ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းများဝှေ့ရမ်းခဲ့သော အမျိုးသမီးအများစု ပါသည့် လူ ၁၀၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးသည့် စိတ်အနှောင့်အယှက်ဖြစ်စရာ သတင်းကို ဖတ်ရသူများ အဖို့ ထိုဖြိုခွဲမှုမှာ ပုံစံသစ် ဖြစ်မည်ဟု ထင်ကောင်းထင်နိုင်သည်။
သို့သော် မြန်မာ၏ ခက်ခဲကြမ်းတမ်းသော နိုင်ငံရေးသမိုင်းကို တစေ့တစောင်း ကြည့်ပါက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာခံကြောင်း ပြရုံမျှနှင့်ပင် စစ်ဗိုလ်ချုပ်များက နိုင်ငံသားများအပေါ် ဒဏ်ခတ်သည်မှာ ယခုတကြိမ်သည် ပထမဆုံးမဟုတ်ကြောင်း သိနိုင်ပေသည်။
ထိုသို့ ဒဏ်ခတ်ခြင်းများသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံခေတ်ကပင် စတင်ခဲ့ပြီး နောက်ပိုင်းတွင်လည်း ဆက်လက်ပြုလုပ်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ စစ်ခေါင်းဆောင်များ ခံစားနေရသည့် အာဃာတ၊ အကြောက်တရားနှင့် မနာလို မရှုစိမ့်မှုတို့ကို ပြသနေသည်။
၁၉၈၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ဟု ကိုယ့် ဘာသာ အမည်ပေးထားသည့် စစ်အုပ်စုက ပထမအကြိမ် နေအိမ်တွင် ချုပ်နှောင်ထားလိုက်သည်။ နောင် သုံးနှစ်ကြာ သောအခါ ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ခံရသည်။
ထိုနေ့တွင်ပင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသည် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးရန်နှင့် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တောင်ပြို ကမ်းပြို နိုင်သည့် ရလဒ်ကို အတည်ပြုရန် တောင်းဆိုကြသည်။
စစ်အုပ်စုက ကျောင်းသားများကို ရက်ရက်စက်စက် ဖြိုခွဲပြီး ကျောင်းသား ၄၀၀ ကျော်ကို ဖမ်းကာ ထိုအထဲမှ လူ ၁၀၀ ကို ဒီမိုကရေစီ ခေါင်းဆောင်ကို ထောက်ခံမှုဖြင့် ထောင်ချလိုက်သည်။
စစ်အုပ်စုက ကျောင်းသားများကို ရက်ရက်စက်စက် ဖြိုခွဲပြီး ကျောင်းသား ၄၀၀ ကျော်ကို ဖမ်းကာ ဒီမိုကရေစီ ခေါင်းဆောင်ကို ထောက်ခံသောကြောင့် ၁၀၀ ကို ထောင်ချလိုက်သည်။
ရန်ကုန်မြို့ တောင်ဥက္ကလာတွင် နေသူတဦးသည် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် လူသိရှင်ကြား တောင်းဆို သဖြင့် ထောင် သုံးနှစ်ချခံရသည်။ ဦးဘသိန်းသည် သူ၏ရပ်ကွက်မှ အလှူခံမဏ္ဍပ်တွင် အသံချဲ့စက် စပီကာ အသုံးပြု၍ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ဆုတောင်းသည်။ ထို့အတွက် ထောင်ထဲတွင် သူ့ကို “စပီကာ ဘသိန်း” ဟု ချစ်စနိုးခေါ်ကြောင်း NLD နာယက ဦးဝင်းထိန်က သူ၏စာအုပ်တွင် ပြန်လည်ရေးသားခဲ့သည်။
နေအိမ်တွင် ဖမ်းထားရာမှ ၁၉၉၅ ခုနှစ်တွင် ပြန်လွှတ်ပေးခံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဗဟန်းမြို့နယ်ရှိ သူ၏နေအိမ်တွင် ရက်သတ္တပတ်ကုန် ဟောပြောပွဲများကျင်းပပြီး လူရာပေါင်းများစွာ လာရောက် နားထောင်ကြသည်။ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်အပေါ် ကြဲချသည့် ပန်းသင်္ကေတများကြောင့် ဒေါသထွက်ပြီး စစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည် ပန်းပန်သည့်အကြောင်းကို လှောင်ပြောင်သည့် သရော်ဇာတ်လမ်းတိုတခု နိုင်ငံပိုင်ရုပ်သံတွင် ထုတ်လွှင့်သည်။
စစ်ဗိုလ်ချုပ်များအတွက် ပန်းများသည် ဆူးရှိသော သင်္ကေတဖြစ်နေသည် ထိုအချိန်မတိုင်မီကပင် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိခင် လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် အုတ်ဂူသို့ အပတ်စဉ်သွားရောက် ပန်းများချထားသော NLD အမျိုးသမီး ပါတီဝင်တဦးမှာ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရပြီး မကြာမီ ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးခံရသည်။ လုံခြုံရေးကို ခြိမ်းခြောက်မှုဖြင့် သူ့ကိုတရားစွဲဆိုပြီး ထောင် သုံးနှစ် ချထား လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့တွင် ရက်သတ္တပတ်ကုန် စုဝေးပွဲများပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ ပါစေ၊ (ထိုစဉ်က NLD ဒုဥက္ကဋ္ဌ) ဦးကြည်မောင် ကျန်းမာပါစေ၊ NLD နာယက ဦးတင်ဦး ကျန်းမာပါစေဟု ဝတ်ပြုဆု တောင်းသူ တဒါဇင်ကျော် ရန်ကုန်မှ အင်းစိန်ထောင်တွင် ထောင် ၇ နှစ်စီချခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့တွင် ရက်သတ္တပတ်ကုန် စုဝေးပွဲများပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ (ထိုစဉ်က NLD ဒုဥက္ကဋ္ဌ) ဦးကြည်မောင် ကျန်းမာပါစေ၊ NLD နာယက ဦးတင်ဦး ကျန်းမာပါစေဟု ဝတ်ပြုဆုတောင်းသူ တဒါဇင်ကျော် ရန်ကုန်မှ အင်းစိန်ထောင်တွင် ထောင် ၇ နှစ်စီချခဲ့သည်။
၂၀၀၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တတိယအကြိမ်မြောက် နေအိမ်တွင် ဖမ်းဆီးသောအခါ NLD အမျိုးသမီး အဖွဲ့ဝင်များသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန် ဆုတောင်းပွဲများ ရန်ကုန်တွင် ကျင်းပကြသည်။
စစ်အုပ်စု အရာရှိများက နှောင့်ယှက်သည့်တိုင် ၎င်းတို့သည် ထိုဆုတောင်းပွဲများကို ရွှေတိဂုံနှင့် ဆူးလေအပါအဝင် တန်ခိုးကြီး ဘုရားများတွင် အင်္ဂါနေ့တိုင်း ကျင်းပကြသည်။ ရွှေတိဂုံဘုရားတွင် ဆုတောင်းပွဲ ကျင်းပသောကြောင့် NLD အဖွဲ့ဝင် ဒေါ်နော်အုန်းလှကို အင်းစိန်ထောင်သို့ တိုက်ရိုက်ပို့ဆောင်သည်။ ထိုနောက် တရားရုံးတရုံးက သူ့ကို သူနေထိုင်ရာ မှော်ဘီတွင် ချုပ်နှောင်သည်။
စစ်အုပ်စု အဆက်ဆက်သည် ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား ထောက်ခံသူတိုင်းကို ပြင်းထန်စွာ ဒဏ်ခတ်သည်။ ထိုသို့ဖိနှိပ်သော လုပ်ရပ်များသည် နိုင်ငံ၏ လူထုသဘောထား အရှိန်ကို ဆန့်ကျင်ရန် ကြိုးစားနေစဉ် စစ်ဗိုလ်ချုပ်များတွင် ဒေါ်အောင်ဆန်းစုကြည် အပေါ် နက်ရှိုင်းသည့် အကြောက်တရားနှင့် သံသယလွန်ကဲမှုကို ပြသနေသည်။
တချိန်တည်းတွင် နိုင်ငံ၏မိခင်ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာသည် အရပ်သားပြည်သူများ၏ စိတ်နှလုံးတွင် အခိုင်အမာ ဆက်လက် တည်ရှိနေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ How Myanmar Juntas Have Tried – and Failed – to Silence Suu Kyi’s Supporters ကို ဘာသာပြန်သည်။)
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပန်းပန်သူ တရာနီးပါး အဖမ်းခံရ
ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် သားဖြစ်သူ တောင်းဆို
“ဒေါ်အောင်ဆန်းစုကြည်သည် ချွင်းချန်ထားလို့ မရတဲ့ ပုဂ္ဂိုလ်”
စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့