(စ) မြန်မာစစ်တပ်၏ စစ်လက်ရုံး၊ စစ်ဝန်ထမ်းတပ်များ
စစ်တပ်တွင် ခြေလျင်၊ ခြေမြန်တပ်ရင်း ၅၄၂ ရင်းကို ပံ့ပိုးပေးနေသည့် လက်ရုံးတပ်ဖွဲ့များ၊ စစ်ဝန်ထမ်းတပ်ဖွဲ့များမှာ –
၁။ လေကြောင်းရန်ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့ – ၅၈ ရင်း၊
၂။ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ – ၁၇ ဖွဲ့၊
၃။ ကပစ စက်ရုံ၊ အလုပ်ရုံ – ၂၆ ရုံ၊
၄။ စစ်ကျောင်းများ – ၃၈ ကျောင်း၊
၅။ ကကနယ်တပ်ဖွဲ့ – ၆ ဖွဲ့၊
၆။ ဆက်သွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့၊ အလုပ်ရုံ – ၅၁ ဖွဲ့၊
၇။ ကကပြည်တပ်ဖွဲ့/သင်တန်းကျောင်း – ၃၇ ဖွဲ့၊
၈။ ဆေးတပ်ဖွဲ့၊ ဆေးရုံ၊ ဆေးတပ်ရင်း – ၅၉ ဖွဲ့၊
၉။ အင်ဂျင်နီယာတပ်ရင်းတပ်ဖွဲ့ – ၆၄ ဖွဲ့၊
၁၀။ ထောက်ပံ့ရေး၊ ပို့ဆောင်ရေးတပ်ရင်းတပ်ဖွဲ့ – ၃၆ ဖွဲ့၊
၁၁။ ကကနက် တပ်ဖွဲ့ – ၄၁ ဖွဲ့၊
၁၂။ လျှပ်စစ်တပ်ဖွဲ့၊ သင်တန်းကျောင်း – ၃၉ ဖွဲ့၊
၁၃။ အထွေအထွေတပ်ဖွဲ့ – ၁၃ ဖွဲ့၊ စစ်သံရုံး – ၁၇ ရုံး၊
၁၄။ ကာကွယ်ရေးဦးစီချုပ်ရုံးအပါအဝင် စစ်ရုံး ၂၁ ရုံးတို့ ဖြစ်သည်။
အဆိုပါ လက်ရုံးတပ်၊ ဝန်ထမ်းတပ်အင်အားမှာ တိုက်ခိုက်ရေးအင်အားထက် များသည်။ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ ၅၈ ရင်းမှာ တရင်းလျှင် အများဆုံး အင်အား ၁၅၀ နှင့်တွက်ပါက ၈,၅၀၀ ခန့်ရှိ၏။ လက်ရှိ လေယာဉ်မရှိသော နွေဦးတော်လှန်ရေးတပ်ဖွဲ့များအား တိုက်ခိုက်ရာတွင် အသုံးမဝင်သော်လည်း မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံအရ ဖွဲ့စည်းထားသည့်တပ်ဖွဲ့တခု ဖြစ်၏။
လက်ရုံးတပ်၊ ဝန်ထမ်းတပ်အင်အားမှာ တိုက်ခိုက်ရေးအင်အားထက် များသည်။ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ ၅၈ ရင်းမှာ တရင်းလျှင် အများဆုံး အင်အား ၁၅၀ နှင့်တွက်ပါက ၈,၅၀၀ ခန့်ရှိ၏။
စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) မှာ ထောက်လှမ်းရေးကို အမည်ပြောင်းထားသော အဖွဲ့ဖြစ်သည်။ သင်တန်းကျောင်း၊ အကူတပ်ဖွဲ့ နှစ်ခု၊ စစ်ကြောရေးစခန်းများအပြင် စစ်တပ်အာဏာသိမ်းပြီး အထက်နှင့်အောက်မြန်မာပြည် ဌာနခွဲများလည်း ဖွင့်လှစ်ထား၏။ စစ်တိုင်း ၁၄ ခုလုံးတွင် စရဖ တပ်ဖွဲ့များ ဖွဲ့ထားပြီး တိုင်းအလိုက် စရဖ တပ်ဖွဲ့မှူးအပြင်၊ တိုင်း စရဖ စစ်ဦးစီးပထမတန်းပါ ခန့်အပ်ထား၏။ ယခင် ထောက်လှမ်းရေးဖွဲ့စည်းပုံနှင့် သိပ်မကွာလှရာ စရဖ တခုလုံး အင်အား ၁ သောင်းကျော်ခန့်ရှိမည်ဟု ခန့်မှန်းရ၏။
ကပစ စက်ရုံများမှာလည်း စက်ရုံတရုံလျှင် အင်အား ၄၀၀ ခန့်နှင့် ပျမ်းမျှတွက်ချက်ပါက အင်အား ၁ သောင်းခန့်ရှိ၏။ ထို့ပြင် အခြေခံစစ်ပညာကျောင်း၊ အကြပ်သင်တန်းကျောင်းမှအစ လေထီးသင်တန်းကျောင်း၊ ဗိုလ်သင်တန်းကျောင်းအလယ် စစ်ဦးစီးတက္ကသိုလ်နှင့် ကာကွယ်ရေးတက္ကသိုလ်အဆုံး စစ်သင်တန်းကျောင်း ၄၀ နီးပါးရှိ၏။
ကကနယ်တွင် တက္ကသိုလ်လေ့ကျင့်ရေးတပ် သုံးတပ်၊ နယ်စပ် လူဝင်မှုကြီးကြပ်ရေးတပ်ရင်း သုံးရင်းရှိ၏။ ဆက်သွယ်ရေးတပ်တွင် ဆက်သွယ်ရေး အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်ရေးနှင့် သုတေသနဌာန၊ ပင်မဆက်သွယ်ရေး အလုပ်ရုံ၊ ဆက်သွယ်ရေးသင်တန်းကျောင်း၊ ဆက်သွယ်ရေးတပ်ရင်း ၁၉ ရင်း၊ အဆင့်မြင့်ဆက်သွယ်မှုတပ်ရင်း ၁၃ ရင်း၊ အဆင့်မြင့်ဆက်သွယ်မှု ယန္တရားတပ်၊ ဆက်သွယ်ရေးလုံခြုံမှုတပ်ဖွဲ့၊ ဆက်သွယ်ရေးအလုပ်ရုံ ၁၂ ရုံ၊ ဆက်သွယ်ရေးပစ္စည်းထိန်းတပ်ခွဲ နှစ်ခွဲရှိသည်။
ကကပြည်တွင် ဗဟိုပြည်သူ့ဆက်ဆံရေးတပ်၊ ထုတ်လုပ်ရေးတပ်၊ တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်း ၁၂ ကျောင်း၊ အသံလွှင့်တပ်ဖွဲ့ နှစ်ခု၊ ရုပ်မြင်သံလွှင့်တပ်ဖွဲ့တခု၊ ပညာရေးတပ်ဖွဲ့၊ နယ်လှည့်ဆက်ဆံရေးတပ်ဖွဲ့ လေးခု၊ စာပေနှင့်သတင်းစာတိုက် သုံးခု၊ ပညာရေးကျောင်း ၁၂ ကျောင်း ရှိ၏။ ကကလုံတွင် လုံခြုံရေးဆိုင်ရာ ပုံနှိပ်လုပ်ငန်းများစက်ရုံ ရှိ၏။

ဆေးတပ်ဖွဲ့တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုတက္ကသိုလ် နှစ်ခု၊ ဗဟိုဆေးတပ်အပါအဝင် ဆေးတပ် လေးခု၊ ခုတင် ၁၀၀၀ ဆေးရုံ နှစ်ရုံ၊ အသည်း၊ အရိုး စသည့် အထူးပြုဆေးရုံ ငါးရုံ၊ ခုတင် ၇၀၀ ဆေးရုံ နှစ်ရုံ၊ ခုတင် ၅၀၀ ဆေးရုံ နှစ်ရုံ၊ စစ်မြေပြင်ဆေးတပ်ရင်း ၁၄ ရင်း၊ ခုတင် ၃၀၀ ဆေးရုံ လေးရုံ၊ ခုတင် ၁၀၀ ဆေးရုံ ၂၀၊ ဆေးသိုလှောင်ရေးတပ် နှစ်တပ်နှင့် အခြားတပ်ဖွဲ့ငယ်၊ ဆေးရုံငယ်များ ပါဝင်သည်။
အင်ဂျင်နီယာတပ်ဖွဲ့တွင် နည်းပညာတက္ကသိုလ် တခု၊ အင်ဂျင်နီယာကျောင်း တကျောင်း၊ အင်ဂျင်နီယာတပ်ဖွဲ့ သုံးတပ်၊ ယန္တယားအင်ဂျင်နီယာတပ်ရင်း နှစ်ရင်း၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် လေးတပ်၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ၂၀၊ ဆောက်လုပ်ရေးတပ်ခွဲ ၃၂ ခုနှင့် အင်ဂျင်နီယာအလုပ်ရုံ တရုံရှိ၏။
မြန်မာစစ်တပ်သည် ပုံမှန်စစ်တပ်တတပ်အဖြစ် နိုင်ငံတော်ဘဏ္ဍာဖြင့် တည်ဆောက်ထားသည်ဖြစ်ရာ အခြားနိုင်ငံမှ ပုံမှန်တပ်များကဲ့သို့ ရှေ့တန်းတိုက်ခိုက်ရေးတပ်များထက် တိုက်ခိုက်ရေးတပ်များကို ပံ့ပိုးရသည့် လက်ရုံးတပ်၊ စစ်ဝန်ထမ်းတပ်ဦးရေက ပိုများ၏။
ထောက်ပံ့ရေးတပ်ဖွဲ့တွင် ပင်မထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်၊ မော်တော်ယဉ်တပ်ရင်း နှစ်ရင်း၊ တိရိစ္ဆာန်မွေးမြူရေးတပ်ရင်း တရင်း၊ ဝန်တင်တပ်ရင်း လေးရင်း၊ ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ်ရင်း ၁၇ ရင်း၊ ရှေ့တန်းအခြေချထောက်ပံ့ရေးတပ်၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ ခြောက်ခွဲ၊ ထောက်ပံ့နှင့်ပို့ဆောင်ရေး သင်တန်းကျောင်း နှစ်ကျောင်း၊ စိုက်ပျိုးမွေးမြူရေးသင် တန်းကျောင်း နှစ်ကျောင်း၊ အခြားတပ်ဖွဲ့ငယ်များ ပါဝင်၏။
စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ဖြစ်သည့် ကကနက်တွင် ပင်မစစ်လက်နက် ပစ္စည်းတပ် နှစ်တပ်၊ ပင်မယာဉ်သိုလှောင်ရေးတပ် နှစ်တပ်၊ ပင်မခဲယမ်းမီးကျောက်တပ် နှစ်တပ်၊ ဆေးဝါးစက်ရုံ၊ ယာဉ်သိုလှောင်ရေးတပ်ရင်း နှစ်ရင်း၊ ခဲယမ်းမီးကျောက်တပ်ရင်း နှစ်ရင်း၊ စစ်လက်နက်ပစ္စည်း တပ်ရင်း နှစ်ရင်း၊ စစ်လက်နက်ပစ္စည်းတပ်ခွဲ ၂၄ ခု၊ ခဲယမ်းစစ်ဆေးရေးတပ်စု နှစ်စုနှင့် အခြားတပ်ဖွဲ့ငယ်များ ပါဝင်သည်။
လျှပ်စစ်တပ်ဖွဲ့တွင် သိပ္ပံနှင့်သင်တန်းကျောင်း နှစ်ကျောင်း၊ ပင်မအလုပ်ရုံ သုံးခု၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ တပ်ရင်း ၁၂ ရင်း၊ ပစ္စည်းထိန်းတပ်ခွဲ နှစ်ခွဲ၊ အလုပ်ရုံ တပ်ခွဲ ရှစ်ခွဲ၊ အလုပ်ရုံတပ်စု ၁၂ စုတို့ ပါဝင်၏။
အထွေထွေတပ်ဖွဲ့တွင် ဗိုလ်ရွေးအဖွဲ့၊ ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတပ်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း နှစ်ခု၊ တည်းခိုရေးစခန်း ခုနစ်ခု၊ စစ်ထောင် နှစ်ခု၊ စစ်သံအဖွဲ့ ၁၇ ဖွဲ့ ပါဝင်သည်။

နေပြည်တော်စစ်ရုံးချုပ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဒုကာကွယ်ရေးဦးစီးချုပ်ရုံး၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ရုံး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)၊ စစ်ရေးချုပ်ရုံး၊ စစ်ထောက်ချုပ်ရုံး၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရုံး၊ စစ်ရာထူးခန့်ချုပ်ရုံး၊ စစ်ဥပဒေချုပ်ရုံး၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်ရုံး၊ စရဖ အရာရှိချုပ်ရုံး၊ လေ့ကျင့်ရေးအရာရှိချုပ်ရုံး၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး၊ ကြည်း၊ ရေ၊ လေ စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်ရုံး၊ စစ်ဦးစီးလက်ရုံးဝန်ထမ်းများရုံး (ဦး)၊ စစ်ရေးဝန်ထမ်းများရုံး (ရေး)၊ စစ်ထောက်ဝန်ထမ်းများရုံး (ထောက်) ဟူ၍ အဓိက စစ်ရုံး ၂၁ ရုံးရှိ၏။
ထိုရုံးများထဲမှ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အောက်တွင် ကာကွယ်ရေးနှင့် စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ) ခြောက်ခု၊ စစ်ဆင်ရေးဌာနခွဲ၊ စီမံဌာနခွဲ၊ တာဝန်ဌာနခွဲ၊ သုတေသနဌာနခွဲဟူ၍ ဌာနခွဲများ ထပ်ခွဲထား၏။
စစ်ဦးစီးလက်ရုံးဝန်ထမ်းရုံးများတွင် အမြောက်တပ် ညွှန်ကြားရေးမှူးရုံး၊ ဒုံးတပ်ဖွဲ့ ညွှန်မှူးရုံး၊ သံချပ်ကာယန္တယားတပ်ဖွဲ့ ညွှန်မှူးရုံး၊ ဆက်သွယ်ရေးညွှန်မှူးရုံး၊ အထူးဆောက်လုပ်ရေးညွှန်မှူးရုံး၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်မှူးရုံး၊ ပြည်သူစစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်မှူးရုံး၊ ကြည်း၊ ရေ၊ လေ ကွန်ပြူတာဌာနမှူးရုံး၊ စစ်သမိုင်းပြတိုက်နှင့် မော်ကွန်းတိုက်မှူးရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန စခန်းမှူးရုံး၊ ဗဟိုမှတ်ပုံတင်ရုံးနှင့် လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွှန်မှူးရုံး စသည်ဖြင့် ၁၂ ရုံးပါဝင်သည်။
စစ်ရေးဝန်ထမ်းများရုံးတွင် ဆေးဝန်ထမ်းညွှန်မှူးရုံး၊ ပြန်လည်နေရာချထားရေးညွှန်မှူးရုံး၊ တပ်ထိန်းချုပ်ရုံး၊ တပ်အင်အားဖြည့်တင်းရေး ညွှန်မှူးရုံး၊ တပ်မတော်မှတ်တမ်းညွှန်မှူးရုံး၊ ငွေစာရင်းရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန စည်းမျဉ်းဥပဒေပြုစုရေးဌာနခွဲ ဟူ၍ ခုနစ်ရုံးရှိ၏။
စစ်ထောက်ဝန်ထမ်းရုံးများတွင် စစ်အင်ဂျင်နီယာညွှန်မှူးရုံး၊ ထောက်ပို့ ညွှန်မှူးရုံး၊ စစ်လက်နက်ပစ္စည်းညွှန်မှူးရုံး၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာညွှန်မှူးရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန ပစ္စည်းဝယ်ယူမှု ညွှန်မှူးရုံးဟူ၍ ရုံး ငါးရုံး ထပ်ခွဲထား၏။
သို့ဖြစ်ရာ စစ်ရုံးပေါင်း ၄၀ ကျော်ရှိပြီး ရုံးဝန်ထမ်းတပ်ဖွဲ့မှာလည်း မနည်းလှပေ။ မြန်မာစစ်တပ်သည် ပုံမှန်စစ်တပ်တတပ်အဖြစ် နိုင်ငံတော်ဘဏ္ဍာဖြင့် တည်ဆောက်ထားသည်ဖြစ်ရာ အခြားနိုင်ငံမှ ပုံမှန်တပ်များကဲ့သို့ ရှေ့တန်းတိုက်ခိုက်ရေးတပ်များထက် တိုက်ခိုက်ရေးတပ်များကို ပံ့ပိုးရသည့် လက်ရုံးတပ်၊ စစ်ဝန်ထမ်းတပ်ဦးရေက ပိုများ၏။ ထို့ကြောင့် အဆိုပါ စစ်လက်ရုံးတပ်၊ စစ်ဝန်ထမ်းတပ်များ၊ ကပစ စက်ရုံဝန်ထမ်းများကို ပေါင်းပါက ၂ သိန်းနှင့်အထက်ရှိမည်ဟု ခန့်မှန်းရ၏။ ရှေ့တန်းတိုက်ခိုက်ရေးအင်အားထက် နှစ်ဆခန့်ရှိသည်။
လက်ရှိအချိန် မြန်မာစစ်တပ်သည် စစ်အင်အား မလုံလောက်သည့်အပြင် တပ်သားသစ်စုဆောင်းရန် ခက်ခဲနေသည့်အချိန်တွင် စစ်လက်ရုံးတပ်များအား စစ်ကြောင်းထွက်ခိုင်းခြင်း၊ တပ်သားများထုတ်နုတ်၍ တိုက်ခိုက်ရေးတပ်များသို့ ဖြည့်တင်းခြင်းများ ပြုလုပ်လာသည်။ ရန်ကုန်၊ မန္တလေး စသည့်မြို့ပြများတွင် လုံခြုံရေးတာဝန်ယူနေသည့် စစ်သားများ၏ လက်မောင်းတံဆိပ်ကိုကြည့်ပါက စစ်လက်ရုံးတပ်များမှဖြစ်သည်ကို တွေ့နိုင်၏။ တပ်တွင်း သတင်းအရင်းအမြစ်များ အဆိုအရ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လက်ရုံးတပ်များမှ တပ်အင်အား ၃ သောင်းခန့်ထုတ်နုတ်ပြီး တိုက်ခိုက်ရေးတပ်ရင်းများသို့ ဖြည့်တင်းရန် စီစဉ်နေသည်ဟု သိရပါသည်။

(ဆ) လက်ရှိ မြန်မာစစ်တပ်၏ တပ်ဖြန့်ခွဲမှု
ကချင်ပြည်နယ်
ကချင်ပြည်နယ်တွင် KIA နှင့် PDF များကို ရင်ဆိုင်ရန် မပခ လက်အောက်ခံ တိုင်းတပ်များ၊ တိုင်းအခြေစိုက် စကခ ၃၊ စကခ ၂၁ တို့ ဖြန့်ခွဲယူထားသည့်အပြင် တပ်အင်အား မလုံလောက်သဖြင့် ဖားကန့်ဒေသတွင် တပ်မ ၃၃၊ ကချင်နှင့် စစ်ကိုင်းအစပ်တွင် တပ်မ ၈၈ ကို ဖြန့်ခွဲ နေရာချထားသည်။
စစ်ကိုင်းတိုင်း
PDF နှင့် ဒေသခံ ပကဖ များကို ရင်ဆိုင်ရန် နမခ တိုင်းတပ်များအပြင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြား စစ်ကိုင်းတိုင်းဒေသ အထက်ပိုင်း ကသာခရိုင်၊ ကောလင်းခရိုင်၊ ဟုမ္မလင်းခရိုင်တို့တွင် တပ်မ ၇၇ မှ နှစ်ဗျူဟာ၊ ရင်း ခြောက်ရင်းခန့်အပြင် ကချင်ပြည်နယ်မှ တပ်မ ၈၈ ကလည်း ဆက်စပ်လှုပ်ရှား၏။ အောက်ပိုင်းဖြစ်သည့် မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ကန့်ဘလူခရိုင်များ၌ စကခ ၁၀ နှင့် စကခ ၄ အား ဖြန့်ခွဲချထားသည်။
စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အနောက်ခြမ်း ကလေးခရိုင်၊ တမူးခရိုင်၊ မော်လိုက်ခရိုင်၊ ယင်းမာပင်ခရိုင်များတွင် ဒကစ ကလေးနှင့် တိုင်းတပ်များ ဖြန့်ခွဲချထား၏။ ခန္တီးခရိုင်တွင်လည်း တိုင်းလက်အောက်ခံ စစ်ဗျူဟာအခြေချ ကွပ်ကဲသည်။
ချင်းပြည်နယ်
CAN နှင့် CDF များအား ရင်ဆိုင်ရန် ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးတွင် နမခ လက်အောက်ခံ စဗခ တခုနှင့် ရင်း သုံးရင်း၊ ချင်းပြည်နယ်တောင်ပိုင်း မတူပီတွင် နမခ လက်အောက်ခံ စဗခ တခုနှင့် ရင်း သုံးရင်း မူလရှိသည့်အပြင် စကခ ၁၉ တခုလုံးအား ချင်းနှင့် အိန္ဒိယနယ်စပ်၊ ဘင်္ဂလားနယ်စပ်သို့ ဖြန့်ခွဲချထားသည်ဟု သိရ၏ (သတင်းစိစစ်ဆဲ)။ ချင်းပြည်နယ် ပလက်ဝတွင် တပ်မ ၁၁ မှ နှစ်ဗျူဟာ၊ ခြောက်ရင်းခန့် ဖြန့်ခွဲနေရာယူထား၏။ တပ်မ ၇၇ မှ တပ်ရင်းအချို့အား ချင်းပြည်နယ်မြောက်ပိုင်းသို့ စစ်ကူပို့သည်ဟု ဆိုသည်။
မန္တလေးတိုင်း
PDF နှင့် မြို့ပြပြောက်ကျားများကို ရင်ဆိုင်ရန် လပခ တိုင်းတပ်များနှင့် တိုင်းအတွင်းရှိ တပ်မ သုံးခုမှ နောက်ချန် ဌာနချုပ်တပ်ခွဲများကို အသုံးပြု၍ စစ်ဆင်ရေးပြုလုပ်သည်။
မကွေးတိုင်း
PDF များကို ရင်ဆိုင်ရန် ဂန့်ဂေါခရိုင်တွင် နမခ လက်အောက်ခံ တိုင်းတပ်များက တာဝန်ယူပြီး တပ်မ ၇၇ မှ သုံးရင်း၊ တဗျူဟာခန့်အား ဂန့်ဂေါခရိုင်နှင့် ချင်းပြည်နယ်အစပ်တွင် လှုပ်ရှားသည်ကို တွေ့ရ၏။ မကွေးတိုင်း ကျန်ခရိုင်များတွင် လပခ တပ်များက တာဝန်ယူ၏။ မကွေးတိုင်း၊ ပခုက္ကူခရိုင်တွင် တပ်မ ၁၀၁ မှ တဗျူဟာနှင့် ရင်း လေးရင်း ဖြန့်ခွဲလှုပ်ရှား၏။
ရှမ်းပြည်နယ်
ရှမ်းပြည်မြောက်ပိုင်းတွင် KIA, မြောက်ပိုင်းသုံးဖွဲ့နှင့် UWSA ကို ရင်ဆိုင်ရန် ရမခ တပ်များ ဖြန့်ခွဲချထားသကဲ့သို့ ကိုးကန့်ဒေသ၌ ဒကစ လောက်ကိုင်တပ်များ ချထား၏။ မုန်းပေါ်၊ မုန်းကိုး၊ ဖောင်းဆိုင်ဒေသ၌ တပ်မ ၉၉၊ နန့်ဖတ်ကာ၊ တာမိုးညဲ၊ နန့်ဆလပ်ဒေသများတွင် စကခ ၁၇၊ ကိုးကန့်-မော်ထိုက်ဒေသတွင် စကခ ၁၂ မှ ခြောက်ရင်းခန့်၊ တာရွှေထန်ဒေသ စကခ ၁၆၊ ဟိုပန်၊ ပန်လုံဒေသနှင့် လားရှိုး လုံခြုံရေးအတွက် စကခ ၁၊ နမ့်ဆန်၊ နမ္မတူ၊ မိုင်းငေါ့ဒေသ တပ်မ ၁၀၁ မှ ခြောက်ရင်းခန့်၊ နမ့်ခမ်းဒေသတွင် စကခ ၇ မှ နှစ်ရင်း ဖြန့်ခွဲလှုပ်ရှားနေသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပခ နယ်မြေတွင် SSPP, RCSS တို့ကို ရင်ဆိုင်ရန် အဓိက တိုင်းတပ်များသာ ဖြန့်ခွဲထားပြီး ပအိုဝ်းဒေသ၌ PNO ပြည်သူ့စစ်ကို အားပြုထားပါ၏။ ကလောနှင့်ကျောက်ဂူဒေသတွင် တိုင်းတပ်မှ တပ်ရင်း ငါးရင်း လှုပ်ရှားသည်ကို တွေ့ရပြီး ပင်လောင်းဒေသတွင် စကခ ၂ မှ ရင်း လေးရင်း လှုပ်ရှားသည်ကို တွေ့ရ၏။
ရှမ်းပြည်တောင်ပိုင်း ရလခ နယ်မြေတွင် SSPP နှင့် RCSS တပ်များကို ရင်ဆိုင်ရန် တိုင်းတပ်များအပြင် အက်စ်သုံးလုံး၊ မတ်ကျန်း၊ နားရိုင်း စသည့် ပသစများကို အသုံးပြု၏။ ၂၀၂၁ မှစ၍ တသခ နယ်မြေမှ စကခ ၁၄ နှင့် ၁၈ မှ တပ်အချို့အား ရလခ နယ်မြေတွင် ဖြန့်ခွဲထားသော်လည်း ယခုအခါ ရလခ နယ်မြေမှ ကရင်နီပြည်နယ်တွင်းသို့ စေလွှတ်လိုက်ပြီဖြစ်၏။
ရှမ်းအရှေ့ တသခ စစ်နယ်မြေတွင် UWSA, NDAA, RCSS တို့ကို ရင်ဆိုင်ထားသော်လည်း တိုက်ပွဲမဖြစ်နိုင်ဟု ယူဆပြီး တပ်အင်အား လျှော့ချထား၏။ တိုင်းတပ်များမှ လေးရင်းအား တပခ သို့လည်းကောင်း၊ သုံးရင်းအား ရတခ သို့လည်းကောင်း ပေးပို့ထား၍ တသခ နယ်မြေတွင် တိုင်းတပ် ၁၄ ရင်းသာ ကျန်၏။ ထို့ပြင် စကခ ၁၄ မှ ခြောက်ရင်းအား ကရင်နီ၊ တရင်းအား နပတ သို့လည်းကောင်း၊ စကခ ၁၈ မှ လေးရင်းအား ကရင်နီ၊ တရင်းအား နပတ သို့လည်းကောင်း ပေးပို့စေလွှတ်ထား၍ တသခ နယ်မြေတွင် စကခ ၁၄ မှ သုံးရင်း၊ စကခ ၁၈ မှ ငါးရင်းသာ ကျန်ရှိ၏။ တသခ နယ်မြေတွင် BGF သုံးရင်း၊ အခါ ပသစနှင့် လားဟူ ပသစများကို အရန်အဖြစ် အသုံးပြုထား၏။
ကရင်နီတွင် တပ်အင်အားအများအပြား ဖြည့်တင်းနေရသည့်အကြောင်းမှာ တပ်မ ၆၆ နှင့် စကခ ၂ မှာ အထိနာပြီး ဖွဲ့စည်းပုံပျက်နေ၍ ဖြစ်သည်ဟုသိရ၏။
ကရင်နီပြည်နယ်
ကရင်နီပြည်နယ်တွင် KNPP, KNDF, PDF များကို ရင်ဆိုင်ရန် ရပခ လက်အောက်ခံ ဒကစ လွိုင်ကော်အောက်ရှိ တိုင်းတပ်များအပြင် တပ်မ ၆၆၊ စကခ ၂ နှင့် စကခ ၇ မှ တပ်ရင်း ရှစ်ရင်း စစ်ဆင်ရေး ဝင်ရောက်လျက်ရှိ၏။ ကရင်နီပြည်နယ်နှင့် ဆက်စပ်နေသည့် မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းဒေသများတွင်ပါ ဖြန့်ခွဲလှုပ်ရှားနေ၏။
သံလွင်မြစ်အရှေ့ဘက် ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်နှင့် သံလွင်အရှေ့ဘက် တာတမော့ဂွင်တွင် စကခ ၁၈ မှ လေးရင်းခန့်၊ စကခ ၁၄ မှ နှစ်ရင်းခန့် ဖြန့်ခွဲလှုပ်ရှား၏။ ၂၀၂၃ ခုနှစ်၊ ဇွန်လဆန်းမှစ၍ စကခ ၁၄ မှ လေးရင်းခန့်အား ကရင်နီပြည်နယ် မိုးဗြဲဒေသသို့ ထပ်မံစေလွှတ်ခဲ့၏။
ကရင်နီတွင် တပ်အင်အားအများအပြား ဖြည့်တင်းနေရသည့်အကြောင်းမှာ တပ်မ ၆၆ နှင့် စကခ ၂ မှာ အထိနာပြီး ဖွဲ့စည်းပုံပျက်နေ၍ ဖြစ်သည်ဟုသိရ၏။
ကရင်ပြည်နယ်၊ မွန်ပြည်နယ်
အဆိုပါ ပြည်နယ် နှစ်ခုတွင် KNU နှင့် PDF များကို ရင်ဆိုင်ရန် ရတခ လက်အောက်ခံ တိုင်းတပ်များအပြင် စကခ ၈၊ စကခ ၁၃၊ တပ်မ ၄၄၊ စကခ ၁၂ မှ လေးရင်းခန့်၊ တပ်မ ၁၁ မှ သုံးရင်းခန့် စစ်ဆင်ရေးဝင်နေသည့်အပြင် ကျိုင်းတုံ – တသခမှ သုံးရင်း၊ တဗျူဟာခန့် ပေးပို့ အင်အားဖြည့်ထားသည်ကို တွေ့ရ၏။
တနင်္သာရီတိုင်း
တနင်္သာရီတိုင်းအတွင်း KNU နှင့် PDF များကို ရင်ဆိုင်ရန် ကရခ တိုင်းတပ်များအပြင် စကခ ၂၀ မှ တပ်များ လှုပ်ရှားသည်ကို တွေ့ရသည်။ ရေတပ်မှ အင်အားအချို့ကိုလည်း အသုံးပြုသည်ကို တွေ့ရ၏။
ပဲခူးတိုင်း
ပဲခူးတိုင်းအတွင်း PDF များကို ရင်ဆိုင်ရန် တပခ လက်အောက်ခံ တိုင်းတပ်များအပြင် စကခ ၆ တခုလုံးအား တောင်ငူ-သံတောင်၊ မုန်း၊ ကျောက်ကြီး၊ ရွှေကျင် စသည့် စစ်တောင်းမြစ်တလျှောက် ပိတ်ဆို့နေရာယူထားသည်ကို တွေ့ရ၏။ ထို့ပြင် ပဲခူးတိုင်းအတွင်း ကျိုင်းတုံ တသခ မှ လေးရင်း၊ တဗျူဟာ ပေးပို့ အင်အားဖြည့်တင်းထား၏။
ရန်ကုန်တိုင်း
မြို့ပြပြောက်ကျားများကို ရင်ဆိုင်ရန် ရကတ လက်အောက်ခံ တိုင်းတပ်များဖြင့် ဖြန့်ခွဲနေရာယူထားသည်။
ဧရာဝတီတိုင်း
ဧရာဝတီတိုင်းတွင် PDF လှုပ်ရှားမှုအားနည်း၍ နတခ လက်အောက်ခံ တိုင်းတပ် ခြောက်ရင်းသာ ဖြန့်ခွဲချထားပြီး နတခ တိုင်းတပ် ငါးရင်းအား နေပြည်တော်သို့ ပို့ဆောင်ထားသည်။
ရခိုင်ပြည်နယ်
ရခိုင်တွင် AA ကို ရင်ဆိုင်ရန် နပခ တိုင်းတပ်၊ စစ်တွေ ဒကစ တပ်များအပြင် တောင်ကုတ်အခြေစိုက် စကခ ၅၊ ကျောက်တော် စကခ ၉၊ ဘူးသီးတောင် စကခ ၁၅ တို့ ဖြန့်ခွဲနေရာချထားသည်။ ထို့ပြင် ရသေ့တောင်ဒေသ၌ တပ်မ ၂၂၊ မြောက်ဦးဒေသ၌ တပ်မ ၅၅ မှ ခြောက်ရင်းခန့် (ပလက်ဝတွင်လည်း တပ်မ ၁၁ မှ ခြောက်ရင်းခန့်) တို့ ဖြန့်ခွဲနေရာယူထားသည်။ ထို့ပြင် မောင်တောဒေသ၌ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အင်အား ၂,၅၀၀ ခန့် ဖြန့်ကြက်ချထား၏။
နေပြည်တော်
နေပြည်တော်လုံခြုံရေးနှင့် ပင်လောင်းဒေသတွင် လှုပ်ရှားလာသော PDF, KNDF များကို ရင်ဆိုင်ရန် နေပြည်တော်တွင် နပတ လက်အောက်ခံ တိုင်းတပ်များအပြင် နတခ တိုင်းတပ် ငါးရင်းအား အရန်စုဖွဲ့ထားရှိ၏။ ထို့ပြင် တသခ နယ်မြေမှ စကခ ၁၄ မှ တရင်း၊ စကခ ၁၈ မှ တရင်း၊ စုစုပေါင်း နှစ်ရင်းအား နေပြည်တော်သို့ ပေးပို့ထား၏။ ထို့ပြင် နေပြည်တော်တွင် ရဲတပ်ရင်း ခုနစ်ရင်းရှိ၏။
စစ်တပ်ဖြန့်ခွဲမှု၌ သတင်းအတည်ပြု၍ မရသည်မှာ ရေးမြို့အခြေစိုက် စကခ ၁၉ ဖြစ်၏။ ချင်းပြည်နယ်နှင့် အိန္ဒိယနယ်စပ်တွင် နေရာချထားသည် ဆိုသော်လည်း သတင်းပျောက်နေ၏။ သို့ဖြစ်ရာ စကခ ၁၉ အား နေပြည်တော်နှင့် အနီးတဝိုက်တွင် အရန်အဖြစ် စုဖွဲ့ထားနိုင်သည်ကို ထည့်သွင်းတွက်ချက်ထားရန် လိုပါသည်။

(ဇ) မြန်မာစစ်တပ်၏ အရန်အင်အားများ
ရဲတပ်ဖွဲ့
၁၉၉၅ ခုနှစ်က ထုတ်ပြန်သော ဥပဒေအရ ရဲတပ်ဖွဲ့သည် စစ်တပ်လက်အောက်ခံဖြစ်၏။ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် နယ်မြေအဆင့်ဆင့် ရဲစခန်းများသည် နယ်မြေလုံခြုံရေး၊ သတင်းရယူရေး ဆောင်ရွက်သည့်အပြင် ယခု အချို့ရဲစခန်းများတွင် စစ်တပ်၊ ပြည်သူ့စစ်များနှင့် ပူးတွဲလုံခြုံရေးယူထားသည်။
ရဲတပ်ဖွဲ့မှ အဓိက ထုတ်နုတ်နိုင်သော အင်အားများ၊ စစ်တပ်အသွင်ဆောင်သော တပ်ဖွဲ့များမှာ ရဲတပ်ရင်းများနှင့် နယ်ခြားစောင့်ရဲတပ်ရင်းများသာ ရှိ၏။ ရဲတပ်ရင်း ၄၀ (၃၉ ရင်းသာဖွဲ့ရသေးဟုဆို) နှင့် ရဲတပ်ရင်းများ ကွပ်ကဲမှုရုံး လေးခုရှိ၏။
ရဲတပ်ဖွဲ့ အင်အား ၇၀,၀၀၀ ကျော်ရှိသည်ဟု ဆိုသော်လည်း အများစုမှာ မြို့နယ် ၃၀၀ ကျော်တွင် မြို့ရွာလုံခြုံရေး၊ ရာဇဝတ်မှုထိန်းသိမ်းရေး၊ မူးယစ်ဆေးဝါး တားဆီးရေးတို့အတွက် ဖြန့်ခွဲထားရသည့်အပြင် ရုံးဝန်ထမ်းများပြားပြီး အင်အားများ ပြန့်ကြဲလျက်ရှိပါသည်။ စုစည်းရန် မလွယ်ကူပါ။ ထို့ပြင် ၂၀၂၁ နောက်ပိုင်း CDM လုပ်သူများဖြင့် အင်အားလျော့ကျနေပြီ ဖြစ်၏။
ရဲတပ်ဖွဲ့မှ အဓိက ထုတ်နုတ်နိုင်သော အင်အားများ၊ စစ်တပ်အသွင်ဆောင်သော တပ်ဖွဲ့များမှာ ရဲတပ်ရင်းများနှင့် နယ်ခြားစောင့်ရဲတပ်ရင်းများသာ ရှိ၏။ ရဲတပ်ရင်း ၄၀ (၃၉ ရင်းသာဖွဲ့ရသေးဟုဆို) နှင့် ရဲတပ်ရင်းများ ကွပ်ကဲမှုရုံး လေးခုရှိ၏။ ဤအင်အားသည် ရဲတပ်ဖွဲ့၏ စုစည်းအင်အားဖြစ်ပြီး အဓိကအားဖြင့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ စစ်တွေတို့တွင် ကွပ်ကဲမှုရုံးများ အခြေပြု ဖြန့်ခွဲနေရာယူထားသည်။
နယ်ခြားစောင့်ရဲတပ်ဖွဲ့ကမူ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင် မြို့နယ်များတွင် တာဝန်ယူသည်။ အဆိုပါ တိုက်ခိုက်ရေးအင်အားအဖြစ် အသုံးပြုနိုင်သော ရဲအင်အားမှာ ၁၂,၀၀၀ ခန့် ရှိသည်ဟုသိရ၏။ သို့သော် ရဲတပ်ဖွဲ့ကို တပ်ဆင်ထားသော လက်နက်များမှာ စစ်တပ်အကျများဖြစ်သည့် လွန်ခဲ့နှစ် ၆၀ ခန့်က ထုတ်သော ဘီအေ ၆၃၊ ဘီအေ ၆၄ မောင်းပြန်သေနတ်များဖြစ်ပြီး ခေတ်မမီတော့ပါ။ နောက်ပေါ် အူဇီသေနတ်ငယ် တပ်ဆင်မှု တွေ့ရသော်လည်း ထိုလက်နက်ငယ်များသည် တောတွင်းချေမှုန်းရေး တိုက်ပွဲများတွင် အသုံးဝင်မှုနည်းသည်။
ထို့ပြင် ရဲတပ်ဖွဲ့အား လက်နက်မဲ့မြို့ပြလူထု ဆန္ဒပြမှုများကို ဖြိုခွဲရန်အတွက်သာ အဓိကထား လေ့ကျင့်ထားသဖြင့် စစ်မြေပြင်တွင် တိုက်ရည်ခိုက်ရည်နိမ့်သည်။ မည်သို့ဖြစ်စေ ရဲများသည် မြန်မာစစ်တပ်၏ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အဖြစ် မြန်မာပြည်အနှံ့တွင် မြန်မာစစ်တပ်အား ပံ့ပိုးအထောက်အကူပြုသော စစ်တပ်ခိုင်းသမျှ လုပ်ရသည့်အင်အားဖြစ်သည်ကို သတိပြုရန်လို၏။

နယ်ခြားစောင့်တပ် (BGF)
မြန်မာစစ်တပ်၏ လက်အောက်တွင် BGF တပ်ရင်း ၂၀ ရှိ၏။ ကချင်ပြည်နယ်၊ ပန်ဝါ၊ ဖီမော်ဒေသရှိ BGF သုံးရင်း၊ ရှမ်းအရှေ့ရှိ BGF သုံးရင်းရှိရာ နယ်မြေများတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိပါ။ ကိုးကန့်ဒေသ BGF တပ်ရင်းမှာမူ မြန်မာစစ်တပ်ဘက်က ရပ်တည်၏။
ကရင်နီပြည်နယ်အတွင်းရှိ BGF နှစ်ရင်းမှာ အစိုးရတပ်များနှင့် ပူးပေါင်းခြင်း မရှိပါ။ ကရင်ပြည်နယ်တွက် BGF တပ်ရင်း ၁၁ ရင်းရှိသည်။ အချို့တပ်ရင်းများက စစ်တပ်နှင့်ပူးပေါင်းသော်လည်း အချို့တပ်များက မပူးပေါင်းပါ။
ကရင်နီပြည်နယ်အတွင်းရှိ BGF နှစ်ရင်းမှာ အစိုးရတပ်များနှင့် ပူးပေါင်းခြင်း မရှိပါ။ ကရင်ပြည်နယ်တွက် BGF တပ်ရင်း ၁၁ ရင်းရှိသည်။ အချို့တပ်ရင်းများက စစ်တပ်နှင့်ပူးပေါင်းသော်လည်း အချို့တပ်များက မပူးပေါင်းပါ။ ကရင်ပြည်နယ်အခြေအနေမှာ ရှုပ်ထွေးပါသည်။ BGF တပ်ရင်းတရင်းလျှင် အင်အား ၂၀၀ ခန့် ရှိသည်ဆိုသော်လည်း အင်အားအတိအကျ မသိရပါ။ လက်ရှိအခြေအနေတွင် BGF တပ်ရင်း တဝက်ခန့်သာ မြန်မာစစ်တပ်နှင့် ပူးပေါင်းတိုက်ခိုက်နေသည်ကို တွေ့ရ၏။
ပြည်သူ့စစ်
ကချင်ပြည်နယ်တွင် လီဆူး ပသစ၊ ရှမ်းနီ ပသစ၊ လာချိတ် ပသစတို့သည် မြန်မာစစ်တပ်နှင့် ပူးပေါင်းနေသည်ကို တွေ့ရ၏။ ကရင်နီရှိ ပသစ များကမူ မြန်မာစစ်တပ်နှင့် ပူးပေါင်းခြင်းမရှိပါ။ ချင်း၊ ရခိုင်တို့တွင် ပသစ မတွေ့ရပါ။ မွန်၊ ကရင်တို့တွင် ပသစ ဖွဲ့စည်းမှု ရှိသော်လည်း အားမကောင်းပါ။
မူလ ပသစ အားအကောင်းဆုံးမှာ ရှမ်းပြည်နယ်ဖြစ်ပြီး ရှမ်းပြည်နယ်မှ ပသစများသည် မြန်မာစစ်တပ်က ထုတ်ပေးသော သေနတ်များ မကိုင်ဘဲ နယ်စပ်မှ မိမိအစီအစဉ်ဖြင့် လက်နက်ဝယ်ကိုင်၍ လက်နက်လည်း ကောင်း၏။
ရှမ်းပြည်နယ်တွင် ကောင်းခါး ပသစ၊ မုန်းကိုး ပသစ၊ မုန်းပေါ် ပသစ၊ ကွတ်ခိုင် ပသစ၊ ဖောင်းဆိုင် ပသစ စသည့် ကချင် ပသစအဖွဲ့များ၊ တာမိုးညဲဒေသ မုန်းဝန်းတရုတ် ပသစ၊ ရှောက်ဟော်လုံထန်ဒေသ တရုတ်ပသစ၊ ကိုးကန့် ပသစ၊ ကွန်လုံ-ပန်လုံ-တန့်ယန်းဒေသမှ ဝ ပသစ များ၊ သိန္နီ၊ လားရှိုးဒေသမှ ရှမ်းပသစ၊ ဘိုမွန် ပသစ၊ သီပေါ-စိန်ကျော့ ပသစ၊ ကာလိ ပသစ၊ မတ်ကျန်း၊ နားရိုင်း၊ အက်စ်သုံးလုံး ပသစများ၊ ပအိုဝ်း PNA ပသစ ၊ အခါ ပသစ၊ လားဟူ ပသစ စသည့် နယ်မြေအလိုက် ပသစ အဖွဲ့များစွာရှိ၏။

သို့သော် လက်ရှိအချိန်တွင် ရှမ်းတောင်နှင့် ရှမ်းအရှေ့တွင် တိုက်ပွဲမဖြစ်သဖြင့် ပသစ အသုံးပြုမှုနည်းပါးသည်။ ရှမ်းမြောက်ရှိ ပသစ သည်သာ မြန်မာစစ်တပ်နှင့် ပူးပေါင်းလှုပ်ရှားမှုရှိ၏။ ထို့ပြင် ကရင်နီနှင့် ဆက်စပ်နေသည့် ပအိုဝ်း ပသစ ကို တိုးချဲ့ဖွဲ့စည်းနေရာ အင်အား ထောင်ဂဏန်းရှိမည်ဟု ခန့်မှန်းရသည်။ သို့သော် မြန်မာစစ်တပ်က လက်နက်တပ်ဆင်ပေးမှုထက် နယ်စပ်မှ ဝယ်ယူတပ်ဆင်ရသည်ဟု သိရ၏။
အဆိုပါ ပသစများအနက် ရှမ်းမြောက်ရှိ ပသစများသည် မြန်မာစစ်တပ်နှင့်ရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်ပါ အဆင်ပြေအောင် ဆက်ဆံသည်ကို တွေ့ရ၏။ ရှမ်းတောင်နှင့် ရှမ်းအရှေ့ရှိ ပသစ များကတော့ မြန်မာစစ်တပ်နှင့် ပိုမို ပူးပေါင်းမှုရှိ၏။ ခြွင်းချက်အားဖြင့် SSPP မှ အသွင်ပြောင်းသည့် စိန်ကျော့ ပသစ နှင့် ကာလိ ပသစ သည် သူ့ဒေသနှင့်သူ မှန်တန်းရပ်တည်ပြီး မြန်မာစစ်တပ်နှင့် ရောရောထွေးထွေး မရှိလှသည်ကို တွေ့ရ၏။
နွေဦးတော်လှန်ရေးတွင် အသစ်ပေါ်ပေါက်လာသည့် ပသစ များမှာ ပြည်မရှိ တိုင်းများတွင် ဖြစ်ပြီး ပျူစောထီးအမည်ဖြင့် လူသိများ၏။ မဘသ အဖွဲ့အစည်း၏ အားကိုယူပြီးဖွဲ့စည်းပြီး ရွာအလိုက် ပျူစောထီးရွာအဖြစ် ရပ်တည်နေသည်များလည်း တွေ့ရ၏။
ပျူစောထီး အားအကောင်းဆုံးဖြစ်သည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ရွာပေါင်း ၂၀၀ ကျော်ရှိသည့်အနက် ပျူစောထီးရွာ ၂၀ ခန့်အား တွေ့ရရာ ၁၀ ရာခိုင်နှုန်း ပျူစောထီးအဖြစ် ရပ်တည်သည်ကို တွေ့ရ၏။
ပျူစောထီး အားအကောင်းဆုံးဖြစ်သည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ရွာပေါင်း ၂၀၀ ကျော်ရှိသည့်အနက် ပျူစောထီးရွာ ၂၀ ခန့်အား တွေ့ရရာ ၁၀ ရာခိုင်နှုန်း ပျူစောထီးအဖြစ် ရပ်တည်သည်ကို တွေ့ရ၏။ သို့သော် မြို့နယ်အားလုံး၏ စာရင်းမသိရပါ။ ပျမ်းမျှ ၁၀ ရာခိုင်နှုန်းအောက်တွင်သာ ပျူစောထီးအဖြစ် ရပ်တည်သည်ဟု ခန့်မှန်းရ၏။
ပျူစောထီးများအား မြန်မာစစ်တပ်က လေ့ကျင့် လက်နက်တပ်ဆင်ပေးသည်။ ထိုပျူစောထီးရွာများကို အမာခံအဖြစ်ထားပြီး မြန်မာစစ်တပ် ခြေကုပ်ယူ၍ လှုပ်ရှားသည်ကို တွေ့ရသည်။ ပျူစောထီးများကို တပ်ဆင်ပေးသည့် လက်နက်များတွင် မောင်းပြန်ရိုင်ဖယ်အချို့ တွေ့ရသော်လည်း အများစုမှာ တတောင့်ထိုးသေနတ်များ၊ လက်လုပ်သေနတ်များဖြစ်သည်ကို တွေ့ရပြီး လက်နက်တပ်ဆင်မှု အားမကောင်းပါ။
(ဆက်ရန်)
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
မြန်မာစစ်တပ်ကို ခွဲခြမ်းစိတ်ဖြာခြင်း အပိုင်း (၁)
မြန်မာ့ပြည်တွင်းစစ်တွင် မည်သူနိုင်ခြေများသနည်း
တော်လှန်ရေးနယ်မြေထဲမှ ဘဝနှင့် စစ်ပွဲ
တရုတ်နယ်စပ်က ရိုင်ဖယ်များနှင့် အားမာန်ပြည့်လာသည့် တပ်ဖွဲ့သစ်များ
စစ်ပွဲ အလှည့်အပြောင်းဖြစ်လာစေရေး PDF များ လက်နက်များ ရရှိလာနေ
စစ်ကောင်စီအတွက် စစ်တိုက်ဖို့ ငြင်းကြသူများ