(ဈ) တပ်အင်အား ယူနစ် မလုံလောက်မှုနှင့် တပ်အင်အားဖြည့်တင်းပုံ
၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ရှမ်းမြောက်နှင့် ကချင်ပြည်နယ်တွင် အဓိက စစ်ရေးလှုပ်ရှားမှုရှိခဲ့၏။ ၂၀၁၉ နှင့် ၂၀၂၀ ပြည့်နှစ်တွင် ရခိုင်၌ စစ်မျက်နှာတခု ထပ်ပေါ်၏။ သို့သော် ကျန်သည့်နေရာများတွင် စစ်ရေးလှုပ်ရှားမရှိရာ မြန်မာစစ်တပ်သည် ကချင်၊ ရှမ်းမြောက်၊ ရခိုင်တို့တွင် တပ်အင်အား အလုံးအရင်းထုတ်၍ သုံးနိုင်၏။ တပ်မ၊ စကခ တပ်များကို စိတ်ကြိုက်သုံးနိုင်၏။
ထို့ပြင် စစ်ရေးလှုပ်ရှားမှုမရှိသည့် စစ်တိုင်းများမှ တပ်များကို ထုတ်၍ ကချင်၊ ရှမ်းမြောက်နှင့် ရခိုင်တို့ကိုပို၍ စစ်ဆင်ရေးလုပ်နိုင်ရာ တပ်ရင်းတရင်းစီအနေနှင့် စစ်အင်အား လျော့ကျနေခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်အထိ မြန်မာစစ်တပ်တွင် တပ်အင်အား မလုံလောက်သည့် ပြဿနာမရှိပါ။
လက်ရှိကာလတွင် တပြည်လုံးအတိုင်းအတာဖြင့် ပြောရလျှင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းတောင်နှင့် ရှမ်းအရှေ့တွင် တိုက်ပွဲ မရှိသလောက်ဖြစ်ပြီး မြန်မာစစ်တပ် တပ်အင်အားချထားမှု အနည်းဆုံးဖြစ်၏။ ထို့ပြင် ဧရာဝတီတိုင်းမှာ PDF လှုပ်ရှားမှု ရှိသော်လည်း အားနည်းသဖြင့် တိုင်းတပ်အချို့ပင် ထုတ်နှုတ်နိုင်သည်ကို တွေ့ရ၏။
၂၀၂၀ ပြည့်နှစ်အထိ မြန်မာစစ်တပ်တွင် တပ်အင်အား မလုံလောက်သည့် ပြဿနာမရှိပါ။
ရှမ်းမြောက်နှင့် ရခိုင်တွင် လောလောဆယ် တိုက်ပွဲကြီးမဖြစ်သဖြင့် တပ်အင်အားအချို့ လျှော့ချထားသော်လည်း လောလောဆယ်တွင် တိုင်းတပ်အပြင် စကခ ၅ ခုခန့်အထိ ဖြည့်တင်းထား၍ သတိကြီးစွာ ထားသည်။ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည်ဟု တွက်ဆထားပုံရ၏။ ကျန် တိုင်းနှင့် ပြည်နယ်များတွင် တိုက်ပွဲများ အနည်းနှင့်အများ ဖြစ်ပွားနေပြီး စစ်အင်အား ရတတ်သမျှ ဖြည့်တင်း ရင်ဆိုင်ထားကာ စစ်ဆင်ရေးပြုလုပ်နေသည်ကို တွေ့ရ၏။
အထက်ပါ ဖြန့်ခွဲမှုမှာ လက်ရှိတွေ့ရသည့် ဖြန့်ခွဲမှုဖြစ်ပြီး စစ်ဆင်ရေးအခြေအနေများပေါ် မူတည်၍ အပြောင်းအလဲအချို့ ရှိနိုင်၏။ သို့သော် အခြေခံအားဖြင့် ဤဖြန့်ခွဲမှု အခြေခံပေါ်တွင်သာ ရှိမည်ဟု သုံးသပ်ရ၏။
သို့ဖြစ်ရာ လက်ရှိအနေတွင် စစ်တပ်သည် တိုင်းတပ်အားလုံးအပြင် တပ်မ၊ စကခ ၃၀ လုံးကိုလည်း စစ်ဆင်ရေးတာဝန်ပေးထားရပြီး အရန် အင်အားနည်းပါးနေသည်။ သို့သော် ယနေ့ကာလ တပြည်လုံးအနှံ့ စစ်ဆင်နေရသော စစ်တပ်သည် တပ်အင်အားမလုံလောက်သည့်အတွက် သမရိုးကျ မဟုတ်သည့် တပ်အင်အား ဖြည့်တင်း ဖြန့်ခွဲမှုများပါ ထပ်မံ ဆောင်ရွက်ထားသည်ကို တွေ့ရ၏။

၂၀၂၁ ခုနှစ်ထဲတွင် ကချင်၊ ရှမ်းမြောက်၊ ရခိုင်တို့သာမက စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ၊ ကရင်၊ မွန်၊ တနင်္သာရီ၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်းနှင့် ပြည်နယ်များတွင်ပါ စစ်မျက်နှာသစ်များ ပေါ်လာရာ နေရာပေါင်းစုံသို့ တပ်ဖြန့်ရပြီး တပ်အင်အားမလုံလောက်သည်ကို တွေ့ရ၏။ တနေရာတည်းတွင် အင်အားအလုံးအရင်းစု၍ စစ်ဆင်သည်မျိုး ယခင် ကချင်၊ ရှမ်းမြောက်၊ ရခိုင်တွင် ပြုလုပ်သကဲ့သို့ ပြုလုပ်နိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့်လည်း EAO အချို့နှင့် အပစ်ရပ်ထားနိုင်ရန် မြန်မာစစ်တပ်က အသည်းအသန် ကြိုးစားနေသည်ကို တွေ့မြင်နေရ၏။
၂၀၂၃ နှစ်ဆန်းတွင် တရုတ်နှင့် ဆွေးနွေးမှုအဆင်ပြေပြီး တရုတ်နယ်စပ်မှ စကခ ၂၊ စကခ ၇ နှင့် စကခ ၁၂ မှ တပ်အချို့ကို ထုတ်နုတ်နိုင်ပြီး ကရင်နီနှင့် အခြားဒေသများတွင် စစ်အင်အားဖြည့်တင်းနိုင်၏။ ထို့အတူ ရခိုင်တွင် အပစ်ရပ်ထား၍ တပ်မ ၇၇ တခုလုံး၊ တပ်မ ၅၅ မှ ဗျူဟာတခု၊ တပ်မ ၁၁ မှ ဗျူဟာတခု ထုတ်နုတ်ပြီး စစ်ကိုင်းတိုင်း၊ ချင်းနှင့် ကရင်တွင် စစ်အင်အား ဖြည့်တင်းသည်ကို တွေ့ရ၏။
ရခိုင်တွင် အပစ်ရပ်ထား၍ တပ်မ ၇၇ တခုလုံး၊ တပ်မ ၅၅ မှ ဗျူဟာတခု၊ တပ်မ ၁၁ မှ ဗျူဟာတခု ထုတ်နုတ်ပြီး စစ်ကိုင်းတိုင်း၊ ချင်းနှင့် ကရင်တွင် စစ်အင်အား ဖြည့်တင်းသည်
ထို့ပြင် ၂၀၂၂ ခုနှစ်ထဲတွင် တွေ့ရသည့် တပ်အင်အားဖြည့်တင်းပုံမှာ တိုက်ခိုက်ရေးတပ်မဟုတ်သည့် လက်ရုံးတပ်များကို လက်ရုံးညွန့်ပေါင်းတပ်ခွဲ၊ စစ်ကြောင်းအဖြစ် ဖြည့်တင်းခြင်းဖြစ်၏။ ဥပမာအားဖြင့် တန်းမြင့်သင်တန်းကျောင်းစစ်ကြောင်း ဟူ၍ လေ့ကျင့်ရေးကျောင်းအား စစ်ကြောင်းထွက်ခိုင်းသည်ကို တွေ့ရ၏။
ဒုတိယပုံစံတမျိုးမှာ ရှေ့တန်းထွက်နေသော တပ်မ၊ စကခ တို့မှ နောက်တန်းတပ်ရင်းဌာနချုပ်များကို လက်ရုံးတပ်များ အားဖြည့်သုံးစွဲခြင်း ဖြစ်၏။ ဥပမာ လပခ စစ်ဌာနချုပ်နယ်မြေတွင် တပ်မ ၈၈၊ တပ်မ ၉၉ နှင့် တပ်မ ၁၀၁ တို့မှ တပ်ရင်းဌာနချုပ် ၃၀ ရှိ၏။ တပ်ရင်းများ ရှေ့တန်းထွက်နေသော်လည်း နောက်တန်း တပ်ရင်းရုံးတွင် ဒုရင်းမှူး သို့မဟုတ် ဌာနချုပ်ခွဲမှူး ဦးစီးအင်အား ၁၀ ယောက်ကျော် ရှိ၏။ ထိုတပ်များကို လက်ရုံးတပ်များမှ စစ်သည်များ ဖြည့်တင်းပြီး အင်အား ၄၀၊ ၅၀ ခန့်ရှိသည့် စစ်ကြောင်းအဖြစ် သက်ဆိုင်ရာ စစ်တိုင်းအတွင်း လှုပ်ရှားစေကာ တပ်ယူနစ် ထပ်မံဖြည့်တင်းဖြေရှင်းသည်ကို တွေ့ရ၏။
လက်ရုံးညွန့်ပေါင်းစစ်ကြောင်းနှင့် နောက်တန်းရင်းဌာနချုပ်များကို လက်ရုံးတပ်မှ စစ်အင်အားများ ဖြည့်တင်းလှုပ်ရှားခြင်းသည် တပ်ယူနစ် မလုံလောက်မှု၊ တပ်အင်အားမလုံလောက်မှုကို ဖြည့်ဆည်းဖြေရှင်းခြင်း ဖြစ်၏။ ထို့ကြောင့်လည်း အချို့ စစ်ဆင်ရေးနယ်မြေများတွင် အမှန်တကယ် စစ်ဆင်ရေးဝင်ရောက်သည့် တပ်မ၊ တပ်ရင်းနံပါတ်များအပြင် ထုတ်နုတ်လက်ရုံးတပ်များ ဖြည့်တင်းထားသည့် နောက်တန်းရှိ တပ်မ၊ စကခ တပ်နံပါတ်များပါတွေ့နေရပြီး တပ်အင်အားများသည်ဟု ထင်နေရ၏။
အချို့မှာ စစ်ဆင်ရေးလိုအပ်ချက်အရ တပ်အလုံးအရင်း မသုံးနိုင်သည့်အခါ တိုင်း၊ တပ်မများမှ တပ်ရင်းတရင်း၊ နှစ်ရင်းစီထုတ်၍ စုပေါင်းစပ်ပေါင်း ထုတ်နုတ်၍ စစ်ဆင်ရေးလုပ်သည်လည်း ရှိ၏။ ဥပမာ ၂၀၂၃ ခုနှစ်၊ ဧပြီလဆန်းက နောင်ချို၌ မန္တလေး PDF နှင့်တိုက်ရာတွင် တပ်မ ၉၉ မှ နှစ်ရင်း၊ တပ်မ ၁၀၁ မှ နှစ်ရင်း၊ ရမခ မှ တရင်း၊ တပ်မ ၅၅ မှ တရင်း စုပေါင်းစပ်ပေါင်း ယာယီထုတ်နုတ်သုံးစွဲသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ တပ်မမှ တပ်ရင်း နံပါတ်တခုတွေ့တိုင်း တပ်မတခုလုံး မဟုတ်သည်ကို သတိပြုရန် လိုသည်။
ထို့ပြင် စုပေါင်းစပ်ပေါင်း ထုတ်နုတ်တပ်အင်အား ဖြည့်ခြင်းကို အရေးပေါ်အခြေအနေတွင်သာ ပြုလုပ်လေ့ရှိ၏။ အမြဲတမ်းအခြေအနေတွင် ပြန်လည်၍ အပြောင်းအလဲ ပြုလုပ်လေ့ရှိ၏။
(ည) စစ်သည်အင်အားလျော့ကျမှု
မြန်မာစစ်တပ်သည် တိုက်ခိုက်ရေးယူနစ် မလုံလောက်မှုကို လက်ရုံးညွန့်ပေါင်း တပ်ခွဲစစ်ကြောင်း၊ တပ်ရင်းဌာနချုပ် တပ်ခွဲစစ်ကြောင်းများဖြင့် ဖြေရှင်းသော်လည်း နောက်ပြဿနာတခုမှာ ခြေလျင်၊ ခြေမြန်တပ်ရင်းများ၏ စစ်ထွက်အင်အား ကျဆင်းလာခြင်းဖြစ်၏။
လက်ရှိ စစ်ပွဲအတွင်း တပြည်လုံးအနှံ့တွင် မြန်မာစစ်တပ် အကျအဆုံးများသည်မှာ လက်တွေ့ဖြစ်၏။ စစ်အင်အား အလွန်အမင်းလျော့ကျခဲ့သည့် တပ်မများမှာ ၂၀၂၁ ခုနှစ်အတွင်း တပ်မ ၇၇၊ ၂၀၂၂ ခုနှစ်အတွင်း တပ်မ ၆၆ တို့ကို တွေ့ရ၏။ တရင်းလျှင် အင်အား ၅၀ ခန့်အထိ ကျဆင်းသည်ဟု သိရ၏။ အခြားတပ်ရင်းများသည်လည်း ကျဆုံး၊ ဒဏ်ရာနှင့် တပ်ပြေးများကြောင့် ခြေလျင်၊ ခြေမြန်တပ်ရင်းတရင်းတွင် ပျမ်းမျှ စစ်ထွက်အင်အား ၁၅၀ မှ ၁၀၀ ခန့်အထိ ကျဆင်းလာနေ၏။ တပ်သားသစ်ကလည်း မရသဖြင့် စစ်တပ်အတွက် အခက်အခဲဖြစ်၏။
စစ်အင်အား အလွန်အမင်းလျော့ကျခဲ့သည့် တပ်မများမှာ ၂၀၂၁ ခုနှစ်အတွင်း တပ်မ ၇၇၊ ၂၀၂၂ ခုနှစ်အတွင်း တပ်မ ၆၆ တို့ကို တွေ့ရ၏။ တရင်းလျှင် အင်အား ၅၀ ခန့်အထိ ကျဆင်းသည်ဟု သိရ၏။
ဤပြဿနာကို စစ်သားသစ်တဦးလျှင် ၂၅ သိန်းခန့်ပေး၍ စစ်သားဝယ်ခြင်း၊ ခိုး၊ ဆိုး၊ နှိုက်စသည့် ရာဇဝတ်မှုကျူးလွန်သူများအား ထောင်မကျချင်လျှင် စစ်ထဲဝင်ဆိုသည့်ဖိအားဖြင့် စစ်သားသစ်စုဆောင်းသည်ကို တွေ့ရ၏။ သို့သော် လိုအပ်သလောက် မရပေ။
ဤပြဿနာကို ဖြေရှင်းရန် အချို့ စစ်ဘက်အရာရှိကြီးများက လက်ရှိ တပ်မ၊ စကခ တပ်များကို ပြန်ပေါင်း၍ဖွဲ့ရန် တင်ပြမှုရှိသော်လည်း လုပ်ဆောင်ခြင်းမရှိပါ။ ၂၀၂၃ ခုနှစ် နှစ်ဆန်းမှ စတင်သည့် တပ်အင်အား ဖြည့်တင်းရေးစီမံချက်မှာ ယခင်ဆောင်းပါးတွင် ဖော်ပြထားသည့်အတိုင်း စစ်လက်ရုံးတပ်၊ ဝန်ထမ်းတပ်များမှ စစ်သည်အင်အား ၃၀,၀၀၀ ထုတ်နုတ်ရန်ဖြစ်သည်ဟု သိရ၏။ လက်ရုံးတပ်များတွင် အမျိုးသမီး အိမ်ထောင်သည် စစ်သည်များနှင့် အစားထိုးရန် စီစဉ်သည်ဟုသိရ၏။
ဤသတင်းအရဆိုသော် မြန်မာစစ်တပ်သည် ပစ်ကူနှင့် လက်ရုံးတပ်မှ စစ်သည်အင်အား ၃၀,၀၀၀ ထုတ်နုတ်ပြီး ခြေမြန်နှင့် ခြေလျင်တပ်ရင်း ၅၄၂ ရင်းသို့ ဖြန့်ခွဲပါက တရင်းလျှင် ၅၀ ခန့် ဖြည့်တင်းနိုင်ပြီး ခြေလျင်၊ ခြေမြန် တပ်ရင်းတရင်းလျှင် တိုက်ခိုက်ရေးအင်အား ၁၅၀ ခန့်အထိ ပြန်လည်မြှင့်တင်ရန် ရည်ရွယ်သည်ဟု ဆိုရမည်။ သို့သော် လက်တွေ့ မည်မျှ ထုတ်နုတ်ဖြည့်တင်းနိုင်သည်ကို မသိရသေးပါ။
(ဋ) စစ်တပ် အလွယ်တကူ မပြိုကွဲ
၁။ မြန်မာစစ်တပ်အနေနှင့် စစ်ဆင်ရေးပြုလုပ်ရန် တပ်ယူနစ် (တပ်ရင်း/စစ်ကြောင်း) မလုံလောက်သကဲ့သို့ တပ်ရင်းတရင်းစီ တိုက်ခိုက်ရေးအင်အား ကျဆင်းသည်မှာ အမှန်ဖြစ်၏။ စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်တပ်မှ သေဆုံးဒဏ်ရာရသူ ၁၃,၀၀၀၊ ဘက်ပြောင်းသွားသူ ၃,၀၀၀ ကျော်၊ တပ်မှ ထွက်ပြေးသူ ၅,၀၀၀ ကျော် စုစုပေါင်း ၂၁,၀၀၀ အင်အားပြုန်းတီးပြီး ဘက်ပြောင်းနှင့်ထွက်ပြေးသူ ရဲအင်အား ၇,၀၀၀ ခန့် ရှိသည်ဟု ရဲမျိုးဟိန်း၏ Myanmar’s Military Is Smaller Than Commonly Thought — and Shrinking Fast (https://burma.irrawaddy.com/article/2023/05/08/259854.html ) စာတမ်းတွင် ဖော်ပြသည်ကို တွေ့ရပါသည်။
ထို့ပြင် နှစ်နှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်အဖွဲ့များ၏ စုပေါင်းစွမ်းရည်ဖြင့် စစ်ကောင်စီတပ်သား ၂၉,၆၅၀ ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး ၁၁,၂၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PDF ဖွဲ့စည်းတည်ထောင်ခြင်း နှစ်နှစ်ပြည့်ထုတ်ဝေထားသည့် ‘’ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြ’’ စာတမ်းက ဖော်ပြထားသည်ကို တွေ့ရသကဲ့သို့ NUG ၏ စာရင်းများအရ ရဲတပ်ဖွဲ့ဝင် ၉,၀၀၀ ခန့် ရဲတပ်ဖွဲ့အား စွန့်ခွာသည်ဟု ဆိုပါသည်။
အထက်ပါ ကိန်းဂဏန်းများကို စိစစ်အတည်ပြုရန် ခက်ခဲသော်လည်း လက်တွေ့စစ်မြေပြင်တွင် မြန်မာစစ်တပ်မှ နေ့စဉ်ထိခိုက်ကျဆုံးဒဏ်ရာရမှု ၅၀ ဝန်းကျင်တွင်ရှိနေပြီး တိုက်ခိုက်ရေးတပ်ရင်းတရင်း၏ စစ်ထွက်အင်အား ၁၀၀ ခန့်အထိ ကျဆင်းနေသည်ကတော့ စစ်မြေပြင်များမှ အတည်ပြု၍ရ၏။ သို့ဖြစ်ရာ မြန်မာစစ်တပ်၏ ခြေလျင်၊ ခြေမြန် တပ်ရင်း ၅၄၂ ရင်း၊ အမြောက် တပ်ရင်း ၁၀၅ ရင်း၊ သံချပ်ကာနှင့်တင့်ကား တပ်ရင်း ၂၂ ရင်းကို မြေပြင်တိုက်ခိုက်ရေးအင်အားအဖြစ် ထားရှိပါက တရင်းလျှင် အနည်းဆုံး ၁၀၀ ခန့်ရှိပါက အင်အား ၆၆,၉၀၀ ခန့်သာ ရှိမည်ဖြစ်သည်။
မြန်မာစစ်တပ်၏ ခြေလျင်၊ ခြေမြန် တပ်ရင်း ၅၄၂ ရင်း၊ အမြောက် တပ်ရင်း ၁၀၅ ရင်း၊ သံချပ်ကာနှင့်တင့်ကား တပ်ရင်း ၂၂ ရင်းကို မြေပြင်တိုက်ခိုက်ရေးအင်အားအဖြစ် ထားရှိပါက တရင်းလျှင် အနည်းဆုံး ၁၀၀ ခန့်ရှိပါက အင်အား ၆၆,၉၀၀ ခန့်သာ ရှိမည်
သို့သော် စစ်တပ်သည် တပြည်လုံးအနှံ့ စစ်ဆင်နေရ၍ ပထမအချက်အဖြစ် ဒေသတခုတွင် အင်အားအလုံးအရင်း စုစည်း၍ EAO နှင့် PDF များကို စစ်ဆင်ရေးလုပ်ရန် အကန့်အသတ်များစွာရှိနေပြီး နယ်မြေအလိုက် စစ်အင်အားဖြန့်ခွဲကာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အားကိုယူ၍ ထိုးစစ်ငယ်များဆင်ခြင်း၊ ခံစစ်ဆင်ခြင်းကိုမူ ပြုလုပ်နေသည်ကို တွေ့ရ၏။
ထို့ပြင် စစ်သတင်း ထောက်လှမ်းရရှိမှုအပေါ် အခြေပြုပြီး လေကြောင်းချီစစ်ဆင်ရေး အပါအဝင် တပိုင်တနိုင်စစ်ဆင်ရေးများ ပြုလုပ်နိုင်၏။ သို့သော် မြေပြင်တိုက်ခိုက်ရေးတပ်ရင်းများ မလုံလောက်မှုနှင့် စွမ်းရည်နိမ့်ကျမှုကြောင့် မြေပြင်စိုးမိုးထိန်းချုပ်နိုင်မှု ပိုမိုကျဆင်းလာမည်ဖြစ်၏။ ထို့ကြောင့် မြန်မာစစ်တပ်သည် အစွန်အဖျားစခန်းများကို ပိုမိုလက်လွှတ်ရမည် ဖြစ်သည်။
မြန်မာစစ်တပ်သည် စစ်အင်အား မလုံလောက်သဖြင့် ဒုတိယအချက်အနေဖြင့် နေရာအများစုရှိ စစ်တပ်စခန်းများ အတိုက်ခံရပါက မြေပြင်စစ်ကူ စေလွှတ်နိုင်ခြင်းမရှိဘဲ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူသာ ပေးနိုင်သည်ကို တွေ့ရ၏။ ထို့ကြောင့် စခန်းသိမ်းတိုက်ပွဲတိုက်သည့် EAO နှင့် PDF များအနေနှင့် မြေပြင်စစ်ကူကို စိတ်ပူစရာမလိုဘဲ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူအတွက်သာ ထည့်သွင်းစဉ်းစားရန် လို၏။ သို့သော် ခြွင်းချက်အနေနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် စစ်တောင်းမြစ်ရိုးရှိ စခန်းများ အတိုက်ခံရပါက စစ်ကူစေလွှတ်လေ့ရှိသည်ကို သတိပြုရန် လို၏။
ချုပ်၍ဆိုလျှင် မြန်မာစစ်တပ်သည် နယ်မြေတခုကို အင်အားအများအပြား စုစည်းပြီး စစ်ဆင်ရေးပြုလုပ်ရန် တပ်အင်အား မရှိပေ။ သူရှိသည့်အင်အားကို မျှပြီးရင်ဆိုင်နေရ၏။ တနေရာတွင် စုစည်းရန် တပ်များထုတ်နုတ်က အခြားတနေရာတွင် လစ်ဟာတော့မည်ဖြစ်ရာ မြန်မာစစ်တပ်သည် နယ်မြေတခု၊ တပ်ဖွဲ့တခုကို ဦးတည်ပြီး အင်အားအလုံးအရင်းသုံး၍ ထိုးစစ်ဆင်ရန် မဖြစ်နိုင်တော့ပေ။
မြန်မာစစ်တပ်သည် နယ်မြေတခုကို အင်အားအများအပြား စုစည်းပြီး စစ်ဆင်ရေးပြုလုပ်ရန် တပ်အင်အား မရှိပေ။ သူရှိသည့်အင်အားကို မျှပြီးရင်ဆိုင်နေရ၏။
လက်ရှိတွင် စကခ ၁၉ တခုလုံး စစ်တပ်တွင် အရန်ရှိနိုင်သော်လည်း ကရင်နီနယ်မြေ တပ်အင်အားဖြည့်တင်းပုံကို ကြည့်ခြင်းအားဖြင့်လည်းကောင်း၊ ပင်လောင်းဒေသနှင့် နေပြည်တော်ကို ခြိမ်းခြောက်ခံနေရ၍လည်းကောင်း၊ နေရာအများအပြားတွင် စစ်မျက်နှာဖွင့်ခံထားရ၍လည်းကောင်း စကခ တခုမျှဖြင့် ထူးခြားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့်လည်း စစ်တပ်သည် အင်အားစုစည်းနိုင်ခြင်း မရှိသဖြင့် နယ်မြေအလိုက်၊ တပ်ဖွဲ့တခုချင်းအလိုက် EAO နှင့် PDF တော်လှန်ရေးတပ်ဖွဲ့များကို အနိုင်တိုက်ရန် မဖြစ်နိုင်တော့ဆိုသည်ကို ရှင်းလင်းစွာ တွေ့မြင်ရ၏။
၂။ သို့ဖြစ်ရာ စစ်တပ်သည် တပ်ယူနစ် မလုံလောက်မှုကို လက်ရုံးတပ်နှင့် နောက်တန်း တပ်ရင်းဌာနချုပ်စစ်ကြောင်းများ ဖြည့်တင်းပြီး တပ်ရင်းအင်အား ကျဆင်းမှုကို ပစ်ကူနှင့်လက်ရုံးတပ်မှ ထုတ်နုတ်ပြီး တရင်းလျှင် ၁၅၀ ခန့်ထိ ရှိစေရန် စီစဉ်လျက်ရှိ၏။ လက်ရှိ PDF နှင့် EAO များ တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ် အသေအပျောက်များနေသော်လည်း ချေမှုန်းရေးတိုက်ပွဲ နည်းနေသေးပြီး ခြွေစစ်များနေသေးသည်။ စစ်ကြောင်းလိုက်၊ တပ်ရင်းလိုက် ချေမှုန်းခံရသောစစ်ကြောင်း နည်းနေသေး၍ အင်အားလျော့သွားသော စစ်ကြောင်းများအား ပြန်လည်ဖြည့်တင်းနိုင်သေးသည်။ ခြွေစစ်အရ စစ်အင်အားပြုန်းတီးသည်ကို ပြန်လည်ဖြည့်တင်းပြီး တပ်ရင်းလိုက် စစ်ထွက်အင်အားကို ၁၅၀ အထိ ဆွဲတင်ရန် ကြိုးစားနေသည်ကို တွေ့ရ၏။

စစ်တပ်၏ ခြေလျင်၊ ခြေမြန်တပ်ရင်း ၅၄၂ ရင်း၊ အမြောက်တပ်ရင်း ၁၀၅ ရင်း၊ သံချပ်ကာနှင့် တင့်ကားတပ်ရင်း ၂၂ ရင်း၊ စုစုပေါင်း ၆၆၉ ရင်းအား တရင်းလျှင် အင်အား ၁၅၀ အထိ ပြန်လည်ဖြည့်တင်းနိုင်ပါက စုစုပေါင်း တိုက်ခိုက်ရေးအင်အား ၁၀,၀၃၅၀ ခန့် အများဆုံးရှိမည်ဖြစ်၏။
သို့သော်လည်း မြန်မာစစ်တပ် မဖြေရှင်းနိုင်သည်မှာ စစ်တပ်၏ တိုက်စွမ်းရည်ကျဆင်းနေမှု ဖြစ်၏။ စခန်းသိမ်းတိုက်ပွဲအချို့သည် နာရီဝက်ခန့်သာကြာသည်ကို ကရင်နှင့် ကရင်နီနယ်တွင် တွေ့ရ၏။ ဝါရင့် EAO ဒေသများတွင်သာမက စစ်ကိုင်းတိုင်းတွင် PDF များက စခန်းသိမ်းတိုက်ပွဲများ တိုက်လာနိုင်ခြင်း၊ ဗန်းမောက် အင်းတော်ဒေသ၊ နောင်ချိုဒေသ၊ ကျောက်ကြီး၊ ရွှေကျင်ဒေသများတွင် PDF များက မြန်မာစစ်တပ်ကို ကောင်းစွာရင်ဆိုင်တိုက်ခိုက်နိုင်ခြင်းတို့ကို တွေ့ရ၏။
မြန်မာစစ်တပ် မဖြေရှင်းနိုင်သည်မှာ စစ်တပ်၏ တိုက်စွမ်းရည်ကျဆင်းနေမှု ဖြစ်၏။ စခန်းသိမ်းတိုက်ပွဲအချို့သည် နာရီဝက်ခန့်သာကြာသည်ကို ကရင်နှင့် ကရင်နီနယ်တွင် တွေ့ရ၏။
ကရင်နီပြည်နယ်ရှိ KNDF, ချင်းပြည်နယ်မှ CDF များသည်လည်း တဖြေးဖြေး တိုက်ရည်ခိုက်ရည် မြင့်လာသည်ကို တွေ့ရ၏။ မြန်မာစစ်တပ်အတွက် တိုက်ခိုက်ရေးအင်အား ၁၅၀ အထိ ပြန်လည်ဖြည့်တင်းနိုင်ရန် ရည်ရွယ်သော်လည်း စုပေါင်းစပ်ပေါင်း အင်အားဖြစ်သည့်အပြင် တိုက်ခိုက်ရေးအတွေ့အကြုံ မရှိသည့် စစ်သားများဖြစ်ခြင်း၊ တပ်ရင်းတပ်ဖွဲ့များ နားချိန်မရှိခြင်း၊ ရန်ကုန်၊ မန္တလေးအပါအဝင် ယခင်က လုံခြုံသည့် နောက်တန်းဟု ယူဆထားသည့်နေရာများတွင်ပါ တိုက်ခိုက်ခံနေရသဖြင့် ဖိအားများခြင်းတို့ကြောင့် မြန်မာစစ်တပ်၏ တိုက်စိတ်ခိုက်စိတ်နှင့် တိုက်စွမ်းရည်ကို ထိခိုက်နေမည်ဖြစ်သည်။ ထို့ပြင် တပ်ယူနစ် မလုံလောက်မှုကို ဖြေရှင်းရန် မလွယ်ကူတော့ပေ။
တပ်အင်အားခွဲဝေ၍ ရင်ဆိုင်နေရသည့် မြန်မာစစ်တပ်အား တော်လှန်ရေးအင်အားစုများက စစ်ကြောင်းလိုက်၊ တပ်ရင်းလိုက် ချေမှုန်းရေးတိုက်ပွဲများ တိုက်လာနိုင်ပါက မြန်မာစစ်တပ် တပ်အင်အား ဖြည့်တင်းရန် ခက်ခဲစေမည်ဖြစ်ပြီး စစ်ပွဲ၏အပြောင်းအလဲ ပေါ်လာမည်ဖြစ်၏။
၃။ မြန်မာစစ်တပ်၏ အားသာချက်မှာ မြေပြင်တိုက်ခိုက်ရေးတပ်ရင်းများသည် လက်နက်ခဲယမ်းကို ဖောဖောသီသီ သုံးနေနိုင်ဦးမည်ဖြစ်၏။ သို့သော် စစ်တပ်သည် သူ၏ကျောရိုး ပျူစောထီးပြည်သူ့စစ်များအား လက်နက် ကောင်းမွန်စွာ တပ်ဆင်နိုင်ခြင်း မရှိသဖြင့် ၎င်း၏လက်နက်တပ်ဆင်မှုမှာ အကန့်အသတ်ရှိသည်ဟု သုံးသပ်ရ၏။
သို့သော် မြန်မာစစ်တပ်၏ အားသာချက်အဖြစ် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများ ယခုထက်ပို၍ ပိုမိုပြင်းထန်စွာ ပြုလုပ်နိုင်သည့် လက်နက်ကြီးများ၊ ဒုံးကျည်များရှိသေးသည်ကို သတိပြုရန်လိုသည်။ ပင်လယ်မြစ်ချောင်းနှင့်နီးသော ဒေသများတွင် ရေတပ်အသုံးပြုနိုင်သေးသည်ကို ထည့်သွင်းတွက်ချက်ထားရန် လို၏။
လေကြောင်းပစ်ကူ၊ မြေပြင်ပစ်ကူများအား ရင်ဆိုင်ရန် ကတုတ်ကျင်းတူးခြင်း၊ ဆက်သွယ်ရေးမြောင်းတူးခြင်း၊ ခေါင်ကတုတ်ဘန်ကာများ (overhead) တည်ဆောက်ခြင်း၊ ဗုံးခိုကျင်းများတူးခြင်းနှင့် တပ်ဖြန့်ခွဲခြင်းတို့ကို အပင်ပန်းခံပြုလုပ်ရန် လို၏။ တော်လှန်ရေးတပ်ဖွဲ့များအတွက်သာမက လူထုနှင့်စစ်ဘေးဒုက္ခသည်များကိုပါ လေကြောင်းနှင့်အမြောက်ရန် ပညာပေးခြင်း၊ ဗုံးခိုကျင်းတူးခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးရန် လိုသည်။
လေကြောင်းရန်အား ဟန့်တားရန်အတွက် လေယာဉ်ပစ်လက်နက်များ မရသေးမီကာလအတွင်း ကရင်နီကဲ့သို့ ပွိုင့် ၅ များ တပ်ဆင်နိုင်အောင် ကြိုးပမ်းပါက လေကြောင်းရန်ကို အတန်အသင့် ဟန့်တားနိုင်မည်ဖြစ်၏။
လေကြောင်းရန်အား ဟန့်တားရန်အတွက် လေယာဉ်ပစ်လက်နက်များ မရသေးမီကာလအတွင်း ကရင်နီကဲ့သို့ ပွိုင့် ၅ များ တပ်ဆင်နိုင်အောင် ကြိုးပမ်းပါက လေကြောင်းရန်ကို အတန်အသင့် ဟန့်တားနိုင်မည်
၄။ ဤသို့သောအခြေအနေအောက်တွင် မြန်မာစစ်တပ်သည် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများကို အသုံးပြု၍ ပစ်မှတ်ထားတိုက်ခိုက်မည်မှာ အရပ်သားများ၊ ကျေးရွာများ ဖြစ်သည်။ အရပ်သားများကို သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းဖြင့် စစ်ရာဇဝတ်မှုများ ပိုမိုကျူးလွန်လာမည်ဖြစ်၏။
ထို့ပြင် မြန်မာစစ်တပ်၏ တပ်သားသစ်အချို့သည် ခိုး၊ ဆိုး၊ နှိုက် ကျူးလွန်သည့် ရာဇဝတ်သားများဖြစ်သည့်အပြင် တပ်သားသစ်လိုအပ်ချက်ကြောင့် မြန်မာစစ်တပ်သည် စစ်တပ်ကို စစ်စည်းကမ်းနှင့်အညီ ကိုင်တွယ်နိုင်မှု မရှိသဖြင့် စစ်တပ်တွင်း မူးယစ်ဆေးသုံးစွဲမှုများပြားပြီး အရပ်သားကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပိုင်ပစ္စည်းများကို လုယက်ယူငင်ခြင်း များပြားသည်ကို တွေ့ရ၏။ ထို့ပြင် အရပ်သားလူထုအား ဦးတည်၍ပစ်မှတ်ထားသည့် မြန်မာစစ်ခေါင်းဆောင်များ၏ ရည်ရွယ်ချက်ကြောင့် အရပ်သားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် စစ်ရာဇဝတ်မှုများ တိုးပွားလာမည်ဖြစ်၏။ သို့ဖြစ်ရာ အရပ်သားလူထုအား ကာကွယ်ပေးနိုင်ရန် စီမံထားရန်လို၏။
၅။ စစ်တပ်အာဏာသိမ်းပြီး စစ်တပ်မှ ဘက်ပြောင်းသူ ၃,၀၀၀ ခန့်၊ စစ်တပ်မှထွက်ပြေးသူ ၅,၀၀၀ ခန့်ရှိပြီး ရဲတပ်ဖွဲ့မှ ထွက်ပြေး/ဘက်ပြောင်းသူ ၇,၀၀၀ မှ ၉,၀၀၀ ခန့်ထိရှိသည်ဟု သိရသည်။ ထိုပမာဏမှာ မနည်းလှဟု ဆိုရမည်။ သို့သော် မြန်မာစစ်တပ်မှ အများစုမှာ လက်ရှိစစ်တပ်တွင်း ဆက်လက် စစ်မှုထမ်းနေသည်ကို တွေ့နေရဦးမည်ဖြစ်၏။ အကြောင်းများမှာ အမိန့်နာခံသည့်စနစ် အသားကျနေခြင်း၊ အမျိုးဘာသာ၊ သာသနာနှင့် မှိုင်းတိုက်ထားခြင်း၊ အထိုင်ကျနေသည့် အနေအထားကို ဖောက်မထွက်နိုင်ခြင်း၊ အဆင့်အတန်းအလိုက် လုပ်ပိုင်ခွင့်၊ ကိုယ်ကျိုးစီးပွားရှာခွင့်၊ လာဘ်စားခွင့် ရှိနေခြင်းတို့ကြောင့် ဖြစ်၏။
အထူးသဖြင့် ဗိုလ်မှူးကြီးနှင့်အထက် အဆင့်များသည် လုပ်ပိုင်ခွင့် အာဏာဖြင့် ကိုယ်ကျိုးစီးပွားရှာနိုင်မှုမြင့်မားပြီး ဘက်ပြောင်းမှု၊ တပ်စွန့်ခွာမှု မရှိသလောက်ဖြစ်သည်ကို တွေ့ရ၏။ ထို့ပြင် ယခုအခါ အောက်ခြေ အဆင့်များကိုလည်း အာဏာနှင့် လုပ်ပိုင်ခွင့် အလွဲသုံး၍ ဗိုလ်ကျခွင့်၊ ကိုယ်ကျိုးစီးပွားရှာခွင့်၊ လာဘ်စားခွင့်များကို မျက်စေ့မှိတ်ခွင့်ပြုထားပြီး ၎င်းတို့စစ်တပ်အား ထိမ်းထားရန် စစ်တပ်ခေါင်းဆောင်များက ကြိုးစားနေသည်ကို တွေ့နေရ၏။
မြန်မာစစ်တပ်ဖြိုခွဲရေးအား စနစ်တကျလုပ်ဆောင်ပြီး တပ်မှ စွန့်ခွာရန်၊ ဘက်ပြောင်းရန် လုပ်ဆောင်ရမည်ဖြစ်၏။ လက်ရှိအချိန်တွင် စစ်တပ်အနေနှင့် ယခင်ကာလများထက် ဘက်ပြောင်းမှုနှင့်တပ်ပြေး များနေသော်လည်း စစ်တပ် အလွယ်တကူပြိုကွဲမည်ဟု မျှော်လင့်၍ မရသေးပေ။ စစ်တပ်ကို စစ်ရေးအရ အထိနာအောင်ထိုးနှက်ခြင်း၊ ပြည်တွင်း၌ နိုင်ငံရေးနှင့်စီးပွားရေးအရ အကြပ်အတည်းတွေ့ခြင်းများ ဖြစ်လာမှသာ စစ်တပ်ပြိုကွဲမှုကို မျှော်လင့်နိုင်မည်။
လက်ရှိအချိန်တွင် စစ်တပ်အနေနှင့် ယခင်ကာလများထက် ဘက်ပြောင်းမှုနှင့်တပ်ပြေး များနေသော်လည်း စစ်တပ် အလွယ်တကူပြိုကွဲမည်ဟု မျှော်လင့်၍ မရသေးပေ။
၆။ မြန်မာစစ်တပ်နှင့် ပတ်သက်လျှင် သတိထားရမည့် အချက်တခုမှာ ဆက်သွယ်ရေး ကြားဖြတ်လုပ်ငန်းဖြစ်၏။ တယ်လီဖုန်းလိုင်းများအပါအဝင် ဆက်သွယ်ရေးစက်များဖြင့် PDF, EAO တပ်ဖွဲ့များ ပြောဆိုဆက်သွယ်နေသည်ကို မြန်မာစစ်တပ်က ကြားဖြတ်ဆက်သွယ်ရေးက အမြဲမပြတ် ဖမ်းယူနားထောင်ပြီး သတင်းဖမ်းယူနေသည်။
တိုင်းရင်းသားဘာသာ စကားပြောဆိုတတ်သူများကိုလည်း ဒေသအလိုက် ခန့်ထားအသုံးပြုလျက်ရှိပြီး ဝှက်စာကိုလည်း ဖော်ယူရန် အမြဲကြိုးစားနေသည်ဖြစ်၍ EAO, PDF တပ်ဖွဲ့များ တပ်တွင်းဆက်သွယ်ရေးအား ဝှက်စာဖြင့်သာ သုံးစွဲရန်လိုအပ်သည့်အပြင် ဝှက်စာကိုလည်း မကြာခဏလဲပြီး အသုံးပြုရန် လိုအပ်ပါသည်။ EAO နှင့် PDF တပ်များ၏ သတင်းနှင့်ပတ်သက်ပြီး ဆက်သွယ်ရေးစနစ်မှ မပေါက်ကြားစေရေးအတွက် ဂရုစိုက်ရန်လိုအပ်၏။ လေလှိုင်းထဲတွင် လျှို့ဝှက်၍မရဟု ဆိုကြပါသည်။ သတင်းပေါက်ကြားမှုဖြစ်ပါက မြေပြင်မှ အလွယ်တကူ စစ်ဆင်ရေး မလုပ်နိုင်လျှင်တောင်မှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နိုင်သည်ကို သတိပြုရန်လို၏။ မြို့ပေါ်လှုပ်ရှားမှုများတွင်ဆိုပါက ဆက်သွယ်ရေးစနစ်များကိုသာ CCTV မှ ပုံရိပ်ဖမ်းခြင်းကိုလည်း သတိပြုရန် လိုအပ်ပါသည်။
၇။ မြန်မာစစ်တပ်နှင့်ပတ်သက်၍ အထူးသတိထားမည့် အဖွဲ့အစည်းတခုမှာ စရဖ ခေါ် စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့ ဖြစ်၏။ စရဖ သည် စစ်မြေပြင်စစ်သတင်းထောက်လှမ်းရေးတွင် စွမ်းဆောင်ရည် သိပ်ရှိလှသည်တော့ မဟုတ်ပေ။ သို့သော် မြန်မာစစ်တပ် အုပ်ချုပ်ရေးတွင် အဓိကထောက်တိုင်ဖြစ်၏။
စရဖ သည် မြန်မာစစ်ကောင်စီ အာဏာခိုင်မြဲရေး၊ ၎င်းတို့အား ဆန့်ကျင့်သူများကို ရက်စက်စွာချေမှုန်းရေးအတွက် တာဝန်ယူလုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်၏။ စရဖ တပ်ဖွဲ့အား တပြည်လုံးအနှံ့ စစ်တိုင်း ၁၄ တိုင်းလုံးတွင် ဖွဲ့စည်းထားပြီး အင်အား ၁ သောင်းနှင့်အထက် ရှိနိုင်သည့် တပ်ဖွဲ့ဖြစ်၏။ စရဖ တပ်ဖွဲ့ဝင်များသည် အရပ်ဝတ်ဖြင့်သာ လှုပ်ရှားကြသဖြင့် မြင်သာထင်သာလည်း မရှိကြသည့်အပြင် အရပ်သား အသွင်ယူ လှုပ်ရှားလေ့ရှိကြသည်။
သို့ဖြစ်ရာ မြန်မာစစ်တပ်၏ အုပ်ချုပ်မှုကို ဖြိုချနိုင်ရန်အတွက် စစ်တပ်အုပ်ချုပ်ရေး၏ အဓိကထောက်တိုင်ဖြစ်သည့် စရဖ ကွန်ရက်အား စုံစမ်းဖော်ထုတ်၍ တိုက်ခိုက်ဖြိုချနိုင်ရန် လိုအပ်၏။
မြန်မာစစ်တပ်၏ အုပ်ချုပ်မှုကို ဖြိုချနိုင်ရန်အတွက် စစ်တပ်အုပ်ချုပ်ရေး၏ အဓိကထောက်တိုင်ဖြစ်သည့် စရဖ ကွန်ရက်အား စုံစမ်းဖော်ထုတ်၍ တိုက်ခိုက်ဖြိုချနိုင်ရန် လိုအပ်၏။
ချုပ်၍ဆိုရလျှင် မြန်မာစစ်တပ်အနေနှင့် လက်ရှိအချိန်တွင် တော်လှန်ရေးအင်အားစုများကို အနိုင်တိုက်ရန် မဖြစ်နိုင်တော့သည်ကို ရှင်းလင်းစွာ တွေ့နေရ၏။ တဖက်တွင်လည်း မြန်မာစစ်တပ်အား အနိုင်တိုက်နိုင်ရန်အတွက် နွေဦးတော်လှန်ရေး အင်အားစုများအနေနှင့် လုံးပမ်းရန် လိုအပ်နေသေးသည်။ ဤသို့သော အခြေအနေအောက်တွင် မြန်မာစစ်တပ်၏ အားသာချက်၊ အားနည်းချက် အခြေအနေမှန်ကို လက်တွေ့ကျကျ လေ့လာသုံးသပ်စေ့ငုရန်၊ စနစ်တကျ ရင်ဆိုင်ကျော်လွှားနိုင်ရန်လည်း လိုအပ်ပါသည်။
အထက်ပါ မြန်မာစစ်တပ်ဖွဲ့စည်းပုံနှင့် ဖြန့်ခွဲမှုများမှာ အခြေခံယေဘုယျဖွဲ့စည်းပုံနှင့် ဖြန့်ခွဲမှုဖြစ်၏။ ထိုအခြေခံပေါ်မှ EAO နှင့် PDF တပ်ဖွဲ့များအနေဖြင့် မိမိလှုပ်ရှားရာဒေသရှိ မြန်မာစစ်တပ်၏ အခိုင်အမာ တပ်ဖြန့်ခွဲမှု၊ တပ်လှုပ်ရှားမှု၊ တပ်ကွပ်ကဲမှု၊ ချီတက်ရာတွင်အသုံးပြုသည့်လမ်းကြောင်း၊ စစ်ကူပစ်ကူပေးနိုင်မှုများကို အခိုင်အမာထောက်လှမ်းပြီး မြန်မာစစ်တပ်သတင်းကို မပြတ်ထောက်လှမ်းထားရန် လိုအပ်၏။
လေကြောင်းပစ်ကူ အမြန်ဆုံးလာနိုင်သည့် အချိန်ကိုလည်း တွက်ဆထားပြီး မည်သို့တုန့်ပြန်မည်ကို ပြင်ဆင်ထားရန်လို၏။ ထို့ပြင် မြန်မာစစ်တပ်၏ အလေ့အထ၊ လှုပ်ရှားပုံ၊ ၎င်း၏ တပ်အင်အားဖြန့်ခွဲမှုများအရ လုပ်နိုင်စွမ်းနှင့် ဖြစ်နိုင်ခြေတို့အပြင် နယ်မြေအလိုက်တာဝန်ယူသည့် မြန်မာစစ်တပ်၏ တကယ့်တိုက်ခိုက်ရေးအင်အား၊ အဆင့်ဆင့် မြန်မာစစ်တပ်တပ်မှူးများ၏ အလေ့အထကိုပါ ကြိုတင်သုံးသပ် တွက်ဆထားပါက စစ်ရေးအရ လက်ဦးမှုကို ဆုပ်ကိုင်နိုင်ပေလိမ့်မည်။
EAO နှင့် PDF တပ်ဖွဲ့များအနေနှင့် မိမိဒေသတွင်း စစ်တပ်၏အင်အား၊ တပ်ဖြန့်ခွဲမှု၊ စစ်ကူပစ်ကူ အခြေအနေတို့အပြင် စစ်တပ်အရန်အင်အားများဖြစ်သည့် ရဲ၊ နယ်ခြားစောင့်တပ်၊ ပသစ နှင့် ပျူစောထီးတို့၏ အင်အား၊ တပ်ဖြန့်ခွဲမှု၊ လှုပ်ရှားမှုတို့ မပြတ်ထောက်လှမ်း သိရှိနေရန် လိုအပ်၏။ ထို့ပြင် တခုလုံးအခြေအနေ အပြောင်းလဲများကြောင့် မိမိဒေသတွင်းသို့ မြန်မာစစ်တပ် အင်အားဖြည့်တင်းလာနိုင်သည့်အခြေအနေ၊ မိမိဒေသတွင်းမှ မြန်မာစစ်တပ် အင်အား ထုတ်နုတ်သွားမည့်အခြေအနေတို့ကို မျက်ခြေမပြတ်ရန်လို၏။
“ရန်သူ့အကြောင်း ကိုယ့်အကြောင်း ကောင်းကောင်းသိမှ စစ်ပွဲတိုင်းမှာ အောင်နိုင်ရာ၏”။
ဤတွင် ပြီးပါပြီ။
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
မြန်မာစစ်တပ်ကို ခွဲခြမ်းစိတ်ဖြာခြင်း အပိုင်း (၁)
မြန်မာစစ်တပ်ကို ခွဲခြမ်းစိတ်ဖြာခြင်း အပိုင်း (၂)
တော်လှန်ရေး အင်အားစုကို နှိမ်နင်းရန် စစ်ကောင်စီ တပ်မလုံလောက်
ထင်သည်ထက် အင်အားနည်းပြီး ပြိုကွဲမြန်နေသည့် စစ်ကောင်စီတပ်
မြန်မာစစ်တပ် ပြိုလဲပျက်စီးသွားနိုင်သည်
ကိုယ့်တပ်ကိုယ်နင်းတဲ့ မင်းအောင်လှိုင်
ဗိုလ်ကတော်တွေလည်း စစ်ကောင်စီ စစ်သင်တန်းတက်ခိုင်း
စစ်တပ်တွင် တပ်ပြေးများပြီး စိတ်ဓာတ်ရေးရာ အကျပ်အတည်း ကြုံလာ