(၁)
ကျနော်တို့ ခေတ်သည် သတင်းစာ ပေါသော ခေတ်တည်း။
နေ့စဉ် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ကုလား သတင်းစာ ၃၀ ကျော်ထွက်သည်။ ဤစာရင်းသည် ရန်ကုန် တမြို့တည်းသာ ရှိသေးသည်။ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ ဟင်္သာတ စသည့် နယ်သတင်းစာများ မပါသေးချေ။
ကျနော်တို့ ခေတ်သာလျှင် မဟုတ်။ မြန်မာနိုင်ငံတွင် ခေတ် အဆက်ဆက် သတင်းစာ ပေါခဲ့သည်။
ပထမဆုံး သတင်းစာဟု ယူဆရသော မော်လမြိုင် ခရော်နီကယ် သတင်းစာ ထွက်ချိန် ၁၈၃၇ ခုမှ မြန်မာ တနိုင်ငံလုံး ဗြီတိသျှ လက်အောက် ကျရောက်သည့် ၁၈၈၅ ခုအထိ မော်လမြိုင်၊ ရန်ကုန်၊ စစ်တွေ၊ ပုသိမ်၊ မန္တလေး စသော မြို့များတွင် အင်္ဂလိပ်၊ မြန်မာ သတင်းစာ ဂျာနယ် ၅၀ နီးပါး ပေါ်ထွက်ခဲ့သည်။
သီပေါမင်း ပါတော်မူသည့် ၁၈၈၅ ခုမှ အင်္ဂလိပ် ပြေးချိန်အထိ သတင်းစာ ဂျာနယ်ပေါင်း ၂၀၀ ခန့် ထွက်ခဲ့သည်။
ဂျပန်ခေတ် သုံးနှစ် အတွင်းတွင်သာ စက္ကူကရှား သတင်း ပိတ်ပင်မှုက ကြီးသဖြင့် သတင်းစာ နည်းပါးခဲ့သော်လည်း စစ်ပြီးချိန်မှ ယနေ့အထိ သတင်းစာ ဂျာနယ်ပေါင်း ၃၀၀ နီးပါး ထွက်ခဲ့ပြန်သည်။
အကြောင်း အမျိုးမျိုးကြောင့် တစောင်မဟုတ် တစောင်ပြုတ်ကာ တလှုပ်လှုပ် ကျော်ဖြတ်လာခဲ့သော မြန်မာ သတင်းစာ သမိုင်း ခရီးတာကား ခရီးသည်တို့ဖြင့် ပြည့်လျှမ်းခဲ့ပေသည်။
သို့သော် သူတို့၏ ခြေရာကို ကောက်ရန်မှာ ခက်လေစွ။
(၂)
မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းက သတင်းစာသမိုင်း ပြုစုမည်ဟု ကြေညာလိုက်သောအခါ စာပေ ဝါသနာရှင် အချို့က ရှေးသတင်းစာ အဟောင်းများကို လှူဒါန်းကြသည်။ ငှားရမ်းကြသည်။
သမိုင်း ပြုစုရေး အထောက်အထား ဖြစ်သော ရှေးသတင်းစာ ဟောင်းများကို တစောင်ပြီး တစောင် ကျနော် ဖတ်သည်။ မှတ်သည်။ ဓာတ်ပုံ ရိုက်သည်။ သမိုင်း ပြုစုရေး ကော်မတီဝင်များထံ လက်ဆင့်ကမ်းသည်။
ရှေးသတင်းစာဟောင်း တစောင် အကြောင်းကို ဤသို့ ရေးပြပါရစေ။
(၃)
ကျနော် တင်ပြသည့် သတင်းစာဟောင်များ အနက် “လောကသာရ” သတင်းစာသည် စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်သည်။
သတင်းဆောင်းပါးများကြောင့် မဟုတ်ပါ။ ကျနော်တို့ခေတ် သတင်းစာဖတ် ပရိသတ်တို့ မကြားဘူးသော သတင်းစာ ဖြစ်ခြင်းကြောင့် စိတ်ဝင်စားစရာ အကောင်းဆုံးဟု ဆိုရခြင်း ဖြစ်သည်။
“လောကသာရ” သတင်းစာ တစောင်လုံးတွင် စာမျက်နှာ မည်မျှ ရှိမည်ကို မခန့်မှန်းနိုင်ပါ။ ကျနော့်ထံ ရောက်လာသော “လောကသာရ” မှာ လေးမျက်နှာသာ ဖြစ်သည်။
စာမျက်နှာ နံပါတ်လည်း မတွေ့ပါ။ အမည်ခေါင်းစီး (မျက်နှာဖုံး) လည်း မပါပါ။ ပုံနှိပ် ထုတ်ဝေသူ၊ အယ်ဒီတာ၊ သတင်းစာတိုက် တည်ရာဌာန တို့ကို ဖော်ပြသည့် စာမျက်နှာလည်း မဟုတ်ပါ။
ထို လေးမျက်နှာလေး အကြောင်းကိုပင် ရေးပြပါမည်။
“လောကသာရ” အရွယ်မှာ ၁၃ လက်မ x ၁၀ လက်မခန့် ရှိသည်။ ကော်လံ ၃ ကော်လံ ရှိသည်။ သတင်း စာမျက်နှာ ထိပ်ပိုင်းက မျဉ်းသားပြီး ရက်စွဲ နှင့် သတင်းစာ အမည်ကို တပ်ပြထားသည်။ စာမျက်နှာ နံပါတ်ကား မရှိ။
စာမျက်နှာ လေးမျက်နှာ အနက် ပထမ မျက်နှာတွင် ကြော်ငြာ နှစ်ပုဒ်နှင့် စာတပုဒ် ရှိသည်။ စာမှာ မြို့တော် ပြုပြင်ရေး အဖွဲ့ ကော်မတီ အစည်းအဝေး မှတ်တမ်း ဖြစ်သည်။ အစည်းအဝေး မှတ်တမ်းကို “သိန်းဇံ စက္ကတေရီ မြို့တော် ပြုပြင်ရေး အဖွဲ့” ဟု လက်မှတ် ထိုးထားသည့် စာကြောင်းအထိ အပြည့်အစုံ ဖော်ပြထားသည်။
သတင်းလေလား ကြော်ငြာလေလား ကျနော် မခွဲခြားနိုင်ပါ။
ကြော်ငြာ နှစ်ပုဒ်မှာ မြွေပါဘုရင် ချောင်းဆိုးပျောက်ဆေး ကြော်ငြာ (တကော်လံဝက်) နှင့် ကုလားမ ခြင်းတောင်းဆွဲ နို့ဆီ ကြော်ငြာ (မျက်နှာဝက်) ဖြစ်သည်။
နောက် စာမျက်နှာတွင် ရန်ကုန်မြို့ ပေါက်ဈေးနှုန်းကို ဖော်ပြထားသည်။ ဒေးလီး မတ်ကက် ရီပို့ (နေ့စဉ် ကုန်ဈေးနှုန်း သတင်း) ဟု အင်္ဂလိပ် ဘာသာဖြင့် အပေါ်ဆုံးက ခေါင်းစဉ် တပ်ထားသည်။
ထိုဈေးနှုန်း အရ ပဲဖြူ အသစ် ၆၉ ပေါင် ၁၃၀ိ ဈေး၊ ကြို့ပင်ကောက် ကုလားပဲ ၆၅ ပေါင် ၂၄၀ိ ဈေး၊ ကြက်သွန် ဘင်္ဂလား ၃၆၀ ပေါင် ၃၁ိ ဈေး ရှိသည်။
တတိယ စာမျက်နှာတွင်မူ မျက်နှာဝက်စီ ကြော်ငြာ နှစ်ပုဒ် ရှိသည်။
အထက် ကြော်ငြာမှာ “ကုသိုလ်ဖြစ် အခမဲ့ အသုဘကားကြီးက ဆင်းရဲ ချမ်းသာ မရွေး ပို့ပေးပါကြောင်း” ဟူသော မသာကား ကြော်ငြာ ဖြစ်သည်။
အောက်ကြော်ငြာမှာ “ပုလင်းတံဆိပ် အာယုဒီဃ ဆေးကြီးကလည်း ရောဂါမရွေး ပျောက်ပါသည်” ဟူသော ဆေးကြော်ငြာ ဖြစ်သည်။
“လောကသာရ” အကြောင်းမှာ ဤမျှသာ ဖြစ်သည်။
ရေးရမည် ဆိုလျှင် တခြား ရှေးသတင်းစာများ အကြောင်းလည်း ရှိသေးသည်။ ဥပမာ ရတနာသီဟ သတင်းစာ၊ ဝံသာနု သတင်းစာ စသည်တို့ ဖြစ်သည်။
ရတနာသီဟ သတင်းစာသည် ရှမ်းပြည် သီပေါမြို့တွင် ငါးရက် တကြိမ် ထုတ်ဝေခဲ့သော သတင်းစာ ဖြစ်သည်။
ဝံသာနု သတင်းစာသည် ဗဟို သံဃ အဖွဲ့ချုပ်ကြီးက ကြီးမှူး၍ မြန်မာ အသင်းချုပ်ကြီးက ထုတ်ဝေခဲ့သည့် သတင်းစာ ဖြစ်သည်။
ဆက်ရေးပြရဦးမည် ဆိုလျှင် တခြား သတင်းစာများ အကြောင်းလည်း ရှိသေးသည်။
သို့သော် ကျနော့်ထံ ရောက်လာသမျှ ရှေးသတင်းစာများ အနက် “လောကသာရ” သည် စိတ်ဝင်စားစရာ အကောင်းဆုံးဟု ဆိုရမည်မှာ ကျနော် စောစောက ရေးခဲ့သည့်အတိုင်း ယနေ့ သတင်းစာဖတ် ပရိသတ်တို့ မကြားဘူးသလောက် တိမ်မြုပ် နေသော သတင်းစာ တစောင် ဖြစ်ခြင်းကြောင့်ပါပေ။
(၄)
စင်စစ် “လောကသာရ” ကို ရှေးသတင်းစာဟု ကျနော် ဆိုသော်လည်း ၁၂၉၂ ခု၊ ပြသိုလဆန်း ၁၃ ရက်ထုတ် သတင်းစာမျှသာ ဖြစ်သည်။
လက်ချိုးရေလျှင် “လောကသာရ” သက်တမ်းသည် လက် နှစ်ဖက် သုံးခါမျှသာ ချိုးရမည် ဖြစ်သည်။ သို့သော် ထိုမျှ “မအိုသေးသော” သတင်းစာမျှကိုပင် ရှေးသတင်းစာဟုပင် ဆိုနေရပေပြီ။
သတင်းစာ တစောင်လုံး မရနိုင်ဘဲ စာမျက်နှာ လေးမျက်နှာမျှသော သတင်းစာ အတိုအစကို ကြည့်ကာ လွမ်းရမည့် အခြေသို့ ရောက်နေလေပြီ။
ထုတ်ဝေသူ အမည်ကို မသိရ။ အယ်ဒီတာ အမည်ကို မသိနိုင်။ စောင်ရေကို မသိတတ်။ သက်တမ်းကို မသိဖွယ် အဖြစ်သို့ ရောက်နေလေပြီ။
(၅)
မော်လမြိုင် ခရော်နီကယ် သတင်းစာဖြင့် မာတာမိခင် ဖွားသန့်စင်လျက် အသက် ၁၂၀ ကျော် ရှည်လာခဲ့ပြီ ဖြစ်သော ကျနော်တို့ မြန်မာသတင်းစာ သမိုင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀ မှ သတင်းစာသည်ပင် ရှေးဟောင်း သတင်းစာပမာ ရှားရှားပါးပါး ဖြစ်နေသော သတင်းစာသမိုင်း ပြုစုရေးသည် “ခြေရာကောက်ခက် လမ်းစပျောက်ပျက်” ဖြစ်တော့ လေလိမ့်မည်လားဟု စိုးရိမ်မိသည်။
သတင်းစာအို သတင်းစာဟောင်းများ လက်ဝယ် စုဆောင်းပြီးရှိသူ စာပေဝါသနာရှင်များက ဝိုင်းဝန်း ကူညီမှသာလျှင် သတင်းစာသမိုင်း ပြုစုရေးသည် အောင်မြင်ဖွယ် အလားအလာ ရှိတော့မည်ဟု ထင်မိသည်။ ။
သွေးသောက် မဂ္ဂဇင်း
စက်တင်ဘာ၊ ၁၉၆၂။
(သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရေးသားသည့် ဤဆောင်းပါးကို လူထု စာပေတိုက်က ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ထုတ်ဝေသော “ဝင်းတင် စာဟောင်းတွေရဲ့ ဘဝသစ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး ဦးဝင်းတင်သည် ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက် အသက် ၈၅ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)
You may also like these stories:
ဒဂုန်တာရာ ၏ “မေ” နှင့် စာအုပ် ထင်မြင်ချက်