ဘဝ၏ ညှဉ်းပန်းခြင်းကို ခံနိုင်သူ နှစ်ဦး
ရပ်နေသော လယ်ကန်သင်းကလေးကို ငုံ့၍ ကြည့်မိ၏။ ကန်သင်းကလေး၏ လက်ဝဲဘက် ချိုင့်ကလေးထဲမှ လူး၍ တက်လာသော ကန်စွန်းရိုးနီ အညွန့်ကလေးသည် တဖက် လယ်ကွင်းထဲသို့ ဆင်းရန် ကြိုးစားနေ၏။
ကန်စွန်းရိုးကလေး မရောက်တရောက်နေရာမှ ရိုးပြတ်များကို လိမ်၍ ပပ်ကြားအက်များကို ကျော်လျက် ပေါက်သွားသော ကောက်ရိုးနွယ်ကလေးကို မြင်၏။
အတော် သန်ပုံရ၏။ အရင်းဘက်တွင် အရွက်များ ရင့်လျက် လက်ခွကြားမှ အပွင့်ကလေး တပွင့် ထွက်နေ၏။ လက်သန်းဖျားလောက် ရှိ၏။ အနားဖြူ၍ အလယ်တွင် ခရမ်းရောင်လိုလို ရှိ၏။
အနွယ်ကလေးလည်း ရိုးရိုး ဖြစ်၏။ အရွက်လည်း ပေါက်ရ၏။ ပပ်ကြားအက်များ အကြားတွင် ပျော်ရ၏။ သူများတကာ အပင်တွေ ဝေဝေဆာဆာ ပေါက်၍ လယ်ကွင်းခြောက်မှ ပေါက်ရ၏။ တော်တော်ရိုး၏။ တော်တော် အောက်တန်းကျ၏။
သို့သော် အနွယ်ကလေးမှာ အားလျှော့ပုံမရ။ အညွန့်ကလေး တညွန့်သည် တထွာကျော်ကျော်မျှ ရှိသော ရိုးပြတ်ကလေးကို လိမ်တက်၍ ခေါင်းကလေး မော်ကာ ဟိတ်ဟန် ထုတ်နေပုံရ၏။
၎င်းနှင့် သုံးတောင် လောက်တွင် မိန်းမပျိုကလေး တယောက်သည် ရိုးပြတ်ကြားထဲတွင် ငုံ့ကာ ငုံ့ကာ ကောက်ရိုးနွယ်များကို ရှာခူးနေ၏။ အသက် ၁၆ နှစ်သာသာလောက် ရှိ၏။
ထဘီကလေး ဒူးလောက်ထိ ဝတ်ထား၏။ ဆံထုံး နောက်တွဲကလေး ထုံးထား၏။ ခြောက်တောက်တောက်၊ ဆီနှင့် ဝေးပုံရ၏။ အင်္ကျီကလေးမှာလည်း လက်မောင်း စုတ်နေ၏။ ကောက်ရိုးနွယ်ကလေး ရိုးသလို ရိုး၏။ ကောက်ရိုးနွယ်ကလေး အောက်ကျသလို အောက်ကျ၏။
ကောက်ရိုးနွယ်ကလေးသည် တပါးအပင်များ ပေါက်ပြီး လယ်ကွက်ခြောက်မှ ပေါက်ရသကဲ့သို့ ကလေးမကလေး သည်လည်း သူတပါး လက်ဦးစား၊ သူတပါး လက်ဦး ယူပြီး အကြွင်းအကျန်ကလေးများကို လိုက်၍ ကောက်ရသူ ဖြစ်၏။
သို့သော် ကောက်ရိုးနွယ်ကလေး သန်သလို ထိုမိန်းကလေးလည်း သန်၏။ ကောက်ရိုးနွယ်ကလေး ခေါင်းကလေး ထောင်သလို မိန်းကလေး၏ ခေါင်းကလေးသည် ထောင်လျက် ရှိ၏။
ထိုကောက်ရိုးနွယ် နှင့် ထိုမိန်းကလေးတို့ကား ဘဝ၏ ညှဉ်းပန်းခြင်းကို ခံနိုင်သူများ ဖြစ်၏။ ဘဝ၏ ဖိစီးခြင်းကို ရုန်းကန်နိုင်သူများ ဖြစ်၏။
လက်ဦးစား လက်ဦးပေါက် ရာသီကောင်းကို မှီ၍ ဟန်ပြခဲ့သူများ ပြိုလဲပျက်စီးကြသော နွေခေါင်ခေါင် မြေခြောက်ခြောက်တွင် ခေါင်းထောင်နိုင်သူများ ဖြစ်၏။ ကမ္ဘာ့ အဆီအနှစ်ကို မစားရသော်လည်း ကမ္ဘာနှင့် ဆိုးတူကောင်းဘက် သွားကြသူများ ဖြစ်၏။
၎င်းအပေါ်က ငွါးငွါးစွင့်စွင့် မိုး၍ ပေါက်လျက် လူတို့ အမြတ်တနိုးထားကြသော ကောက်ပင်များ အဘယ်သို့ ရောက်ကုန်ပြီနည်း။
စာဆိုတော်ကြီးများ ချီးကျူးခဲ့ကြသော နှင်းဆီ၊ စပယ်တို့ အဘယ်သို့ ရောက်ကုန်ကြပြီနည်း။ ရွှေဘုံရွှေနန်း အတွင်း ရွှေဘီး ရွှေတံကျင် စိုက်၍ ပန်ကြသော ကံ့ကော်၊ စွယ်တော်၊ သဇင်၊ ကြက်ရုန်း တို့သည် အဘယ်သို့ ရောက်ကုန်ကြပြီနည်း။ ပျောက်ကုန်ကြပြီ။
ကောက်ရိုးနွယ်ကလေးကား ကျန်နေ၏။ အားယူနေ၏။
သို့သော် ကောက်ရိုးနွယ်ကလေး၏ ဂုဏ်အရသာကို သူတို့ မသိကြ၊ သတိမမူကြ၊ မချီးကျူးကြ၊ ရာသီကောင်း ခိုကာ ခေါင်းတထောင်ထောင်နှင့် မော်တတ်၊ ကြွားတတ်၍ ရာသီ ဆိုးသည်နှင့် တပြိုင်နက် ပြိုလဲပျောက်ပျက်ကုန်သော ပန်းတို့ကို စာဆိုတော်ကြီး စာဆိုတော်ငယ် အသီးသီးတို့သည် ကကြီး မှ အအဆုံး သင်ပုန်းကြီး တခုလုံး အတွင်းရှိ အက္ခရာတို့ဖြင့် အမျိုးမျိုး အဖုံဖုံ အထပ်ထပ် အဖန်ဖန် ဖွဲ့နွဲ့ သီဆို ကြွေးကြော် ချီးကျူးခဲ့ကြသော်လည်း မြန်မာစာပေ ဟူသမျှတို့၌ ကောက်ရိုးနွယ်ဘွဲ့ ဒွေးချိုးကလေး တပုဒ်၊ တေးထပ်ကလေး တပုဒ် ရှိဖို့ မဆိုထားဘိ၊ အမည်ကလေးမျှဖြင့် စပ်ကာ ဟပ်ကာ ရှာမရခဲ့ ဖြစ်ပေ၏။
သို့သော် ကောက်ရိုးနွယ်ကလေးနှင့် မိန်းကလေးသည် ၎င်းတို့အား မည်သူက ချီးကျူးကျူး မကျူးကျူး သိသိ မသိသိ ထိုသူတို့၏ မှတ်တမ်းကို အလေးမမူ၊ ရှင်သီလဝသတို့၊ ရှင်မဟာရဋ္ဌသာရတို့၊ တောင်တွင်းကြီး ဦးကြော့၊ ရွှေတိုက်စိုး ဦးတိုးတို့၊ စလေ ဦးပုညတို့ စာတွေ ပေတွေ၊ ပုဂံခေတ်ကမှ ယခုအထိ ကမ္ဘာ အရှည်တည်ရော့ဟု ထိုးခဲ့သော ကျောက်ထက် အက္ခရာတွေ၊ သမိုင်းတွေ၊ မဟာ ရာဇဝင်တော်တွေ၊ ရွှေနားတော်သွင်း ဧချင်းတွေ၊ ပျောက်ပ ကုန်သော်လည်း ၎င်းတို့ကား ပျောက်ပ တိမ်မြုပ်ခြင်း မရှိဘဲ လယ်ကန်သင်းဘေး ပပ်ကြားအက် အကြားတွင် ပျော်ပျော် ပါးပါးကြီး တည်၍ သွားကြမည် ဖြစ်သတည်း။ ။
(စာရေး ဆရာကြီး ဇေယျ ရေးသားခဲ့သည့် ဤ ရသစာတမ်းငယ်ကို ၁၉၆၁ ခုနှစ် ဇန်နဝါရီလတွင် ဦးထိန်ဝင်း ထုတ်ဝေသော “မြန်မာ့မျက်ပွင့် (ရွာဓလေ့ လူ့ဓလေ့) ပထမ အကြိမ်” စာအုပ်မှ ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး ဇေယျ သည် ၁၉၀၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့ မွေးဖွားပြီး ၁၉၈၂ ခုနှစ် အောက်တိုဘာလ ၄ ရက် အသက် ၈၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)