မြန်မာနိုင်ငံအရှေ့ပိုင်း ကျဉ်းမြောင်းပြီး စည်ကားသည့် ဒေသတခုမှ ဗုံးခိုကျင်းပါသည့် စားသောက်ဆိုင်များသည် အမဲကြော် ပူပူနွေးနွေးနှင့် မျှောချစရာ ဘယ်လ်ဂျီယံ ဘီယာ၊ ပြင်သစ်ဝိုင်တို့ကို ရောင်းချပေးသည်။ ဆယ်ကျော်သက်များသည် စနုကာခန်းမများတွင် စုရုံးနေပြီး အမျိုးသမီးများသည် အလှပြင်ဆိုင်များတွင် အနားယူနေကာ တော်လှန်ရေးသမားများသည် ဆေးမင်ကြောင်ထိုးသည့်ဆိုင်များတွင် ဆေးမင်ထိုးကြသည်။
နံနက်အာရုဏ်တက်ချိန်မှ စတင်ကာ လက်ဖက်ရည်ဆိုင်များတွင် ခေါက်ဆွဲပြုတ် ပူပူနွေးနွေးကို အားရပါးရ စားကြပြီး မှောင်ရီဖျိုးဖျအချိန် ရောက်လာသောအခါ ကာရာအိုကေကလပ်များမှ တုန်ခါသော ဘေ့စ်သံ ပဲ့တင်ထပ်လာသည်။ သို့သော် နိုင်ငံအဓိက အစိတ်အပိုင်းများနှင့်မတူဘဲ ယခုနေရာ၏ မှတ်သားစရာကောင်းသော အချက်မှာ စစ်အုပ်ချုပ်ရေး ကင်းမဲ့ခြင်း ဖြစ်သည်။
နိုင်ငံတွင် အသေးငယ်ဆုံး ပြည်နယ်ဖြစ်သော ကယားပြည်နယ်သည် ထိုင်းနယ်စပ်အနီးတွင် တည်ရှိပြီး စိမ်းလန်းသော တောင်စောင်းများ၊ စိမ်းစိုသော သစ်တောများနှင့် တောနက်များ ဖုံးလွှမ်းနေပြီး သံလွင်မြစ်က ပြည်နယ်ကို ဖြတ်သန်းစီးဆင်းနေသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာသိမ်းခဲ့သော မြန်မာစစ်ကောင်စီသည် ကယားပြည်နယ် တခုလုံးနီးပါးနှင့် ရှမ်းပြည်တောင်ပိုင်း ဒေသအချို့ကို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ခုခံတော်လှန်ရေး အင်အားစုများထံသို့ လက်လွှတ်ဆုံးရှုံးရသည်။ နိုင်ငံတွင် အသေးငယ်ဆုံး ပြည်နယ်ဖြစ်သော ကယားပြည်နယ်သည် ထိုင်းနယ်စပ်အနီးတွင် တည်ရှိပြီး စိမ်းလန်းသော တောင်စောင်းများ၊ စိမ်းစိုသော သစ်တောများနှင့် တောနက်များ ဖုံးလွှမ်းနေပြီး သံလွင်မြစ်က ပြည်နယ်ကို ဖြတ်သန်းစီးဆင်းနေသည်။
မည်သည့်နေရာတွင် စစ်အုပ်ချုပ်ရေးစတင်သည်ကို ထင်ထင်ရှားရှား သတ်မှတ်မထားသော်လည်း စစ်ကောင်စီသည် အဓိကမြို့ကြီးများနှင့် ကမ်းရိုးတန်းမှ အလယ်ပိုင်းလွင်ပြင်ထိ ကျယ်ပြန့်သောဒေသကို ဆက်လက် စိုးမိုးထားဆဲဖြစ်သည်။
စစ်ပွဲ၏ ခက်ခဲမှုများနှင့် ရုန်းကန်နေရသော်လည်း ကယားပြည်နယ်မှ ဒေသခံများသည် လမ်းများတွင် ချောင်းမြောင်းနေသည့် သို့မဟုတ် ညဘက်တွင် နေအိမ်များကို ဝင်ရောက်စီးနင်းတတ်သည့် စစ်သားများလက်မှ လွတ်မြောက်နေသည်။ လွတ်မြောက်ဒေသတွင် စီးပွားရေးလုပ်ရသည်မှာ ပိုမိုကောင်းမွန်ကြောင်း အသက် ၃၁ နှစ်အရွယ် မလှဝင်းက ပြောသည်။ သူသည် စစ်ကောင်စီအာဏာ ဗဟိုချက် မြို့တော် နေပြည်တော်မှ ကားလမ်းဖြင့် ကီလိုမီတာ ၂၀၀ ခန့်သာဝေးသည့် ဒီးမော့ဆိုမြို့သို့ ဆေးဆိုင်ကို ပြောင်းရွှေ့လာသူ ဖြစ်သည်။
“အရင်တုန်းက အခုမြင်ရသလို မဟုတ်ဘူး။ တဆိုင်နှစ်ဆိုင်ပဲ ရှိသေးတယ်” ဟု သူက ပြောကြားပြီး နှစ်ထပ် ကဖေးဆိုင်တဆိုင်နှင့် နည်းပညာပစ္စည်းများ၊ ဆိုလာပြားများ၊ အရုပ်များနှင့် ပလပ်စတစ်ထမင်းဘူးများ ရောင်းသောဆိုင် တဒါဇင်ခန့် ရှိသောနေရာသို့ ခေါင်းညိတ်ခေါ်လာသည်။
နိုင်ငံ၏ နေရာအများအပြားကို လက်လွှတ်ရသောကြောင့် စစ်ကောင်စီသည် လူအသေအပျောက်များသည့် နေ့စဉ်နီးပါး ပြုလုပ်နေသော လေကြောင်းတိုက်ခိုက်မှုများကို အားကိုးနေရသည်။ စစ်တပ်သည် အစိတ်စိတ်အမွှာမွှာ ဖြစ်နေသေးသည့် ခုခံတော်လှန်ရေး အင်အားစုများထက် ပိုမိုစုစည်းနေသေးသော်လည်း ခုခံတော်လှန်ရေး အင်အားစုများ၏ အရွယ်အစားသည် ၇၀,၀၀၀ မှ ၁၂၀,၀၀၀ ခန့်ရှိသော စစ်တပ်၏ တိုက်ပွဲဝင်အင်အားကို ယှဉ်နိုင်သည်ဟု ယူဆရသည်။
ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) သည် ကယားနှင့် ရှမ်းပြည်နယ်များတွင် လှုပ်ရှားပြီး ထိုဒေသများတွင် ခုခံတော်လှန်ရေးအုပ်စုများသည် စစ်ကောင်စီအုပ်ချုပ်ရေးကို အစားထိုးမည့် အခြား လက်တွေ့ကျသော နည်းလမ်းများကို စတင် အကောင်အထည်ဖော်နေပြီး ကျန်းမာရေး၊ ပညာရေးနှင့် တရားဥပဒေစနစ်များ ပေါ်ပေါက်လာနေသည်။
ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်၏ ခြောက်လှန့်ခံနေရသော ဒေသဖြစ်သော်လည်း ဒေသခံများ၏ နေ့စဉ် ကူညီတတ်သော သဘောသဘာဝကို မှောင်မိုက်စေခြင်း မရှိပေ။
ထိုဝေးကွာသော ဒေသတွင် အမြောက်များဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများသည် အမြဲတမ်း ခြိမ်းခြောက်မှုဖြစ်ပြီး ဒဏ်ရာရသွားသော ဒေသခံများ၊ ဗုံးကျရောက်သောကြောင့် ပျက်စီးနေသောလမ်းများ၊ စွန့်ပစ်သွားသော ကျေးရွာများသည် လွတ်လပ်မှုအတွက် ပေးဆပ်ရသောတန်ဖိုးကို နေ့စဉ်သတိပေးနေသည်။ ထိုဒေသသည် ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်၏ ခြောက်လှန့်ခံနေရသော ဒေသဖြစ်သော်လည်း ဒေသခံများ၏ နေ့စဉ် ကူညီတတ်သော သဘောသဘာဝကို မှောင်မိုက်စေခြင်း မရှိပေ။
ဒီးမော့ဆိုမှ ကွေ့ကောက်သော လမ်းတဝက်တွင် ဒစ္စကို မီးရောင်ထွန်းညှိထားသည့် တဲတန်းတခုရှိနေပြီး ထိုတဲတန်းများတွင် ခုခံတိုက်ခိုက်ရေးသမားများသည် တကျွီကျွီ မြည်နေသော မျက်နှာကျက် ပန်ကာသံများကြားမှ သီချင်းဆိုနေကြသည်၊ ဘီယာနှင့် ဆေးလိပ်နံ့များ စွဲနေပြီး စုတ်ပြတ်သပ်နေသည့် ဆိုဖာများတွင် ဆေးလိပ်သောက်နေကြသည်။
အမျိုးသမီး ဝန်ထမ်းများသည် ၎င်းတို့ဆိုင်သို့လာသည့် ရှေ့တန်းတိုက်ခိုက်ရေးသမား အများအပြားပါသည့် ဧည့်သည်များနှင့် စုံတွဲသီချင်းသီဆိုနေကြသလို အချို့ကလည်း သက်ကယ်မိုးထားသော အခန်းငယ်များတွင် နှိပ်နယ်ပေးနေသည်။
“သူတို့မျက်နှာတွေက အရမ်းပင်ပန်းပြီး စိတ်ဖိစီးနေကြတယ်” ဟု ထိုကလပ်တွင် အလုပ်လုပ်သော အသက် ၁၈ နှစ်အရွယ် မောမေက ပြောသည်။ “သူတို့က မရောက်ဖူးလို့လာကြည့်ရင်း အပန်းဖြေနေတာ” ဟုလည်း သူကပြောသည်။
သူ၏ လုပ်ဖော်ကိုင်ဘက် အသက် ၃၀ အရွယ် မသီတာက ၎င်းတို့သည် ဧည့်သည်များဘဝ အနည်းငယ် အဆင်ပြေစေရန်နှင့် ခန္ဓာကိုယ် အစိတ်အပိုင်းအတု လိုအပ်သူများအတွက် ရန်ပုံငွေရှာနေကြောင်း ပြောသည်။
“သူတို့ထဲက တချို့က မြေမြှုပ်မိုင်းနင်းမိတဲ့အခါ လက်နှစ်ဖက်လုံး ဆုံးရှုံးတာ၊ ဒါမှမဟုတ် လူဖြစ်ရှုံးကြတယ်၊ သူတို့မှာ သူတို့ခံစားချက်တွေကို ပြောစရာနေရာ မရှိဘူး။ တချို့ကလည်း ရှက်ကြောက်တတ်တယ်၊ ဒါပေမယ့် သူတို့ ဒေါသ မထွက်တတ်ကြဘူး။ သူတို့တွေ စကားပြောမယ်။ မကျေနပ်တာတွေ ဖွင့်ဟမယ်” ဟုလည်း မသီတာက ပြောသည်။
ထိုသို့သောလုပ်ငန်းသည် တဖက်သားကို နှစ်သိမ့်မှုပေးရသည့် လုပ်ငန်းသဘောမျိုး ဖြစ်နေသောကြောင့် မောမေက သူ့မိသားစု မသိအောင် လျှို့ဝှက်ထားသည်။ သို့သော် အသက် ၁၆ နှစ်အရွယ်တွင် လက်နက်ကိုင်တော်လှန်ရေး တပ်သားအဖြစ် တာဝန်ထမ်းဆောင်ခြင်းသည် လျှို့ဝှက်ချက် မဟုတ်သလို သူ့မိခင်ကလည်း အားပေးကြောင်း မောမေက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် သူနှင့် ချစ်သူဖြစ်လာသူ နှစ်ဦးအနက် တဦးသည် မော်တာထိမှန်သေဆုံးပြီး အခြားတဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက် သတ်ဖြတ်လိုက်သည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမြောက်ဆံတခုကြောင့် ကျောရိုးအာရုံကြောများ ပျက်စီးသွားကြောင်း ကျောမှ နာကျင်သော အမာရွတ်တခုကို ပြရင်း သူမကပြောသည်။ စစ်အာဏာသိမ်းပြီးနောက် သူနှင့် ချစ်သူဖြစ်လာသူ နှစ်ဦးအနက် တဦးသည် မော်တာထိမှန်သေဆုံးပြီး အခြားတဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက် သတ်ဖြတ်လိုက်သည်။
“ချစ်သူထပ်ပြီး ထားရမှာတောင် စိုးရိမ်မိတယ်” ဟု သူကပြောသည်။ ” အခုတော့ ဘဝမှာ သိပ်မပျော်တော့ဘူး။ ဒါပေမယ့် ဒီမှာတော့ လူအမျိုးမျိုးနဲ့တွေ့ပြီး သုံးသပ်နိုင်တာပေါ့” ဟု လည်း မောမေက ပြောသည်။
မောမေသည် လက်ဖြောင့်တပ်သားအဖြစ် လေ့ကျင့်ပြီး စစ်မြေပြင်သို့ ပြန်သွားလိုသည်။
“လက်ဖြောင့်တပ်သားဆိုတာ တယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်နေပြီး တချက်ပစ်ရင် တယောက်သေတယ်။ အဲဒီလို ပုံစံမျိုးကို ကြိုက်တယ်” ဟု သူက ပြောသည်။
ဒီးမော့ဆိုတွင် ဒေသခံ ၄ ပုံ ၁ ပုံခန့်သာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ကြောင်း ဒေသခံ လူသားချင်းစာနာမှု အလုပ်သမားတဦးက ခန့်မှန်းသည်။ ကျန်သူများသည် မျှဝေပေးသည့် ဆန်နှင့် ဆီများကို မှီခိုနေရသည်။ ဈေးနှုန်းများ အကြီးအကျယ် တက်နေသော်လည်း ပန်းရောင်းသူများနှင့် ဆေးခြောက်ရောင်းဆိုင်များ အပါအဝင် စီးပွားရေးလုပ်ငန်းမျိုးစုံကို ထောက်ပံ့ပေးနိုင်သည့် လုံလောက်သော ငွေကြေးလည်ပတ်မှု ရှိနေသည်။
ဈေးဆိုင်ပိုင်ရှင်တဦးဖြစ်သူ မောင်ဇော်သည် စစ်ကောင်စီထိန်းချုပ်မြို့မှ ခေါင်းလျှော်ရည်၊ ဆံပင်ကလစ်နှင့် ဘက်ထရီများကို သွားရောက် သယ်ဆောင်သည်။ စစ်တပ်စစ်ဆေးရေး စခန်းများတွင် သူ၏ကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး ရန်လိုသော မေးခွန်းများ အမေးခံရသည်။ စစ်ကောင်စီထိန်းချုပ်မှုအောက်မှ အခြား မြို့တခုသို့ သွားနေဟန်ဆောင်ရသည်ဟု သူကပြောသည်။
“သူတို့က ငွေ၊ စီးကရက်နဲ့ အရက်လိုချင်တယ်။ စစ်ဆေးရေးစခန်းတွေကို ရှောင်ဖို့ ဖြတ်လမ်းကနေ သွားနေတုန်းမိရင် သူတို့က ပစ္စည်းတွေကို သိမ်းမယ်။ လူကိုလည်း ဖမ်းချင်ရင် ဖမ်းမယ်။ ကျနော်တောင် နှစ်ခါကြုံပြီး ငွေပေးပြီး လွတ်အောင် လုပ်ခဲ့ရတယ်” ဟု မောင်ဇော်က ပြောသည်။
ထရံကာသွပ်မိုးထားသည့် တဲတခုတွင် ဘော့မာလေ၏ ကြီးမားသော ပိုစတာတခုချိတ်ဆွဲထားပြီး ထိုနေရာသည် မြို့နယ်များအတွင်းမှ ဆေးမင်ကြောင်ထိုးပေးသည့် နေရာ နှစ်ခုအနက် တခုဖြစ်သည်။ ထိုဆိုင်နှစ်ခုလုံးသည် လွန်ခဲ့သောနှစ်က ပေါ်ပေါက်လာသော ဆိုင်များဖြစ်သည်။
ဆိုင်အတွင်းတွင် အသက် ၃၈ နှစ်အရွယ်ရှိ ဆလိုင်းလာထန်းသည် လွန်ခဲ့သော နာရီပိုင်းကမှ စစ်တပ်ထိန်းချုပ်မြို့တခုမှ မှောင်ခိုသွင်းလာသည် ပရင်တာဘေးတွင် ထိုင်နေသည်။ AK 47 နှင့် M16 ပုံများကို အထိုးများပြီး မီးခြစ်ဘူးအရွယ် ထိုသေနတ်ပုံတပုံလျှင် ၅,၀၀၀ ကျပ်ခန့် ကျကြောင်း ပြောသည်။ သူသည် ဘောလုံးကိုင်ထားသော ပန်ဒါဝက်ဝံကဲ့သို့ ပိုမိုသိမ်မွေ့သော ပုံများကိုလည်း ထိုးပေးကြောင်း ပြောသော်လည်း တောင်းဆိုမှုများသည့်ပုံမှာ စက်ယန့်ဟု ခေါ်ပြီး ကိုယ်လုံသက်လုံအဖြစ် အကာအကွယ်ပေးနိုင်သည်ဟု ယုံကြည်ကြသည့် ထိုင်းဂမ္ဘီရပုံများ ဖြစ်သည်။
ပုံဆွဲကျွမ်းကျင်သည့် စားပွဲထိုးဟောင်း ဆလိုင်းလာထန်းသည် သူ့အရေပြားပေါ်တွင် သူ ဆေးမင်ကြောင်ထိုး လေ့ကျင့်ထားသည့် တက်ကြွသော တော်လှန်တိုက်ခိုက်ရေးသမား ဖြစ်သည်။ သူသည် သူ၏လစဉ်ဝင်ငွေ ကျပ် ၃ သိန်းခန့်ကို မိသားစုနှင့် သူ၏တပ်ရင်းအတွက် ခွဲဝေသုံးစွဲသည်။
“အရာပေါင်းများစွာ ကြုံတွေ့ရသူတွေဟာ စိတ်ထွက်ပေါက်ရှာတဲ့ အနေနဲ့ ဆေးမင်ကြောင် ထိုးကြတယ်။ အရင်က ဒီဒေသပတ်ဝန်းကျင်မှာ ဆေးမင်ကြောင်ထိုးတာနဲ့ ပတ်သက်ပြီး မကောင်းတဲ့အမြင် ရှိကြပေမယ့် အခုမရှိတော့ဘူး”
“ကျနော့် ရဲဘော်တယောက်က ခေါင်းကိုမှန်ပြီး ချက်ချင်းကျဆုံးသွားတယ်။ ဒါမျိုးတွေ ကျနော် အများကြီး ကြုံဖူးသွားပြီ” ဟု သူကပြောသည်။ “အရာပေါင်းများစွာ ကြုံတွေ့ရသူတွေဟာ စိတ်ထွက်ပေါက်ရှာတဲ့ အနေနဲ့ ဆေးမင်ကြောင် ထိုးကြတယ်။ အရင်က ဒီဒေသပတ်ဝန်းကျင်မှာ ဆေးမင်ကြောင်ထိုးတာနဲ့ ပတ်သက်ပြီး မကောင်းတဲ့အမြင် ရှိကြပေမယ့် အခုမရှိတော့ဘူး” ဟု သူကပြောသည်။
“ကျမတို့ ဒီမှာ ဗုံးသံတွေ နေ့တိုင်းကြားနေရတယ်” ဟု အသက် ၃၇ နှစ်အရွယ် သူ၏ဇနီးက ၎င်းတို့ ကလေး လေးဦးအနက် တဦးကို အခန်းထောင့်တွင် နို့တိုက်ရင်း ပြောသည်။ သူသည် ၎င်းတို့ဝင်ငွေ တိုးတက်စေရန် ဘေးခန်းတွင် ကြက်ကြော်ဆိုင် ဖွင့်ထားသည်။ ဆလိုင်းလာထန်းက သူသည် ပေါက်ကွဲမှုများအတွင်း လက်ငြိမ်အောင်ထားရကြောင်း ပြောပြသည်။
“ပေါက်ကွဲသံကြားနေတဲ့ အချိန်မှာ အလုပ်လုပ်နေရတာ။ ကျနော် မကြောက်ဘူး။ ကျနော်က ဒီဇုန်ထဲမှာနေတာ” ဟု သူပြောသည်။
ဗုံးထက် သူတို့မိသားစု ကြောက်သောကိစ္စမှာ စစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေ ရှားပါးခြင်း ဖြစ်ကြောင်း ပြောသည်။ လေတိုက်၍ တာပေါ်လင်စက လှုပ်နေသောကြောင့် သူတို့ အိပ်မရပေ။ နေ့ဘက်တွင် ပူလောင်လှပြီး မိုးကျမည့်အချိန်တွင် အေးမည်ဖြစ်သော်လည်း သူတို့တဲကတော့ ပြိုဖို့နီးနေပြီ ဖြစ်သည်။
အညိုရောင် ညှပ်ဖိနပ်နှင့် ခြေသည်းနီဆိုးထားသည့် အသက် ၂၆ နှစ်အရွယ် အိန်ဂျယ်လစ်မိုးက သင်တိုင်းအင်္ကျီကို အနေအထားပြင်လိုက်ပြီး ရှည်လျားသော မြက်တောကို အရွယ်အစား ကြီးမားသော ဒီဇိုင်းအမိုက်စား နေကာမျက်မှန်ဖြင့် ကြည့်လိုက်သည်။ ကယားပြည်နယ် အနောက်ပိုင်းတွင် သူ၏ အမျိုးသမီးသီးသန့်တပ်ဖွဲ့သည် ကျယ်ပြန့်လှသော နယ်ပယ်ကို ကာကွယ်နေသည်။
အိန်ဂျယ်လစ်မိုးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မူလတန်းပြဆရာမအဖြစ် လုပ်ကိုင်နေစဉ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အရပ်သားခေါင်းဆောင်များ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို နိုင်ပြီးနောက် ၎င်းတို့ကို ဖမ်းဆီးရန် အမိန့်ပေးပြီး သူ့ကိုယ်သူ စစ်ကောင်စီဥက္ကဋ္ဌ ခန့်သည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖြိုခွဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အငြင်းပွားဖွယ် ဖမ်းဆီးခြင်း အပါအဝင် ပုန်ကန်မှု နှိမ်နင်းရေးနည်းများက အိန်ဂျယ်လစ်မိုးကဲ့သို့သော လူငယ်မျိုးဆက်များကို လက်နက်စွဲကိုင်ပြီး စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရန် လှုံ့ဆော်ပေးသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖြိုခွဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အငြင်းပွားဖွယ် ဖမ်းဆီးခြင်း အပါအဝင် ပုန်ကန်မှု နှိမ်နင်းရေးနည်းများက အိန်ဂျယ်လစ်မိုးကဲ့သို့သော လူငယ်မျိုးဆက်များကို လက်နက်စွဲကိုင်ပြီး စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရန် လှုံ့ဆော်ပေးသည်။
“ကျမတို့မှာ Facebook စာမျက်နှာတခု ရှိခဲ့ဖူးတော့ ဗမာစစ်ကောင်စီစစ်သားတွေက လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ မှတ်ချက်တွေရေးတယ်” ဟု အိန်ဂျယ်လစ်မိုးက ပြောသည်။ “အမျိုးသမီးတပ်ဖွဲ့ဆိုတာ အသုံးမကျဘူးလို့ သူတို့မြင်တယ်။ သူတို့က အမိန့်ကိုပဲ သိတယ်။ အကောင်းနဲ့ အဆိုး ခွဲခြား နားမလည်ဘူး” ဟုလည်း သူက ပြောသည်။
သို့သော် အိန်ဂျယ်လစ်မိုးနှင့် သူအဖွဲ့ဝင် အမျိုးသမီးတိုက်ခိုက်ရေးသမား ၃၈ ဦးက တော်လှန်ရေး ပြီးဆုံးသည့်တိုင် ကျား၊ မ တန်းတူမှုအတွက် တိုက်ပွဲသည် ဆက်လက် ရှိနေမည်ဖြစ်ကြောင်း ပြောသည်။ အမျိုးသမီးများသည် ကင်းထောက်များ၊ ဆေးဝန်ထမ်းများနှင့် ရန်ပုံငွေရှာသူများအဖြစ် ထမ်းဆောင်နေကြသည်။ ထိုအမျိုးသမီးများသည် အဓမ္မပြုကျင့်မှုများနှင့် လိင်ပိုင်းအကြမ်းဖက်မှုများကို စစ်လက်နက်သဖွယ် အသုံးပြုနေသော ရန်သူကို တိုက်ခိုက်နေကြရသည်။
“ကျမက အခု အများကြီး ပိုမိုကြမ်းတမ်း၊ တောင့်တင်းဖို့ လိုတယ်” ဟု အိန်ဂျယ်လစ်မိုးက ပြောသည်။ “တခါတခါကျတော့ ကျမက မိခင်တယောက်လို ခံစားရတယ်။ သမီးလေးတွေကို ဆူလည်း ဆူရတယ်၊ ချော့လည်းချော့ရတယ်” ဟု သူကပြောသည်။
သူ၏အမျိုးသမီး စစ်သည်တော်များသည် ၎င်းတို့မိသားစုများနှင့် လူမှုအသိုက်အဝန်းများ၏ ဆန့်ကျင်မှုကို ခံရသည်။
၎င်းတို့အနက်တဦးဖြစ်သော အသက် ၂၂ နှစ်အရွယ် ဘွေးဘော်ထူးသည် ဘုရားကျောင်းတက်ခြင်းနှင့် ထိမ်းမြားလက်ထပ်ခြင်းကသာ အမျိုးသမီးများနှင့်ဆိုင်ပြီး စစ်နှင့်မဆိုင်ဆိုသည့် အတင်းအဖျင်းများကို ကြားရသည်။ အိမ်မှုကိစ္စလုပ်ရန် သမီး သုံးဦးအနက် အနည်းဆုံး တဦးကို ထိန်းသိမ်းထားသင့်ကြောင်း အိမ်နီးချင်းများက သူမ၏ ဖခင်ကို ပြောကြသော်လည်း ထိုသမီးအားလုံးသည် တော်လှန်ရေးတွင် ပါဝင်နေပြီး သူသည် တပ်ဖွဲ့တွင် ဒုခေါင်းဆောင်ဖြစ်လာကြောင်း ပြောသည်။
သူတို့အပေါ် ရဲဘော်ရဲဘက်ဖြစ်သည့် အမျိုးသားရဲဘော်များကလည်း သံသယရှိကြကြောင်း အိန်ဂျယ်လစ်မိုးက ပြောသည်။ သို့သော် မလိုလားသည့် အမြင်များနှင့် ခံစားချက်များရှိသော်လည်း ၎င်းတို့တပ်ဖွဲ့အပေါ် လေးစားမှုများကို ခုခံတော်လှန်ရေးအင်အားစု စစ်ဆေးရေးစခန်းများနှင့် စခန်းများတွင် ရရှိသည့် ချီးကျူးပြောဆိုမှုများတွင် ကြားနေရပြီဖြစ်သည်။
“မိသားစုတစုမှာ အမျိုးသားတယောက်ပဲ ရှိနေလို့မရဘူး။ တော်လှန်ရေးမှာလည်း ဒီလိုပဲ၊ အမျိုးသမီးတွေကို လိုအပ်တဲ့ တော်လှန်ရေး အစိတ်အပိုင်းတွေ ရှိတယ်”
“မိသားစုတစုမှာ အမျိုးသားတယောက်ပဲ ရှိနေလို့မရဘူး” ဟု အိန်ဂျယ်လစ်မိုးက ပြောသည်။ “တော်လှန်ရေးမှာလည်း ဒီလိုပဲ၊ အမျိုးသမီးတွေကို လိုအပ်တဲ့ တော်လှန်ရေး အစိတ်အပိုင်းတွေ ရှိတယ်” ဟု သူက ပြောသည်။
ရက်အများစုတွင် ရှေ့တန်းစစ်မျက်နှာကို ကင်းထောက်ရန် အမျိုးသမီးစစ်သည် နှစ်ဦးကို သူက အမိန့်ပေးသည်။
“ရန်သူကိုတွေ့တဲ့အခါ ကျမတို့ပစ်တယ်။ မပစ်ဘဲ ဒီတိုင်းပြန်လာတာလည်း ရှိတယ်” ဟု ကင်းထောက်များအနက် တဦးဖြစ်သူ အသက် ၂၂ အရွယ် ဝေနန်းဆိုင်းရာက ပြောသည်။
သူသည် စိတ်ဖိစီးမှု လျော့ကျစေရန် သူနှင့်အတူ M4 ကာဘိုင်သေနတ်နှင့် တာဝန်ထမ်းဆောင်သည့် ယခင် အဝတ်အထည် အရောင်းဆိုင်အလုပ်သမလေး အသက် ၂၁ နှစ်အရွယ် ကက်ထရီနာနှင့် စစ်ပွဲနှင့် မပတ်သက်သည့် အခြားအကြောင်းအရာများကို ပြောဆိုတတ်သည်။
“ကျမတို့က အိမ်သာသွားရင်တောင် အတူတူသွားတာ” ဟု သူက ပြောသည်။ “ကျမတို့ တယောက်နဲ့ တယောက် စိတ်ကောက်ရင်တောင်မှ အခင်အမင် မပျက်ဘူး။ သူက ကြောက်ရင် အဲဒါကို ပြောပြမှာပဲ” ဟု သူကပြောသည်။
အမျိုးသမီးသီးသန့် တပ်ဖွဲ့၏ ရဲရင့်မှုသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက မြေမြှုပ်မိုင်းကြောင့် ခြေထောက်တဖက် ဆုံးရှုံးခဲ့သော အသက် ၁၉ အရွယ် ဂျူးအောင်ကို စစ်မြေပြင်သို့ ပြန်သွားရန် ခွန်အားပေးသည်။
“အမျိုးသမီးတွေက ရှေ့တန်းစစ်မျက်နှာမှာ ကင်းထောက်တယ်။ တချို့က စစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတယ်” ဟု ဂျူးအောင်ပြောပြသည်။ “ဒါကြောင့် စစ်မြေပြင်ကို ဆေးတပ်သားအဖြစ် ပြန်သွားဖို့ ကျနော် ဆုံးဖြတ်လိုက်တယ်” ဟု သူကပြောသည်။
ထို့အပြင် သူ၏ အနာဂတ်အကြောင်း စဉ်းစားရသည်မှာ လွန်စွာ ရင်နာကြောင်း ဂျူးအောင်က ပြောသည်။
ခွေးတကောင်က သူ၏ အောက် မြေပြင်တွင် အေးမြသောနေရာရရန် တူးဆွနေစဉ် ဂျူးအောင်က သူ မြေမြုပ်မိုင်း နင်းမိသည့်အကြောင်း ပြန်ပြောပြသည်။ ဒဏ်ရာရသော ရဲဘော်တဦးကို ကူညီပြီး အပြန်တွင် သူ၏ခန္ဓာကိုယ်သည် ပူလောင်လွင့်စင်သွားသည်။
“ကျနော် ပြေးဖို့ကြိုးစားပေမယ့် မြေကြီးပေါ် လဲကျသွားတယ်။ ကျနော့်ခြေထောက်ကို ကြည့်လိုက်တော့ ကျနော် ကြောက်သွားတယ်” ဟု သူကပြောသည်။
သူ့အမေက သူ့ကိုတွေ့သောအခါ ဂုဏ်ယူသောကြောင့် မျက်ရည်ကျကြောင်း ပြောသည်။
“ကျနော် သူ့ကို ကြည့်လိုက်တော့ သူ ဝမ်းနည်းနေတာ။ ဒါပေမယ့် အခုတော့ ကျနော် အကောင်းဆုံး ကြိုးစားနေတယ်။ စစ်တပ်ကို ထပ်တိုက်ဦးမယ်။ ကျနော်တို့ ပြည်သူတွေနဲ့ လွတ်လပ်မှုအတွက် ကျနော်တို့တိုက်နေတာ”
“ဒါပေမယ့် ကျနော် သူ့ကို ကြည့်လိုက်တော့ သူ ဝမ်းနည်းနေတာ” ဟု သူကပြောသည်။ “ဒါပေမယ့် အခုတော့ ကျနော် အကောင်းဆုံး ကြိုးစားနေတယ်။ စစ်တပ်ကို ထပ်တိုက်ဦးမယ်။ ကျနော်တို့ ပြည်သူတွေနဲ့ လွတ်လပ်မှုအတွက် ကျနော်တို့တိုက်နေတာ” ဟု ဂျူးအောင်က ပြောသည်။
နောက် ၁၈ ရက်ကြာသောအခါ ဂျူးအောင်သည် ၎င်းတို့စခန်းကို ပစ်မှတ်ထားခံရသည့် အမြောက်ဆံတခုမှ မသေဘဲ လွတ်မြောက်ခဲ့သော်လည်း အသက် ၂၄ နှစ်အရွယ် အခြားရဲဘော်တဦး သေဆုံးသွားခဲ့သည်။
သူသည် တိုက်ပွဲများကြောင့် အပြင်းအထန် ထိခိုက်နေသည့် ခုခံတော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် ဒေသများတွင် နေထိုင်သူ ရာပေါင်းများစွာအနက် တဦးဖြစ်သည်။
အသက် ၅၄ နှစ်အရွယ် ဒေါ်ခင်ဌေးမြင့်သည် စစ်ကောင်စီထံမှ ထွက်ပြေးလာပြီးနောက် ခင်ပွန်းဖြစ်သူသည် အရိုးနှင့်ဆိုင်သော ရောဂါကြောင့် သေဆုံးသည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက အိမ်နီးချင်းများ ၎င်းတို့အိမ်သို့ ပြန်သောအခါ သူလည်း လိုက်သွားခဲ့ပြီး သူ၏ အိမ်ပြင်ပ အိမ်သာအနီးတွင် မြက်ပင်များ အကြီးအကျယ် ပေါက်နေသည်ကို တွေ့ရသောကြောင့် မြက်ရှင်းသည်။
ထိုအချိန်တွင် သူသည် ၁၃ ပေခန့် လွင့်စင်သွားပြီး ပြန်လည် ပြုတ်ကျလာသောအခါ ညာဖက် ခြေထောက် ပြတ်သွားသည်။ ဘယ်ဘက် ခြေသလုံးကြွက်သား ထက်ဝက်ခန့်လည်း ပြတ်တောက်ပြီး လက်ချောင်းတခုလည်း ပြတ်သွားသည်။ စစ်တပ်က ထောင်ထားခဲ့သည် မြေမြှုပ်မိုင်းဖြစ်ကြောင်း ဒေါ်ခင်ဌေးမြင့်က ပြောသည်။
“ညတိုင်းလိုလို ဒဏ်ရာက နာတယ်။ အိပ်လို့ မရဘူး” ဟု သူကပြောပြသည်။ မည်သို့များ တောင့်ခံနေနိုင်သနည်းဟု မေးသောအခါ ဒေါ်ခင်ဌေးမြင့် ဆွံ့အသွားသည်။ ဒေါ်ခင်ဌေးမြင့် ငိုချလိုက်စဉ် သူ့မိခင်ကြီး ဒေါ်ရင်မေက ဝင်ဖြေပေးပါသည်။
“သူက ပျော်နေတယ်လို့ ဟန်ဆောင်ဖို့ ကြိုးစားနေတာ” ဟု ဇရာအရေးအကြောင်းများဖြင့် မျက်ခွံလေးနေသည့် သူမ၏ မိခင်က ပြောသည်။ “သူ့အသိတွေက သူ့ကိုဝန်းရံပြီး အားမငယ်ဖို့နဲ့ သူ့မှာ သားကောင်းတယောက် ရှိသေးတယ်” လို့ပြောကြတယ်။
ဒေါ်ခင်ဌေးမြင့်၏သား အသက် ၃၁ နှစ်အရွယ် အောင်သန်းနစ်က မိတ်ဆွေများလာသောအခါ သူ့အမေ ပျော်ရွှင်နေတတ်ကြောင်း ပြောသည်။
“ဒါပေမယ့် သူတယောက်တည်းရှိနေရင် စိတ်ဓာတ်ကျနေတာ တွေ့ရတယ်” ဟုလည်း သူကပြောသည်။
တောင်ကုန်းတခုထိပ်မှ အသက် ၂၀ အရွယ် ခုခံတော်လှန်ရေးစစ်သည် အောင်ကျော်မင်းသည် ဒီးမော့ဆိုမှ မြေပြန့်ဒေသနှင့် တစစီပြိုကျနေသည့် ဘုရားကျောင်းများကို ကြည့်နေသည်။ သူ၏ ဝမ်းဗိုက်ကို ဖြတ်သန်းနေသည့် ကြီးမားသော အမာရွတ်တခုက ၂၀၂၂ ခုနှစ်၊ မတ်လတွင် သူ အသက်ဆုံးရှုံးလုနီးပါး ဖြစ်စေသော မော်တာကျည်ဆံတခုအကြောင်း ပြောပြနေသည်။ သူ့ကို တောတွင်းတွင် ဝှက်ထားသည့် ဆေးရုံတွင် သုံးကြိမ်ခွဲစိတ်ပေးသည့် ဆံပင်ဆေးဆိုးထားသော ဆရာဝန်ကြောင့် သူ အသက်ရှင်နေခြင်းဖြစ်ကြောင်း အောင်ကျော်မင်းက ပြောသည်။
“သူ့ (အဲဒီဆရာဝန်) ကြောင့် အသက်တွေ အများကြီးကို ကယ်နိုင်ခဲ့တယ်” ဟု ပြောသည်။
အသက် ၃၇ နှစ်အရွယ် ထိုဆရာဝန် ဒေါက်တာ မျိုးခန့်ကိုကိုသည် အညိုရောင်မှ စိမ်းပြာရောင်အထိ ဆံပင် အရောင်အမျိုးမျိုး ပြောင်းသည်။ သူ့ဆံပင်နောက်ဆုံးအရောင်မှာ မဟော်ဂနီရောင် ဖြစ်သည်။
“ကျနော် လွတ်လွတ်လပ်လပ် နေချင်တယ်” ဟု သူကပြောသည်။ “ကျနော်က အလှအပ ကြိုက်တယ်။ ဆံပင်အရောင်က လူနာတွေအတွက် ပြဿနာမဟုတ်ဘူး။ အရေးကြီးတာက စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာ ရှိဖို့ပဲ” ဟု ဒေါက်တာ မျိုးခန့်ကိုကိုက ပြောသည်။
ကျပ်သိပ်နေသည့် လူနာဆောင်များတွင် လူနာများ၊ ဧည့်သည်များနှင့် ဆွေမျိုးများသည် ဆေးရုံအဆောက်အအုံများ အစုအဝေးအနီး တည်ဆောက်ထားသည့် ဗုံးခိုကျင်း အဆောက်အအုံ ငါးခုတွင် အိပ်စက်ရသည်။ ထိုဆေးရုံနေရာကို ဖေဖော်ဝါရီလက စစ်ကောင်စီ တိုက်လေယာဉ်များ ဗုံးကြဲသောကြောင့် ကာကွယ်နိုင်သည့် နေရာသစ်သို့ ရွှေ့ပြောင်းထားခြင်း ဖြစ်သည်။ ဧပြီလနှောင်းပိုင်းတွင် ရှမ်းပြည်တောင်ပိုင်းမှ စွန့်ပစ်ထားသည့် ဆေးခန်းနှင့် ဆေးရုံကိုလည်း လေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးစေပြီး ဆရာဝန် နှစ်ဦးသေဆုံးစေကြောင်း ခုခံတော်လှန်ရေး အင်အားစုများက ပြောသည်။
“ဆေးရုံတွေမရှိတော့ရင် စစ်ပွဲမှာ ဒဏ်ရာရတဲ့သူတွေကို မကုသနိုင်တော့ဘူး။ ဒါကြောင့် သူတို့က ဆေးရုံတွေနဲ့ ဆေးဝန်ထမ်းတွေကို ပစ်မှတ်ထားနေတာ” ဟု ဒေါက်တာ မျိုးခန့်ကိုကိုက ပြောသည်။
“ဆေးရုံတွေမရှိတော့ရင် စစ်ပွဲမှာ ဒဏ်ရာရတဲ့သူတွေကို မကုသနိုင်တော့ဘူး။ ဒါကြောင့် သူတို့က ဆေးရုံတွေနဲ့ ဆေးဝန်ထမ်းတွေကို ပစ်မှတ်ထားနေတာ” ဟု ဒေါက်တာ မျိုးခန့်ကိုကိုက ပြောသည်။ “များသောအားဖြင့် စိတ်ဒဏ်ရာ ရတဲ့သူတွေ၊ မြေမြှုပ်မိုင်း၊ မော်တာနဲ့ ဦးနှောက်ထိခိုက်သူတွေကို ကျနော်တို့ ကုသပေး နေရတာ” ဟု ၎င်းကပြောသည်။
လစာငွေငြင်းပယ်ပြီး အခမဲ့ ကုသမှုပေးသော ထိုဆေးရုံသည် လှူဒါန်းငွေများကို မှီခိုရသည်။ ထိုသို့သော အလှူငွေရရန်အတွက် ဒေါက်တာ မျိုးခန့်ကိုကိုသည် စစ်ကောင်စီကျန်းမာရေးစနစ်တွင် လုပ်ကိုင်နေသည့် လုပ်ဖော်ကိုင်ဘက်များထံသို့ တခါတရံ သွားရောက်ရသည်။
“ကျနော် သူတို့နဲ့ စကားမပြောချင်တော့ဘူး၊ ဒါပေမယ့် ကျနော် အလှူငွေလိုတော့ စကားပြောရတယ်၊ နှစ်ဖက်လုံးမှာ အဲဒီလိုပဲဖြစ်နေတာ” ဟု သူကပြောသည်။
ဆီးအိမ်ကျောက်တည်ခြင်းနှင့် ကူးစက်ရောဂါများသည် အတွေ့ရအများဆုံး ရောဂါများတွင် ပါဝင်သည်မှာ သန့်စင်သောရေ မရခြင်းခြင်းကြောင့်ဖြစ်ကြောင်း ကိုးကားပြောဆိုသည်။ ကလေးသူငယ်များ ခန္ဓာကိုယ် အစိတ်အပိုင်း ပြတ်တောက်ခြင်းနှင့် အီကိုလီ ဝမ်းရောဂါပိုးဝင်သည့် ကူးစက်ခြင်းများ မြင့်မားလာကြောင်း ဒေါက်တာ မျိုးခန့်ကိုကိုက ပြောသည်။
“ကျနော်တို့တွေက ဒီမှာ အသုံးအဝင်ဆုံးပဲ” ဟု ၎င်းကပြောသည်။ “ကျနော်တို့တွေက အန္တရာယ်အများဆုံး ကိစ္စအများအပြားကို ရင်ဆိုင်ရပေမယ့် ကျနော်တို့စိတ်က ဒီနေရာမှာပဲ လွတ်လပ်တယ်လို့ ခံစားနေရတယ်” ဟု ပြောသည်။
အခါအားလျော်စွာ ဆရာဝန်များသည် စစ်သုံ့ပန်း (PoW) များကို ကုသပေးရပြီး ၎င်းတို့အနက် အချို့သည် စစ်ကောင်စီတပ်မှ ဘက်ပြောင်းလာသည့် ရဲများက စီမံအုပ်ချုပ်သည့် ထောင်ငယ်များတွင် အကျဉ်းချခံရသည်။ ရဲအရာရှိ ၁၂၀ ပါဝင်သည့် ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (KSP) ကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် ဖွဲ့စည်းပြီး ပိုင်နက်အတွင်း စခန်း ရှစ်ခုတွင် တာဝန်ထမ်းဆောင်နေသည်။
“KSP သာမရှိရင် ဒလန်တွေ၊ သုံ့ပန်းတွေကို ဖမ်းထားစရာနေရာ မရှိတော့ သူတို့တွေ အသတ်ခံရနိုင်တယ်” ဟု KSP တည်ထောင်သူတဦးဖြစ်သူ အသက် ၃၂ နှစ်အရွယ်ရှိ ဦးဘိုဘိုက ပြောသည်။
“KSP သာမရှိရင် ဒလန်တွေ၊ သုံ့ပန်းတွေကို ဖမ်းထားစရာနေရာ မရှိတော့ သူတို့တွေ အသတ်ခံရနိုင်တယ်” ဟု KSP တည်ထောင်သူတဦးဖြစ်သူ အသက် ၃၂ နှစ်အရွယ်ရှိ ဦးဘိုဘိုက ပြောသည်။
ဦးဘိုဘိုသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပေါ်ပေါက်ချိန်တွင် နယ်ချင်းစပ်ပြည်နယ်တခု၌ ဒုရဲအုပ်ဖြစ်သည်။ ထိုစဉ်က ဆန္ဒပြသူများသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ပုံကို လမ်းမများတွင် ကပ်ပြီး ဆန္ဒပြသူများ နင်းချေရန် လုပ်ဆောင်နေချိန်ဖြစ်သည်။ သို့သော် ထိုပုံများကို ဖယ်ရှားရန် ညွှန်ကြားချက်များ ရဲတပ်ဖွဲ့သို့ ရောက်လာသည်။
“အဲဒီတုန်းက ပြည်သူတွေက ကျနော်တို့ အဲဒီပုံတွေကို ရှင်းလင်းတာကို ကြည့်နေကြတယ်” ဟု ၎င်းကပြောသည်။ “ကျနော် ရှက်တယ်။ ပြည်သူတွေက ကျနော်တို့ကို မကြိုက်ဘူး။ သူတို့မျက်လုံးတွေထဲမှာ အဲဒါကို ကျနော် တွေ့နေရတယ်။ ကျနော့်ကိုယ်ကျနော် ရှက်တယ်” ဟု ဦးဘိုဘိုက ပြောသည်။
ရှင်သန်ရပ်တည်ရန် ဝင်ငွေရမည့် အာမခံချက်ရှိသောအခါ ရဲအလုပ်ကို စွန့်လွှတ်ပြီး စစ်ကောင်စီ လက်အောက်တွင် မနေလိုသည့် အခြားသူ ရာပေါင်းများစွာနှင့် အတူပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည်။
“အလုပ်မရှိဘဲ ဘယ်လို ဆက်လက် ရပ်တည်ရမယ်ဆိုတာ ကျနော်မသိပေမယ့် ကျနော့်အတွက် အဲဒါတွေက အရေးမကြီးတော့ဘူး။ ဒါကြောင့် လူထုအာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာပါဝင်ပြီး စခန်းက ထွက်လာခဲ့တယ်” ဟု ၎င်းကပြောသည်။
တော်လှန်ရေးအတွက် လူထုထောက်ခံမှုသည် အရေးကြီးကြောင်း အသက် ၄၇ နှစ်အရွယ် ဒေသခံ ကရင်နီ နိုင်ငံရေးသမား ခူးပလူးရယ်က ပြောသည်။ စစ်အုပ်ချုပ်ရေး၏ ဖိနှိပ်မှုသည် ၎င်းတို့ ယဉ်ကျေးမှုများနှင့် ဘာသာစကားများကို ပျောက်ကွယ်စေမည်ဖြစ်ကြောင်း ပြောသည်။
သူသည် စစ်ကိုငြီးငွေ့နေသည့် စစ်ဘေးရှောင် ပြည်သူများကို ထိတွေ့ဆက်ဆံနေရသောကြောင့် ၎င်းတို့အတွက် မိန့်ခွန်းတခုကို ပြင်ဆင်နေချိန်ဖြစ်ကြောင်း သူပြောသည်။
“ဒါဟာ စစ်အုပ်စုကို ကျနော်တို့ တိုက်ခိုက်ရတဲ့ နောက်ဆုံးအကြိမ်ဖြစ်ရမယ်” ဟု သူက ပြောသည်။ “ကျနော်တို့ မတိုက်ရင် ကျနော်တို့ မြင်ချင်တဲ့နိုင်ငံကို ကျနော်တို့ မြင်ရတော့မှာ မဟုတ်ဘူး။ ဒါဟာ ကျနော်တို့အတွက် အရင်တုန်းက မကြုံဖူးတဲ့ အကြီးမားဆုံးအခွင့်အလမ်းပဲ။ ကျနော်တို့ တိုက်ပွဲဝင်ရမယ်” ဟု ခူးဖူးရယ်က ပြောသည်။
(The Guardian ပါ Lorcan Lovett ၏ In the targets of the junta: life and war inside rebel-held Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
ကရင်နီမှာ ထိုးစစ်ဆင်တဲ့ စစ်ကောင်စီတပ် အကျအဆုံးများ
မြေမြှုပ်မိုင်း သို့မဟုတ် စစ်ပွဲပဋိပက္ခကြားက အန္တရာယ်ထောင်ချောက်
ကရင်နီစစ်မျက်နှာကို ဆန်းစစ်ခြင်း အပိုင်း (၁)
ကရင်နီစစ်မျက်နှာကို ဆန်းစစ်ခြင်း အပိုင်း (၂)