အခုတလော ခဏခဏ ကြားနေရသည်။
“မင်းလုပ်လိုက်တာ သိပ် ကဗျာ ဆန်တာပဲ”
“ကြူနွဲ့သဇင်ဝင်း” ဟူသော နာမည်မျိုးကို သိပ်ကဗျာ ဆန်တာပဲဟု ဆိုကြပြန်ပါသည်။
တနေ့ မိတ်ဆွေ တယောက်က ကျနော့် အကြောင်းနှင့် ပတ်သက်၍
“အခုတလော ဆရာ တက်တိုးဟာ အတော် ကဗျာဆန်နေတယ်” ဟု ပြုံး၍ မှတ်ချက်ချကြောင်း ကြားသိရသည်။
ကဗျာဆန်တယ် ဆိုသော စကား၏ အဓိပ္ပာယ်ကို နားမလည်ပါ။
ကဗျာဟု ဆိုလျှင် စကားလုံး နုနုကလေးများ စီခြယ်ထားသည့် စာဟု ဆိုလိုပုံရသည်။
ထို့ကြောင့်လည်း နွဲ့နောင်း ပျော့ပျောင်းသော စကား အတွေး အပြုအမူတို့ကို ကဗျာဆန်သည်ဟု ဆိုနေကြဟန်ရှိသည်။
ဘယ်စကားလုံးသည် နုပါသနည်း။ နူးညံ့သော စကားလုံး၊ ပျော့ပျောင်းသော စကားလုံး၊ နွဲ့နောင်းသော စကားလုံး ဟူသည် အဘယ်နည်း။
ဥပမာ ကြူ ဆိုသော စကားလုံးသည် နွဲ့နောင်းပါသလား။ ဘာကြောင့် နွဲ့နောင်းပါသနည်း။ ဆို၍ ကောင်းခြင်းကြောင့်လား။ ဆို၍ ကောင်းသည် ဆိုခြင်းမှာ အဘယ်နည်း။
နားသာသည်ဟု ဆိုရာ၌ သာသည့် နားတွင်သာ သာ၍ မသာသည့် နားတွင် ခါးပေလိမ့်မည်။ အဓိပ္ပာယ်ကို လိုက်၍ သာခြင်းပေလော။
သို့ဆိုလျှင် ကြူ၊ နွဲ့၊ သဇင်၊ ဝင်း တို့မှာ ဘာအဓိပ္ပာယ် ထွက်ပါသလဲ။ ကျနော် ညံ့၍ ဖြစ်ပါလိမ့်မည်။ ကျနော်တော့ စဉ်းစား၍ မရပါ ခင်ဗျာ။
အသံသာသည်ကို ပဓာန ပြုကာ ကဗျာ စပ်လေ့ ရှိခြင်းသည် ကျနော်တို့၌သာ မဟုတ်။ အခြားဘာသာစကား ရေးသား ပြောဆို သူတို့၌လည်း ရှိသည်။
အသံသာမှု (ဆို၍ ကောင်းခြင်း) ကို အလေးဂရုပြုပြီးလျှင် အဓိပ္ပာယ်ကို ဂရုမထားသဖြင့် ရယ်စရာ ဖြစ်ကြောင်း အင်္ဂလိပ် စာရေးဆရာကြီး အောလ်ဒတ်စ် ဟတ်စလီ က သူ့ Crome Yellow ဝတ္ထုတွင် ဖော်ပြ၍ သရော်ထားသည်။ ပြန်ပြောပါဦးမည်။
တောရွာ တရွာတွင် ဘုရားရှိခိုးကျောင်း ရန်ပုံငွေ အတွက် အလှူပွဲတော်ကြီး တပွဲ ကျင်းပရာ ကဗျာ ပြိုင်ပွဲလည်း ပါသည်။ ရွာ့ စာဆို ကြီးငယ်တို့သည် ဉာဏ်စွမ်းကုန် ထုတ်၍ ကဗျာစပ်ဆို ပြိုင်ဆိုင်ကြသည်။
တယောက်သောသူက ကဗျာတွင် Carminative ဆိုသော စကားလုံးကို အရောင်တခု အဓိပ္ပာယ်မျိုးရသည့် စကားလုံး တလုံး အဖြစ် သုံးလိုက်သည်။
ပန်း၏ အရောင်ကို ဖော်ပြရာတွင် ကဗျာပြိုင်ပွဲ ဆုရွေးခြယ်ရေး အဖွဲ့ဝင် တဦးက
“ဘယ့်နှယ့် ခင်ဗျား ဒီစကားကို ဘာဖြစ်လို့ သုံးရတာလဲ” ဟု မေးလိုက်သည်။
ကဗျာဆရာက “ကျနော် ဒီစကားလုံးဟာ ဆိုလို့ ကောင်းလို့ (သုတိသာလို့) သုံးလိုက်တာပဲ” ဟု ဖြေလေသည်။
အင်္ဂလိပ်စာ တတ်သူများက တခိခိ ရယ်ကြသည်။ ကဗျာဆရာလည်း ဒေါသ ဖြစ်လေသည်။
“ငါက ဒီစကားလုံးကို နုလို့ လှလို့ သုံးထားတာ ဘာဖြစ်လို့ ဒီလူတွေ ရယ်ကြတာလဲ” ဟု မကျေနိုင် မချမ်းနိုင် ဖြစ်ကာ စိတ်ထဲ၌ မေးလိုက်လေသည်။
ပြိုင်ပွဲပြီးသည့်နောက် အိမ်သို့ ပြန်ရောက်သောအခါ အဘိဓာန်ကို လှန်ကြည့်လိုက်ရာ အနုကဗျာဆရာလည်း မျက်ဖြူ လန်သွားလေသည်။
Carminative ဆိုသော စကား၏ အနက် အဓိပ္ပာယ်မှာ “ဝမ်းလျှောစေတတ်သော” ဟူ၏။
သူသုံးသင့်သော စကားမှာ အောက်နားတွင် ဆက်၍ ပါလာသော သီးသန့် စကားလုံး တလုံး ဖြစ်သည့် Carmine ပင် ဖြစ်သည်။
သူက နုလှပြီဟု အထင်ကြီးနှင့် သုံးလိုက်သော စကားကြောင့် သူ၏ ပန်းမှာ မနီမြန်းတော့ဘဲ ဝမ်းလျှောစေတတ်သော ပန်း အဖြစ်သို့ ရောက်သွားလေတော့သည်။
အသံသာယာရုံနှင့် ကဗျာဆန်ပါသလော။
အထက်တွင် ဖော်ပြထားသော ရွာစာဆိုကဲ့သို့ အဓိပ္ပာယ် သေချာလွဲမှား၍ ရယ်စရာ ဖြစ်နိုင်ဖွယ် အကြောင်း ရှိပါသည်။
နုမှ၊ ယဉ်မှ၊ နွဲ့မှ၊ နောင်းမှ၊ ပျော့ပျောင်းမှ ကဗျာ ဆန်သည် ဆိုသော စကားကို လက်ခံနိုင်ဖို့ ခဲယဉ်းလှပါသည်။
ရှေးခေတ် မြန်မာ ကဗျာများတွင် စကားလုံး နုသည်ထက် အဓိပ္ပာယ် လေးနက်ဖို့၊ ပြန့်ကျယ်ဖို့၊ နူးညံ့ဖို့ လိုကြောင်း ထင်ရှားစွာ တွေ့ရပါသည်။
အဓိပ္ပာယ် မရှိဘဲသော်လည်းကောင်း၊ အဓိပ္ပာယ် ရှုပ်ထွေး၊ တိမ်ငုတ်လျက်သော် လည်းကောင်း ဖြစ်နေပါမူ စကားလုံး နုနု ကလေးများသည် အချည်းနှီး ဖြစ်ချေမည်။
ကျနော် နားလည်သော ကဗျာဆန်ခြင်းမှာ အဓိပ္ပာယ် ထိထိမိမိ ရှိအောင် စီကုံး ဖွဲ့နွဲ့ခြင်းပင် ဖြစ်သည်။
အကြောင်းအရာ တခုကို စပ်ဆို ဖွဲ့နွဲ့ရာ၌ ထိုအကြောင်းအရာ၏ သဘောတရား အခြေအနေ ပုံသဏ္ဌာန် စသည်တို့ကို သိပ်သည်း ကျစ်လျစ်စွာ ဖော်ပြခြင်းဖြင့် အဓိပ္ပာယ် ပေါ်လွင်စေနိုင်ဖို့ အရေးသည် မသေးငယ်လှပေ။
ကဗျာ၏ တာဝန်သည် ဆိုလိုရင်းကို စကားပိုမပါ၊ သိပ်သိပ်သည်းသည်းနှင့် ထိရောက်စွာ ဖော်ပြရန် ဖြစ်သည်ဟု ယူဆပါသည်။
ယခုခေတ်၌ကား ကဗျာဆန်သည်ဟု ဆိုခြင်းဖြင့် စိတ်ကူးယဉ်သည်၊ အနုသယ်သည်။ အဆုံးဆိုရသော် ရူးကြောင်ကြောင် ဖြစ်သည်အထိ အဓိပ္ပာယ်မျိုး ယူဆလျက် ရှိကြကြောင်း တွေ့ရပါသည်။
အဓိပ္ပာယ် လေးနက် ထိရောက်စွာ စပ်ဆိုလိုက်လျှင် ကဗျာ ဖြစ်လာသည်ဟု ဆရာကြီးတို့က ဆိုကြ၏။ ကဗျာမှာ လင်္ကာသာ မဟုတ်သေး၊ စကားပြေလည်း ဖြစ်နိုင်သည်။ အဓိပ္ပာယ် လေးနက် သိမ်မွေ့မှု၌ အဓိက ထားသည်။ စကားလုံး၌ အဓိက မထားပေ။
ထို့ကြောင့် ယခု အမှတ်တမဲ့ ထင်နေသော အထင်မှာ မမှန်ကန်ပေ။ လောကသဘာဝ၊ လူ့သဘာဝ တို့ကို လေးနက်စွာ ဖော်ပြနိုင်စွမ်းရှိမှ ကဗျာ ဆန်သည်ဟု ဆိုသင့်သည်။
အဓိပ္ပာယ် လုံးဝ မရှိသော၊ အဓိပ္ပာယ် မပြတ်သားသော စကားလုံးများကို စုသီထားရုံနှင့် ကဗျာ မဖြစ်လာနိုင်ပေ။
ယခုခေတ်၌ ကဗျာ အရေးအသား လွန်စွာပင် ပေါများလှ၏။ အချို့သော ကဗျာများမှာ မှတ်သားလောက်အောင် ကောင်းမွန်ပါ၏။
သို့သော် များလှစွာသော ကဗျာများမှာကား တန်ဖိုး ကင်းမဲ့ချေသည်။ စိတ်ကူးယဉ်ချိန်မျိုး၌ ကဗျာ စပ်ချင်စိတ် ပေါ်တတ်သည်။
ထို့ကြောင့်လည်း စိတ်ကူး ယဉ်ယဉ် ပြောဆို လုပ်ကိုင်လျှင် ကဗျာဆန်သည်ဟု ဆိုနေခြင်း ဖြစ်သည်။
ကဗျာ စပ်ချင်စိတ်ကလေး ပေါ်လာသည့် အလျောက် စကားလုံး အချို့ကို စုစပ် သီကုံးလိုက်ရလျှင် အာသာ ပြေသွားသည်ဟု ထင်ရသည်။ ယင်းသို့ အာသာပြေ ကဗျာ စပ်လိုက်မိရုံနှင့် မိမိကိုယ်ကိုမိမိ ကဗျာဆရာဟု ထင်မှတ် မိတတ်သည်။
စိတ်ကူးယဉ်ရုံ နှင့် ကဗျာဆရာ မဖြစ်နိုင်ပါ။
ကဗျာဆရာသည် လောက သုံးပါးကို ပျော့ပျောင်းသော်လည်း ကြံ့ခိုင်သော နှလုံးသားဖြင့် ဆင်ခြင် သုံးသပ်၍ နုညွန့်ဝေဆာသော ဘာသာစကား ဝေါဟာရများဖြင့် ထိရောက် လေးနက်စွာ ဖော်ပြနိုင်စွမ်းရှိသော အနုပညာရှင် တဦးပင် ဖြစ်သည်။
ကဗျာဆရာသည် ဖန်ဆင်း တီထွင်သူ ဖြစ်သည်။ လောက သုံးပါးကို သူတကာ မမြင်တတ်သော အမြင်မျိုးဖြင့် မြင်၍ သူတကာ မပြောဘူးသော၊ ဆန်းသစ်သော၊ အဓိပ္ပာယ် ကြွယ်ဝလှသော ဝေါဟာရတို့ဖြင့် ဖော်ပြနိုင်သည့် သတ္တိသည် သူ့၌ ရှိအပ်လှ၏။ တော်စွ လျော်စွ ပါရမီနှင့် ကဗျာဆရာ မဖြစ်နိုင်ပါ။
ကဗျာမှာ စင်စစ်အားဖြင့် အတွေးနှင့် ပို၍ ရင်းနှီး၏။ အတွေး ကဗျာအရာဝင်မှ အရေးလည်း ကဗျာအရာ ဝင်လာပေမည်။
အကြောင်းအရာကို လေးနက်စွာ သိမ်မွေ့စွာ တွေးခေါ်နိုင်လာသည့် အခါဝယ် အတွေးကို သယ်ဆောင်ရမည့် စကားလုံး တို့သည် ပေါ်ထွန်းလာပေသည်။ အတွေး နက်နဲ သိမ်မွေ့လျှင် အရေး သစ်လွင် နုနယ်လာပေမည်။
ကဗျာ ဆန်သည် ဆိုသော စကားကို ပေါ့ပေါ့တန်တန် အသုံးပြုနေခြင်းကို သတိပေးအပ်လှသည်။
အရူးထပြီး ကဗျာ စပ်တာပဲဟု ထင်နေသူများအား ဆုံးမသင့်ပေသည်။ ရူးကြောင်ကြောင် လုပ်လျှင် ကဗျာဆန်သည်ဟု ထင်နေခြင်းကိုလည်း တားဆီး အပ်လှ၏။
အင်္ဂလိပ် ဘာသာစကားတွင် Poetry နှင့် Verse ခွဲခြားထားသဖြင့် အယူအဆ မမှားနိုင်။ မြန်မာ တို့လို “ကဗျာ” ဟု အားလုံးကို သိမ်းကျုံး၍ ဆိုခဲလှ၏။
Poetry ဖြစ်အောင် ပြုစုနိုင်စွမ်းရှိဖို့ လွန်စွာမှ ခဲယဉ်းသဖြင့် အချို့သော ကဗျာဆရာများသည် မိမိတို့ ကဗျာများကို Poem , Poetry ဟု မခေါ်ဘဲ Verse ဟု ခေါ်ကြသည်။
ကဗျာကဏ္ဍသည် ရသစာပေတွင် ကြီးလှစွာသော အခန်း ဖြစ်ပေသည်။ ကဗျာကို ဝေဖန်နိုင်သော အရည်အချင်းနှင့် သတ္တိ ရှိဖို့လည်း မလွယ်လှချေ။
ကဗျာ မြောက်မြားစွာ ပေါ်လာရုံနှင့် ကဗျာ အရေးအသား တိုးတက်လာပေပြီဟု ဆိုနိုင်ဖို့ ခဲယဉ်းလှချေသည်။ ဝေဖန်နိုင်စွမ်း ရှိသူ ပေါ်ပေါက်လာ၍ ဝေဖန်ပေပြီဟု ဆိုနိုင်စေကာမူ ဝေဖန်မှုကို လက်ခံနိုင်သော သတ္တိ မွေးဖြူရပေဦးမည်။
“ကဗျာဆရာ ငါဆရာ၊ ငါနှင့် ငါသာ နှိုင်းစရာ” ဟု ထင်နေ ဆိုနေသူများကား ပေါများ လှလေစွ။
ကဗျာ အရေးအသား တိုးတက်မှု လိုလားသူတို့သည် စေတနာနှင့် ဝေဖန်ခြင်းကို လက်ခံရပေမည်။ ထိုအခိုက်တွင် ကဗျာ၏ သဘောတရားများကို အများသိအောင် တတ်စွမ်းသမျှ ရှင်းလင်း တင်ပြသင့်ပေသည်။
အမျိုးသား စာပေ ထွန်းကားရေးတွင် စကားပြေ အရေးအသား နှင့် ကဗျာ အရေးအသား တို့သည် ယှဉ်တွဲ၍ ချီတက်ရမည် ဖြစ်လေရာ ကဗျာ အရေးအသား၌ အခြေခံ တရားတို့ကို ကဗျာ ရေးသူများ ရေးလိုသူများနှင့် လေ့လာ ဖတ်ရှုသူများ အားလုံး သိနားလည်အောင် ဆောင်ရွက်ကြပါရန် တောင်းပန် လိုပေသည်။ ။
(စာရေးဆရာကြီး တက်တိုး ရေးသားခဲ့သည့် ဤ ရသစာတမ်းကို ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလတွင် ကံ့ကော်ဝတ်ရည် စာပေတိုက်က ထုတ်ဝေသော “ရွှေစင်နှင်းဆီ နှင့် အက်ဆေးများ တက်တိုး ဒုတိယ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး တက်တိုး သည် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက် အသက် ၉၀ အရွယ်တွင် ကွယ်လွန်သွားခဲ့ ပါသည်။)
You may also like these stories:
စာရေးဆရာ ညီပုလေး အတွက် သူတို့ရဲ့ ဝမ်းနည်းစကား