တခါက ကျနော်သည် လန်ဒန် တက္ကသိုလ် အရှေ့တိုင်း ဘာသာရပ် လေ့လာရေးကျောင်း၌ ပညာဆည်းပူးနေစဉ် ကျောင်းအားရက် တရက်တွင် အောက်စ်ဖို့ တက္ကသိုလ်သို့ အလည် ရောက်သွားလေသည်။
အောက်စ်ဖို့ တက္ကသိုလ် နယ်မြေကို ခြေချမိသည်နှင့် တပြိုင်နက် ကျနော်သည် စိတ်ကြည်နူးခြင်း ဖြစ်မိလေသည်။
အောက်စ်ဖို့ တက္ကသိုလ်ကား လှပ တင့်တယ်ပေသည် တကား။ အဆောက်အအုံတို့မှာ အနုပညာ လက်ရာ မြောက်လှ ပေသည် တကား။ ဝန်းကျင်ရှိ သစ်ပင်၊ ပန်းမန်၊ မြက်ခင်းတို့မှာ ရှုချင့်စဖွယ် ကောင်းလှပေသည် တကား။
ကျနော် ရောက်ရှိသွားသော အချိန်မှာ ဆောင်းရာသီ ဖြစ်သည်။ နှင်းတို့ကား မကျသေး။ ကောင်းကင်မှာ မြူဆိုင်းနေသည်။ ဝင်းဝါသော နေရောင်ခြည်ကို မမြင်ရ။
အအေးဒဏ်ကြောင့် သစ်ပင်တို့မှာ ညိုမည်းလျက် အရွက်များ ကြွေကာ အရိုး အပြိုင်းပြိုင်း ထနေသည်။ ပန်းတို့လည်း မပွင့်ကြ။ မြက်ခင်းတို့မှာလည်း အရောင် မှေးမှိန်နေကြသည်။
အကယ်၍ ကျနော်သည် စပရင်း ရာသီတွင်သာ ဤနေရာသို့ ရောက်လာပါက အဘယ်မျှ ကောင်းချိမ့်မည်နည်း။ ထိုအခါ ဝင်းဝါသော နေရောင်ခြည် အောက်ရှိ စိမ်းစိုသော သစ်ပင်၊ ရောင်စုံ ဖူးပွင့်နေသော ပန်း၊ မြစိမ်းရောင် လွှမ်းနေသော မြက်ခင်းပြင်တို့ဖြင့် တန်ဆာဆင်နေသော အောက်စ်ဖို့ တက္ကသိုလ်ကို တွေ့ရမည်။
ယခုကား မှိုင်းဝေသော ဆောင်းရာသီက လွှမ်းခြုံထားသည့် အောက်စ်ဖို့ တက္ကသိုလ်ကိုသာ တွေ့ရလေသည်။ ကျနော်သည် အမျိုးမျိုးသော အဆောက်အအုံ၊ အဆောင်ဆောင်သော အခန်းတို့ကို လှည့်ပတ် ကြည့်ရှုရာမှ ယူနီဗာစီတီ ကောလိပ် အဆောင်အအုံသို့ ရောက်သွားသည်။
ထိုအဆောက်အအုံထဲသို့ လှမ်းဝင်လိုက်သည်နှင့် တပြိုင်နက်ပင် ကျနော်သည် စာဆို ရှယ်လီကို ရုတ်ခြည်း သတိရလိုက် လေသည်။ ဤနေရာကား ရှယ်လီ ပညာဆည်းပူးရာ ကျောင်းပင်တည်း။
ဤသို့ ရှယ်လီကို အမှတ်ရသော အခါ ကျနော်၏ စိတ်တို့သည် တောင်ပံ နှစ်ဖက်ကို ပိုင်သော ငှက်ငယ်ပမာ လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ခန့်က အတိတ်ကာလဆီသို့ တမုဟုတ်ချင်း ပျံသန်းသွားလေ၏။
**********
အောက်စ်ဖို့ တက္ကသိုလ် စာအုပ်ဆိုင်ရှင် မစ္စတာ မန်ဒေးနှင့် မစ္စတာ စလတ်တာ တို့သည် တနေ့တွင် သူတို့ ဆိုင်တွင်းသို့ ရှယ်လီ ရုတ်တရက် ဝင်ရောက်လာသည်ကို တွေ့လိုက်ရလေသည်။
သူတို့သည် ရှယ်လီ၏ ဖခင်နှင့် သိကျွမ်းသူများ ဖြစ်ကြသဖြင့် ရှယ်လီကိုလည်း ကောင်းစွာ သိကျွမ်းနေပြီ။ ထိုစဉ်က ရှယ်လီမှာ အသက် ၁၉ နှစ်ခန့်သာ ရှိဦးမည်။ ထုံးစံအတိုင်းပင် ဆံပင်ဖွာဖွာ အင်္ကျီကော်လာ ဟပြဲနှင့် ဖြစ်သည်။
သူ့လက်ထဲတွင် စာအုပ်ထုပ်ကြီး တထုပ် ပါလာသည်။ သူသည် စာအုပ်ထုပ်ကြီးကို ဖြည်လျက် စာအုပ်ပါးကလေးများကို ထုတ်လိုက်ပြီးလျှင် တအုပ်လျှင် ၆ ပဲနိစီဖြင့် ရောင်းပေးပါရန် ဆိုင်ရှင်တို့အား လှမ်းပြောလိုက်လေသည်။ ပြောရာမှလည်း ကိုယ်တိုင်ပင် သူ့စာအုပ်တို့ကို မှန်ခုံ၌ တအုပ်စီ ထောင်ထားလိုက်လေသည်။
မစ္စတာ မန်ဒေးတို့သည် ရှယ်လီ၏ အပြုအမူကို ကြည့်ကာ ပြုံးကြသည်။ သူတို့သည် ရှယ်လီ၏ စာအုပ်များကို မလှမ်းမကမ်းမှ မထင်မရှား မြင်ရသောကြောင့်သာ ဤသို့ ပြုံးကြဟန်တူသည်။
အကယ်၍ အနီးသို့ ကပ်လျက် လှန်လှော ကြည့်မိလျှင်ကား မျက်လုံးမျက်ဆံ ပြူးသွားကြမည်မှာ မုချ ဖြစ်လေသည်။ အကြောင်းကား ရှယ်လီ၏ စာအုပ်မှာ ထာဝရ ဘုရားသခင်ကို ဆန့်ကျင်ပြုထားသော စာအုပ်ဖြစ်သောကြောင့်ပင်။
ထိုစဉ်အခါက အင်္ဂလန် နိုင်ငံတွင် အထူးသဖြင့် ထာဝရ ဘုရားသခင်ကို အလွန်ရိုသေ ကိုင်းရှိုင်းသည့် အောက်စ်ဖို့ တက္ကသိုလ် ကဲ့သို့သော နေရာမျိုးတွင် ဤစာအုပ်မှာ မီးစနှင့် တူလေသည်။
“မည်သည့် အဆိုမျိုး၌မဆို သက်သေပြချက်ပါရှိရာ ထိုသက်သေပြချက် မှန်မမှန် သိရှိရန် သေချာစွာ စူးစမ်း စစ်ဆေးရပေမည်။ သို့မှသာ အမှန်တရားကို ရောက်နိုင်သည်။ အမှန်တရားသို့ ရောက်မှလည်း အကျိုးကျေးဇူး ဖြစ်ထွန်းနိုင်ကြောင်း အထူးချဲ့ထွင် ဖော်ပြရန် မလိုပေ” ဟူသော စကားဖြင့် အစချီလျက် ရှယ်လီသည် သူ့စာအုပ်ကို ရေးသားထားလေသည်။
စာအုပ်အမည်ကို သူက “ထာဝရ ဘုရားသခင် မရှိဝါဒ လိုအပ်ခြင်း” ဟူ၍ အမည် ပေးထားလေသည်။ ရေးသူကိုကား “ဂျယ်ရီမီယား စတု ကလီ” ဟူ၍ အမည်ဝှက်ဖြင့် ဖော်ပြထားလေသည်။
ထိုမှ ရှယ်လီ ထွက်သွားပြီး၍ မိနစ် ၂၀ မျှ မပြည့်မီပင် နယူးကောလိပ်မှ ဆရာတဦး ဖြစ်သူ ခရစ်ယာန် ဘုန်းတော်ကြီး ဝေါ့ကားသည် ဆိုင်ရှေ့မှ ဖြတ်သန်းလာစဉ် ရှယ်လီ၏ စာအုပ်ငယ်ကို လှမ်းမြင်လိုက်လေသည်။
ချက်ချင်းပင် ဘုန်းတော်ကြီး မျက်နှာမှာ ဒေါသရောင်တို့ ဖုံးလွှမ်းသွားသည်။
“ထာဝရ ဘုရားသခင် မရှိဝါဒ လိုအပ်ခြင်းတဲ့လား။ တကယ့် ရိုင်းလှပါတကား”
ပြောပြောဆိုနှင့် ဘုန်းတော်ကြီးသည် ဆိုင်တွင်းသို့ ဝင်လာသည်။
“မစ္စတာ မန်ဒေး၊ ဒါက ဘာသဘောလဲ”
ဘုန်းတော်ကြီးသည် စာအုပ်ငယ်တို့ကို လက်ညှိုးထိုးပြလျက် အော်မေးလိုက်သည်။
“ကျနော်တို့ ဘာမှ မသိပါဘူး ခင်ဗျာ။ ဒီစာအုပ်ကို အသေအချာ မကြည့်ရသေးပါဘူး”
“ဘာ အသေအချာ မကြည့်ရမှာလဲကွ၊ အဖုံးက စာအုပ် နာမည်ကို ကြည့်ရုံနဲ့ သိလောက်ပြီဟာပဲ။ ကြည့်စမ်း၊ ကောင်းသေးရဲ့လား။ ထာဝရ ဘုရားသခင် မရှိဝါဒ လိုအပ်ခြင်းတဲ့”
“ကျနော်တို့လည်း အခုမှ သိရပါတယ် ခင်ဗျား”
“ကဲ…သိရင် ဒီစာအုပ် အားလုံးကို မီးဖိုချောင်ထဲ ယူသွားပြီး မီးရှို့ပစ်လိုက်စမ်း”
ဤသို့ အမိန့်ပေးပြီး ဘုန်းတော်ကြီး ထွက်သွားသောအခါ မစ္စတာ မန်ဒေးတို့သည် ရှယ်လီကို အမြန်အခေါ် လွှတ်လိုက်ရလေသည်။
ရှယ်လီ ရောက်လာသောအခါ သူတို့သည် အကျိုးအကြောင်း ပြောပြကာ ရှယ်လီ၏ စာအုပ်တို့ကို လက်မခံနိုင်ကြောင်း ငြင်းဆန်လေသည်။
သူတို့အား ရှယ်လီက သူ့တွင် လွတ်လပ်စွာ တွေးခွင့်ရှိကြောင်း၊ တွေးရသော အချက်တို့ကိုလည်း အများပြည်သူသို့ ဖြန့်ချိနိုင်ခွင့် ရှိကြောင်း စောဒက တက်လေသည်။
သို့ တက်ရာမှာလည်း ဤစာအုပ်ငယ်တို့ကို အောက်စ်ဖို့ တက္ကသ်ိုလ်ရှိ ကျောင်းထိုင် ဘုန်းတော်ကြီးများ၊ တက္ကသိုလ် အဓိပတိ၊ မဟာဌာနမှူးများ၊ ဆရာများ၊ အဆောင်မှူးများ အသီးသီးထံ ဂျယ်ရီမီယား စတု ကလီ ၏ မေတ္တာလက်ဆောင် အဖြစ် ပေးပို့ပြီး ဖြစ်ကြောင်း အောင်မြင်စွာ ပြောပြလိုက်လေသည်။
ရက်အနည်းငယ် ကြသောအခါ တံခါးစောင့် တဦးသည် ရှယ်လီထံ လာလျက် မဟာဌာနမှူးက အခေါ်လွှတ်ကြောင်း ပြောလေသည်။ ရှယ်လီသည် မဟာဌာနမှူး အခန်း ဝင်သွားသောအခါ မဟာဌာနမှူးအပြင် အခြားဆရာ တစုကိုလည်း တွေ့ရလေသည်။
ထိုဆရာ တစုသည် ထာဝရ ဘုရားသခင်ကို အလွန် ရိုသေကိုင်းရှိုင်းကြရုံမက အယူလည်း အလွန် သီးကြသည်။ သူတို့သည် အစကပင် ရှယ်လီကို မနှစ်မြို့ကြချေ။
ရှယ်လီသည် ဆံပင်အရှည် ထား၍ အင်္ကျီ ကော်လာပါ ဟပြဲနှင့်နေသည်ကို မနှစ်သက်ကြ၊ ထို့ပြင် သိပ္ပံပညာ စမ်းသပ်မှုကို ရှယ်လီ ဝါသနာထုံသည်ကိုလည်း မနှစ်သက်ကြချေ။
မဟာဌာနမှူးသည် ရှယ်လီ၏ စာအုပ်ငယ် တအုပ်ကို ကိုင်လျက် ရှယ်လီအား ဤစာအုပ်ကို ရေးသူ မဟုတ်ပါလောဟု မေးလေသည်။ သူသည် ခက်ထန် ရိုင်းပြစွာ မေးရာ ရှယ်လီက လုံးဝမဖြေဘဲ ခပ်မဆိတ် နေလိုက်လေသည်။
“ဟေ့ ပြောစမ်း၊ ဒီစာအုပ်ကို မင်းရေးသလား မရေးဘူးလား”
“ဒီစာအုပ်ကို ရေးတယ်လို့ အထောက်အထား ပြနိုင်ရင်ပြပါ၊ ကျနော့်ကို အခုလို နိုင်ထက်စီးနင်း မေးတာဟာဖြင့် ဥပဒေနဲ့လည်း မညီဘူး၊ လုံးဝလည်း မတရားဘူး။ ဒီလို မေးတာဟာ လွတ်လပ်တဲ့ နိုင်ငံမှာ လွတ်လပ်တဲ့ လူတယောက်ကို မေးတာမျိုးနဲ့ မတူပါဘူး။ သာသနာ့ရုံးမှာ တရားခံကို စစ်မေးနေတာမျိုးနဲ့ တူပါတယ်”
“ဒီစာအုပ်ဟာ မင်းရေးတဲ့ စာအုပ် မဟုတ်ဘူးလို့ ငြင်းချင်သလား”
“ဒီအမေးကို ကျနော် မဖြေနိုင်ပါဘူး”
“ဒါဖြင့် မင်းကို ကျောင်းက ထုတ်လိုက်တယ်။ နက်ဖြန် နံနက်စောစော ကျောင်းက ထွက်သွားပေတော့”
ကျနော်သည် ဤ အဖြစ်ဟောင်းတို့ကို မည်မျှကြာအောင် တွေးတောနေမိသည် မသိ။
တနေရာသို့ ရောက်၍ အခန်းတခု၌ ကျောက်သားဖြင့် ထုလုပ်ထားသော ကျောက်ရုပ်တခုကို ရုတ်တရက် မြင်လိုက် သည်တွင်မှ အတွေး ရပ်သွားလေသည်။
ကျောက်ရုပ်ကား အခြားမဟုတ်။ ရှယ်လီ၏ ကျောက်ရုပ်ပင်တည်း။ အဝတ်ဗလာကျင်းလျက် ရှယ်လီ ရေနစ်၍ လဲကျ သေဆုံး နေဟန်ပုံကို လက်ရာ မြောက်စွာဖြင့် ထုလုပ်ထားလေသည်။
ရှယ်လီ အထိမ်းအမှတ် အဖြစ် ဤခေတ် တက္ကသိုလ် အာဏာပိုင်တို့က ထုလုပ်ထားခြင်း ဖြစ်ပေသည် တကား။
ကျနော်သည် ရှယ်လီ၏ ကျောက်ရုပ်ကို အချိန် အတန်ကြာမျှ ငေးစိုက် ကြည့်ပြီးလျှင် အပြင်ဘက်သို့ ဖြည်းညင်းစွာ ပြန်ထွက်လာခဲ့လေသည်။
သို့ ထွက်လာစဉ် လောက၏ ပြောင်းလဲမှု သဘောတရားကို ဆင်ခြင်လာမိသည်။ ပြောင်းလဲမှုတို့ကား အံ့ဖွယ် ကောင်းလေစွ။
ထိုခေတ်က ဤနေရာသည် ရှယ်လီကို မောင်းနှင်ထုတ်ရာ နေရာ ဖြစ်ခဲ့သော်လည်း ဤခေတ်၌ကား ရှယ်လီကို အလေးအမြတ် ပြုရာနေရာ ဖြစ်နေလေပြီ။
ထိုခေတ်က ဤနေရာသည် ရှယ်လီ၏ ကဗျာတို့ကို လျစ်လျူရှုရာ နေရာ ဖြစ်ခဲ့သော်လည်း ဤခေတ်၌ကား ရှယ်လီ၏ ကဗျာတို့ကို လေ့လာဆည်းပူးရာ နေရာ ဖြစ်နေလေပြီ။
ကျနော်သည် ဤသို့ ဆင်ခြင်မိလာရာမှ လောက၏ အဆိုး အကောင်း တရား နှစ်ပါးကိုလည်း တွေးကြည့်မိသည်။ လောက၌ အဆိုးနှင့်တွေ့ပါက တနေ့တွင် အကောင်းနှင့် တွေ့ရမည်ဟု ကျနော် ယုံကြည်မိလာသည်။
ရှယ်လီကမူ ကျနော်မမွေးမီ နှစ်ပါင်းများစွာကပင် ဤသဘောကို ယုံကြည်လာခဲ့ဟန် တူသည်။
သို့ကြောင့်သာ သူ၏ “အနောက်လေသို့” ကဗျာ နောက်ဆုံး အပိုဒ်၌ ဤသို့ ထည့်သွင်း ဖွဲ့ဆိုထားသည်ဟု ကျနော် ယူဆမိပေသည်။
“ဆောင်းလဝင်သော်
စပရင်းရာသီ
မဝေးပြီတည့်”
ပန်ရုပ်စုံ မဂ္ဂဇင်း၊ ၁၉၈၆၊ နိုဝင်ဘာ၊ စာ-၄၁-၄၂။
(ကဗျာဆရာ၊ စာရေးဆရာကြီး မင်းယုဝေ ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာပေတိုက်က ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “စာဆို နှင့် စာ ဒုတိယအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၉ ရက် အသက် ၉၂ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)
You may also like these stories:
စာရေးဆရာ ညီပုလေး အတွက် သူတို့ရဲ့ ဝမ်းနည်းစကား