“မေ” ဝတ္ထုကို ဖတ်ပြီးနောက် စာရေးဆရာ ဒဂုန်တာရာ အရေးအသား ကောင်းသည်တွေ မွှမ်းမနေချင်ဘဲ ၎င်းအား ကျေးဇူး တင်သည့် အကြောင်းသာ ဖြစ်ပေါ်လာသည်။
မိန်းမတယောက်၏ ထွေလီကာလီ ပေါ့ပေါ့လေလေ လျှပ်ပေါ် လော်လီပုံတွေကို အနုစိပ်ပြထားလေရာ ဤလိုမိန်းမမျိုးသည် ဒဂုန်တာရာသာ စာအုပ်ထဲတွင် ရေးသော မိန်းမတမျိုး ဖြစ်သည်။
အဘက်ဘက်က ပြည့်စုံ ချမ်းသာလျက်နှင့် ဤမျှလောက် ပေါက်လွှတ်ပဲစားမျိုး မရောက်ထိုက်။ ရောက်ထိုက်၍ မဖြစ်သင့်၊ မဖြစ်သင့်၍ ဤမိန်းကလေးမျိုး မရှိဟူ၍ ထင်မှတ်ကြပါမူ အလွဲကြီး လွဲကြလိမ့်မည်။
သို့သော် ပုထုစဉ်မှန်လေသမျှ ကိလေသာ ကာမ ရှိသသူချည်းသာလျှင် ဖြစ်ကြရာ ကိလေသာနှင့် ယှဉ်လျှင် မှောင်အတိကျ၍ မျက်စိအကန်းကဲ့သို့ နစ်မွန်းမြဲ မှန်ပေသော်လည်း လောက၌ မိန်းမတိုင်း ကာမရမ္မက် အလိုကို ပညာဉာဏ် တည်းဟူသော အဆီးအတားမရှိ ပျက်စီးကြသည်သာ ဟူ၍လည်း မအောက်မေ့ကုန်ရာ။
အမေ ကချေသည်၊ အဖေ စန္ဒရားဆရာ တို့မှ ပေါက်ဖွားခဲ့ပြီး ဆွေမျိုးဟူ၍လည်း မဲ့လျက် မိလည်း မရှိ၊ ဖလည်း မရှိ အချိန်၌ အရွယ်ကလည်း ရောက်နေပြီး အုပ်ထိန်းသူ မရှိသောကြောင့် ပျက်စီးရာ ပျက်စီးကြောင်းသို့ အလွယ်ကလေး ရောက်အောင် စာရေးဆရာ ဇာတ်အိမ်တည်လျက် ပို့ဆောင်ပေးထားပုံတွေမှာ လောကကြီးတွင် မဖြစ်နိုင်သည်တွေကို ချဲ့ထွင်ရေးသားပုံမျိုး တပိုဒ် တပုဒ်မှ မပါရှိဘဲ ဖြစ်ရိုးဖြစ်စဉ် ဖြစ်လျက်ပျက်လျက် ရှိသော လောကကြီး၏ ပျက်စီးရာ ပျက်စီးကြောင်း လှိုင်းတံပိုးကြီး အပုတ်ခံသွားခြင်း ဖြစ်၍ မဖြစ်နိုင်ဘူးဟု ပြောစရာမရှိသလို အံ့သြစရာလည်း မရှိပေ။
လူမှာ အမျိုး၊ ကြက်မှာ အရိုး ဟူ၍ ရှေးပညာရှိတို့၏ စကားကို လွဲသည်ဟု ပုန်ကန်ကြဖို့ရာ ခက်ခဲလှပေသည်။ ချောင်းရိုး၊ မြောင်းရိုးသာ တိမ်ကောလျက် မျိုးရိုး မတိမ်ကောဟု ဆိုကြသည်။
သို့ဖြစ်၍ အကြင်ယောက်ျားကလေးတိုင်း အိမ်ထောင်ရေး အတွက် မိမိနှင့် အကြောင်းဆက်မည့် အိမ်သူမိန်းမမှာ မိမိမျိုးရိုးနှင့် တန်းတူ၊ သို့မဟုတ် မိမိမျိုးရိုးထက် အဆင့်အတန်း မြင့်သူကိုသာလျှင် ရွေးချယ် လက်ထပ်၍ မိမိတို့ မျိုးရိုးထက် အဆင့်အတန်း နိမ့်ကျသော မျိုးရိုး၊ ကလနားမရှိ စည်းလွတ် ဝါးလွတ် စည်းမဲ့လှသော သူတို့အား ကြင်သူ သက်ထား မရွေးမှားလေနှင့်ဟု အချစ်နာမထိအောင် လူကြီးများ ဆိုဆုံးမသမှု ပြုကြသည်။
ကိလေသာ ကာမ ရမ္မက်အရ ပျော်ရွှင်မှုသာ ကြည့်မိသော ဆန္ဒသည် မိမိ၏ တသက်တာ အတွက် အမြင့်သို့ တက်မည့်၊ အထွတ်သို့ရောက်မည့် အရည်အချင်း အကျင့်စိတ်ဓာတ် အားလုံးတို့ကို တတိတိကိုက်ဖြတ် တုံးတိသွားစေမည့် အဆိပ်ရည် လူးထားသည့် လွှတလက်ကဲ့သို့ မက်ချင်စရာဟူ၍ လားလားမှမရှိအောင် မရူးမမူးကြဘဲ သတိပညာနှင့် ဆင်ခြင် ချင့်ချိန်နိုင်ကြလောက်အောင် ရေးသားဖော်ပြထားမှုတွေကို စာဖတ်ပရိသတ် ယောက်ျား လူငယ်လူရွယ်ကလေးများ အတွက် ကျေးဇူးတင်မိကြောင်း ဖော်ပြရပေမည်။
ဤတွင်မျှမက ဤမျှလောက် မပြီး။
အကြင်မိန်းမတို့သည် အရှက်ရှိမှ အကြောက်ရှိသည်၊ အကြောက်ရှိမှ အရှက်ရှိသည် ဆိုသည့်စကားကိုလည်း မှန်မမှန် မိန်းကလေး တယောက်၏ လည်မှ စိန်ကြိုးကို ကောလိပ် ကျောင်းသူ “မေ” ဖြုတ်ယူပုံနှင့် တကွ “မေ့” အကျင့်စာရိတ္တတွေကို ထင်ရှားအောင် ဖော်ပြလိုက်သောကြောင့် မိန်းမတမျိုးလုံးအား အရှက်ရှိမှ အကြောက်ရှိသည့် သင်ခန်းစာကြီး တရပ် ပေးလိုက်ခြင်းလည်း ဖြစ်သည်ဟု မိန်းမများ ကိုယ်စား ကျေးဇူးတင်ရပေဦးမည်။
ဤစာအုပ်ကို ဖတ်၍ စာရေးဆရာ၏ စကားသွား၊ စကားလုံး၊ စကားနု၊ စကားလှ များသည် ရနံ့သင်းသည့် ပန်းဖူး၊ ပန်းငုံ၊ ပန်းပွင့်၊ ပန်းဖတ် သဖွယ် ဖတ်သူတို့အဖို့ မွေ့လျော် ယစ်မူးဖွယ်ရာ ဖြစ်စေပေကာမူလည်း “မေ့” လို ဘဝကို သာယာမိဖို့ စိတ်မျိုး ကူးစက် ပေါ်ပေါက်ခြင်း မရှိချင်အောင် နောက်ဆုံး၌ ကလောင်နှင့် ချေမှုန်းပစ်လိုက်သည့် အတွက် ပြာပုံထဲကခွေး ပြာပုံထဲသာ ပျော်သည့် ဥဒါန်းအတိုင်း ပျက်စီးချင်သည့် သူများ ဖတ်ရလျှင်ပင် အလင်းနှင့် အမှောင်ကို ခွဲခြား၍ မြင်နိုင်ပေသည်။
ပညာ တတ်၍ အလုပ်အကိုင် ရှိကြလျက် အုပ်ထိန်းသူလည်း မရှိ။ လွတ်လွတ်လပ်လပ် ဘဝတွင် ချို့ချို့ငဲ့ငဲ့ အကြောင်းတို့ကြောင့် ပတ်ဝန်းကျင် ဂုဏ်ပကာသန အလှမျိုးစုံကို ခုံမင်ပြီး ကိုယ့်ဘဝကို ရေစီးရာ၌ မျောနေကြသော လုံမပျိုတွေကား ရန်ကုန်မြို့ကြီး၌ပင် အနမတဂ္ဂ ပေါများလှလေသည်။
ဤ အမျိုးသမီးများသည် မိဂုဏ်၊ ဘဂုဏ်ကိုလည်း ထောက်စရာ၊ ငဲ့စရာ မရှိ၊ လုပ်ချင်ရာ လုပ်နိုင်သည် အထိ လွတ်လပ်ရ၍ ၎င်းတို့အား သွန်သင်ပဲ့ပြင် တက်ကိုင်ပေးသူ မရှိက “မေ” ကဲ့သို့ အလားတူ ဘဝသို့ ရောက်ဖို့ရာ နီးစပ်လှသဖြင့် ဤစာအုပ် သည် ၎င်းတို့အဖို့ အကျင့်စာရိတ္တ ပြုပြင်ရေး အတွက် အထောက်အပံ့ကြီးရ၍ “မေ” ကို ဖတ်မိသူတိုင်း မိမိဘဝကို နှမြော မိကြ ပါစေဟု ဆုတောင်းရပေတော့မည်။
ဤ ဝတ္ထု၌ ဝတ္ထု အစတွင် “မေ” အား တကောင်ကြွက်ကလေး ကဲ့သို့ ကရုဏာ သက်၍ သွားပေမည်။
တရွက်ပြီး တရွက် ကုန်၍ တရွက်ပြီး တရွက် လှန်ဖတ်ရင်း ကရုဏာတွေ လျော့မှန်းမသိအောင် လျော့လျော့လာရာက တစတစ မြင်ပြင်းကတ်ချင်သည့် အဖြစ်သို့ ပြောင်းလဲလာပြီး “မေ” ကိုပင် ရိုက်ချင်သည့် စိတ်များပေါက်အောင် ဝတ္ထု၏ အရသာ ကလေးကို တွေ့ကြရပေလိမ့်မည်။ ။
(စာရေးဆရာမကြီး ဂျာနယ်ကျော် မမလေး ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာပေက ၂၀၁၇ ခုနှစ် ဧပြီလတွင် ထုတ်ဝေသော “ဂျာနယ်ကျော် မမလေး စာအုပ် အမှာစာများနှင့် စာအုပ် ဝေဖန်ချက်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆောင်းပါးတွင် ပါဝင်သည့် ဆရာကြီး ဒဂုန်တာရာ ရေးသားသော “မေ” ဝတ္ထုကိုမူ နဂါးနီ စာအုပ်တိုက်က ၁၉၄၁ ခုနှစ် သြဂုတ်လတွင် ပထမအကြိမ် ထုတ်ဝေခဲ့ခြင်း ဖြစ်ပါသည်။ ယင်းဝတ္ထုကို မကြာသေးခင်က အထိ ပြန်လည် ထုတ်ဝေထားသည်မှာလည်း ၈ ကြိမ်ခန့်ရှိပြီ ဖြစ်ပါသည်။ ဆရာမကြီး ဂျာနယ်ကျော် မမလေးသည် ၁၉၁၇ ခုနှစ် ဧပြီလ ၁၃ ရက်တွင် မွေးဖွားခဲ့ပြီး ၁၉၈၂ ခုနှစ် ဧပြီလ ၆ ရက် အသက် ၆၅ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)
စာရေးဆရာမကြီး ဂျာနယ်ကျော် မမလေး ပညာရေး နှင့် စာပေဘဝ အကျဉ်း
ဆရာမကြီး ဂျာနယ်ကျော် မမလေးကို ဧရာဝတီတိုင်း ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ကမာကလူ ကျေးရွာ၌ အဖ ဦးပျားချို (ဒေါ်ဆင် ဘဏ်မန်နေဂျာ)၊ အမိ ဒေါ်ကွီ တို့က ၁၉၁၇ ခု ဧပြီလ ၁၃ ရက် သောကြာနေ့တွင် မွေးဖွားခဲ့ပါသည်။
မွေးချင်း ၅ ဦးတွင် စတုတ္ထမြောက် ဖြစ်ပြီး အမည်ရင်း မတင်လှိုင် ဖြစ်ပါသည်။
၁၉၂၂ ခုတွင် ဖျာပုံ အေဘီအမ် ကျောင်း၌ အစိုးရကျောင်းမှ ၁၉၂၇ ခုတွင် သတ္တမတန်း အောင်မြင်သည်။ ထို့နောက် ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း ရန်ကုန် မြို့မ အမျိုးသမီး ကျောင်း၌ နဝမတန်း (၁၉၃၂) အထိ ပညာ သင်ကြားခဲ့ပါသည်။
၁၉၃၈ ခုတွင် မြန်မာ့အလင်း သတင်းစာ အယ်ဒီတာချုပ် ဦးချစ်မောင် (ဂျာနယ်ကျော် ဦးချစ်မောင်) နှင့် လက်ထပ် ပေါင်းသင်းခဲ့ပါသည်။
၁၉၄၆ ခု ဧပြီလ ၃ ရက်တွင် ခင်ပွန်းဖြစ်သူ ဂျာနယ်ကျော် ဦးချစ်မောင် ကွယ်လွန်၍ သား ၂ ဦး၊ သမီး ၁ ဦး ကျန်ရစ်ခဲ့သည်။ ၁၉၅၉ ခု မေလ ၁၄ ရက်တွင် ဦးအောင်ဇေယျ နှင့် နောက်အိမ်ထောင် ပြုပါသည်။
ဆရာမကြီးသည် ၁၉၃၆ – ၃၇ တွင် ဘိုကလေးမြို့ တို့ဗမာ အစည်းအရုံးတွင် အဖွဲ့ဝင်၊ တက်ခေတ် အမျိုးသမီး အဖွဲ့ ဥက္ကဋ္ဌ နှင့် ဂျာနယ်ကျော် ထုတ်ဝေသူလည်း ဖြစ်သည်။
၁၉၃၉ တွင် ဂျာနယ်ကျော်နှင့် ပြည်သူ့ဟစ်တိုင် သတင်းစာ အယ်ဒီတာ။
၁၉၄၇ တွင် အမျိုးသမီး ကလောင်ရှင်အသင်း ဒု ဥက္ကဋ္ဌနှင့် ကလောင်ရှင်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ။
၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌနှင့် ကမာ္ဘ့ငြိမ်းချမ်းရေး ကွန်ဂရက် မြန်မာနိုင်ငံ ဒု ဥက္ကဋ္ဌ။
၁၉၆၁ – ၆၂ မြန်မာနိုင်ငံ စာရေးဆရာ စာပေကလပ် အတွင်းရေးမှူးချုပ် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။
၁၉၅၂ က တရုတ်နှင့် ဆိုဗီယက်သို့ ယဉ်ကျေးမှု ကော်မတီ အဖွဲ့ဝင်၊ ၁၉၅၅ က အာရှတိုက် စာရေး ဆရာများ ကွန်ဖရင့် နယူးဒေလီ၊ ၁၉၅၈ က အဏုမြူ ဆန့်ကျင်ရေး ကွန်ဖရင့် ဂျပန်၊ ၁၉၈ဝ က ဂျပန် ဘာသာပြန် “သွေး” ဝတ္ထု အတွက် ဂုဏ်ပြု ဖိတ်ကြားခြင်းဖြင့် နိုင်ငံရပ်ခြားများသို့လည်း သွားရောက်ခဲ့ပါသည်။
ပထမ ပုံနှိပ်ဆောင်းပါးမှာ ၁၉၃၆ – ၃၇ မြန်မာ့အလင်း သတင်းစာပါ အမျိုးသမီးများ ဏကြီးသတ် ဉာဏ် ရှိကြရန် ဖြစ်သည်။
ပထမ ပုံနှိပ်ဝတ္ထုမှာ ၃၁ – ၅ – ၁၉၄၁ ထုတ် ဂျာနယ်ကျော်တွင် ဖော်ပြသော “မသိရလေခြင်း” ဝတ္ထု ဖြစ်သည်။
ထင်ရှားသော စာအုပ်များမှာ သူမ (၁၉၄၅)၊ သူလိုလူ (၁၉၄၇)၊ သူလိုမိန်းမ (၁၉၄၈)၊ ရှုမငြီး (၁၉၄၈)၊ စိတ် (၁၉၅၁)၊ ကမာ္ဘမြေဝယ် (၁၉၅၂)၊ မုန်း၍မဟူ (၁၉၅၅)၊ တွေးတစိမ့်စိမ့် (၁၉၆၃) [လှတမျက်နှာ – ၁၉၆၉]၊ ရင်နင့်အောင်မွှေး (၁၉၆၇)၊ ရင်မှတရှိုက် (၁၉၇၉)၊ သွေး (၁၉၇၃)၊ ဂျာနယ်ကျော် မမလေး၏ ဘဝ ပုံရိပ်များ (၂ဝဝ၂) တို့ ဖြစ်ကြ၏။
မုန်း၍မဟူ စာအုပ်ဖြင့် ၁၉၅၅ ခု စာပေဗိမာန်ဆု၊ တွေးတစိမ့်စိမ့်ဖြင့် ၁၉၆၃ ခု အနုပညာ စာပေဆု ဝတ္ထုတို ပေါင်းချုပ် တတိယဆု ရရှိခဲ့သည်။
နိုင်ငံခြား ဘာသာသို့ ပြန်ဆိုခဲ့သည်များမှာ မြက်ကလေးတပင် (ဂျာမန် – ၁၉၆၈)၊ တွေးတစိမ့်စိမ့် (ရုရှ – ၁၉၈၄)၊ သွေး (ဂျပန် – ၁၉၇၇)၊ မုဆိုးမ (အင်္ဂလိပ်)၊ မုန်း၍မဟူ (ရုရှ၊ ဥဇဘက်၊ ပြင်သစ်၊ တရုတ်) တို့ ဖြစ်ကြသည်။
ဂျာနယ်ကျော် မမလေး အပြင် ကလောင်ခွဲများမှာ ရဝေလှိုင်၊ လှတခိုင်၊ ဘိုကလေး မတင်လှိုင် တို့ဖြစ်ပြီး စာရေးဆရာ၊ သတင်းစာဆရာ အဖြစ်သာမက တိုင်းရင်းဆေး ပညာရှင် အဖြစ်လည်း ထင်ရှားသည်။
၁၉၆၇ တွင် မြန်မာ့ ဆေးပညာ စာအုပ်ကို ပြုစုခဲ့ကြောင်းလည်း သိရပါသည်။