စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင် ပြည်တွင်းစစ် ပိုမို ကြီးမားကျယ်ပြန့်လာခဲ့သည့်အပြင် မြန်မာစစ်တပ်နှင့် စစ်ရေးအရ စစ်မြေပြင်တွင် သူနိုင်ကိုယ်နိုင် အားပြိုင်နေကြရသည်ဖြစ်ရာ မြန်မာစစ်တပ်၏ အခြေအနေနှင့် ပတ်သက်၍ မှန်မှန်ကန်ကန် ကြည့်မြင်တွက်ချက် သုံးသပ်ရန်လိုအပ်သည်။
မြန်မာစစ်တပ်၏ စစ်အင်အားအခြေအနေနှင့် ပတ်သက်၍ တတ်နိုင်သမျှ လျှို့ဝှက်ထားသည်ဖြစ်ရာ အနီးစပ်ဆုံး အခြေအနေမှန်အား တွက်ချက်နိုင်ရန် လိုအပ်၏။ ပို၍မတွက်ရန်လိုသကဲ့သို့ လျှော့၍မတွက်ရန်လည်းလို၏။ အထင်သေးရန် မလိုအပ်သကဲ့သို့ အထင်ကြီးရန်လည်း မလိုအပ်ပေ။ မြေပြင်အခြေအနေမှန်ကို အနီးစပ်ဆုံး တွက်ဆနိုင်မှသာ မြန်မာစစ်တပ်ကို အကောင်းဆုံး ရင်ဆိုင်အောင်မြင်နိုင်မည်ဖြစ်၏။
လက်ရှိ မြန်မာစစ်တပ်၏ တိုက်ခိုက်ရေးအင်အားကို တွက်ချက်ပါက အခြေခံအားဖြင့် မြေပြင်စစ်ဆင်ရေးတာဝန်ယူရသည့် ကြည်းတပ်၏ ခြေလျင်၊ ခြေမြန်တပ်ရင်းများ၏ စစ်အင်အားကို အဓိကထား၍ တွက်ချက်လေ့ရှိကြ၏။
(က) စစ်တပ်၏ ကြည်းတပ်စစ်အင်အား
မြန်မာစစ်တပ်၏ ကြည်းတပ်သည် မြန်မာပြည်တခုလုံးကို စစ်တိုင်းဌာနချုပ် ၁၄ ခုခွဲ၍ စစ်နယ်မြေများ သတ်မှတ်ထားပြီး စစ်တိုင်းအလိုက် တိုင်းလက်အောက်ခံ ခြေလျင်တပ်ရင်းများ ရှိ၏။ ထို့ပြင် တပ်မ ၁၀ ခုနှင့် စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ် (စကခ) ၂၀ ခု၊ စုစုပေါင်း ၃၀ ၏ နောက်တန်းတပ်ရင်း၊ တပ်မဌာနချုပ်များအား စစ်တိုင်းဌာနချုပ်နယ်မြေများတွင် ဖြန့်ခွဲချထား၏။
တပ်မနှင့် စကခ တခုလျှင် တပ်ရင်း ၁၀ ရင်း ရှိ၏။ ယခုအခါ စကခ ၃၊ စကခ ၄၊ စကခ ၁၆ တို့အား အထူးတပ်မဟာများအဖြစ် ပြောင်းလဲဖွဲ့စည်းနေသည်ဟု ဆိုပါသည်။ တိုင်းတခုနှင့်တခုတွင် တိုင်းတပ်ဟုခေါ်သော တိုင်းလက်အောက်ခံတပ် အရေအတွက် ကွာခြားသည်။ စစ်တိုင်းဌာန ချုပ်များနှင့် စစ်နယ်မြေများ၊ တိုင်းအလိုက် တပ်ဖြန့်ခွဲ့မှုမှာ အောက်ပါအတိုင်းဖြစ်၏။
၁။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကို မြစ်ကြီးနားတွင် အခြေစိုက်သည်။ မပခ စစ်နယ်မြေတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မှ မိုးမိတ်ခရိုင်နှင့် စစ်ကိုင်းတိုင်းမှနန်းယွန်းမြို့နယ်တို့ ပါဝင်၏။
မပခ လက်အောက်တွင် တိုင်းတပ် ၂၆ ရင်းရှိပြီး မပခ နယ်မြေအတွင်း မိုးကောင်း အခြေစိုက် စကခ ၃၊ ဗန်းမော် အခြေစိုက် စကခ ၂၁ တို့ ဖွဲ့စည်းထား၏။
၂။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို မုံရွာတွင် အခြေစိုက်သည်။ နမခ စစ်နယ်မြေတွင် စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ ချင်းပြည်နယ်နှင့် မကွေးတိုင်း ဂန့်ဂေါခရိုင်တို့ ပါဝင်သည်။
နမခ လက်အောက်တွင် တိုင်းတပ် ၁၇ ရင်းရှိပြီး ကလေး အခြေစိုက် စကခ ၁၀၊ စစ်ကိုင်း အခြေစိုက် တပ်မ ၃၃ တို့ ရှိ၏။
၃။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ကို မန္တလေးတွင် အခြေပြုသည်။ လပခ စစ်နယ်မြေတွင် မန္တလေးတိုင်းနှင့် မကွေးတိုင်း (ဂန့်ဂေါခရိုင်မှအပ) ပါဝင်သည်။
လပခ လက်အောက်တွင် တိုင်းတပ် ၅ ရင်းနှင့် လပခ နယ်မြေအတွင်း မိတ္ထီလာ အခြေစိုက် တပ်မ ၉၉၊ မကွေး အခြေစိုက် တပ်မ ၈၈ နှင့် ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ တို့ရှိ၏။
၄။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို လားရှိုးတွင် အခြေစိုက်၏။ ရမခ စစ်နယ်မြေတွင် ရှမ်းပြည်မြောက်ပိုင်းရှိ မူဆယ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ လားရှိုးခရိုင်၊ တန့်ယန်းခရိုင်၊ ကျောက်မဲခရိုင်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဟိုပန်ခရိုင်၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ရေးဒေသတို့ ပါဝင်သည်။
ရမခ လက်အောက်တွင် တိုင်းတပ် ၂၆ ရင်းရှိပြီး ကျောက်မဲ အခြေစိုက် စကခ ၁၊ သိန္နီအခြေစိုက် စကခ ၁၆ တို့ရှိ၏။
၅။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ကို တောင်ကြီးတွင် အခြေစိုက်၏။ ရပခ စစ်နယ်မြေတွင် ရှမ်းပြည်တောင်ပိုင်းမှ တောင်ကြီးခရိုင်၊ ကလောခရိုင်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနှင့် ကရင်နီ (ကယား) ပြည်နယ်တို့ ပါဝင်သည်။
ရပခ လက်အောက်တွင် တိုင်းတပ် ၂၆ ရင်း ရှိပြီး ဖယ်ခုံအခြေစိုက် စကခ ၇၊ ကလောအခြေစိုက် တပ်မ ၅၅ တို့ရှိ၏။
၆။ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) ကို ရှမ်းပြည်တောင်ပိုင်း ခိုလမ်တွင် အခြေပြုသည်။ ရလခ နယ်မြေတွင် ရှမ်းပြည်တောင်ပိုင်းရှိ လွိုင်လင်ခရိုင်၊ နမ့်စန်ခရိုင်၊ မိုင်းရှူးခရိုင်၊ လင်းခေးခရိုင်တို့ ပါဝင်သည်။
ရလခ လက်အောက်တွင် တိုင်းတပ် ၂၀ ရင်းရှိပြီး မိုင်းနောင်အခြေစိုက် စကခ ၂၊ မိုင်းပန်အခြေစိုက် စကခ ၁၇ တို့ရှိ၏။
၇။ တြိဂံတိုင်းစစ်ဌာနချုပ် (တသခ) ကို ကျိုင်းတုံတွင် အခြေစိုက်သည်။ တသခ စစ်နယ်မြေအတွင်း ကျိုင်းတုံခရိုင်၊ မိုင်းယန်းခရိုင်၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းခရိုင်နှင့် ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ မက်မန်းခရိုင်တို့ ပါဝင်သည်။
တသခ လက်အောက်တွင် တိုင်းတပ် ၂၁ ရင်း၊ မိုင်းဆတ်အခြေစိုက် စကခ ၁၄၊ မိုင်းဖြတ်အခြေစိုက် စကခ ၁၈ တို့ရှိ၏။
၈။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပတ) ကို အမ်းတွင် အခြေပြု၏။ နပတ စစ်နယ်မြေမှာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝခရိုင်တို့ ဖြစ်၏။
နပတ လက်အောက်တွင် တိုင်းတပ် ၁၃ ရင်းရှိပြီး တောင်ကုတ် အခြေစိုက် စကခ ၅၊ ကျောက်တော် အခြေစိုက် စကခ ၉၊ ဘူးသီးတောင်အခြေစိုက် စကခ ၁၅ တို့ ဖွဲ့စည်းထားရှိ၏။
၉။ အနောက်တောင်တိုင်း စစ်ဌာချုပ် (နတခ) ကို ပုသိမ်တွင် အခြေစိုက်သည်။ နတခ စစ်နယ်မြေမှာ ဧရာဝတီတိုင်းဖြစ်၏။ နတခ လက်အောက်တွင် တိုင်းတပ် ၁၁ ရင်းရှိ၏။
၁၀။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) သည် ယခင် တောင်ငူတွင် အခြေစိုက်ပြီး ယခု ပဲခူးတွင် အခြေစိုက်သည်ဟု ဆိုသည်။ တပခ စစ်နယ်မြေတွင် ပဲခူးတိုင်း ပါဝင်သည်။
တပခ လက်အောက်တွင် တိုင်းတပ်၂၄ ရင်း ရှိပြီး ပြည်၊ အင်းမ အခြေစိုက် တပ်မ ၆၆၊ ပဲခူး အခြေစိုက် တပ်မ ၇၇ တို့ ရှိ၏။
၁၁။ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ကို မော်လမြိုင်တွင် အခြေစိုက်၏။ ရတခ စစ်နယ်မြေအတွင်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ပါဝင်သည်။
ရတခ တိုင်းကွပ်ကဲမှုအောက်တွင် တိုင်းတပ် ၁၆ ရင်းရှိပြီး ဘားအံအခြေစိုက်တပ်မ ၂၂၊ ကျိုက်ထိုအခြေစိုက် တပ်မ ၄၄၊ ကော့ကရိတ် အခြေစိုက် စကခ ၁၂၊ ရေးအခြေစိုက် စကခ ၁၉ တို့ ဖွဲ့စည်းထားရှိ၏။
၁၂။ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် (ကရခ) ကို မြိတ်တွင် အခြေပြု၏။ ကရခ စစ်နယ်မြေမှာ တနင်္သာရီတိုင်း ဖြစ်၏။
ကရခ လက်အောက်တွင် တိုင်းတပ် ၁၆ ရင်းရှိပြီး ထားဝယ်အခြေစိုက် စကခ ၈၊ ဘုတ်ပြင်း အခြေ စိုက် စကခ ၁၃၊ ခမောက်ကြီး အခြေစိုက် စကခ ၂၀ တို့ ဖွဲ့စည်းထားရှိသည်။
၁၃။ ရန်ကုန်တိုင်းစစ်ဌာနချုပ် (ရကတ) ကို ရန်ကုန်တွင် အခြေပြုသည်။ ရကတ စစ်နယ်မြေမှာ ရန်ကုန်တိုင်းဖြစ်၏။
ရကတ လက်အောက်တွင် တိုင်းတပ် ၁၁ ရင်းရှိပြီး ရဲမွန်အခြေစိုက် တပ်မ ၁၁၊ ဖူးကြီး အခြေစိုက် စကခ ၄ တို့ ရှိ၏။
၁၄။ နေပြည်တော် တိုင်းစစ်ဌာနချုပ် (နပတ) ကို နေပြည်တော်တွင် အခြေစိုက်၏။ နပတ စစ်ဌာနချုပ်နယ်မြေတွင် ဥတ္တရခရိုင်၊ ဇေယျာသီရိခရိုင်၊ လယ်ဝေးခရိုင်၊ ပျဉ်းမနားခရိုင်တို့ ပါဝင်သည်။
နပတ လက်အောက်တွင် တိုင်းတပ် ၁၀ ရင်းရှိပြီး သဲဖြူအခြေစိုက် စကခ ၆ ရှိ၏။
မြန်မာစစ်တပ်၏ စစ်ဆင်ရေးဝင်နိုင်သော ခြေလျင်၊ ခြေမြန်တပ်ရင်းသက်သက်ကို တွက်ပါက စုစုပေါင်း ၅၄၂ ရင်း ရှိပြီး တရင်းလျှင် ပျမ်းမျှအင်အား ၁၀၀ နှင့် တွက်ပါက ၅၄,၂၀၀ ရှိပြီး ပျမ်းမျှအင်အား ၁၅၀ နှင့်တွက်ပါက စုစုပေါင်းအင်အား ၈၁,၃၀၀ ရှိမည်ဖြစ်၏။ လက်ရှိ မြန်မာစစ်တပ်၏ တိုက်ခိုက်ရေးအင်အားမှာ ၅၄,၂၀၀ မှ ၈၁,၃၀၀ ကြားတွင်ရှိမည်ဖြစ်၏။
သို့ဖြစ်ရာ မြန်မာစစ်တပ်တွင် စစ်တိုင်း ၁၄ ခု၊ လက်အောက်ခံတပ်ရင်း ၂၄၂ ရင်းနှင့် တပ်မ/စကခ ၃၀ မှ တပ်ရင်း ၃၀၀ ရှိရာ စုစုပေါင်း တပ်ရင်း ၅၄၂ ရင်း ရှိ၏။ မြန်မာစစ်တပ်တွင် ခြေလျင်တပ်ရင်း၊ ခြေမြန်တပ်ရင်းဟု ခွဲခြားထားရှိသော်လည်း စွမ်းဆောင်ရည် မထူးခြားပါ။ စကခ ၄ အား လေထီးဆင်း တပ်ဖွဲ့အဖြစ် ဖွဲ့စည်းထားသော်လည်း လက်ရှိ စစ်မြေပြင်တွင် ထူးခြားသည့် စွမ်းဆောင်ရည် မပြနိုင်ပါ။ သာမန် မြေပြင်စစ်ဆင်ရေး ဝင်နိုင်သည့် တိုက်ခိုက်ရေးတပ်ရင်းများသာ ဖြစ်၏။
ထို့ကြောင့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးဝင်နိုင်သော ခြေလျင်၊ ခြေမြန်တပ်ရင်းသက်သက်ကို တွက်ပါက စုစုပေါင်း ၅၄၂ ရင်း ရှိပြီး တရင်းလျှင် ပျမ်းမျှအင်အား ၁၀၀ နှင့် တွက်ပါက ၅၄,၂၀၀ ရှိပြီး ပျမ်းမျှအင်အား ၁၅၀ နှင့်တွက်ပါက စုစုပေါင်းအင်အား ၈၁,၃၀၀ ရှိမည်ဖြစ်၏။ လက်ရှိ မြန်မာစစ်တပ်၏ တိုက်ခိုက်ရေးအင်အားမှာ ၅၄,၂၀၀ မှ ၈၁,၃၀၀ ကြားတွင်ရှိမည်ဖြစ်၏။
(ခ) မြန်မာစစ်တပ်၏ ကွပ်ကဲမှု
စစ်တပ်၏ စစ်ဆင်ရေးများကို ကာကွယ်ရေးဦးစီးချုပ်၊ ဒု ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်ကွပ်ကဲရေးမှူး (ညှိကွပ်) တို့က အဆင့်ဆင့်ကွပ်ကဲ၏။ ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် (ရေ) ကမူ သီးခြားစစ်ဆင်ရေးဟူ၍ မရှိသလောက်ဖြစ်ပြီး ညှိကွပ်၏ ညှိနှိုင်းမှုဖြင့် ကြည်းတပ် စစ်ဆင်ရေးများကို ပစ်ကူ၊ ထောက်ပို့အကူ ပေးရ၏။ စစ်တပ်၏ အဓိက စစ်ဆင်ရေးမှာ ကြည်းတပ် စစ်ဆင်ရေးဖြစ်၏။
ကြည်းတပ်ကွပ်ကဲမှုတွင် ကာချုပ်၊ ဒုကာချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၊ ညှိကွပ်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် (ရေ) တို့၏ အောက်တွင် ကာကွယ်ရေးနှင့် စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ) ၆ ခု ဖွဲ့စည်းပြီး ဒုဗိုလ်ချုပ်ကြီးများက ကစထမှူးတာဝန်ယူ၍ ကစထများအလိုက် စစ်တိုင်းများကို ဦးစီးကွပ်ကဲ၏။
ကစထ ၁ အောက်တွင် မပခ၊ နမခ၊ လပခ။
ကစထ ၂ အောက်တွင် ရမခ၊ ရပခ၊ ရလခ၊ တသခ။
ကစထ ၃ အောက်တွင် နပခ၊ နတခ၊ တပခ။
ကစထ ၄ အောက်တွင် ရတခ၊ ကရခ။
ကစထ ၅ အောက်တွင် ရကတ။
ကစထ ၆ အောက်တွင် နပတ စစ်တိုင်းဌာနချုပ်များ ထားရှိ၏။
စစ်တိုင်းများတွင် တိုင်းမှူး၊ ဒုတိုင်းမှူး၊ တိုင်းစစ်ဦးစီးမှူးနှင့် စစ်ဦးစီးပထမတန်း ၇ ယောက် (ဦး-၃၊ ရေး-၂၊ ထောက်-၂) ဖြင့် ဦးစီး၏။ တိုင်းလက်အောက်တွင် အခြေချစစ်ဗျူဟာ (စဗခ)၊ လှုပ်ရှားစစ်ဗျူဟာ (စဗဟ) များရှိပြီး နယ်မြေအလိုက် စစ်ဆင်ရေးတာဝန်ယူ၏။
တိုင်း၏ အရေးပါသောနယ်မြေများအား အခြေချစစ်ဗျူဟာနယ်မြေအဖြစ် အသေသတ်မှတ်ထားပြီး ကျန်နေရာများကို ပြုပြင်ပြောင်းလွယ်သည့် လှုပ်ရှားစစ်ဗျူဟာနယ်မြေအဖြစ် သတ်မှတ်၏။ စစ်တိုင်းတခုတွင် စဗခ ၂ ခု၊ စဗဟ ၂ ခုခန့် ရှိသည်။ သို့သော် ပုံသေမဟုတ်ပေ။
အချို့ နယ်မြေကျယ်ဝန်းသော စစ်တိုင်းများတွင် စဗဟ၊ စဗခအပြင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ဖွဲ့စည်းပြီး ကွပ်ကဲသည်။ လက်ရှိကာလတွင် မပခ၌ တနိုင်း ဒကစ၊ နမခ၌ ကလေး ဒကစ၊ ရမခ၌ လောက်ကိုင် ဒကစ၊ ရပခ၌ လွိုင်ကော် ဒကစ၊ တပခ၌ ပြည် ဒကစ၊ နပခ၌ စစ်တွေ ဒကစ ဟူ၍ ဒကစ ၆ ခု ဖွဲ့စည်းထား၏။
တိုင်းအလိုက် စစ်ဆင်ရေးတာဝန်ယူရာတွင် ဒကစ၊ စဗခ၊ စဗဟ တို့ဖြင့် တိုင်းတခုလုံးအား စစ်ဆင်ရေးနယ်မြေ သတ်မှတ်ထားပြီး တိုင်းမှူးသည် ဒကစ၊ စဗခ၊ စဗဟမှူးများမှတဆင့် ကွပ်ကဲသည်။ ဒကစမှူးအောက်တွင် တပ်ရင်း ၆ ရင်းမှ ၁၀ ရင်းအထိ ရှိပြီး စဗခ၊ စဗဟ မှူးများအောက်တွင် တပ်ရင်း ၃ ရင်းမှ ၅ ရင်းအထိ ထားရှိတတ်၏။
ထိုသို့သော တိုင်းတပ်များနှင့် ရင်ဆိုင်နိုင်ခြင်းမရှိပါက ဦးစွာအားဖြင့် အဆိုပါ ဒကစ၊ စဗဟ သို့ တပ်ရင်း တရင်း၊ နှစ်ရင်းဖြည့်ပေးပြီး ရင်ဆိုင်စေသည်။ မရပါက စစ်ဆင်ရေးအခြေအနေပေါ် မူတည်၍ တပ်မ၊ စကခ တို့မှ ဗျူဟာတခုမှသည် တပ်မ၊ စကခ တခုလုံးအား တိုင်းအတွင်း စစ်နယ်မြေသတ်မှတ်ပေးပြီး စစ်ဆင်ရေးတာဝန် ယူစေသည်။ ထို့ကြောင့် တပ်မနှင့် စကခများသည် နောက်တန်းဌာနချုပ်က မည်သည့်စစ်တိုင်းတွင် ရှိနေစေကာမူ စစ်ဆင်ရေးလိုအပ်သည့် စစ်တိုင်းများသို့ သွားရောက်တာဝန်ယူရ၏။
တပ်မ၊ စကခ များသည်လည်း ၎င်း၏လက်အောက်တွင် နည်းဗျူဟာ (နဗဟ) သုံးခု ထားပြီး နဗဟ တခုလျှင် တပ်ရင်း ပျမ်းမျှ သုံးရင်းထား၍ စစ်ဆင်ရေးပြုလုပ်လေ့ရှိ၏။ တပ်ရင်းတရင်းအား စစ်ကြောင်း နှစ်ရင်းအထိ ဖြန့်ခွဲလေ့ရှိသော်လည်း ယခုအခါ တိုက်ခိုက်ရေးအင်အား ကျဆင်းနေ၍ တပ်ရင်းလိုက် လှုပ်ရှားသည်လည်း ရှိ၏။
ဤသို့ရှေ့တန်းထွက်သည့် တပ်မ၊ စကခ၊ တပ်ရင်းတို့တွင် နောက်တန်းတပ်ဌာနချုပ်၌ အိမ်ထောင်သည်များ ထိန်းသိမ်းရန်၊ တပ်အုပ်ချုပ်မှုများ ပြုလုပ်ရန် ဌာနချုပ်တပ်ခွဲ ချန်ထားလေ့ရှိ၏။ ယခုအခါ ဌာနချုပ်တပ်ခွဲအဖြစ် ချန်သည့်အင်အားမှာ နည်းပါပြီး ၁၀ ယောက်ကျော်ခန့်သာ ရှိသည်ဟုသိရ၏။ ထို့ကြောင့် တပ်တွင်း အိမ်ထောင်သည်အမျိုးသမီးများနှင့် ကလေးကြီးများကို စစ်သင်တန်းပေးပြီး လက်နက်ကိုင်ခိုင်းထားသည်ဟု ဆိုပါသည်။
ဤသို့ရှေ့တန်းထွက်သည့် တပ်မ၊ စကခ၊ တပ်ရင်းတို့တွင် နောက်တန်းတပ်ဌာနချုပ်၌ အိမ်ထောင်သည်များ ထိန်းသိမ်းရန်၊ တပ်အုပ်ချုပ်မှုများ ပြုလုပ်ရန် ဌာနချုပ်တပ်ခွဲ ချန်ထားလေ့ရှိ၏။ ယခုအခါ ဌာနချုပ်တပ်ခွဲအဖြစ် ချန်သည့်အင်အားမှာ နည်းပါပြီး ၁၀ ယောက်ကျော်ခန့်သာ ရှိသည်ဟုသိရ၏။ ထို့ကြောင့် တပ်တွင်း အိမ်ထောင်သည်အမျိုးသမီးများနှင့် ကလေးကြီးများကို စစ်သင်တန်းပေးပြီး လက်နက်ကိုင်ခိုင်းထားသည်ဟု ဆိုပါသည်။
လက်ရှိ ၂၀၂၃ ခုနှစ်အတွင်း တွေ့ရသည်မှာ တပ်ရင်းအလိုက် စစ်ထွက်အင်အား မှာ ၁၀၀ မှ အများဆုံး ၁၅၀ ခန့် ရှိသည်ကို တွေ့ရ၏။ လက်ရှိအချိန်တွင် စစ်တိုင်း ၁၄ ခုလုံး၌ တိုင်းတပ်များသာမက တပ်မနှင့် စကခ ၃၀ လုံးကို စစ်ဆင်ရေးတွင် အသုံးပြုလျက်ရှိ၏။
စစ်တပ်တွင် တပ်ရင်းမှူးအဖြစ် ဒုဗိုလ်မှူးကြီးအဆင့်၊ နဗဟမှူး၊ စဗဟမှူး၊ စဗခမှူးနှင့် တိုင်းစစ်ဦးစီး ပထမတန်းများအဖြစ် ဗိုလ်မှူးကြီးအဆင့်၊ တပ်မမှူး၊ စကခမှူး၊ ဒကစမှူးနှင့် ဒုတိုင်းမှူး၊ တိုင်းစစ်ဦးစီးမှူးများအဖြစ် ဗိုလ်မှူးချုပ်အဆင့်၊ တိုင်းမှူးအဖြစ် ဗိုလ်ချုပ်အဆင့်၊ ကစထမှူးများအဖြစ် ဒုဗိုလ်ချုပ်ကြီးအဆင့်များက တာဝန်ယူ၏။
ညှိကွပ်၊ ကာကွယ်ရေး ဦးစီးချုပ် (လေ)၊ (ရေ) နှင့် ကာကွယ်ရေးဝန်ကြီး လေးဦးမှာ ဗိုလ်ချုပ်ကြီးအဆင့်ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုချုပ်မှာ ဗိုလ်ချုပ်မှူးကြီးနှင့် ဒုဗိုလ်ချုပ်မှူးကြီးအဆင့် ဖြစ်၏။
(ဂ) မြန်မာစစ်တပ်၏ မြေပြင်ပစ်ကူ
စစ်တပ်၏ မြေပြင်စစ်ဆင်ရေးများအား လက်ရှိတွင် ပစ်ကူပေးနိုင်သည့် မြေပြင်တပ်ဖွဲ့များမှာ အမြောက်တပ်၊ ဒုံးတပ်နှင့် တင့်နှင့်သံချပ်ကာ တပ်ဖွဲ့များဖြစ်၏။
အမြောက်တပ်တွင် အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၁၀ ခုနှင့် လက်အောက်ခံ အမြောက်တပ်ရင်း ၁၀၅ ရင်း ရှိသည်ကို တွေ့ရ၏။ အမြောက်တပ်များအား စစ်တိုင်းဌာနချုပ်နယ်မြေများရှိ အချက်အခြာနေရာများတွင် ဖြန့်ခွဲ့ချထားသကဲ့သို့ တပ်ရင်း၊ ဗျူဟာ၊ တပ်မရုံးများတွင် အမြောက်များ တွဲဖက်ထားရှိသည်။
မြန်မာစစ်တပ် အများဆုံးအသုံးပြုသည့် အကူပစ်လက်နက်ကြီးများမှာ ၆၀ မမ၊ ၈၁ မမ၊ ၈၂ မမ၊ ၁၂၀ မမ မော်တာများနှင့် ၇၆ မမ၊ ၁၀၅ မမနှင့် ၁၂၂ မမ ဟောင်ဝစ်ဇာများဖြစ်သည်။ ၁၃၀ မမ၊ ၁၄၀ မမ၊ ၁၅၅ မ ဟောင်ဝစ်ဇာများကို စစ်ရေးပြအခမ်းအနားများတွင် ထုတ်ပြသော်လည်း လက်တွေ့စစ်မြေပြင်တွင် သုံးစွဲသည်ကို မတွေ့ရသေးပေ။
ဒုံးတပ်ဖွဲ့ ဖွဲ့စည်းပုံအား ရှင်းလင်းစွာမသိရပါ။ တာတိုပစ် ဒုံးကျည်အမျိုးအစားများအား စစ်ရေးပြအခမ်းအနားများတွင် ထုတ်ပြသော်လည်း လက်တွေ့အသုံးပြုသည်ကို မတွေ့ရပါ။ လက်တွေ့အသုံးပြုနေသော Multiple Launch Rocket System (MLRS) ဟုခေါ်သည့် အတွဲလိုက်ပစ် ဒုံးပစ်စင်များကို ကရင်နီစစ်မျက်နှာ၊ ကိုးကန့်စစ်မျက်နှာများတွင် အသုံးပြုသည်ကို တွေ့ရ၏။ သို့သော် အကန့်အသတ်နှင့်သာ သုံးစွဲသည်ကို တွေ့ရ၏။
စစ်တပ်တွင် သံချပ်ကာစစ်ဆင်ရေးဌာနချုပ် ၅ ခုနှင့် တင့်ကားတပ်ရင်း ၁၁ ရင်း၊ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း ၁၁ ရင်း ရှိသည်။ သို့သော် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း သံချပ်ကာနှင့် တင့်ကားတပ်ရင်းမှ သံချပ်ကာကားအချို့အား မြေပြင်ပစ်ကူအနေနှင့် သုံးစွဲမှုများကို ခြေလျင်တပ်နှင့်တွဲ၍ တွေ့ရ၏။ အမြောက်တင် သံချပ်ကာကားများကို ကရင်နီစစ်မျက်နှာ၊ ချင်းစစ်မျက်နှာ၊ စစ်ကိုင်းစစ်မျက်နှာ၊ ရခိုင်စစ်မျက်နှာ၊ ကိုးကန့်စစ်မျက်နှာများတွင် တွေ့ရသော်လည်း တင့်ကားတပ်ရင်းများ သုံးစွဲသည်ကိုမူ မတွေ့ရပါ။
ချုပ်လိုက်လျှင် မြေပြင်ပစ်ကူအဖြစ် မြန်မာစစ်တပ် ပေါပေါသီသီသုံးစွဲနေသည်မှာ အမြောက်ပစ်ကူဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပါက အမြောက်တရစပ် ပစ်ခတ်လေ့ရှိသည်။ သို့သော် ၎င်းတို့၏ အဓိကပစ်မှတ်မှာ အရပ်သားပစ်မှတ်များ ဖြစ်သည်ကိုတွေ့ရ၏။
ချုပ်လိုက်လျှင် မြေပြင်ပစ်ကူအဖြစ် မြန်မာစစ်တပ် ပေါပေါသီသီသုံးစွဲနေသည်မှာ အမြောက်ပစ်ကူဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပါက အမြောက်တရစပ် ပစ်ခတ်လေ့ရှိသည်။ သို့သော် ၎င်းတို့၏ အဓိကပစ်မှတ်မှာ အရပ်သားပစ်မှတ်များ ဖြစ်သည်ကိုတွေ့ရ၏။ ခြွင်းချက်အနေနှင့် ထောက်ပို့လမ်းကြောင်း ဖြတ်တောက်ခံနေရသည့် ချင်းပြည်နယ်တွင် အမြောက်ပစ်အား လျော့ကျနေသည်ကို တွေ့ရ၏။
အမြောက်တပ်တပ်ရင်း ၁၀၅ ရင်း၊ သံချပ်ကာ တပ်ရင်း ၂၂ ရင်းကို တရင်းလျှင် ပျမ်းမျှအင်အား ၁၀၀ နှင့်တွက်ပါက အင်အား ၁၂,၇၀၀ ရှိပြီး ပျမ်းမျှ ၁၅၀ နှင့်တွက်ပါက အင်အား ၁၉,၀၀ဝ ခန့်ရှိပါမည်။
(ဃ) လေကြောင်းပစ်ကူ
မြန်မာစစ်တပ် အဓိက အားကိုးအားထားပြုသည့် ပစ်ကူဖြစ်၏။ ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ သုတေသန ပြုချက်အရ မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုမှာ ၂၀၂၁ ခုနှစ်တွင် ၁၅၃ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ၈၂၀ ကြိမ်၊ ၂၀၂၃ ခုနှစ်၊ ဧပြီလထိ ၄၅၄ ကြိမ်၊ စုစုပေါင်း ၁၄၂၇ ကြိမ် ရှိပြီဟုသိရ၏။ စစ်တပ်သည် ၎င်း၏ မြေပြင်တပ်များအား မြေပြင်စစ်ကူမပေးနိုင်သည့်အပြင် PDF နှင့် EAO များဘက်မှ လေယဉ်ပစ်လက်နက် မရှိသေးသည့် အခြေခံပေါ်တွင် လေကြောင်းပစ်ကူကို ရဲရဲတင်းတင်းပြုလုပ်သည်ကို တွေ့ရ၏။
လေကြောင်းပစ်ကူအား ၎င်းတို့စစ်တပ်စခန်းများ၊ စစ်ကြောင်းများ တိုက်ခိုက်ခံရချိန်တွင် ပစ်ကူပေးခြင်း၊ PDF နှင့် EAO တို့ စခန်းများနှင့် လူစုလူဝေးပြုလုပ်ခြင်းကို သတင်းရရှိပါက တိုက်ခိုက်ခြင်း၊ လူထု၏ စာသင်ကျောင်း၊ ဆေးရုံ၊ ဒုက္ခသည်စခန်းများနှင့် ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ သတင်းရသည့်နေရာသို့ ရဟတ်ယာဉ်ဖြင့် လေကြောင်းချီတိုက်ခိုက်ခြင်း၊ ရိက္ခာသယ်ပို့ခြင်းတို့ ပြုလုပ်သည်ကို တွေ့ရ၏။
လက်ရှိအချိန်တွင် စစ်တပ်သည် တိုက်ခိုက်ရေးရဟတ်ယာဉ်နှင့် သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် အသုံးပြုခွင့်ကို စစ်ဆင်ရေးနယ်မြေအလိုက် ကစထမှူး၊ တိုင်းမှူးများသို့ ပေးအပ်ထားရာ တိုက်ပွဲဖြစ်သည်နှင့် လေကြောင်းပစ်ကူ အမြန်ရောက်သည်ကို တွေ့ရ၏။
လက်ရှိမြန်မာ့စစ်တပ်တွင် လေတပ်စခန်းဌာနချုပ် ၁၀ ခုရှိသည့်အနက် မင်္ဂလာဒုံ၊ မှော်ဘီ၊ မကွေး၊ မိတ္ထီလာ၊ တံတားဦး၊ တောင်ငူ၊ မြစ်ကြီးနား လေတပ်စခန်းများကို အများဆုံးအသုံးပြု၍ လေကြောင်းတိုက်ခိုက်သည်ကို တွေ့ရ၏။ ၂၀၂၃/၂၀၂၄ ဘတ်ဂျက်နှစ်တွင် စစ်တပ်က စစ်သုံးစရိတ်များစွာမြှင့်၍ သတ်မှတ်ထားခြင်းသည် လေကြောင်းတိုက်ခိုက်မှုများအတွက် ရည်ရွယ်ပုံရသည်။
၂၀၂၁ နှစ်ဆန်း ကချင်ပြည်နယ် အလော့ဘွမ်တိုက်ပွဲ၊ ၂၀၂၂ ခုနှစ် နှစ်ကုန် နမ့်ဆန်ဒေသ ကုန်းသာတိုက်ပွဲများတွင် EAO များဘက်က ပွိုင့် ၅ ခေါ် ၁၂.၇ မမ စက်အမြောက်ဖြင့် ပစ်ခတ်သည်မှာ မြန်မာစစ်တပ်ရဟတ်ယာဉ်များနှင့် လေယာဉ်များအား ခြိမ်းခြောက်နိုင်သည်ကို တွေ့ရ၏။ ယနေ့ကာလ မျိုးဆက်သစ်လေယာဉ်များကို ပွိုင့် ၅ နှင့် ပစ်ချနိုင်ရန် ခက်ခဲသော်လည်း ပွိုင့် ၅ သည် လေကြောင်းတိုက်ခိုက်မှုများကို ခြိမ်းခြောက်နိုင်သည်ကို တွေ့ရ၏။
စစ်တပ်၏ လေတပ်တွင် အင်အား ၂၃,၀၀၀ ခန့်ရှိပြီး လေယာဉ်မျိုးစုံ ၁၄၈ စင်းနှင့် ရဟတ်ယာဉ်မျိုးစုံ ၈၃ စင်းရှိသည်ဟု ဆိုပါသည်။ သို့သော် စစ်မြေပြင်တွင် တကယ်တမ်း အသုံးပြုနိုင်သည့် လေယာဉ် ဆယ်ဂဏန်းအချို့နှင့် ရဟတ်ယာဉ် ဆယ်ဂဏန်းအချို့သာ ရှိမည်ဟု ခန့်မှန်းကြသည်။
စစ်တပ်၏ လေတပ်တွင် အင်အား ၂၃,၀၀၀ ခန့်ရှိပြီး လေယာဉ်မျိုးစုံ ၁၄၈ စင်းနှင့် ရဟတ်ယာဉ်မျိုးစုံ ၈၃ စင်းရှိသည်ဟု ဆိုပါသည်။ သို့သော် စစ်မြေပြင်တွင် တကယ်တမ်း အသုံးပြုနိုင်သည့် လေယာဉ် ဆယ်ဂဏန်းအချို့နှင့် ရဟတ်ယာဉ် ဆယ်ဂဏန်းအချို့သာ ရှိမည်ဟု ခန့်မှန်းကြသည်။
၂၀၂၃ -၂၀၂၄ ဘတ်ဂျက်တွင် ကာကွယ်ရေးဘတ်ဂျက်များစွာ တိုးမြှင့်ထားခြင်းသည် လေကြောင်းတိုက်ခိုက်မှုများ ဖိ၍ပြုလုပ်ရန် ရည်ရွယ်ထားပုံရ၏။ ၂၀၂၂ ခုနှစ် တနှစ်လုံးတွင် လေကြောင်းတိုက်ခိုက်မှု ၈၀၀ ကျော်သာရှိရာမှ ၂၀၂၃ ခုနှစ် ပထမ လေးလအတွင်း ၄၀၀ ကျော်ရှိလာရာ ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ခုနှစ် လေကြောင်းတိုက်ခိုက်မှု တဆခွဲမှ နှစ်ဆအထိ တိုးလာဖွယ်ရှိ၏။
(င) ရေကြောင်းပစ်ကူ
စစ်တပ်တွင် ရေတပ်စခန်းဌာနချုပ် ခြောက်ခုရှိပြီး အင်အား ၁၉,၀၀၀ ခန့်ရှိ၏။ ရေငုပ်သင်္ဘော နှစ်စီး၊ စစ်သင်္ဘောကြီး တစီး၊ ဖရီးဂိတ်အမျိုးအစား လေးစီးအပါအဝင် စစ်ရေယာဉ်အစီး ၁၇၂ စီး၊ ကင်းထောက်လေယာဉ် ခြောက်စင်းနှင့် ရဟတ်ယာဉ် ငါးစင်းရှိသည်ဟု သိရ၏။
လက်ရှိတွင် ရေတပ်အား ရခိုင်ပြည်နယ်တွင် လက်နက်ကြီးပစ်ကူပေးခြင်း၊ ရေလမ်းကြောင်းများ ပိတ်ဆို့ခြင်း၊ စစ်လက်နက်ရိက္ခာ ထောက်ပို့ခြင်း၊ စစ်ကူအင်အားများ ပို့ဆောင်ခြင်းအတွက် အသုံးပြုသည်ကို တွေ့ရ၏။ ရခိုင်ပြည်နယ် မြောက်ပိုင်းရော တောင်ပိုင်းတွင်ပါ ၂၀၁၉ ခုနှစ်မှစ၍ ရေတပ်အား တောက်လျှောက် အသုံးပြုလျက်ရှိ၏။
တနင်္သာရီတိုင်းတွင် ၂၀၂၃ ခုနှစ်အတွင်း ရေကြောင်းစစ်ဆင်ရေးတခု ပြုလုပ်သည်ကို တွေ့ရ၏။ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အတွင်း ရေတပ်အသုံးပြုရန် စစ်တပ်ထောက်ခံသူများက တောင်းဆိုနေသော်လည်း ယနေ့ကာလအထိ ထိထိရောက်ရောက် သုံးစွဲသည်ကို မတွေ့ရပါ။
ရေတပ်ပစ်ကူအား လောလောဆယ် ရခိုင်ပြည်နယ်တွင်သာ အသုံးပြုနေသေးသော်လည်း စစ်ရေးလှုပ်ရှားမှုများ မြင့်တက်လာပါက တနင်္သာရီ၊ ကရင်ပြည်နယ် သံလွင်မြစ်နှင့် ဧရာဝတီတိုင်းတို့တွင် အသုံးပြုလာနိုင်သည်ကို ထည့်သွင်း စဉ်းစားရန်လိုအပ်သည်။
လက်ရှိ မြန်မာစစ်တပ်၏ စစ်ဆင်ရေးများတွင် ကြည်းတပ်က အဓိကဖြစ်ပြီး ရေတပ်နှင့်လေတပ်က ပစ်ကူ၊ ထောက်ပို့အနေဖြင့်သာ ပါဝင်လေ့ရှိ၏။ ရေတပ်၊ လေတပ်တို့ သီးခြားပြုလုပ်သည့် စစ်ဆင်ရေး မရှိသလောက်နည်း၏။
(ဆက်ရန်)
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီအတွက် စစ်တိုက်ဖို့ ငြင်းကြသူများ
ပဒေသရာဇ် စစ်ဘုရင်စိတ်ပေါက်နေသည့် မြန်မာဗိုလ်ချုပ်များ
စစ်ရေးအသုံးစရိတ် စစ်ကောင်စီ ပိုတိုးချဲ့
ကုန်းသာတိုက်ပွဲ အလိမ်အညာသတင်း နောက်ကွယ်