စက်တင်ဘာ၊ ၂၀၀၃ ရုပ်ရှင် တေးကဗျာမှာ ပါတဲ့ ဆရာ သုခမိန်လှိုင်ရဲ့ “ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ” ကို ဖတ်ရတဲ့အခါ လွန်ခဲ့တဲ့ ဆယ်နှစ်စွာစွာက အကြောင်းအရာများကို ပြန်ပြောင်း သတိရစေပါတယ်။ လွမ်းစရာလည်း ကောင်းပါရဲ့။
ဂီတ ရေစီးကြောင်း အပြောင်းအလဲများဆီ ဦးတည်တဲ့ အကြောင်းများ ဖြစ်ခဲ့ပေမယ့် အခုအထိ မဟောင်းပေဘူးလေ။
၁၉၉၁ ခုနှစ်က မန္တလေးမြို့မှာ ရွှေဝတ်ရည် ဆိုတဲ့ မဂ္ဂဇင်းလေး တစောင် ထုတ်နေဆဲ ဖြစ်တယ်။
အဲဒီမှာ ကျနော်က မဂ္ဂဇင်း ရှေ့ပိုင်းမှာ ဂျာနယ် ပုံစံကလေး လုပ်ဖို့ စိတ်ကူး ရကြတယ်။
ဒီအကြောင်းကို ရန်ကုန် ခဏရောက်တုန်း ဆရာမင်းသစ်ကို ပြောပြတော့ “’ဒါဆို ဆရာ့ဟာက ဂျာနယ်ဇင်းပေါ့” လို့တောင် သူက ရယ်ရွှန်းပတ်ရွှန်း ပြောခဲ့သေးတယ်။
နှစ်ယောက်သား ဆိုက်ကားပေါ်မှာ ပြောကြတာ အဟုတ်၊ စိတ်ကူးကို အကောင်အထည်ဖော် လုပ်လည်း လုပ်ဖြစ်ခဲ့ကြ ပါတယ်။
အဲဒီတုန်းက ရွှေဝတ်ရည်မှာ ဖော်ပြဖို့ အကြောင်းအရာတွေ လိုက်ရှာတဲ့အခါ နယူးစ်ဝိခ် မဂ္ဂဇင်းတွေထဲက သတင်း ဆောင်းပါးတွေကို သွားတွေ့ရတယ်။
ရွှေဝတ်ရည် မဂ္ဂဇင်း အမှတ် ၇ မှာ သတင်း ဆောင်းပါး သုံးပုဒ် ထည့်သွင်း ဖော်ပြ ဖြစ်ခဲ့တယ်။
အဲဒီဆောင်းပါး သုံးပုဒ်ကတော့ “ရော့ခ် ဂီတ အစိမ်းရောင် ပြောင်းသွားပြီလော” တဲ့။ “အီတလီတွင် ဇာတာစန်းလဂ်များ ခေတ်ကောင်းနေ” တဲ့။ “မိုးဇက် အနှစ် ၂၀၀ ပြည့် ဂီတ ဝိညာဉ် ပွဲတော်” တဲ့။
အဲဒီ သုံးပုဒ်စလုံးကို ပန်းချီဒီဇိုင်း ဆရာလေး စိုးဝင်းငြိမ်းလက် အပ်လိုက်တယ်။ စိုးဝင်းငြိမ်းက “ရေခြားမြေခြား ရေးရာ” တဲ့။
ဒီအထဲက “ရော့ခ် ဂီတ အစိမ်းရောင် ပြောင်းသွားပြီလော” ဆောင်းပါး အောက်ခြေမှာ ၁၉၉၁၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ထုတ် Newsweek မဂ္ဂဇင်း ဂီတ ကဏ္ဍမှ ဆောင်းပါးကို တဆင့် လက်ဆင့်ကမ်းခြင်း ဖြစ်ပါတယ်လို့ ဖော်ပြထားတယ်။
ဒီဆောင်းပါးမှာ “ကမ္ဘာလောကကြီးကို ပခုံးထမ်းလိုတဲ့ စတင်း” ၊ “လူသားတို့ ဝေဒနာ ပြေစေချင်တဲ့ အိုကွန်းနား” ၊ “အလယ် အမေရိကကို တောင်းပန်ပါတယ်နော်…မားချင့်” ဆိုတဲ့ အဆိုတော်တွေ ပုံတွေနဲ့ စိုးဝင်းငြိမ်းက သူ့စိတ်ကြိုက် ပြင်ဆင်လို့။
ဒီမှာ ပြောချင်သေးတာက ကျနော်တို့နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆရာ သုခမိန်လှိုင် ရဲ့ အဖွင့်ကဗျာက “ချစ်သူ” တဲ့။ ရွှေဝတ်ရည် အမှတ် ၇ မှာ။
“ရော့ခ် ဂီတ အစိမ်းရောင် ပြောင်းသွားပြီလော” ဆောင်းပါး အဖွင့်မှာ “နှစ်ဆယ်ရာစု ကုန်တော့မယ် ဆိုတဲ့ အသိဟာ လူတွေရဲ့ နှလုံးသား၊ ဝိညာဉ်မှာ ကိန်းဝပ်လာလို့လားတော့ မသိပါဘူး။ ကမ္ဘာပေါ်မှာ မထင်မှတ်တဲ့ အပြောင်းအလဲကြီးများ ဖြစ်ပေါ်နေပါတယ်။ နိုင်ငံရေး၊ စီးပွားရေး လှိုင်းတံပိုးကြီးများ ရိုက်ခတ်နေလျက် ရှိပြီး ရေစီးကြောင်းကြီးများ ပြောင်းလဲလျက် ရှိပါတယ်။ မနေ့တနေ့က စိတ်ကူးဟာ ဒီနေ့ ပြန်ရောက်လို့ မရအောင် တရက်ပြီး တရက် အပြောင်းအလဲများက မြန်ဆန် လွန်းလှတယ်” တဲ့။
ပြီးတော့မှ ဆက်ပြီး “ဒီအခြေမှာ တချိန်က ပေါက်ပေါက် ဖောက်သလို မြည်လို့ Pop လို့ အမည် တပ်ထားတဲ့ အုံး၊ ဒိုင်း၊ ဂွမ်း အနောက်တိုင်း ရော့ခ် တေးဂီတဟာလည်း ၁၉၉၁ ခုနှစ်ထဲ ဝင်ရောက်လာတာနဲ့ လိုင်းပြောင်းလာသလို ရှိပါတယ်။ ဆူပူ ဆန့်ကျင် အုံကြွ ဆိုတဲ့ သဘောများ ပျောက်ကွယ်သလောက် ဖြစ်သွားပြီး ဦးတည်ချက်၊ ရည်ရွယ်ချက်များ ပေါ်လာ ပါတယ်။ နှလုံးသား လွင်ပြင်မှာ လေပြည် လေညင်း၊ စိတ်နှလုံး ငြိမ်းချမ်းမှု၊ လူသား အဖြစ်ကို ဆင်ခြင် အောက်မေ့ခြင်း” စသည်တို့ ဖြစ်လာပါတယ်။
၁၉၉၁၊ ဖေဖော်ဝါရီ ၁ ရက်မှာ အမေရိကန် အဆိုတော် အိုကွန်းနားဟာ ဂရန်မီ ဆုပေးပွဲ အခမ်းအနားက ထွက်လာတဲ့ အခါ အောက်ပါအတိုင်း ပြောကြားသွားပါတယ်။
“ကျမတို့အနေနဲ့ လူမျိုးနွယ်ရဲ့ ခံစားချက်များကို ဖော်ထုတ်ဖို့ တာဝန်ရှိတယ်လို့ ယုံကြည်ပါတယ်။ အမှန်တရားကို ဘယ်တော့မှ ဖုံးကွယ်မထားဖို့ လိုတယ်။ အမှန်တရားကို အမြဲတမ်း ပြောကြားပေးနေရပါမယ်။ ကျမတို့ရဲ့ ရည်ရွယ်ချက် ကတော့ လူအားလုံး တန်းတူ အဖွဲ့ဝင်များ ဖြစ်တဲ့ (Human Race) ရဲ့ ဝေဒနာကို သက်သာစေဖို့ တနည်းတဖုံအားဖြင့် လမ်းညွှန်ဖို့၊ နိုးထလာအောင် စေ့ဆော်ပေးဖို့ ဖြစ်တယ်လို့ ယုံကြည်ပါတယ်”
တချိန်က ရော့ခ် ဂီတ နယ်ပယ်မှာ ရော့ခ်စတား တယောက်က ဒီလိုစကားများ ပြောမိရင် အားလုံးက ခေါင်းယမ်းပြီး စိတ်မနှံ့သူလို့ ယူဆကြမှာပါပဲ။
၁၉၉၉ ခုနှစ်ထဲ ဝင်ရောက်လာတာနဲ့ မေတ္တာ၊ ကရုဏာ၊ ယုံကြည်ချက်၊ ပီတိ ဆိုတာတွေဟာ ရော့ခ် ဂီတ နယ်မှာ အပြိုင်အဆိုင်၊ အလုအယက် ဖက်တွယ်လာတဲ့ ဦးတည်ချက် ဖြစ်လာတယ်။
ဒွန်ဟင်လီမှ ဖီးလ်ကောလင်း အထိ စတင်းမှ အလွယ်တကူ မှတ်မိနိုင်တဲ့ အညတရ အဆိုတော်ကလေး အထိ ပေါ့စတား အားလုံးဟာ ကမ္ဘာလောကကြီးကို သူတို့ ပခုံးပေါ်ထမ်းပြီး သူတို့ရဲ့ တေးဂီတ၊ ဗီဒီယိုများမှာ အနုပညာ ထောင့်မျိုးစုံက ရိုက်ကူး သီဆိုလျက် ရှိကြပါတယ်။
အဆိုတော် နာတာလီမားချင့် ကတော့ ကာလသားတွေထက် အဏုမြူ လက်နက်များကို ပိုပြီး စိတ်ဝင်စားတယ်လို့ ပြောကြားသွားပါတယ်။
အလယ်ပိုင်း အမေရိကန် နိုင်ငံများနှင့် ပတ်သက်ပြီး တောင်းပန်တဲ့ သီချင်း တပုဒ်လည်း ဆိုထားပါတယ်။
“စင်ထရယ် အမေရိက သင်နားထောင်နေပါသလား”
“စင်ထရယ် အမေရိကမှာ ကျူးလွန်ခဲ့တာတွေ အတွက် လူထုကြီး ကိုယ်စား တောင်းပန်ပါတယ်” လို့ သီဆိုသွားပါတယ်။
ရော့ခ် အဆိုတော်လေးတွေဟာ ငြိမ်းချမ်းရေး၊ စိမ်းလန်းတဲ့ သဘာဝဝန်းကျင်၊ မုတ်သုန်တောများ၊ တိရစာ္ဆန်များ၊ လောင်းအိုင်းလင်း ပေါ်က တံငါသည်များ စတာတွေ ကျယ်ကျယ်ပြန့်ပြန့် သီဆိုလာကြတယ်။
တောင်အာဖရိက နိုင်ငံက မင်ဒဲလား အနောက်ကမ္ဘာကို လှည့်လာတဲ့အခါ လန်ဒန်မြို့ ဝင်ဘလေ အားကစားကွင်းကြီးမှာ ကမ္ဘာ အရပ်ရပ်က ဂီတ အကျော်အမော်တွေ ပါဝင်ဆင်နွှဲတဲ့ ဂီတ ဆည်းဆာ ပွဲတော်ကြီး ကျင်းပ ဂုဏ်ပြုခဲ့ကြတယ်။
အဲဒီပွဲမှာ ကမ္ဘာကျော် အမျိုးသမီး အဆိုတော် Tracy Chapmah က မင်ဒဲလား ထောင်ထဲ ရောက်နေတုန်း သူရေးစပ်ခဲ့တဲ့ Freedom Now သီချင်းအပြင် Born to Fight နဲ့ Talking About Revolution သီချင်းတွေနဲ့ သီဆို ဂုဏ်ပြုခဲ့သေးတယ်။
ပြီးတော့ အဆိုတော် အလက်ဇန္ဒား အိုနီး ထုတ်လိုက်တဲ့ All True Man တေးအယ်လ်ဘမ်ဟာလည်း ထူးခြား ဆန်းသစ်တဲ့ အတွေးအခေါ်တွေ ပြည့်လို့ ပါပဲ။
Time is Running Out သီချင်းမှာ ဆိုရင် လူမှုဝန်းကျင် အကြောင်းတွေ ရေးစပ် သီဆိုထားတယ်။ The Yoke သီချင်း ဆိုရင်လည်း လူမှုရေး ဖိနှိပ်မှု၊ ကျား မ ခွဲခြား ဖိနှိပ်မှုနဲ့ နိုင်ငံရေး ဖိနှိပ်မှုတွေက ရုန်းထွက်ကြဖို့ တိုက်တွန်းပြီး စိတ်ဓာတ် ခွန်အားတွေ ပေးထားတာပါပဲ။
အခု ဖော်ပြခဲ့တာတွေကတော့ “ရော့ခ် ဂီတ အစိမ်းရောင် ပြောင်းသွားပြီလော” ဆောင်းပါးထဲက အကြောင်းအရာ အချို့ပါပဲ။
ဒီဆောင်းပါးထဲမှာပဲ ဂျွန်လင်နွန် ရဲ့ အကြောင်းကလည်း ပါနေပါတယ်။
ဒါကြောင့် ဆရာ သုခမိန်လှိုင် ရဲ့ “ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ” ကို ဖတ်ရတဲ့အခါ ဂျွန်လင်နွန် ဆိုတဲ့ သီချင်းတွေကို သွားသတိရမိတာပါပဲ။
လွန်ခဲ့တဲ့ ဆယ်စုစွာစွာက ဆောင်းပါးထဲမှာ ဂျွန်လင်နွန် ဆိုခဲ့တဲ့ သီချင်းကို ဒီလိုရေးထားပါတယ်။
“တချိန်က အမေရိကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တဲ့ ဂျွန်လင်နွန်က Give Peace A Chance ဆိုတဲ့ လူကြိုက် များခဲ့တဲ့ တေးတပုဒ် ဆိုခဲ့ပါတယ်။ အခု သူ့ကိုဆက်ခံတဲ့ ဂီတအဖွဲ့က စာသားအချို့ ပြောင်းပြီ ပြန်လည် သီဆိုပါတယ်။ မူလ တေးစာသားမှာ နိုင်ငံရေး ဝါဒ အရိပ်အရောင်များ ပါပေမယ့် အခု ပြန်လည် ရေးဖွဲ့ရာမှာတော့ ဤဂြိုဟ် ကမ္ဘာ၊ ပြန်လည် မွေးဖွားခြင်း၊ ကုလသမဂ္ဂ၊ ချစ်ကြည်ရေး ဆိုတာတွေ ပါပါတယ်” တဲ့။
“ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ” အတွက် ဆရာ သုခမိန်လှိုင်ကို ကျေးဇူးတင်ပါတယ်။ ။
(သတင်းစာဆရာကြီး မောင်သစ်လွင် (လူထု) ရေးသားခဲ့သည့် ဤဆောင်းပါးကို ခြူးခြူး စာပေတိုက်က ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ဝေသော “နောက်ဆုံးရ သတင်း နှစ်ပုဒ်နဲ့ ဆက်စပ်သတင်း ပုံရိပ်များ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၀ ရက် အသက် ၈၈ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)
သတင်းစာ ဆရာကြီး မောင်သစ်လွင် (လူထု) ပညာရေး နှင့် စာပေဘဝ အကျဉ်း
ဆရာကြီးရဲ့ အမည်ရင်းမှာ ဦးသစ်လွင် ဖြစ်ပြီး ငယ်နာမည်မှာ ဦးသန်းငွေ ဖြစ်ပါတယ်။
၁၉၃၄ ခုနှစ် မကွေးတိုင်း ချောက်မြို့မှာ ရေနံ အလုပ်သမား မိဘက မွေးဖွားခဲ့ပါတယ်။
ဆရာကြီးဟာ ဘီအိုစီ ကုမ္ပဏီက ဖွင့်ပေးတဲ့ မူလတန်းကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။
ဒုတိယ ကမ္ဘာစစ်အတွင်း စစ်ပြေး ဒုက္ခသည် အဖြစ် ဆိပ်ဖြူမြို့၊ စဉ့်ကူမြို့ နဲ့ ချောက်မြို့ရှိ ခြင်ထောင်မ ဘုရားကုန်းရင်ပြင် နေရာ သုံးနေရာ ပြောင်းခဲ့ရပါတယ်။
စစ်ပြေးရင်း ဘုရားကုန်းပေါ်မှာပဲ စာသင်ခဲ့ရပြီး ချောက်မြို့ တန်းမြင့်ကျောင်းမှာ ကျောင်းဆက်တက်ပါတယ်။
၁၉၄၆ မှာ တပြည်လုံး အထွေထွေ သပိတ်ကြီး မှောက်တဲ့အခါ ကျောင်းသား သမဂ္ဂ အနေနဲ့ ပါဝင်ဆင်နွှဲခဲ့ပါတယ်။
၁၉၅၂ ခုနှစ်မှာ သွေးသောက် မဂ္ဂဇင်းက ကျင်းပတဲ့ ပထမဆုံး စာညွန့်ပြိုင်ပွဲမှာ သစ်လွင် (ချောက်) ကလောင်အမည်နဲ့ ဝင်ပြိုင်ခဲ့ရာ ဒုတိယဆု ရရှိခဲ့ပါတယ်။
၁၉၅၅-၅၆ မှာ သွေးသောက် မဂ္ဂဇင်းမှာပင် ထင်လတ် ကလောင်အမည်နဲ့ ဝတ္ထုတို၊ ဆောင်းပါး၊ စာညွန့်များလည်း ရေးသားခဲ့ပါတယ်။
၁၉၅၇ ခုနှစ်မှာတော့ ဆရာကြီးဟာ မန္တလေးမြို့က ထုတ်ဝေတဲ့ လူထု သတင်းစာတိုက်မှာ အယ်ဒီတာ အဖြစ် သတင်းစာ ရပ်စဲ သွားတဲ့အထိ လုပ်ကိုင်ခဲ့ပါတယ်။
ဂျာနယ် နှင့် သတင်းစာ ပညာကို လူထု ဦးလှ၊ လူထု ဒေါ်အမာ၊ ဦးထွန်းဖေ ခေါ် အယ်ဒီတာ သူရ (ရှမ်းပြည်) နဲ့ စာပြင်ဆရာကြီး ဦးလေးဟန် တို့ထံမှ သင်ကြားခဲ့ကြောင်း သိရပါတယ်။
လူထု သတင်းစာမှာသာ အခါအားလျော်စွာ ခေါင်းကြီး၊ နိုင်ငံတကာ ရေးရာ ဆောင်းပါးနဲ့ အခြား ဆောင်းပါးများကို ရေးသားခဲ့ပါတယ်။
အထက်မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း နဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်းဝင်လည်း ဖြစ်ခဲ့ပါတယ်။
၁၉၈၉-၉၀ မှာတော့ မန္တလေးမြို့က ထုတ်ဝေတဲ့ ရွှေဝတ်ရည် မဂ္ဂဇင်းမှာ တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက်ပါတယ်။
၂၀၁၁ ခုနှစ်မှာ မန္တလေး တက္ကသိုလ် သမိုင်းဌာနသို့ မတင်မျိုးရည် ဆိုသူ ပြုစုတဲ့ The Ludu Newspaper in Mandalay (၁၉၄၆-၆၇) ပါရဂူ ကျမ်းအတွက် ကျမ်းအကဲဖြတ် အဖြစ်လည်း ပါရဂူကျမ်း စာစစ်အဖွဲ့မှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
သတင်းစာဆရာကြီး မောင်သစ်လွင် (လူထု) ဟာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက ၂၀၁၉ -၂၀၂၀ ခုနှစ် အတွက် ပေးအပ်တဲ့ တစ်သက်တာ သတင်းစာဆရာဆု ကိုလည်း ဂုဏ်ပြု ချီးမြှင့်ခံခဲ့ရပါတယ်။