အနုပညာ ဟူသည်၌ အကန့်အသတ် မရှိ။ အတိုင်းအဆ မရှိ။ နယ်ကျယ်လှသည်။
မိမွေးတိုင်း ဖမွေးတိုင်း ကိုယ်လုံးတီးနှင့် မိန်းမပျို၏ ပုံကို ပန်းချီ ချယ်ရာ၌ပင် ယဉ်ကျေး သိမ်မွေ့အောင် ချယ်မှုန်းနိုင်သည်။ လုံလုံလဲလဲ ဝတ်ဆင်ထားသော မိန်းမရွယ်၏ ပုံကို ရိုင်းစိုင်း ကြမ်းတမ်းအောင်လည်း ချယ်နိုင်သည်။
စာပေရတုမှ ပန်းချီ အနုပညာ အထိ ရိုင်းသည်၊ ယဉ်သည်၊ ကြမ်းသည်၊ နုသည်၊ လှပသည်၊ အရုပ်ဆိုးသည် ဟူသော ဝိသေသန တို့ကို အနုပညာ ဖန်တီးသူက သူ့ကို လိုသလို ဖော်ထုတ်၍ သရုပ်ဖော်နိုင်သည်။
ရိုင်းသလိုလိုနှင့် ယဉ်အောင်ပြနိုင်သည်။ ယဉ်သလိုနှင့် ရိုင်းအောင်လည်း ပြနိုင်သည်။
စာပေလောက၌ ဆရာကြီး ဦးပုည၊ ဆရာတော် မန်လည် ဆရာတော်ဘုရား စသည်တို့သည် တစ်တစ်ခွခွ ကြမ်းကြမ်း တမ်းတမ်း နှင့် ဖွဲ့ဆိုပါလျက် ယဉ်ကျေးလှပသော ကဗျာပွင့်များ ဖြစ်လာအောင် သီကုံးလေ့ ရှိကြသည့် ကဗျာ ကဝေများ ဖြစ်ကြသည်။
စကားလုံးက ကြမ်းတမ်းပြီး အဓိပ္ပာယ်က ရိုင်းစိုင်းပါလျက် မောင်နှင့်နှမ သားနှင့်အမိ ဖတ်ရှုဖွယ် တင့်တယ် လှပသော စာကဗျာ ဖြစ်ရန် အားထုတ်ရသည်မှာ လွယ်ကူသော အတတ်ပညာ မဟုတ်။
ထိုဆရာများ၏ ကဗျာများကို ပြန်လေ့လာ ကြည့်ပါက သိနိုင်သည်။
ယနေ့ စာနယ်ဇင်း လောက၌လည်း ဤသို့သော အဖွဲ့အနွဲ့ကလေးများသည် မကြာခဏ ပွင့်ဖူးလေ့ ရှိကြသည်။
ဆရာ ဦးထွန်းဖေ တီထွင် ပေါင်းစပ်ထားသည့် စကားလုံး ဖြစ်သည့် “ဖော်လံဖား” ဟူသော ဝေါဟာရသည် ယနေ့အဖို့ အများသုံး ဝေါဟာရ တလုံး ဖြစ်နေလေပြီ။
ယခုခေတ် စာနယ်ဇင်းတို့၌ သတင်းစာတို့မှာ အဖြစ်အပျက် မျိုးစုံကို စုံစမ်းရေးသား တင်ပြရာ၌ မမြင်ဝံ့ ဆေးဆရာ၊ မကြားဝံ့ တရားသူကြီး ဟူသကဲ့သို့ မကြားဝံ့မနာသာ အမှုကိစ္စများကို မောင်နှင့်နှမ သားနှင့်အမိ ဖတ်ရှုနိုင်ရန် ယဉ်ကျေး သိမ်မွေ့အောင် ရေးသားကြရသည်။
သတင်း ဟူသည်မှာ အမျိုးမျိုး ရှိသည်။
တာရီ အမည်ရှိ အစိုးရ သစ်စက်မှ အလုပ်သမား အလုပ်ခွင်တွင် လွှစက်ထဲသို့ ဖွားဘက်တော် ပါသွားသည့် အမှုမှာလည်း သတင်း ဖြစ်သဖြင့် ရေးသားကြရသည်။
မျက်နှာမည်း စာလုံးကြီးများနှင့် ရေးသားသော ထိုသတင်းကို တပြည်လုံးက စိတ်ဝင်စားသည်။
ဖွားဘက်တော် ဆုံးရသဖြင့် ဖူလုံရေးမှ လျော်ကြေး မည်ရွေ့မည်မျှ ရသင့်ကြောင်း မဆုံးဖြတ်နိုင် ရှိနေရာ ပရိသတ်အများ က တန်ဖိုးဖြတ်စာများ ရေးပို့ကြသည်။
အမျိုးသမီးများကပါ ရေးပို့ကြသည်။
တာရီမှာ ၇၉၁၂ ကျပ် ရရှိသွားရှာသည်။
ထိုသတင်းမျိုးကို ယဉ်ကျေးအောင် ရေးရသည့် အတတ်မှာ မလွယ်ကူလှပေ။
စကားကြမ်းပြီး အဓိပ္ပာယ် ရိုင်းသည့် အမှုများကို လှပအောင်ပြုသည့် အတတ်ပညာတွင် ဗမာ့ခေတ် သတင်းစာနှင့် အိုးဝေ သတင်းစာ ကျောင်းထွက်များသည် ပြောင်မြောက်ကြသည်။
“မီးခွက်မှုတ်” ဟူသော ဝေါဟာရဖြင့် အဖြစ်ရိုင်းကြီးကို လှောင်ပြောင်လိုက်ကာ မြန်မာ အဘိဓာန်၌ စကားလုံး တရပ် တီထွင်ခဲ့သည်မှာ ထိုသတင်းစာ ဆရာတို့ပင် ဖြစ်သည်။
တင်မောင့်အဖို့ ဗမာ့ခေတ်၌ သတင်းထောက် အဖြစ် လုပ်ကိုင်စဉ်က အရိုင်းလှ သတင်း တပုဒ်ကို ရေးခဲ့ဖူးသည်။
သတင်းမှာ တိရစ္ဆာန် ဥယျာဉ်မှ သတင်းကလေးသာ ဖြစ်သည်။ တိရစာ္ဆန် ဥယျာဉ်သို့ ခြင်္သေ့ကလေး တကောင် ရောက်ရှိ လာသော သတင်း ဖြစ်သည်။ သာမန် သတင်းတိုကလေး ဖြစ်သည်။ အခြား သတင်းစာတို့က အပုဒ်တို အဖြစ်သာ ဖော်ပြကြသည့် သတင်းမျိုး ဖြစ်သည်။
သို့သော် ဗမာ့ခေတ်က သူများထက်ပို၍ သာစေရန် ဓာတ်ပုံပါ ဖော်ပြလိုသောကြောင့် တင်မောင်နှင့် ဓာတ်ပုံ သတင်းထောက် ဂျာနယ်ကျော် ကိုတင်ဝင်း (သွားလေသူ) တို့ သွား၍ သတင်းယူစေရန် အယ်ဒီတာချုပ် ဦးအုန်းခင်က စေလွှတ်သည်။
ရောက်ရှိလာသော ခြင်္သေ့ကလေးမှာ အမကလေး ဖြစ်သည်။ အတော် ငယ်သည်။ ထိုစဉ်က တိရစာ္ဆန်ဥယျာဉ်၌ ခြင်္သေ့ အထီးကြီး တကောင်သာ ရှိသည်။ ထို ခြင်္သေ့ အထီးအတွက် မိတ်လိုက်နိုင်ရန် ခြင်္သေ့မကလေးကို ရှာရသည်ဟု ဆိုသည်။
သို့သော် ထိုနေ့က ခြင်္သေ့အထီးကြီး နှင့် ခြင်္သေ့မကလေးကို လှောင်အိမ် တခုတည်းထားသောအခါ ခြင်္သေ့မကလေးက အကပ်မခံဘဲ ခြင်္သေ့ထီးကြီးကို ကုတ်ဖဲ့သည်၊ ရုန်းကန်သည်၊ ခြင်္သေ့မကလေးက ငယ်ရှာသေးသည်၊ ရိုင်းသေးသည်၊ ခြင်္သေ့ ထီးကြီးက ကြိုးစား၍ ကပ်သည်၊ အကပ်မခံဘဲ တချီတချီ၌ ပြန်၍ ကိုက်သဖြင့် ခြင်္သေ့ထီးက ဒေါသထွက်ကာ ပြန်၍ ကိုက်ပြန်သည်။
ထို့ကြောင့် ခြင်္သေ့ နှစ်ကောင်ကို လှောင်အိမ် တခုတည်း မထားဘဲ ခွဲ၍ ထားရသည်။ ထို့ကြောင့် ထိုနေ့က ကိုတင်ဝင်းမှာ ခြင်္သေ့၏ ပုံကိုရအောင် အတော်ကြိုးစား၍ ဓာတ်ပုံ ရိုက်ခဲ့ရသည်။
“ခင်ဗျားတို့ မြင်ခဲ့ရတဲ့အတိုင်း ရေးစမ်းဗျာ”
တင်မောင် နှင့် ကိုတင်ဝင်းတို့ တိရစ္ဆာန် ဥယျာဉ်မှ မောမောပန်းပန်း ပြန်ရောက်လာပြီး အကြောင်းကို ပြောပြသောအခါ အယ်ဒီတာ ဦးအုန်းမြင့်က “မြင်ခဲ့ရတဲ့အတိုင်း သတင်းရေးပါ” ဟု ဆိုသည်။
“ခြင်္သေ့ နှစ်ကောင် ကိုက်ကြတာ သတင်းလားဗျ” ဟု တင်မောင်က စောဒက တက်မိသည်။
“သတင်းပေါ့ဗျ။ ခင်ဗျားတို့ လူသားတွေသာ သတင်းလား။ မောင့်အတွက် မေ ရောက်လာပါလျက် မေက အကပ်မခံတာ သတင်းပေါ့” အယ်ဒီတာက ပြောမှ တင်မောင်မှာ ခြင်္သေ့ထီး၏ အဖြစ်ကို သနားမိလာသဖြင့် သူ၏ ဖြစ်ရပုံကို ဟာသနှော၍ ခပ်သွက်သွက် ရေးပေးလိုက်သည်။
“လူပျိုစကားပြောတဲ့ ကိုကိုကာလသား ချောရယ်၊ ကလေးစိတ်မို့ ပျိုနားမလည်၊ ခင်ဟာ ငယ်သေးတယ်” ဟုပင် တေးကလေးနှင့် ဖွင့်ကာ ရေးသားခဲ့သည်။
နောက်တနေ့ ဗမာ့ခေတ်တွင် တင်မောင်၏ သတင်းမှာ မျက်နှာဖုံး သတင်းကြီး အဖြစ်ပါလာသည်။ မျက်နှာဖုံး စာလုံးကြီးများနှင့် ခေါင်းတပ်ထားသည်။ ခြင်္သေ့ နှစ်ကောင်၏ ဓာတ်ပုံများလည်း တခမ်းတနား ပါလာသည်။
ဟာသနှော၍ ရေးထားသည့် သတင်းကို အယ်ဒီတာ ဖြစ်သူက ပြောင်မြောက်စွာ ပြုပြင်လိုက်သောကြောင့် ဗမာ့ခေတ် စာဖတ်ပရိသတ် အားလုံးတို့၌ ပွဲကျသွားတော့သည်။
အယ်ဒီတာက ပြုပြင်သည်ဟု ဆိုသော်လည်း များများ မပြင်ပါ။ တင်မောင်၏ သတင်းကို မင်နီကလေး တစက်သာ တို့၍ ပြုပြင်ခဲ့သည်။
ထိုခေါင်းစဉ်မှာ “လူပျိုစကားပြောတဲ့ ကိုကိုကာလသား ချောရယ်၊ ကလေးစိတ်မို့ ပျိုနားမလည်၊ “ခင့်ဟာ” ငယ်သေးတယ်” ဟူ၏။
အရိုင်းလှ သတင်းမျိုးကို နောက်တကြိမ်တွင် အလားတူ ရေးခွင့် ရရှိခဲ့ပါသေးသည်။
တချီတွင် အမျိုးသမီး ကလောင်ရှင် အသင်း၏ ပြဇာတ် ကပြရာ ဇာတ်ဆောင်များ အမူအရာ မကောင်းလှဟု တင်မောင်က ဝေဖန် ရေးသားခဲ့သည်။
အမျိုးသမီး ကလောင်ရှင်များက ဒေါသူပုန်ထပြီး တိုက်ရှင် ဒေါ်ခင်ခင်လေးကို တိုင်ကြသည်။ ဒေါ်ခင်ခင်လေးက အယ်ဒီတာ ဦးအုန်းမြင့်ကို ခေါ်ပြီး ဆူသည်။
ဗမာ့ခေတ် နှင့် ယုဝတီ သည် မောင်နှမ ဖြစ်သည်။ နှမငယ်တို့၏ ပြဇာတ်ကို အမူအရာ မကောင်းဟု ဗမာ့ခေတ်က ရေးရန် မသင့်ဟု ဆိုသည်။
ဟုတ်ပါသည်။ တင်မောင်နှင့် ဦးအုန်းမြင့်တို့က မူကို လက်ခံပါသည်။
ပြဇာတ် ဝေဖန်ချက်ကို အသစ် ထပ်မံ၍ ရေးသားကြပါသည်။
ဇာတ်ဆောင်များကိုလည်း တဦးပြီး တဦး မည်သူက မည်မျှ ကောင်းကြောင်းနှင့် တဦးစီ ကောင်းလှပါသည်ဟု ချီးကျူး ရေးသားကြသည်။
ထိုဝေဖန်ချက်ကို မျက်နှာဖုံးမှပင် ဖော်ပြသေးသည်။ သို့ ဖော်ပြရာတွင် မျက်နှာဖုံးခေါင်းစဉ်ကို ရိုးရိုးသားသား အမှန်အတိုင်း ရေးသားပြီး စာစီခန်းသို့ ချပေးသည်။
ပြီးမှ စာစီ ဖိုမင်ကို လက်ဖက်ရည် တိုက်ကာ တနေရာ၌ အောက်ကမြစ် တစက်ထည့်ပေးပါဟု တိုးတိုးကလေး မှာကြားပြီး ပုံနှိပ်ခဲ့ရသည်။
“မာလာ့ဟာ အလွန်ကောင်းသည်”ဟု မျက်နှာမည်း စာလုံးကြီးကို တွေ့ရသောအခါ ကလောင်ရှင်တို့သည် ဘုံဆောင့် သွားတော့သည်။
“ဒီခေါင်းစဉ် ဘယ်သူ တပ်သလဲ”ဟု ဆိုကာ စာစီခန်းမှ စာမူကို ရှာကြည့်ကြသော်လည်း အောက်ကမြစ် မပါသဖြင့် သူတို့မှာ စာစီဆရာတို့ကိုသာ ဆူပွက်နိုင်ကြရှာတော့သည်။
တင်မောင်တို့မှာ ကြိတ်၍ ရယ်ရင်း ပီတိ ဖြစ်လိုက်သည်မှာ အတိုင်းမသိ။
အကြမ်းဆုံး အရိုင်းဆုံး ဆောင်းပါး တပုဒ်ကို တင်မောင် ရေးသားခဲ့ဖူးသည်။
ရွှေတိဂုံ စေတီတော်၌ တပေါင်းပွဲ အနောက်မုခ် ပြပွဲများ ကျင်းပလာခဲ့ကြသည်မှာ အားလုံး သိကြသည့်အတိုင်း ခေတ်အတော် ကြာခဲ့ပြီ ဖြစ်သည်။
ဝန်ကြီးချုပ် ဦးနု လက်ထက် ကမ္ဘာအေး စေတီ တည်ပြီးနှစ်ကမူ တပေါင်း လပြည့်နေ့တွင် ကမ္ဘာအေး စေတီ ပွဲတော်ကို ကျင်းပလေသည်။ ပြပွဲများလည်း ပါသည်။
ထို့ကြောင့် ရွှေတိဂုံမှာ ကျီးနှင့် ဖုတ်ဖုတ် ဖြစ်ရသည်။ ရွှေတိဂုံ ပွဲတော်ကို နောက်မှ ပေါ်သော ကမ္ဘာအေး စေတီက ဝင်၍ လုသည်။
ဝန်ကြီးများ အရှိန်အဝါနှင့် အာဏာ သုံးကာ ပြပွဲများ ထည့်သည်ဟု ယူဆ၍ မခံချင်စိတ် ဖြစ်ပေါ်ကာ ဆောင်းပါး တစောင် ဗမာ့ခေတ်၌ ရေးခဲ့သည်။
“ဘုရား ပုံပြင်” ဟု ခေါင်းတပ်ကာ ဘုရားလောကမှ ရယ်ဖွယ် ရှေးဟောင်း ပုံပြင်ကလေးများကို ဖော်ပြပြီး အဆုံးတွင်မှ ဧရာမ ပုံပြင်ကြီးတခုကို ရေးခဲ့သည်။
ညောင်ဦးမြို့၌ ရွှေစည်းခုံ စေတီတော်ကြီးသည် အထိကရ စေတီတော်ကြီး ဖြစ်သည်။ အနော်ရထာ မင်းစော တည်ခဲ့သည့် တန်ခိုးကြီး ဘုရားကြီး ဖြစ်သည်။
တခါသားတွင်မူ ညောင်ဦး မြို့စွန်၌ သံပုံစေတီတဆူ ပေါ်တောမူရာ တမြို့လုံး အုံးအုံးကျွက်ကျွက် သွား၍ ဖူးကြသည်။
ပေါ်တော်မူ ဆုတောင်းပြည့်သည် တန်ခိုးကြီးသည် စသည်ဖြင့် သဲကြပြောကြလွန်းရာ ဆရာတော် ဘုရားကြီး တပါးက စိတ်ဆိုးပြီး မိန့်ကြားလိုက်သည်။
“မင်းတို့ ပေါ်တော်မူ ဘယ်လောက် တန်ခိုးကြီးကြီး ငါတို့ ရွှေစည်းခုံ ကိုယ်တော်ကြီး ဖြဲထားသလောက် ရှိပါသေးတယ်” ဟူ၏။
နောက်နှစ်များ၌ ကမ္ဘာအေးပွဲကို တပို့တွဲလတွင်သာ ကျင်းပလေတော့သည်။ ။
(သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ) ရေးသားခဲ့သည့် ဤဆောင်းပါးကို ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် အဖြူရောင် စာပေ က ထုတ်ဝေသော “ဗမာ့ခေတ်မှ ကြေးမုံသို့ ဒုတိယ အကြိမ်” စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၀၈ ခုနှစ် ဧပြီလ ၃ ရက် အသက် ၈၂ နှစ် အရွယ်တွင် အမေရိကန်နိုင်ငံ၌ ကွယ်လွန်သွားခဲ့ပါသည်။)
You may also like these stories:
စာရေးဆရာ ညီပုလေး အတွက် သူတို့ရဲ့ ဝမ်းနည်းစကား