၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း ပုံပန်းမကျသော မူဝါဒများနှင့် ပြင်းထန်လာသော အကျပ်အတည်းကြောင့် မြန်မာ့စီးပွားရေးသည် ‘ထာဝရ’ အပျက်အစီးများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာသစ်တွင် သတိပေးထားသည်။
“အလယ်အလတ်ကာလအတွင်း ၂၀၂၁ ခုနှစ်တွင် စီးပွားရေး အကြီးအကျယ် ကျုံ့သွားခြင်း၊ နောက်ဆက်တွဲအဖြစ် အားနည်းပြီး မညီမျှသော နာလန်ထခြင်းနှင့် ပို၍ပို၍ ပုံပန်းပျက်သော မူဝါဒများကြောင့် စီးပွားရေးတွင် သေရာပါမည့် အမာရွတ်များ ကျန်ခဲ့မည်ဖြစ်သည်” ဟု ကမ္ဘာ့ဘဏ်က ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ထိခိုက်လွယ်သော နာလန်ထခြင်း A Fragile Recovery” ဟု အမည်ပေးထားသည့် ထိုအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (GDP) သည် စက်တင်ဘာလတွင် ကုန်ဆုံးမည့်နှစ်အတွင်း ယခင်ခန့်မှန်းထားသည့်အတိုင်း ၃ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားသည်။ သို့သော် ထိုခန့်မှန်းချက်အရ GDP သည် ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်း လျော့နည်းနေပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြုတ်ချသည့် မင်းအောင်လှိုင် စစ်ကောင်စီအောက်တွင် စီးပွားရေးတုံ့ဆိုင်းမှုကို ပြသနေသည်။
ယခင် NLD အစိုးရနှင့် ပတ်သက်သည့် လွတ်လပ်သော မြန်မာစီးပွားရေး ပညာရှင်များက ကမ္ဘာ့ဘဏ်၏ စီးပွားရေးတိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှု အကဲဖြတ်ချက်ကို မေးခွန်းထုတ်နေကြသည်။ ငွေကြေးဖောင်းပွမှုသည် နောက်ထပ်ငွေကြေးနှင့် ကမ္ဘာ့ဈေးနှုန်းများ ဖရိုဖရဲမဖြစ်ပါက စက်တင်ဘာလတွင် ကုန်ဆုံးမည့် တနှစ်တာကာလအတွင်း ၁၄ ရာခိုင်နှုန်းသို့ ကျဆင်းမည်ဟုဆိုသည်။
ယခင် NLD အစိုးရနှင့် ပတ်သက်သည့် လွတ်လပ်သော မြန်မာစီးပွားရေး ပညာရှင်များက ကမ္ဘာ့ဘဏ်၏ စီးပွားရေးတိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှု အကဲဖြတ်ချက်ကို မေးခွန်းထုတ်နေကြသည်။
“လွန်ခဲ့သောနှစ်က ငွေကြေးဖောင်းပွမှုဖြစ်စေသည့် အဓိကအကြောင်းရင်းနှစ်ခုမှာ လောင်စာဈေးနှုန်းများ မြင့်မားခြင်းနှင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းဖြစ်သည်”ဟု ကမ္ဘာ့ဘဏ်၏ ယခင် စီးပွားရေး အညွှန်းအစီရင်ခံစာတွင် ဖော်ပြထားကြောင်း အဆင့်မြင့် စီးပွားရေး အကြံပေးဟောင်းတဦးက ထောက်ပြပြီး ထိုကိန်းဂဏန်းများသည် အကောင်းမြင်လွန်းသော ကိန်းဂဏန်းများ ဖြစ်ကြောင်း ပြောကြားသည်။
“အခုကျတော့ အဲဒီအခြေအနေကို ပိုမိုဆိုးရွားစေမယ့် နောက်ထပ် ပြဿနာတွေ ရှိနေတယ်။ မကြာသေးမီက တနိုင်ငံလုံးစစ်တမ်းအရဆိုရင် ဝင်ငွေနည်းမိသားစုတွေဟာ သူတို့ဝင်ငွေရဲ့ ၆၄ ရာခိုင်နှုန်းအထိကို အစားအစာအတွက် သုံးနေရတယ်” ဟု ၎င်းကပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အစားအသောက်ဈေးနှုန်း ဖောင်းပွမှုအတွက် “ငွေကြေးဈေးကစားခြင်း” နှင့် မသမာသော နိုင်ငံရေးအတိုက်အခံများကို အပြစ်တင်ရန် ကြိုးစားခဲ့ကြောင်း ထိုအကြံပေးက ပြောသည်။ သို့သော် ထိုကိစ္စများနှင့် အခြားပြဿနာများ နောက်ကွယ်မှ အဓိကတရားခံမှာ စစ်အာဏာသိမ်းမှုသာ ဖြစ်ကြောင်း ပြောသည်။
မည်သို့ဆိုစေ ကမ္ဘာ့ဘဏ်၏ သတိပေးချက်သည် စစ်ကောင်စီ၏ နိုင်ငံနှင့် စီးပွားရေးကို စီမံနိုင်သည့် စွမ်းရည်ကို စွဲချက်တင်ခြင်းပင်။ ရပ်တန့်ခြင်းမရှိသည့် လက်နက်ကိုင်တော်လှန်ရေး၊ နယ်စပ်တလျှောက်မှ အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ရှည်ကြာသော လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုတို့ကြောင့် စစ်ကောင်စီသည် အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ၎င်းတို့၏ စီးပွားရေး တရားဝင်မှုရရန် ကြိုးစားမှုကို အဟန့်အတား ဖြစ်စေသည်။ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခသည် နယ်စပ်ကုန်သွယ်ရေးနှင့် ကျေးလက်စီးပွားရေးကိုလည်း ထိခိုက်စေသည်။
မည်သို့ဆိုစေ ကမ္ဘာ့ဘဏ်၏ သတိပေးချက်သည် စစ်ကောင်စီ၏ နိုင်ငံနှင့် စီးပွားရေးကို စီမံနိုင်သည့် စွမ်းရည်ကို စွဲချက်တင်ခြင်းပင်။
လုပ်သားဈေးကွက်အခြေအနေများသည်လည်း အန္တရာယ်ကျရောက်လွယ်နေသည်။ ၂၀၁၇ ခုနှစ်နှင့် ၂၀၂၂-၂၃ ခုနှစ်အတွင်း လူပေါင်း ၉ သန်းနီးပါး ပြည်သူများသည် အလုပ်လုပ်နိုင်သည့် အသက်အရွယ်သို့ ဝင်ရောက်လာကြောင်း လွန်ခဲ့သည့် ၆ လအတွင်း ကောက်ယူခဲ့သည့် Myanmar Subnational Phone Survey စစ်တမ်းအရ သိရသည်။
သို့သော် အလားတူကာလအတွင်း အလုပ်အကိုင်အရေအတွက် ၂ သန်းသာ တိုးလာသည်။ အလုပ်လက်မဲ့နှင့် ပညာသင်ကြားခြင်း၊ လေ့ကျင့်သင်တန်းတက်ခြင်းမရှိသူ အရေအတွက်သည် ၆ သန်းနီးပါး တိုးလာပြီး အလုပ်လုပ်နိုင်သည့် လူဦးရေ၏ ၄၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း အထက်ပါ စစ်တမ်းက ပြသနေသည်။
“အလုပ်အကိုင်ရာခိုင်နှုန်း နိမ့်ကျခြင်း၊ အလုပ်လုပ်ချိန်နည်းခြင်း၊ ကျပန်းအလုပ်နှင့် ကိုယ်ပိုင်လုပ်ငန်းလုပ်သူ တိုးလာခြင်းတို့သည် မိသားစုအများအပြား၏ ဝင်ငွေရနိုင်စွမ်းကို လျော့ကျစေသည်” ဟု ကမ္ဘာ့ဘဏ်က မှတ်ချက်ချသည်။

“လျော့ကျသွားသော ကုန်ထုတ်စွမ်းအား၊ လုပ်အားဝယ်လိုအားနှင့် ပိုမိုမြန်ဆန်လာသည့် ငွေကြေးဖောင်းပွမှု တိုးလာသောအခါ အလုပ်သမားများ၏ လုပ်အားခသည် ၂၀၂၂ နှစ်ကုန်တွင် ကုန်ဆုံးသည့် ၅ နှစ်အတွင်း လက်တွေ့တွင် ၁၅ ရာခိုင်နှုန်းကျဆင်းသည်” ဟုလည်း ကမ္ဘာ့ဘဏ်က ဖော်ပြသည်။
စစ်ကောင်စီ၏ မူဝါဒများသည် စီးပွာရေးလုပ်ငန်းများကို တင်းကျပ်စွာ ချုပ်ကိုင်ထားသည်။
ဇွန်လအထိ ၆ လတာ ကာလအတွင်း ပို့ကုန်သွင်းကုန်လိုင်စင် စည်းကမ်းချက်များ တိုးချဲ့လာပြီး လောင်စာတင်သွင်းမှု လုပ်ထုံးလုပ်နည်းများ တိုးလာကာ ပြင်ပသို့ ငွေလွှဲရာတွင် နောက်ဆက်တွဲ အုပ်ချုပ်ရေးပိုင်း ကန့်သတ်မှုများ ချမှတ်လာသည်။ သွင်းကုန်များကို ထပ်မံစိစစ်ခြင်းနှင့် နိုင်ငံခြားငွေရရှိမှု အကန့်အသတ်ရှိခြင်း လုပ်ငန်းများသည် လိုအပ်သော ကုန်စည်များရရန် ပိုမိုခက်ခဲစေသည်။
စစ်ကောင်စီ၏ မူဝါဒများသည် စီးပွာရေးလုပ်ငန်းများကို တင်းကျပ်စွာ ချုပ်ကိုင်ထားသည်။
သို့သော် ဖြုတ်ချခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောခွင့်ရသူတဦးက ကမ္ဘာ့ဘဏ်၏တွက်ချက်မှုများတွင် နောက်ထပ် အချက်အလက် အများအပြားကို ထင်ထင်ရှားရှား ဖော်ပြခြင်း မရှိကြောင်း ပြောသည်။
“လူဦးရေရဲ့ ၃ ပုံ ၁ ပုံကျော်က အခြေခံအထောက်အပံ့ လိုအပ်ပြီး ထက်ဝက်က စီးပွားရေးအရ မလုံမခြုံ ဖြစ်နေတယ်။ တနိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် အလုပ်လက်မဲ့ဖြစ်နေတယ်လို့ ကျနော်တို့ သိထားတယ်” ဟု အထက်ပါပြောခွင့်ရသူက ပြောသည်။ “လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ အစားအစာ ထုတ်လုပ်မှုဟာ ပိုမိုဆိုးရွားဖို့သာရှိတယ် ဆိုတာကိုလည်း ကျနော်တို့ သိထားတယ်။ နောက်ပြီးတော့ ပဋိပက္ခကလည်း ဆက်လက် ဖြစ်ပွားနေပြီး ကျေးလက်စီးပွားရေးကို ဆက်လက်ပြိုလဲစေတယ်။ ဒါတွေအားလုံးကို စဉ်းစားလိုက်ရင် ကမ္ဘာ့ဘဏ်က တော်တော်လေး အကောင်းမြင်နေတယ်” ဟုလည်း ၎င်းကပြောသည်။
Fitch အုပ်စု ကုမ္ပဏီတခုဖြစ်သော BMI ကလည်း မေလတွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ပိုမိုဆိုးရွားသည့် အခင်းအကျင်းကို ဖော်ပြထားပြီး မြန်မာ့ စီးပွားရေးအတွက် အကြီးမားဆုံးအန္တရာယ်မှာ ပိုမို နက်ရှိုင်းလာသော နိုင်ငံရေးမတည်ငြိမ်မှုဖြစ်သည်ဟု သတိပေးသည်။
“ရေရှည် ပြည်တွင်းစစ်ကြောင့် လာမယ့်နှစ်မှာ မြန်မာက နိုင်ငံရေးအန္တရာယ် အရမ်းဆက်လက် မြင့်မားနေမယ်” ဟု BMI က ပြောကြားပြီး စစ်ကောင်စီသည် ၎င်း၏ နိုင်ငံရေးအကျိုးစီးပွားအတွက် တင်းကြပ်သည့် အစီအစဉ်များ ရေးဆွဲထားကြောင်းနှင့် ထိုအချက်ကြောင့် မတည်ငြိမ်မှုများ ပိုမိုဖြစ်လာနိုင်ကြောင်း ထောက်ပြသည်။
စစ်ကောင်စီသည် ၎င်း၏ နိုင်ငံရေးအကျိုးစီးပွားအတွက် တင်းကြပ်သည့် အစီအစဉ်များ ရေးဆွဲထားကြောင်းနှင့် ထိုအချက်ကြောင့် မတည်ငြိမ်မှုများ ပိုမိုဖြစ်လာနိုင်ကြောင်း ထောက်ပြသည်။
၂၀၂၂ ခုနှစ်နှစ်ကုန်တွင် မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေ ၇၈ ရာခိုင်နှုန်းတွင် ထိန်းချုပ်မှုအားပြိုင်နေကြောင်း ရရှိသည့်သတင်းများက ဖော်ပြနေကြောင်း ထောက်ပြပြီး BMI က ကြိုမြင်နိုင်သည့် အနာဂတ်အတွင်း နိုင်ငံရေးအခြေအနေသည် စီးပွားရေးလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းဆောင်တာများအတွက် လွန်စွာ အဆင်မပြေကြောင်း အလေးထားပြောသည်။
မြန်မာသည် ကာလတို နိုင်ငံရေးအန္တရာယ် အညွှန်းကိန်းအရ အမှတ် ၁၀၀ တွင် ၂၉ ဒသမ ၆ သာရှိပြီး ဒေသတွင်း နိုင်ငံများတွင် အဆင့်အနိမ့်ဆုံး ရောက်နေကြောင်းနှင့် ပဋိပက္ခဖြစ်ပွားနေသည့် ဆီးရီးယား၊ လစ်ဗျားတို့နှင့် နှိုင်းယှဉ်ရနိုင်ကြောင်း BMI က မှတ်ချက်ချသည်။

မကြာမီ အပြောင်းအလဲဖြစ်မည့် လက္ခဏာလည်း မရှိပေ။ လွန်ခဲ့သော နှစ်နှစ်အတွင်း စစ်ကောင်စီသည် ကျေးရွာများနှင့် ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေး အဆောက်အအုံများ အပါအဝင် အဆောက်အအုံများကို ဗုံးကြဲရန် တရုတ်နှင့် ရုရှားက အဓိကအားဖြင့် ထောက်ပံ့သော လေယာဉ်များနှင့် လက်နက်များသုံးကာ လူထုခုခံတော်လှန်မှုကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့သည်။ ယခုနှစ်အတွင်း မြန်မာမှ လူ ၁၈ သန်းနီးပါးသည် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောသည်။
ထိုသို့ ပိုမိုဆိုးရွားလာသည့် အခြေအနေတွင် ပြင်သစ်မှ Total၊ အိန္ဒိယမှ အဒါနီ အုပ်စု၊ ကာတာမှ အော်ရီဒူး အပါအဝင် နိုင်ငံစုံလုပ်ငန်းများသည် မြန်မာဈေးကွက်မှ ထွက်ခွာသွားကြသည်။
“စည်းမျဉ်းနှင့် ဈေးကွက်အခြေပြုစနစ်မှ ပွင့်လင်းမြင်သာမှု ကင်းမဲ့ပြီး လူအနည်းငယ်ကသာ ဆုံးဖြတ်သောစနစ်သို့ ကူးပြောင်းခြင်းသည် ရင်းမြစ်များခွဲဝေခြင်းကို ပုံပျက်ပန်းပျက် ဖြစ်စေသော ကိုယ်ကျိုးရှာ လုပ်ဆောင်မှုများကို ဖြစ်စေသည်”
“စည်းမျဉ်းနှင့် ဈေးကွက်အခြေပြုစနစ်မှ ပွင့်လင်းမြင်သာမှု ကင်းမဲ့ပြီး လူအနည်းငယ်ကသာ ဆုံးဖြတ်သောစနစ်သို့ ကူးပြောင်းခြင်းသည် ရင်းမြစ်များခွဲဝေခြင်းကို ပုံပျက်ပန်းပျက် ဖြစ်စေသော ကိုယ်ကျိုးရှာ လုပ်ဆောင်မှုများကို ဖြစ်စေသည်” ဟု ကမ္ဘာ့ဘဏ်က ဖော်ပြပြီး ကျွမ်းကျင်လုပ်သားများ ပြည်ပထွက်ခွာခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် နှေးကွေးခြင်းသည် မြန်မာ့အလားအလာကို ကန့်သတ်နေကြောင်း ဖော်ပြသည်။
“အချို့သောစီးပွားရေးလုပ်ငန်းများသည် သွင်းကုန်လိုင်စင်များ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းများနှင့် နိုင်ငံပိုင်စာချုပ်များကို အခွင့်ထူးခံ ခွင့်ရရှိထားပြီး အခြားအကျိုးဖြစ်ထွန်းနိုင်ချေရှိသော ကုမ္ပဏီများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ကန့်သတ်ထားသည်” ဟုလည်း အစီရင်ခံစာက ဆိုသည်။
“အချို့သော လုပ်ငန်းများနှင့် ကြီးမားသော အကျိုးစီးပွားများသည် ဤအပြောင်းအရွှေ့များမှ အကျိုးအမြတ်ရရှိနေသော်လည်း ၎င်းတို့သည် အရင်းအမြစ်များ ခွဲဝေချထားခြင်း၏ ထိရောက်မှုနှင့် နိုင်ငံ့ စီးပွားရေး၏ ကုန်ထုတ်စွမ်းအားကို ထိခိုက်စေသည်” ဟု ၎င်းကဆိုသည်။
ရလဒ်မှာ မြန်မာ့စီးပွားရေးသည် “အမြဲတမ်း အနာတရ” ဖြစ်နေတော့မည်ဟု အစီရင်ခံစာက ဆိုသည်။
(Nikkei Asia ပါ Thompson Chau နှင့် Gwen Robinson တို့၏ Myanmar’s crisis will ‘permanently’ scar economy, World Bank warns ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ့စီးပွားရေးနာလန်ထရန် နှစ်ပေါင်းများစွာကြာမည်ဟု ကမ္ဘာ့ဘဏ်ပြော
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဇောက်ထိုးဆင်းနေ
ကမ္ဘာ့အညွှန်းကိန်းများတွင် မြန်မာပြည် စိုးရိမ်ဖွယ် အဆင့်ချိတ်
မီးမပေးနိုင်ခြင်းက နိုင်ငံ့စီးပွားရေးကို ပိုဆိုးစေ
ဖွံ့ဖြိုးမှု ၃ ရာခိုင်နှုန်း တိုးနိုင်သော်လည်း မြန်မာ့စီးပွားရေး ပျက်ယွင်းဆဲ