တောင်တန်းများ တောတောင်များ ထူထပ်သည့်နေရာ မဟုတ်သည့် ကွင်းပြင်ကျယ်ကြီးတွင် မဲနက်ပြောင်လက်နေသည့် ရိုင်ဖယ်များ၊ သစ်လွင်သည့် စစ်ယူနီဖောင်းများ ဝတ်ဆင်ထားသည့် စစ်သည် ၂၀၀ ကျော်သည် အားမာန်အပြည့်ဖြင့် စစ်ရေးပြ အခမ်းအနားကို ကျင်းပနေကြသည်။
ထိုစစ်သည်များ ကိုင်ဆောင်ထားသည့် ရိုင်ဖယ်များသည် တရုတ်- မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့၏ လက်နက်စက်ရုံများမှ ထုတ်လုပ်သည့် ပါရိရိုင်ဖယ် အမျိုးအစားများ ဖြစ်သည်။
ပါရိ ဆိုသည်မှာ တရုတ်ဘာသာစကားဖြင့် ၈၁ ကို ဆိုလိုပြီး Type 81 ရိုင်ဖယ်ကို ပါရိဟု ခေါ်ဆိုခြင်း ဖြစ်သည်။ Type 81 ရိုင်ဖယ်သည် AK 47 ကို မှီငြမ်း ထုတ်လုပ်ထားသည့် တရုတ်ရိုင်ဖယ်ဖြစ်ပြီး UWSA, KIA, MNDAA တို့က တရုတ်နည်းပညာကို ပြန်မှီငြမ်းထုတ်လုပ်ခြင်း ဖြစ်သည်။ ကာလပေါက်ဈေး သိန်း ၁၀၀ နှင့်အထက် ရှိသည်။
သို့သော် ထိုစစ်ရေးပြ စစ်သည်များသည် လက်နက်စက်ရုံပိုင်ရှင် တပ်များ၏ တပ်သားများ မဟုတ်သလို တရုတ်-မြန်မာ နယ်စပ်တွင် အခြေစိုက်သည့် တပ်လည်း မဟုတ်ပါ။ ၎င်းတို့သည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဟု ခေါ်ဆိုသည့် မကွေး တိုင်း၊ ဂန့်ဂေါခရိုင်အတွင်းမှ ယောကာကွယ်ရေးတပ် (YDF) ၏ စစ်သည်များ ဖြစ်သည်။ မေ ၁၂ ရက်က YDF ၏ ၂ နှစ် ပြည့် တပ်တည်ထောင်ခြင်း အခမ်းအနားတွင် စစ်ရေးပြနေကြခြင်း ဖြစ်သည်။
ပါရိ ဆိုသည်မှာ တရုတ်ဘာသာစကားဖြင့် ၈၁ ကို ဆိုလိုပြီး Type 81 ရိုင်ဖယ်ကို ပါရိဟု ခေါ်ဆိုခြင်း ဖြစ်သည်။ Type 81 ရိုင်ဖယ်သည် AK 47 ကို မှီငြမ်း ထုတ်လုပ်ထားသည့် တရုတ်ရိုင်ဖယ်ဖြစ်ပြီး UWSA, KIA, MNDAA တို့က တရုတ်နည်းပညာကို ပြန်မှီငြမ်းထုတ်လုပ်ခြင်း ဖြစ်သည်။ ကာလပေါက်ဈေး သိန်း ၁၀၀ နှင့်အထက် ရှိသည်။
စစ်ရေးပြ YDF စစ်သည်များသည် ပါရိရိုင်ဖယ်များကိုသာ ကိုင်ဆောင်ထားခြင်း မဟုတ်ဘဲ သစ်လွင်တောက်ပြောင်နေသည့် RPG များကိုလည်း ကိုင်ဆောင်စစ်ရေးပြခဲ့သည်။ YDF သည် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်၊ ကျောမြို့၊ ကျောက်ထုမြို့တို့တွင် အခြေစိုက်ပြီး ယောလူမျိုးများကို ကိုယ်စားပြုသည့် တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သည်။ ထို့ပြင် YDF သည် ရိုင်ဖယ်စက်ရုံပိုင်ရှင်တပ်များ၏ မဟာမိတ်ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) ၏ စစ်ရေးဦးစီးမှုအောက်တွင် ရှိနေသည့် တပ်ဖွဲ့လည်း ဖြစ်သည်။
AA သည် တိုက်ပွဲဝင် ရိုင်ဖယ်များကို ရာနှင့်ချီ၍ ထုတ်ပေးရန် ရိုင်ဖယ်ထုတ်နိုင်သည့်စက်ရုံ ပိုင်ဆိုင်ထားကြောင်း သက်သေမရှိသေးသော်လည်း ၎င်းတွင် UWSA နှင့် MNDAA ကဲ့သို့ တန်ဖိုးကြီးသည့် မဟာမိတ်များ ရှိသည်။ AA ကို ၎င်း၏ မဟာမိတ်အဖြစ် ရရှိခြင်းသည် YDF အတွက် လက်နက်တပ်ဆင်ရေးနှင့် အင်အားကြီးမားသည့် တော်လှန်ရေးတပ်အဖြစ် တည် ဆောက်နိုင်ရန် အခွင့်အရေးကောင်း ရရှိလိုက်ခြင်းလည်း ဖြစ်သည်။
ယောကာကွယ်ရေးတပ်ဖွဲ့ (YDF)
စစ်ဦးစီးချုပ်။ ။ ကိုမြတ်သူ
တည်ထောင်ချိန်။ ။ ၁၂ ၊ မေ ၊ ၂၀၂၁ ခုနှစ်
စစ်သည်အင်အား။ ။ ၁,၀၀၀ နှင့် အထက်
အခြေစိုက်ဒေသ။ ။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်
စစ်အာဏာသိမ်းမှုအလွန် တနိုင်ငံလုံး၌ ပေါ်ပေါက်လာသည့် ခုခံတော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့အသစ် ရာနှင့်ချီ၍ ရှိသည်။ ခန့်မှန်းခြေအားဖြင့် ၄၀၀ နှင့်အထက်တွင် ရှိသည်။ ပြည်သူ့ကာကွယ်ရေးတပ်များအပြင် ဒေသကို အခြေပြု ဖွဲ့စည်းထားသည့် ဒေသခံကာကွယ်ရေးတပ်များသည်လည်း ကိုယ်ပိုင်တပ်အမည်များဖြင့် အသီးသီးဖွဲ့စည်း လှုပ်ရှားနေကြသည်။ သို့သော် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ အများစုသည် နောက်၌ အင်အားကြီးမားသည့် မဟာမိတ်များ မရှိခြင်းကြောင့် စစ်ကောင်စီကို လက်လုပ်သေနတ်၊ လက်လုပ်မိုင်းတို့ဖြင့်သာ တိုက်ခိုက်နိုင်သည်။ တော်လှန်ရေးတပ်ဖွဲ့ တဖွဲ့ကဲ့သို့လည်း စုဖွဲ့မှု စနစ်ကျခြင်း မရှိလှပါ။
ထိုသို့ များပြားသည့် တပ်ဖွဲ့များထဲတွင် YDF ကဲ့သို့ တရုတ်- မြန်မာအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ (ဝါ) UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ညှိနှိုင်းဆွေးနွေးရေးကော်မတီ (FPNCC) ဝင် တပ်ဖွဲ့များ၏ အကူအညီရသည့် တပ်ဖွဲ့သစ်များသည် စုဖွဲ့မှု စနစ်ကျခြင်းနှင့် လက်နက်ခဲယမ်း အင်အား တောင့်တင်းလာနေသည်ကို တွေ့ရသည်။
တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် အင်အားကြီးတပ်များ ဖြစ်သည့်အပြင် မိမိလူမျိုး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ခိုင်မာသည့် နိုင်ငံရေး ရည်မှန်းချက်များဖြင့် ရပ်တည်ပြီး အမိန့်ပေးစီးဆင်းမှု အားကောင်းကာ စနစ်ကျသည်။ ထိုသို့ တည်ဆောက်ထားသည့် တပ်ဖွဲ့များဖြစ်သည့် အလျောက် ၎င်းတို့သည် စစ်ကောင်စီကို တော်လှန်မည်ဟုဆို၍ လက်နက်ကိုင်လာသည့် တပ်ဖွဲ့အသစ်တိုင်းကို ၎င်းတို့၏ လက်နက်များ တပ်ဆင်၍ အကူအညီပေးခြင်း မရှိပါ။
တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် အင်အားကြီးတပ်များ ဖြစ်သည့်အပြင် မိမိလူမျိုး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ခိုင်မာသည့် နိုင်ငံရေး ရည်မှန်းချက်များဖြင့် ရပ်တည်ပြီး အမိန့်ပေးစီးဆင်းမှု အားကောင်းကာ စနစ်ကျသည်။
လက်နက်တပ်ဆင်ပေးသည်ဟုဆိုရာတွင် ” တော်လှန်ရေးမဟာမိတ်” အဖြစ် လက်နက်များကို လက်ဆောင်ပေး၍ အကူအညီ ပေးသည့် နည်းလမ်းဖြင့် ထောက်ပံ့ခြင်းရှိပြီး “စီးပွားရေးမဟာမိတ်” အဖြစ် လက်နက်များကို ငွေကြေးဖြင့် ရောင်းချပေးခြင်းလည်း ရှိသည်။ စီးပွားရေးအရ လက်နက်များကို အရောင်းအဝယ်ပြုလုပ်ရာတွင်လည်း ငွေပေးချေနိုင်သည့် တပ်ဖွဲ့တိုင်းကို ရောင်းချခြင်း မဟုတ်ဘဲ အနာဂတ်တွင် ၎င်းတို့၏ အကျိုးစီးပွားနှင့် ပထဝီမြေမျက်နှာပြင်အရ အရေးပါလာနိုင်သည့် တပ်ဖွဲ့ များကို ရွေးချယ်၍ ရောင်းချခြင်းလည်း ရှိသည်။
တော်လှန်ရေး မဟာမိတ်အဖြစ် လက်နက်တပ်ဆင်ပေးရာတွင်လည်း ၎င်းတို့၏ ဦးစီးကွပ်ကဲမှုနှင့် အမိန့်နာခံနိုင်မှု နည်းစနစ်ကို သင်ယူနိုင်ပြီး နိုင်ငံရေးရည်မှန်းချက် ခိုင်မာသည့် တပ်ဖွဲ့များကို ရွေးချယ်၍ တပ်ဆင်ပေးသည်ကို တွေ့ရသည်။ ထိုတပ်ဖွဲ့ကြီးများသည် ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် တပ်ဖွဲ့များက စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ ဆိုးဝါးသည့် ပြစ်မှုများကို လက်နက်အားကိုးဖြင့် ကျူးလွန်ခြင်းများ ပြုလုပ်လျှင် ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် သမိုင်းမှတ်တမ်းတွင်ပါ ပုံရိပ်ဆိုး ကျန်ခဲ့မည်ကိုလည်း သတိပြုကြသည်။
ပါရိရိုင်ဖယ်များ အကူအညီရသည့်တပ်ဖွဲ့များထဲတွင် YDF သည် ပထမဆုံး မဟုတ်ခဲ့ပေ။ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းအခြေစိုက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သည် အစောဆုံး အထောက်အပံ့ရသည့်တပ် ဟု ဆိုရမည် ဖြစ်သည်။ KNDF သည် ၂၀၂၁ ခုနှစ်၊ မေ တတိယပတ်တွင် စစ်ကောင်စီနှင့် ဒီးမော့ဆိုမြို့နယ်၌ စတင် တိုက်ခိုက်ပြီး တိုက်ပွဲကြားတွင် အဖွဲ့အစည်း ထူထောင်ခဲ့သည့် တပ်ဖြစ်သည်။ တပ်ဖွဲ့စတင်ချိန်တွင် တူမီးများ၊ လက်လုပ်သေနတ်များဖြင့် စတင်ခဲ့သည်။
စစ်ကောင်စီနှင့်တိုက်ပွဲများ ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်လာသည့်နောက်၂၀၂၁ ခုနှစ်၊ ဇူလိုင်-သြဂုတ်တွင် KNDF သည် ၎င်း၏ စစ်သည်များ ကိုင်ဆောင်နေသည့် တူမီးနှင့် လက်လုပ်များကို ပါရိရိုင်ဖယ်များဖြင့် အစားထိုး တပ်ဆင်နိုင်ခဲ့သည်။ KNDF ကို ဦးဆောင်သူ ခွန်းဘီထူးသည် ရိုင်ဖယ်စက်ရုံပိုင်ရှင်များနှင့် မဟာမိတ်ဖြစ်သည့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၏ ခေါင်းဆောင်များနှင့် ရင်းနှီးသူ ဖြစ်သည်။ ၎င်းသည် TNLA မှ တဆင့် ရိုင်ဖယ်စက်ရုံပိုင်ရှင်တပ်ဖွဲ့ တဖွဲ့ထံမှ လက်နက်အလက် အနည်းဆုံး ၁၅၀ နှင့် အထက်ကို အကူအညီ ရခဲ့သည်။
UWSA သည် TNLA မှတဆင့် KNDF ကို လက်နက်တပ်ဆင်ပေးခြင်းဖြစ်သည်ဟု ပြောဆိုမှုများ ရှိခဲ့သော်လည်း မည်သည့် တပ်ဖွဲ့ကမှ တရားဝင် အတည်ပြုခြင်း မရှိချေ။ သို့သော် KNDF တွင် တပ်ဆင်ထားပြီးဖြစ်သည့် လက်နက်များသည် UWSA နှင့် MNDAA တပ်ဖွဲ့များ ထုတ်သည့် ပါရိရိုင်ဖယ်များနှင့် တထပ်တည်း ဆင်တူနေသည်မှာ ငြင်းမရသည့် သက်သေ ဖြစ်သည်။ ထိုတပ်ဖွဲ့များနှင့် ဆက်ဆံရေးကောင်းသည့် KNDF သည်၂၀၂၂ ခုနှစ်မှစ၍ ရှမ်းပြည်နယ်ရှိ UWSA ၊ TNLA ၊ MNDAA၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) နှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့၏ နယ်မြေများတွင်လည်း မဟာမိတ်အဖြစ် သွားလာလှုပ်ရှားများ ရှိလာခဲ့သည်။
KNDF သည် အဖွဲ့အစည်း ထူထောင်သည့် ၂ နှစ်တာအတွင်း ကယားတပြည်နယ်လုံးကို အင်အားကောင်းကောင်းဖြင့် လှုပ်ရှားနိုင်သည့် တပ်ဖွဲ့ဖြစ်ပြီး ပြည်နယ်တွင်း ထိန်းချုပ်နယ်မြေများကိုပင် ရရှိထားပြီး ဖြစ်သည်။
KNDF သည် အဖွဲ့အစည်း ထူထောင်သည့် ၂ နှစ်တာအတွင်း ကယားတပြည်နယ်လုံးကို အင်အားကောင်းကောင်းဖြင့် လှုပ်ရှားနိုင်သည့် တပ်ဖွဲ့ဖြစ်ပြီး ပြည်နယ်တွင်း ထိန်းချုပ်နယ်မြေများကိုပင် ရရှိထားပြီး ဖြစ်သည်။ တပ်ရင်း ၂၂ ရင်းကို ဖွဲ့စည်းထားပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှတဆင့် ပင်လောင်းမြို့နယ်အထိပါ ဖြန့်ကျက်လှုပ်ရှားလျက် ရှိသည်။ ပင်လောင်းမြို့နယ်သည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်နှင့် မိုင် ၅၀ ကျော်သာ ကွာဝေးပြီး UWSA၊ SSPP တို့ တပ်ဖြန့် လှုပ်ရှားလာရာ မိုင်းကိုင်-လဲချား-ဆီဆိုင်မြို့နယ်လမ်းနှင့် ချိတ်ဆက်နိုင်သည့်ဒေသ ဖြစ်သည်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)
ဥက္ကဋ္ဌ။ ။ ခွန်းဘီထူး
စစ်ဦးစီးချုပ်။ ။ ဗိုလ်ချုပ်ဘီထူး
တည်ထောင်ချိန်။ ။ ၃၁၊ မေ၊ ၂၀၂၁ ခုနှစ်
စစ်သည်အင်အား။ ။ ၇,၀၀၀ ခန့်
အခြေစိုက်ဒေသ။ ။ ကယားပြည်နယ် တပြည်လုံး၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အသစ်များထဲတွင် KNDF သည် အင်အားအကြီးမားဆုံး ဖြစ်လာသည့် တပ် ဖြစ်သည်။ ထို့ပြင် KNDF အစုအဖွဲ့တခုအနေဖြင့် ပါဝင်သည့် ကရင်နီပြည်နယ်အတိုင်ပင်ခံ ကောင်စီ (KSCC) သည် ကရင်နီတပ်များ ထိန်းချုပ်နိုင်သည့် ဒေသများတွင် ဒေသခံလူထုကို အစိုးရဝန်ဆောင်မှုများ ပေးနိုင်သည်ထိ လုပ်ဆောင်နိုင်သည်။ KSCC ၏ အောက်တွင် ကရင်နီပြည်နယ် လူသားချင်းစာနာထောက်ထားရေးကော်မတီ၊ ကရင်နီပြည် ရဲတပ်ဖွဲ့၊ ကရင်နီပြည်နယ် ပညာ ရေးကော်မတီ၊ ကရင်နီပြည်နယ် ကျန်းမာရေးကော်မတီ ဟူ၍ ဖွဲ့စည်းထားပြီး ထိုကော်မတီများသည် လူထုဝန်ဆောင်မှုများကို ပေးနေသည်။
ထိုသို့ ကရင်နီဒေသတွင်း တော်လှန်ရေးအင်အားစုဘက်မှ အုပ်ချုပ်ရေးယန္တရား၊ ပညာရေးနှင့် ကျန်းမာရေးယန္တရားများ လည်ပတ်နိုင်ခြင်းသည် KNDF ကဲ့သို့ ကရင်နီတော်လှန်ရေးတပ်များက နယ်မြေကို စိုးမိုးနိုင်ခြင်း၊ ထိန်းချုပ်နိုင်ခြင်းတို့ ကြောင့်သာ ဖြစ်သည်။ ထိုသို့ နယ်မြေကို စိုးမိုးထိန်းချုပ်ရန် လက်နက်အင်အားသည် အချက်အခြာကျရာ KNDF ကို အကူအညီပေးသည့် UWSA ၊ TNLA တို့သည် ကရင်နီတော်လှန်ရေးအတွက် အရေးပါသည့် မဟာမိတ်များ ဖြစ်သည်။
KNDF နှင့် YDF ကဲ့သို့ အင်အားကြီး တိုင်းရင်းသားတပ်ဖွဲ့များနှင့် ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ပြီး စစ်ရေးဆိုင်ရာ အကူအညီများရနေသည့် နောက်တဖွဲ့သည် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဖြစ်သည်။ BPLA သည် ဗမာလူမျိုးကို ကိုယ်စားပြုသည့် တော်လှန်ရေး တပ်ဖွဲ့ ဖြစ်သည်။ BPLA ကို ထူထောင်ရန် စတင်ချိန်ကတည်းက AA သည် စစ်ပညာ သင်ပေးခဲ့သည်။ BPLA ၏ အခြားသော ကနဦး မဟာမိတ်သည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ တပ်မဟာ ၅ ဖြစ်သည်။ BPLA သည် AA မှတဆင့် MNDAA၊ TNLA တို့နှင့် မဟာမိတ်ဖွဲ့နိုင်ခဲ့ပြီး စစ်ရေးဆိုင်ရာ အကူအညီများ၊ အဖွဲ့အစည်း စနစ်တကျ စုဖွဲ့နိုင်ရေး နည်းနာများအပြင် လက်နက်ခဲယမ်းများကိုပါ အကူအညီရလာခဲ့သည်။
BPLA က တည်ဆောက်ထားသည့် စစ်ဒေသနှစ်ခုအနက် အမှတ် ၁၀၇ စစ်ဒေသသည် KNLA တပ်မဟာ ၅ အခြေစိုက်ရာ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင်တည်ရှိပြီး အမှတ်၂၀၃ စစ်ဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်အတွင်း ဖြစ်သည်။ ထို၂၀၃ စစ်ဒေသသည် AA၊ MNDAA နှင့် TNLA တို့ ပူးတွဲ စစ်ရေးလှုပ်ရှားနေသည့် လားရှိုးမြို့နယ်တွင် တည် ဆောက်ထားပြီး UWSA စစ်ကြောင်းများ ဖြန့်ကျက် လှုပ်ရှားလာသည့် မိုင်းယော်တိုက်နယ်၊ မိုင်းယော်တောင်ကြောပေါ် တွင်လည်း BPLA လှုပ်ရှားမှု ရှိနေသည်။
BPLA က တည်ဆောက်ထားသည့် စစ်ဒေသနှစ်ခုအနက် အမှတ် ၁၀၇ စစ်ဒေသသည် KNLA တပ်မဟာ ၅ အခြေစိုက်ရာ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင်တည်ရှိပြီး အမှတ်၂၀၃ စစ်ဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်အတွင်း ဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အသစ်ဖွင့်လှစ်သည့် BPLA ၏ စစ်သင်တန်းများကို MNDAA က ဦးစီးပြီး သင်တန်းသားများသည်လည်း MNDAA ယူနီဖောင်းနှင့် Badge တံဆိပ်များကိုပင် ဝတ်ဆင်ကြသည်။ MNDAA သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တပ်မဟာ ၆၁၁ ကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ထိုထဲတွင် MNDAA၊ AA၊ BPLA၊ အမှတ် ၆၀၂ PDF တပ်ရင်းနှင့် အခြား ခုခံတော်လှန်ရေးတပ်ရင်းအသစ်များ ပါဝင်စုဖွဲ့ထားသည်။ ထိုတပ်ရင်းများကို MNDAA က ပါရိရိုင်ဖယ်များ တပ်ဆင်ပေးထားသည်။ တဆက်တည်း ဆန်းစစ်၍ BPLA ၏ လက်နက် တပ်ဆင်မှုကို ကြည့်လျှင် ရှမ်းပြည်နယ် မြောက်ပိုင်းသာမက ကရင်ပြည်နယ်တွင် အခြေစိုက်သည့် ၁၀၇ စစ်ဒေသမှ စစ်သည်များကိုလည်း ပါရိရိုင်ဖယ်များ တပ်ဆင်ပေးထားသည်ကို တွေ့ရသည်။
လက်နက်ကုန်သည်များထံမှ ဝယ်ယူရရှိသည့် M 16 ၊ M 4 ရိုင်ဖယ်များကိုသာ ပင်မ တပ်ဆင် အသုံးပြုသည့် KNLA တပ်ဖွဲ့ ၏ နယ်မြေတွင် BPLA ၏ လက်နက်တပ်ဆင်မှုသည် တသီးတခြား ခွဲထွက်နေသည်။ KNLA တပ်ဖွဲ့ အသုံးပြုသည့် ရိုင်ဖယ်များသည် ၅ ဒသမ ၅၆ ကျည်ကို အသုံးပြုရပြီး BPLA ၏ ရိုင်ဖယ်သည် ၇ ဒသမ ၆၂ ကျည်ကို အသုံးပြုရမည်ဖြစ်ရာ BPLA သည် ခဲယမ်းမီးကျောက်ကိုလည်း သီးခြားရှာဖွေရမည် ဖြစ်သည်။ ထိုင်း- မြန်မာနယ်စပ်တွင် ထုတ်လုပ်ခြင်းမရှိသည့် ထိုရိုင်ဖယ်များသည် ယင်းတို့ကို ထုတ်လုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် စက်ရုံများမှတဆင့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကယားပြည်နယ်ကို ဖြတ်သန်းပြီး ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲသို့ ခရီးရှည်နှင်လာခဲ့သည့် လက်နက်များ ဖြစ်သည်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)
ခေါင်းဆောင်။ ။ မောင်ဆောင်းခ (ကွပ်ကဲရေးမှူး)
တည်ထောင်ချိန် ။ ။ ၂၇၊ ဧပြီ၊၂၀၂၁ ခုနှစ်
စစ်သည်အင်အား ။ ။ ၁,၀၀၀ နှင့် အထက်
အခြေစိုက်ဒေသ။ ။ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်။
BPLA ကဲ့သို့ MNDAA ထံမှ လက်နက်အကူအညီရရှိထားသည့် အခြားတော်လှန်ရေးတပ်ဖွဲ့သည် ဗိုလ်နဂါး ဦးဆောင်သည့် မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA) ဖြစ်သည်။ ဗိုလ်နဂါးသည် ပုလဲမြို့နယ်တွင် လက်နက်ကိုင်တော်လှန်ရေးကို အစောဆုံး စတင်ခဲ့သူများထဲမှတဦးဖြစ်ပြီး၂၀၂၁ ခုနှစ်၊ ဇွန် ၁၅ ရက်တွင် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ကို တည်ထောင်သူဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် PPDF နှင့် အခြားဒေသမှ ခုခံတော်လှန်ရေးတပ်များကို စုပေါင်း၍ MRDA အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ဗိုလ်နဂါး၏ တပ်သည် PPDF အဖြစ် စတင်ချိန်တွင် လက်လုပ်သေနတ်များဖြင့် စခဲ့ပြီး နောက်ပိုင်း MRDA အဖြစ် ရပ်တည်ချိန်တွင် MNDAA နှင့် အဆက်အသွယ်ရခဲ့သည့် တပ်ဖွဲ့ ဖြစ်သည်။ ဗိုလ်နဂါးသည် MNDAA နှင့် အဆက်သွယ် ရပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှတဆင့် စစ်ကိုင်းတိုင်းအတွင်းသို့ ရိုင်ဖယ်များ သယ်ယူ၍ ၎င်း၏ စစ်သည်များကို လက်နက် တပ်ဆင်သည်။
ဗိုလ်နဂါး၏ တပ်သည် PPDF အဖြစ် စတင်ချိန်တွင် လက်လုပ်သေနတ်များဖြင့် စခဲ့ပြီး နောက်ပိုင်း MRDA အဖြစ် ရပ်တည်ချိန်တွင် MNDAA နှင့် အဆက်အသွယ်ရခဲ့သည့် တပ်ဖွဲ့ ဖြစ်သည်။
ထို့ပြင် အနည်းဆုံး ၁၅၀ နှင့် အထက် ရှိသည့် ဗိုလ်နဂါး၏ စစ်သည်များသည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်ထားပြီး MNDAA ကပင် ရိုင်ဖယ်များ တပ်ဆင်ပေးထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၌ အခြေစိုက်သည့် ဗိုလ်နဂါး၏ တပ်ဖွဲ့သည် MNDAA ၏ တပ်မဟာ ၆၁၁ လက်အောက်တွင် ရပ်တည်လျက် ရှိသည်။ ဗိုလ်နဂါး ဦးဆောင်သည့် MRDA သည် ကနဦး အခြေစိုက်သည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အပြင် မုံရွာမြို့နယ်၊ မကွေးတိုင်း၊ မြောင်မြို့နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရန်ကုန်တိုင်းအတွင်း၌ပါ လှုပ်ရှားနေသည်။
မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA)
ခေါင်းဆောင် ။ ။ ဗိုလ်နဂါး
တည်ထောင်ချိန်။ ။ ၁၊ ဇန်နဝါရီ၊ ၂၀၂၂ ခုနှစ်
စစ်သည်အင်အား ။ ။ ၁၀၀၀ နှင့်အထက်
အခြေစိုက်ဒေသ။ ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မုံရွာမြို့နယ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်။
YDF၊ KNDF ၊ BPLA နှင့် MRDA တို့ကဲ့သို့ သီးခြားရပ်တည်နေသည့် လူမျိုးအခြေပြု၊ ဒေသအခြေပြု တော်လှန်ရေးတပ်ဖွဲ့ သစ်များအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ် (PDF)၊ တပ်ရင်းများတွင်လည်း ပါရိရိုင်ဖယ်များ တပ်ဆင်ခြင်းများရှိသည်။ ထို တပ်ဆင်မှုသည် NUG က လက်နက်များ ဝယ်ယူပြီး ၎င်း၏ PDF များကို တပ်ဆင်ပေးခြင်းမျိုး ဖြစ်သည်။
ထိုတပ်ရင်းများသည် MNDAA ၊ TNLA ၊ AA တို့ အခြေစိုက်လှုပ်ရှားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ဆက်စပ်နေသည့် မန္တလေးတိုင်းအတွင်းမှ PDF တပ်များဖြစ်သည်။ မန္တလေးအခြေစိုက် PDF များသည် မြေပြင်တွင် TNLA နှင့် ပူးတွဲစစ်ရေး လှုပ်ရှားမှုများ ရှိသည်။ ထို့ပြင် မန္တလေး PDF ကို စစ်ရေး ကွပ်ကဲမှုပေးနေသည့် NUG ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများသည်လည်း TNLA ထိန်းချုပ် နယ်မြေအတွင်းမှနေ၍ မြေပြင်တပ်များကို ကွပ်ကဲနေခြင်း ဖြစ်သည်။
အကျဉ်းချုပ်အားဖြင့် ကြည့်လျှင် UWSA ၊ MNDAA ၊ AA ၊ TNLA တို့၏ အကူအညီဖြင့် လက်နက်တပ်ဆင်ထားသည့် YDF ၊ KNDF ၊BPLA ၊ MRDA နှင့် မန္တလေး PDF များ၏ အင်အားသည် ၁၅,၀၀၀ နှင့် အထက်တွင် ရှိသည်။ ထိုအင်အားသည် ထင်သာမြင်သာရှိရှိ စနစ်တကျဖြစ်လာသည့် တပ်ဖွဲ့များသာဖြစ်ပြီး အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း ထိုကဲ့သို့ စစ်သည်အင်အားနှင့် လက်နက်အင်အား တောင့်တင်းလာရန် အလားအလာရှိနေသည့် တပ်ဖွဲ့များ ရှိနေသေးသည်။
UWSA ၊ MNDAA ၊ AA ၊ TNLA တို့၏ အကူအညီဖြင့် လက်နက်တပ်ဆင်ထားသည့် YDF ၊ KNDF ၊BPLA ၊ MRDA နှင့် မန္တလေး PDF များ၏ အင်အားသည် ၁၅,၀၀၀ နှင့် အထက်တွင် ရှိသည်။
မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင်လည်း UWSA ၏ မဟာမိတ်ဖြစ်သည့် MNDAA ၊ TNLA နှင့် AA တို့က စစ်ပညာသင်ပေးထားသည့် ခုခံတော်လှန်ရေး တပ်ဖွဲ့သစ်များ အနည်းဆုံး ၁၀ ဖွဲ့နှင့်အထက် ရှိနေ သေးသည်။ ထိုတပ်ဖွဲ့များသည်လည်း ၎င်းတို့၏ တပ်ဖွဲ့စနစ်ကျရေး၊ လက်နက်အင်အား တည်ဆောက်နိုင်ရေးနှင့် နယ်မြေ တည်ဆောက်ရေး တို့ကို လုပ်ဆောင်လျက်ရှိသည်။
ခုခံတော်လှန်စစ် ၂ နှစ်ကျော်ကာလအတွင်း ပြည်တွင်းရှိ အင်အားကြီး တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် မဟာမိတ် အဖြစ် တည်ဆောက်နိုင်ပြီး လက်နက်တပ်ဆင်ခြင်း၊ စနစ်တကျ တပ်တည်ဆောက်ခြင်းကို ပြုလုပ်နိုင်သည့် တပ်ဖွဲ့များသည် တော်လှန်ရေးတွင် ကြံ့ကြံ့ခံ၍ ဆက်ရပ်တည်နိုင်မည့် တပ်ဖွဲ့သစ်များ ဖြစ်သည်။ ထိုတပ်ဖွဲ့သစ်များသည် စစ်ကောင်စီ တပ်များ၏ အရှိုက်ကို ထိုးနိုင်သည်အထိ ဗျူဟာကျကျ တိုက်ခိုက်ရန် အားကောင်းလာနိုင်သည့် အလားအလာရှိပြီး လာမည့် နှစ်များတွင် ယခုထက် ပို၍ အင်အားကြီးမားလာနိုင်သည်။
(မာဂရတ်သည် တိုင်းရင်းသားအရေး လေ့လာနေသည့် လွတ်လပ်သော သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
မြောက်ပိုင်းသုံးဖွဲ့နှင့် သုံးပွင့်ဆိုင်ဇာတ်လမ်း
ကရင်နီမှာ ထိုးစစ်ဆင်တဲ့ စစ်ကောင်စီတပ် အကျအဆုံးများ
စစ်ပွဲ အလှည့်အပြောင်းဖြစ်လာစေရေး PDF များ လက်နက်များ ရရှိလာနေ
PDF ဆီက စစ်ကောင်စီ လက်နက်ပြန်ဝယ်နေတာလား
PDF များကို ဆုကြေးငွေနှင့် မက်လုံးပေးစည်းရုံးမှု စစ်ကောင်စီ လုပ်ဆောင်လာ
၂၀၂၃ ထဲမှာ တိုက်ပွဲတွေ ပြင်းထန်လာဖို့ ရှိတယ်