ အရမ်းကူးစက်တဲ့ ဝက်သက်နဲ့ ပိုလီယိုလည်း ပါတယ်
ကာကွယ်ဆေးမထိုးနိုင်သည့်အပြင် စစ်ရှောင်စခန်းများတွင် လူဦးရေ လွန်စွာများပြီး သန့်ရှင်းသောရေ မရခြင်း၊ အမိုးအကာ မလုံလောက်ခြင်း၊ အခြေခံစားသောက်ကုန်နှင့်ဆေးဝါး မရှိခြင်း စသည့် အခြေအနေအားလုံးသည် ကူးစက်ရောဂါ ပျံ့နှံ့မှုကို အားပေးသောအချက်များဖြစ်ကြောင်း NUG ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။
ကာကွယ်ဆေးမရှိသောကြောင့် ပိုလီယိုကဲ့သို့သော ရောဂါများ ပြန်လည်ဖြစ်လာနိုင်ပြီး ဆုံဆို့နာ၊ မေးခိုင်နှင့် ချောင်းဆိုးရောဂါများသည်လည်း အသက်ဆုံးရှုံးစေနိုင်သော ရောဂါများဖြစ်ကြောင်း CDM ဆရာဝန်တဦးက ပြောသည်။
“ဒီရောဂါတွေက လာမယ့်နှစ်မှာ ဒါမှမဟုတ် လာမယ့် ငါးနှစ်အတွင်းမှာ ပြန်ပေါ်လာမယ်” ဟု ထိုဆရာဝန်က ပြောသည်။
ထောင်ပေါင်းများစွာသော မြန်မာကလေးများသည် ကာကွယ်ဆေးလွှမ်းခြုံမှု နည်းသောကြောင့် ကြိုတင်ကာကွယ်နိုင်သော ရောဂါဖြစ်ပွားမှုနှင့် ရင်ဆိုင်ရမည့်အန္တရာယ် ရှိနေပြီး ကလေးများကို ကာကွယ်ဆေးထိုးပေးရန် အရေးပေါ်လိုအပ်နေကြောင်း UNICEF ကလည်း ပြောသည်။
သို့သော် စစ်ကောင်စီသည် ကလေးများကို ကာကွယ်ဆေးလွှမ်းခြုံအောင် လုပ်ပေးရန် စိတ်မဝင်စားသလို အာရုံစိုက်ခြင်းလည်း မရှိကြောင်း ကျန်းမာရေးအသိုက်အဝန်းမှ သိရသည်။
စစ်ကောင်စီသည် ကလေးများကို ကာကွယ်ဆေးလွှမ်းခြုံအောင် လုပ်ပေးရန် စိတ်မဝင်စားသလို အာရုံစိုက်ခြင်းလည်း မရှိ
စစ်ကောင်စီထိန်းချုပ် ကျန်းမာရေးဝန်ကြီးဌာနသည် ကာကွယ်ဆေးများ အပါအဝင် ဆေးဝါးများ တနိုင်ငံလုံးသို့ သယ်ယူပို့ဆောင် ဖြန့်ချိမှုကို ထိန်းချုပ်ထားကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။
ထို့အပြင် ခုခံတော်လှန်ရေးဒေသများမှ ကျန်းမာရေးလုပ်သားများကို တိုက်ခိုက်မှုများနှင့် ဆေးရုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကြောင့် NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များ၏ ကျန်းမာရေးစနစ်များအတွက် အခက်အခဲ အကြီးအကျယ် ဖြစ်စေသည်ဟု NUG က ပြောသည်။
“အဲဒီလို အကန့်အသတ် အခက်အခဲတွေ ရှိနေပေမယ့် NUG ကျန်းမာရေးဝန်ကြီးဌာနက တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေ၊ ဒေသခံလူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကလေးတွေ ကာကွယ်ဆေးထိုးဖို့ ဖြစ်နိုင်စေမယ့် ဒေသဆိုင်ရာ အစီအစဉ်တွေကို လုပ်ကိုင်နေတယ်” ဟု NUG အရာရှိတဦးက ပြောသည်။
၎င်းတို့ကလေးများ၏ ကျန်းမာရေးကို ကာကွယ်ရန် ထိုသို့သော အစီအစဉ်များ အမြန်ဆုံးပေါ်ပေါက်ရေး စစ်ရှောင်စခန်းများနှင့် အခြားနေရာများမှ မိခင်များက မျှော်လင့်နေကြသည်။
“ကျမတို့ကလေးတွေရဲ့ အနာဂတ်အတွက် အရမ်းအရေးပါလို့ ဒီကိစ္စကို လျစ်လျူရှုမထားသင့်ဘူး” ဟု မနော်က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Yuzana ၏ Millions of Unvaccinated Myanmar Children at Risk of Disease ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်အာဏာရှင်လက်အောက် အသက်လုနေရတဲ့ မြန်မာကလေးငယ်များ
ကလေးသန်းပေါင်းများစွာ အသက်အန္တရာယ် စိုးရိမ်ရဖို့ ရှိတယ်
ကိုယ်ဝန်ဆောင်နှင့် ၂ နှစ်အောက် ကလေးများကို ငွေကြေးထောက်ပံ့မည့် နေရာထပ်တိုး
ဝက်သက်ရောဂါ ကာကွယ်ရေး ပြည်သူ့ ကျန်းမာရေးက ဒေါက်တာ အောင်နိုင်ဦး နှင့် မေးမြန်းချက်