ကရင်နီ (ကယား) ပြည်နယ်သည် နွေဦးတော်လှန်ရေးတွင် အစောဆုံး ပုန်ကန်ထကြွခဲ့သည့် ပြည်နယ်ဖြစ်သကဲ့သို့ ယခုအချိန်တွင် တော်လှန်ရေးအင်အားစုများဘက်မှ လူသူလက်နက်အင်အား တောင့်တင်းသည့် ပြည်နယ်ဖြစ်၏။ ကရင်နီလက်နက်ကိုင် ပုန်ကန်မှုသည် ကရင်နီပြည်နယ် တခုလုံးသာမက မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းဒေသအထိပါ ပျံ့နှံ့ခဲ့ပြီး နေပြည်တော်နှင့် ရှမ်းပြည်တောင်ပိုင်းတို့ကို ခြိမ်းခြောက်နိုင်ခဲ့၏။
ကရင်နီ တိုက်ပွဲများ
ကရင်နီသည် ပြည်နယ်အရွယ်အစား အသေးဆုံးဖြစ်ပြီး လူဦးရေအနည်းဆုံး ပြည်နယ်ဖြစ်၏။ စစ်ကောင်စီတပ်အတွက် အရွယ်သေးသော်လည်း အဆိပ်ပြင်းသည့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့် ကြုံနေရ၏။
ကရင်နီပြည်နယ်တွင်းရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့၊ ရှားတော မြို့နယ် ၇ ခုသာမက ဆက်စပ်နေသည့် ဖယ်ခုံ (မိုးဗြဲ) မြို့နယ်၊ ပင်လောင်းမြို့နယ်များတို့ပါ စစ်မီးပျံ့နှံ့နေပြီး ဆီဆိုင်မြို့နယ်ကိုပါ လှုပ်ခတ်နေသည်ကို တွေ့ရ၏။
ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၏ နှစ်နှစ်ပြည့် ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့မှစ၍ နှစ်နှစ်အတွင်း ကရင်နီစစ်မျက်နှာ၌ တိုက်ပွဲပေါင်း တထောင်ကျော်ဖြစ်ပွားခဲ့ပြီး KNDF နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်မှ အင်အား ၂,၀၆၅ ယောက်နှင့်အထက်ကို သုတ်သင်နိုင်ခဲ့ကာ ၄၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရ၏။
KNDF ၏ ထုတ်ပြန်ချက်အရ ဒီးမော့ဆိုမြို့နယ်တွင် ၃၄၀ ကြိမ်ဖြင့် တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့ပြီး၊ ဒုတိယအများဆုံးအဖြစ် လွိင်ကော်မြို့နယ်တွင် ၁၆၂ ကြိမ်၊ ဖရူဆိုတွင် ၁၁၃ ကြိမ်၊ ဖယ်ခုံမြို့နယ်တွင် ၁၇၀ ကြိမ်ဖြစ်၏။ တတိယနေရာတွင် ပင်လောင်း ၄၉ ကြိမ်၊ ဘောလခဲ ၆၉ ကြိမ်၊ ရှားတောမြို့နယ် ၂၂ ကြိမ်ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံးမြို့နယ်များအဖြစ် ဖားဆောင်းမြို့နယ်တွင် ၂ ကြိမ်၊ မယ်စဲ့မြို့နယ်တွင် ၄ ကြိမ်သာ ဖြစ်ခဲ့သည်ကို တွေ့ရ၏။
တိုက်ပွဲဖြစ်ပွားမှုကို ကြည့်ပါက ကရင်နီပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲပိုများပြီး တောင်ပိုင်းတွင် တိုက်ပွဲနည်းပါ၏။ တဖက်ကကြည့်လျှင် သံလွင်မြစ်အနောက်ဘက်ခြမ်းတွင် တိုက်ပွဲများပြားပြီး သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲနည်းပါးသည်ကို တွေ့ရ၏။ သံလွင်မြစ်အနောက်ဘက်ခြမ်းတွင် ဒီးမော့ဆိုကို ဗဟိုပြု၍ ဒီးမော့ဆို မြောက်ဘက်တွင် လွိုင်ကော်နှင့် ဖယ်ခုံ၊ ဒီးမော့ဆို၏ တောင်ဘက်တွင် ဘောလခဲနှင့် ဖရူဆိုမြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားပြီး ကရင်နီပြည်နယ်၏ တောင်ဘက်ဆုံး ဖားဆောင်းမြို့နယ်နှင့် သံလွင်အရှေ့ခြမ်းရှိ ရှားတောနှင့် မယ်စဲ့မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားမှု နည်းပါးသည်ကို တွေ့ရ၏။ ပြီးခဲ့သော ၂ နှစ်အတွင်း တိုက်ပွဲများသည် ကရင်နီပြည်နယ်အတွင်း ဒီးမော့ဆိုကို ဗဟိုပြု၍ ဖြစ်ပွားခဲ့သည်ဟု ဆိုရမည်။
၂ နှစ်တာကာလပြီးနောက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားသည် လွိုင်ကော်၌သာရှိပြီး ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့များတွင် လူသူကင်းမဲ့၍ စစ်ကောင်စီတပ်ဖွဲ့နှင့် မိသားစုများသာ ကျန်နေသည်ဟု သိရ၏။ ကျန်မြို့နယ်များတွင် စစ်ကောင်စီတပ်များ ရှိသော်လည်း စစ်ကောင်စီ ထိန်းချုပ်သည့် မြို့ပေါ်ရပ်ကွက်များမှအပ ကျန်မြို့နယ် အစိတ်အပိုင်းများသည် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုတွင်ရှိသည်ဟု KNDF ၏ ၂ နှစ်ပြည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် ကရင်နီဒေသတွင် လွိုင်ကော် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ တပ်ရင်းများသာမက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းတပ်အချို့၊ တပ်မ ၆၆ တို့ဖြည့်တင်းပြီး ၂၀၂၁၊ ၂၀၂၂ ခုနှစ်အတွင်း စစ်ဆင်ရေးပြုလုပ်ခဲ့ရာ အောင်မြင်မှုမရဘဲ တပ်မ ၆၆ အထိနာခဲ့၏။ ၂၀၂၃ နှစ်ဆန်းမှစ၍ စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ် (စကခ) ၂ နှင့် စကခ ၇ မှ တပ်များ ထပ်မံဖြည့်ခဲ့၏။ ထို့ပြင် ရှားတောမြို့နှင့် သံလွင်မြစ် တာတမော့ကူးတို့များဆီသို့ စကခ ၁၄ နှင့် စကခ ၁၈ မှ တပ်ရင်း ခြောက်ရင်းခန့် ဖြည့်တင်းခဲ့သည့်အပြင် ဇွန်လဆန်းမှစ၍ စကခ ၁၄ မှ လေးရင်းခန့်အား ဒီးမော့ဆိုဒေသသို့ အင်အားဖြည့်တင်းခဲ့သည်ကို တွေ့ရ၏။
ကရင်နီဒေသအတွင်း အမြောက်တပ်ရင်းများအပါအဝင် တပ်ရင်း ၅၀ ကျော်ခန့် အသုံးပြုထားသည်ကို တွေ့ရ၏။ စစ်ကောင်စီတပ်သည် လွိုင်ကော်နှင့် အခြားမြို့များကို အဓိကခံစစ်ယူထားရသည့်အပြင် ဘောလခဲအရှေ့ဘက် ဘီလူးချောင်းပေါ်ရှိ လောပိတရေအားလျှပ်စစ်လုံခြုံရေးကိုလည်း တာဝန်ယူထားရရာ အင်အားအများအပြား အသုံးပြုထားရ၏။
ကရင်နီဒေသအတွင်း အမြောက်တပ်ရင်းများအပါအဝင် တပ်ရင်း ၅၀ ကျော်ခန့် အသုံးပြုထားသည်ကို တွေ့ရ၏။ စစ်ကောင်စီတပ်သည် လွိုင်ကော်နှင့် အခြားမြို့များကို အဓိကခံစစ်ယူထားရသည့်အပြင် ဘောလခဲအရှေ့ဘက် ဘီလူးချောင်းပေါ်ရှိ လောပိတရေအားလျှပ်စစ်လုံခြုံရေးကိုလည်း တာဝန်ယူထားရရာ အင်အားအများအပြား အသုံးပြုထားရ၏။
ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ
ကရင်နီပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်အင်အားသည် တဟုန်ထိုး ကြီးထွားလာ၏။ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) / ကရင်နီတပ်မတော် (KA) တပ်ဖွဲ့သည် အင်အား ၂,၀၀၀ မှ ၂,၅၀၀ ကြားတွင်ရှိပြီး စစ်နယ်မြေသုံးခုဖြန့်ခွဲကာ KNDF နှင့် ပူးတွဲလှုပ်ရှားနေသည်။ KNDF သည် ၂ နှစ်အတွင်း တပ်ရင်း ၂၂ ရင်းအထိ (KNDF B 01 မှ B 22 ထိ ၂၁ ရင်းနှင့် အမြောက်တပ်ရင်းတရင်း) ဖွဲ့စည်းနိုင်ခဲ့ပြီး အင်အား ၇,၀၀၀ မှ ၈,၀၀၀ ခန့်အထိ ရှိ၏။ တိုက်စိတ်ခိုက်စိတ်လည်း ထက်သန်ပြီး တိုက်ရည်ခိုက်ရည်လည်း အလျင်အမြန် တိုးတက်လာသည်ကို တွေ့ရ၏။ လက်ရှိအချိန်တွင် ဗျူဟာ ခြောက်ခုဖြင့် တိုက်ပွဲဝင်နေသည်ကို တွေ့ရ၏။
ထို့ပြင် ကရင်နီပြည်နယ်တွင် PDF တပ်ရင်း ရှစ်ရင်း (ရင်း ၁၁၀၁ မှ ၁၁၀၈ ထိ) နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အဖွဲ့ ရှစ်ဖွဲ့အထိ ဖွဲ့စည်းထားပြီး အင်အား ၂,၀၀၀ မှ ၂,၅၀၀ ကြားရှိသည်။ ထို့ပြင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ကဲ့သို့ အခြား တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့ငယ်များလည်း ရှိကြ၏။ ကရင်နီပြည်နယ်တွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များမှာ ပူးပေါင်းဆောင်ရွက်မှု ကောင်းကြသည်ကို တွေ့ရ၏။
ကရင်နီပြည်နယ်နှင့် ဆက်စပ်နေသည့် ရှမ်းပြည်တောင်ပိုင်းတွင် PDF ၁၀ ရင်း (ရင်း ၁၀၀၁ မှ ၁၀၁၀ ထိ) ရှိပြီး နေပြည်တော်နှင့် ဆက်စပ်နေသည့် ပင်လောင်းနယ်မြေတွင် နေပြည်တော် PDF ခြောက်ရင်း (ရင်း ၈၀၁ မှ ၈၀၆ ထိ) တို့သည် ကရင်နီနယ်မြေနှင့် ဆက်စပ်လှုပ်ရှားနေ၏။ ထို့ပြင် ကရင်နီပြည်နယ်၏ ထူးခြားချက်မှာ ကရင်နီပြည်နယ်တွင်းရှိ နယ်ခြားစောင့်တပ် (BGF) နှင့် ပြည်သူ့စစ်များမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် အတိအလင်းမပူးပေါင်း၊ ကရင်နီတော် လှန်ရေးအင်အားစုများကို တိုက်ခိုက်ခြင်း လုံးဝမပြုသည့်အချက် ဖြစ်၏။
သို့ဖြစ်ရာ ကရင်နီပြည်နယ်၏ ထူးခြားချက်မှာ ကရင်နီအမျိုသားတော်လှန်ရေး အင်အားစုများ အင်အားကောင်းသကဲ့သို့ ပြည်နယ်တွင်းတွင် PDF အင်အားက လေးပုံတပုံနီးပါး ရှိသည်ကို တွေ့ရ၏။ ထို့ပြင် ကရင်နီ၏ မြောက်ဘက် ဆက်စပ်နယ်မြေများတွင် ရှမ်းတောင် PDF ၁၀ ရင်းနှင့် နေပြည်တော် ခြောက်ရင်းခန့် ဆက်စပ်လှုပ်ရှားနေ၏။ ကရင်နီတောင်ဘက်ခြမ်းတွင် ရပ်တည်ချက်ရော တိုက်ခိုက်ရေးအရပါ မာကျောသည့် KNU တပ်မဟာ ၅ ဖာပွန်နှင့် တောင်ငူ တပ်မဟာ ၁ တို့ လှုပ်ရှားနေရာ ကရင်နီ စစ်မျက်နှာသည် အထီးတည်းမဟုတ်ပေ။ ကရင်နီပြည်နယ် တခုတည်းသက်သက်ဆိုပါက အရွယ်အစားငယ်သည်ဟု ဆိုရမည်ဖြစ်သော်လည်း ဆက်စပ်နေသော စစ်မျက်နှာများအရ ကရင်နီစစ်မျက်နှာသည် အထီးတည်းမဟုတ်ဘဲ ကြီးမားကျယ်ပြန့်သည်ကို တွေ့ရ၏။
ထို့ပြင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ၏ ထူးခြားချက်တခုမှာ အခြားဒေသများနှင့် နှိုင်းစာလျှင် တော်လှန်ပုန်ကန်မှုစပြီး အချိန်တိုအတွင်း မြန်ဆန်စွာ လက်နက်တပ်ဆင်နိုင်ခဲ့သည်ကို တွေ့ရ၏။ ကရင်နီတပ်ဖွဲ့များသည် မြောက်ပိုင်းအဖွဲ့များ၏ အားပေးကူညီမှု၊ ပံ့ပိုးမှုရသည့်အပြင် ထိုင်းနယ်စပ်မှလည်း လက်နက်ဝယ်ယူရရှိပုံရ၏။
ကရင်နီပြည်နယ်၏ ပထဝီအနေအထား
ကရင်နီသည် မြောက်ဘက် လွိုင်ကော်၊ မိုးဗြဲဒေသမှလွဲ၍ ကျန်ဒေသများသည် တောတောင်ထူထပ်သည်။ ကရင်နီပြည်နယ်၏ သုံးပုံတပုံခန့်မှနေ၍ သံလွင်မြစ်က မြောက်မှတောင်သို့ စီးဆင်းနေသည်။ ထို့အတူ နန့်ပွန်ချောင်းသည်လည်း ရှမ်းတောင် ဆီဆိုင်မြို့နယ်အတွင်းမှ သံလွင်မြစ်နှင့်အပြိုင် မြောက်မှတောင်သို့ စီးဆင်းလာပြီး လောပိတအောက်ဘက်တွင် မိုးဗြဲဘက်မှ စီးဆင်းလာသည့် ဘီလူးချောင်းနှင့် ပေါင်းဆုံပြီးနောက် ဖားဆောင်းအနီးတွင် သံလွင်မြစ်သို့ စီးဝင်သည်။
နန့်ပွန်မြစ်နှင့် သံလွင်မြစ်တို့သည် ကရင်နီနယ်အတွင်းမှ သဘာဝအတားအဆီးများ ဖြစ်၏။ သံလွင်မြစ်အား ဖားဆောင်းတွင် တံတားထိုးထားသော်လည်း အထက်ပိုင်း ဘောလခဲ-ရွာသစ်နှင့် ရှားတော-တာတမော့တို့တွင် ကူးတို့များသာရှိရာ သံလွင်အနောက်ခြမ်းမှ သံလွင်အရှေ့ခြမ်းသို့ သွားလာရန် အကန့်အသတ်ရှိ၏။
သံလွင်အရှေ့ခြမ်းတွင် ရှားတောနှင့်မယ်စဲ့မြို့နယ် နယ်မြေများရှိပြီး ရှားတောမြို့နယ် နယ်မြေသို့ တာတမော့ကူးတို့မှ ကူးရ၏။ မယ်စဲ့မြို့နယ်သို့ ဖားဆောင်းတံတားမှ ကူးသန်းရ၏။ ရှားတောမြို့နယ်အတွင်း သံလွင်နှင့် ထိုင်းနယ်စပ်ကြား ကျဉ်းမြောင်းပြီး မယ်စဲ့မြို့နယ်အတွင်း ကျယ်ဝန်းသည်။ ကရင်နီပြည်နယ် သံလွင်အရှေ့ခြမ်းသည် ထိုင်းနယ်စပ် BP ၉ မှ BP ၁၆ ထိ ထိုင်းနိုင်ငံနှင့်ဆက်စပ်နေပြီး တောတောင်ထူထပ်သည့် ဒေသဖြစ်သည့်အပြင် သံလွင်အနောက်ခြမ်းမှ ကူသန်းရန် မြစ်ကူးတံတားတစင်းသာ ရှိ၏။
ကရင်နီစစ်ရေး အပြောင်းအလဲ
၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ကရင်နီစစ်မျက်နှာ အပြောင်းအလဲကို တွေ့ရ၏။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ကရင်နီ၏တိုက်ပွဲများကို မယ်စဲ့မြို့နယ်အတွင်းတွင် မြင်ရ၏။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်မှစ၍ ဟိုစဲမြို့သစ်ဝန်းကျင်မှ မယ်စဲ့မြို့မ ရဲစခန်း၊ ဗျူဟာကုန်းနှင့် ထိုင်း-မြန်မာနယ်ခြားအမှတ် BP ၁၄ တပ်စခန်း၊ BP ၁၅ မယ်တနွယ်စခန်း၊ BP ၁၆ တောင်လှစခန်း တို့ကို တိုက်ခိုက်သိမ်းယူခဲ့သည့်အပြင် နယ်ခြားစောင့်တပ် အမှတ် ၁၀၀၄ နှင့် ၁၀၀၅ တပ်ရင်းဌာနချုပ်စခန်း နှစ်ခုကိုလည်း တပါတည်း စီးနင်းထိန်းချုပ်ထားခဲ့သည်ဟု သိရသည်။
ရက်သတ္တပတ်ခန့် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေယာဉ်တို့ကို အသုံးပြုခဲ့၏။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် လေကြောင်းချီ၍ ပန်တိန်းရှိ ယခင် BGF တပ်ရင်း ၁၀၀၄ စခန်းကို စစ်ကောင်စီတပ်က ပြန်လည် တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။ သို့သော် ဖားဆောင်းမှ မယ်စဲ့သို့ စစ်ကူလာရန် ကြိုးစားသည့် မြန်မာစစ်တပ်များအား ဖားဆောင်းတဝိုက်တွင် ကရင်နီအင်အားစုများက ခုခံတားဆီး တိုက်ခိုက်ခဲ့သည့်အပြင် စစ်ကောင်စီတပ်လေတပ်က သူ၏ခြေလျင်တပ်အပေါ် မှားယွင်းဗုံးကြဲမိပြီး အထိနာခဲ့၏။
ဖားဆောင်းမှ မယ်စဲ့သို့ စစ်ကူလာရန် ကြိုးစားသည့် မြန်မာစစ်တပ်များအား ဖားဆောင်းတဝိုက်တွင် ကရင်နီအင်အားစုများက ခုခံတားဆီး တိုက်ခိုက်ခဲ့သည့်အပြင် စ
ထိုသို့ ပန်တိန်းကို ပြန်လည်ရရှိသော်လည်း မယ်စဲ့သို့ ပြန်လည် ထိုးဖောက်နိုင်ခြင်းမရှိသဖြင့် မယ်စဲ့မြို့နယ် BP ၁၃ ရှိ တပ်စခန်းမှ ခမရ ၄၃၀ သည် ဇွန်လ ၂၄ ရက်ခန့်တွင် လက်နက်ချ၍ စခန်းကို စွန့်သွားခဲ့၏။ စစ်ကောင်စီတပ် စစ်ကူများက ဖားဆောင်းမှ စစ်ကူပို့နေသော်လည်း ကရင်နီတော်လှန်ရေး အင်အားစုများက ဖြတ်တောက် တိုက်ခိုက်နေ၍ တိုက်ပွဲများပြင်းထန်ခဲ့၏။
ဘောလခဲ အရှေ့ဘက် ရွာသစ်တဖက်ကမ်း စွတ်ပိုင်ရှိ BGF ၁၀၀၅ စခန်းဟောင်းအား ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်များက စွန့်လွှတ်ပေးခဲ့သဖြင့် ဇွန်လ ၂၇ ရက်တွင်မှ စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူခဲ့သည်ကို တွေ့ရသည်။ သို့သော် ကလလတ တပ်များက ခွာစစ်ဆင်ပြီး စွတ်ပိုင်အနီး၌ ဆက်လက် တိုက်ခိုက်သဖြင့် ဇွန်လ ၃၀ ရက်နေ့တွင် စစ်ကောင်စီတပ်၏ လေယာဉ်တစီး ပစ်ချခဲ့သည်ဟု ကလလတ တပ်ဖွဲ့ဝင်များက ထုတ်ပြန်သည်ကို တွေ့ရ၏။
မယ်စဲ့ဒေသတိုက်ပွဲအတွက် အဆုံးအဖြတ်ပေးသည်ကတော့ BGF အဖြစ် အသွင်ပြောင်းရပ်တည်နေသည့် ကလလတ တပ်ဖွဲ့က ကရင်နီတော်လှန်ရေး အင်အားစုများနှင့် အတိအလင်း ပူးပေါင်းလိုက်ခြင်းကလည်း အကြောင်းအချက်တခုဖြစ်၏။
ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး
ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ / KNPLF) သည် မူလ KNPP အဖွဲ့အစည်းမှဖြစ်ပြီး နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် ခွဲထွက်ခဲ့ပြီး ၁၉၇၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကလလတအဖွဲ့အစည်းအဖြစ် ထူထောင်ခဲ့၏။ ကလလတသည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ)၊ ကယန်းပြည်သစ်ပါတီတို့အပြင် နောက်ပိုင်းတွင် KNU နှင့်ပါ မဟာမိတ်ဖွဲ့၍ မြန်မာစစ်တပ်အား ပုန်ကန်တိုက်ခိုက်ခဲ့သည်။
၁၉၉၄ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် အင်အား ၁,၅၀၀ ကျော်ရှိသော ကလလတ သည် နဝတ နှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ကယားအထူးဒေသ ၂ အဖြစ် သတ်မှတ်ပေးခြင်းခံရ၏။ ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ဖိအားပေးခံခဲ့ရပြီး ကလလတ အင်အားအချို့အား BGF ရင်း ၁၀၀၄ နှင့် ၁၀၀၅ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၏။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်နီတော်လှန်ရေး အင်အားစုများကို လျှို့ဝှက်အကူအညီပေးနေရာမှ ယခုအခါ ဗြောင်အတိအလင်း ပူးပေါင်းလိုက်ခြင်းဖြစ်သည်။
ကလလတ ပူးပေါင်းလိုက်ခြင်းကြောင့် ယခင် BGF ရင်း ၁၀၀၄ နှင့် ၁၀၀၅ တို့ကမူ ကလလတ ရင်း ၇၈၉၄ နှင့် ၄၈၇၈ အဖြစ် ပြန်ပေါ်ထွက်လာသည်။ ထို့ပြင် BGF အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်း မပြုသည့် ကလလတ တပ်ရင်းများအဖြစ် ရင်း ၉၄၂၀၊ ရင်း ၉၄၂၁ နှင့် ရင်း ၉၄၂၂ တို့ကို ဖွဲ့စည်းထားရာ စုစုပေါင်း ကလလတ တပ်ရင်း ငါးရင်းသည် ကရင်နီတော်လှန်ရေး အင်အားစုများအဖြစ် ထပ်မံပူးပေါင်းလာခဲ့သည်။
ကရင်နီ၏ လွတ်မြောက်ဒေသလော
ရှားတောမြို့နယ်အတွင်း သံလွင်မြစ်နှင့် ထိုင်းနယ်စပ်ကြား အကွာအဝေးမှာ အဖြောင့်တိုင်းလျှင် ပျမ်းမျှ ၂၅ ကီလိုမီတာ (၁၅ မိုင်ခွဲ) ခန့်သာ ရှိသော်လည်း မယ်စဲ့မြို့နယ်အတွင်း သံလွင်မြစ်နှင့် ထိုင်းနယ်စပ်ကြား ကီလိုမီတာ ၅၀ ကျော် (၃၁ မိုင်ကျော်) ကွာဝေး၏။ တောင်ဘက်တွင်လည်း KNU တပ်မဟာ ၅ ဧရိယာ ထီခီနှင့် သံလွင်မြစ်သာခြား၏။ ဤသို့သော အခြေအနေတွင် မယ်စဲ့ဒေသအား ကရင်နီတော်လှန်ရေး အင်အားစုများအနေဖြင့် ကောင်းမွန်စွာ ထိန်းချုပ်ဖြတ်တောက်ပြီး လွတ်မြောက်သည့် အခြေခံဒေသအဖြစ် ဖန်တီးနိုင်မည်လောဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်၏။
စစ်ကောင်စီတပ်အနေဖြင့် လွယ်လင့်တကူ လက်လျှော့မည်တော့ မထင်ရပေ။ သို့သော် ကရင်နီတော်လှန်ရေး အင်အားစုများ၏ တိုက်ရည်ခိုက်ရည်ကြောင့် စစ်ကောင်စီတပ် အရဲမကိုးရဲပေ။ ထို့ပြင် တိုက်ပွဲများတွင်း ကရင်နီတော်လှန်ရေး အင်အားစုများသည် ၈၁ မမ၊ ၁၂၀ မမ မော်တာနှင့် အမြောက်ဆံအများအပြား သိမ်းဆည်းရရှိထား၏။
လက်ရှိ နွေဦးတော်လှန်ရေး အင်အားစုများထဲတွင် ၁၂၀ မမ လက်နက်ကြီးများ စတင်သိမ်းဆည်းရမိသည်မှာ ကရင်နီတော်လှန်ရေး အင်အားစုသာ ရှိသေး၏။ လွန်ခဲ့သည့် ၁၀ နှစ်ကာလအတွင်း လက်စောင်းထက်ခဲ့သော မြောက်ပိုင်းသုံးဖွဲ့သည်ပင်လျှင် ၁၂၀ မမ သိမ်းဆည်းရခဲ့ဖူးခြင်း မရှိပေ။ ကရင်နီအင်အားစုများက နှစ်နှစ်တာကာအတွင်း ကျော်တက်ခဲ့သည်ဟု ဆိုရမည်။
ထို့ပြင် ကလလတ တပ်ဖွဲ့တွင်လည်း မူလကတည်းက ၁၂၀ မမမော်တာ ရှိသည်ဟုသိရ၏။ ကရင်နီတပ်ဖွဲ့များတွင် ပွိုင့် ၅ များလည်း တပ်ဆင်ထားနိုင်သည်ကို တွေ့နေရ၏။ လက်နက်ငယ်များလည်း အတော်အသင့်ပြည့်စုံစွာ တပ်ဆင်ထားနိုင်သည်ဖြစ်ရာ လက်နက်အနေအထား အရသော်လည်းကောင်း၊ လူအင်အား အရသော်လည်းကောင်း၊ စိတ်ဓာတ်နှင့်တိုက်ရည်ခိုက်ရည် အရသော်လည်းကောင်း စစ်ကောင်စီတပ်အား ကောင်းစွာတိုက်ခိုက်နိုင်သည့် အခြေအနေရှိသည်ကို တွေ့ရ၏။ စစ်ကောင်စီတပ်အတွက် အားသာချက်မှာ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူသာ ရှိသည်။
ကရင်နီပြည်နယ် ထိုင်းနယ်စပ်ရှိ ရှားတောမြို့နယ်၊ မယ်စဲ့မြို့နယ်တို့တွင် BP ၉ မှ BP ၁၆ အထိ နယ်စပ်မှတ်တိုင် ရှစ်ခုရှိပြီး မြန်မာစစ်တပ် စခန်းပေါင်း ၂၅ ခုခန့်ရှိသည်ဟု သိရ၏။ လက်ရှိတွင် မယ်စဲ့မြို့နယ်အတွင်း၌ မြန်မာစစ်တပ်စခန်း ခြောက်ခုအား သိမ်းပိုက်နိုင်သည်ကို တွေ့ရ၏။ ထို့ပြင် ဇွန်လ ၂၅ ရက်နေ့တွင် ရှားတောမြို့နယ်၊ ထိုင်း-ကရင်နီနယ်စပ်၊ သံလွင်မြစ်အရှေ့ခြမ်းရှိ နယ်စပ်တပ်စခန်း နှစ်ခုဖြစ်သော ကျားပါးစပ်လေးနှင့် ပွိုင့် ၂၉၅၇ စခန်းနှစ်ခုကို စစ်ကောင်စီတပ်က စွန့်ခွာသွားပြီး ရှမ်းပြည်နယ်မှ စစ်ကူလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကိုလည်း ကရင်နီတပ်ဖွဲ့များက အောင်မြင်စွာ ကြားဖြတ် တိုက်ခိုက်ချေမှုန်းနိုင်သည်ကို တွေ့ရ၏။
ကရင်နီပြည်နယ် ထိုင်းနယ်စပ်ရှိ ရှားတောမြို့နယ်၊ မယ်စဲ့မြို့နယ်တို့တွင် BP ၉ မှ BP ၁၆ အထိ နယ်စပ်မှတ်တိုင် ရှစ်ခုရှိပြီး မြန်မာစစ်တပ် စခန်းပေါင်း ၂၅ ခုခန့်ရှိသည်ဟု သိရ၏။ လက်ရှိတွင် မယ်စဲ့မြို့နယ်အတွင်း၌ မြန်မာစစ်တပ်စခန်း ခြောက်ခုအား သိမ်းပိုက်နိုင်သည်ကို တွေ့ရ၏။
ထို့ပြင် သံလွင်မြစ်တလျှောက်ရှိ ဖားဆောင်း၊ ဘောလခဲ၊ ရွာသစ်၊ စွတ်ပိုင်တို့တွင် တိုက်ပွဲများဖြစ်နေသကဲ့သို့ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံဒေသတလျှောက်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည်။ မော်ချီးနှင့် ဖရူဆို အနောက်ဘက်ခြမ်းတွင်လည်း ကရင်နီ တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုရှိနေ၍ စစ်ကောင်စီတပ်က မြေပြင်တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်ကို တွေ့ရ၏။
တိုက်ပွဲများသည် ဆက်လက် ပြင်းထန်နေမည်ဖြစ်သော်လည်း ကရင်နီပြည်နယ် သံလွင်အရှေ့ခြမ်းတွင် လွတ်မြောက်သည့် အခြေခံဒေသတခု ပေါ်ထွန်းလာနိုင်သည့် အလားအလာကောင်း ရှိနေသည်ကို တွေ့ရ၏။ ကရင်နီပြည်နယ်တွင် လွတ်မြောက်သည့် အခြေခံဒေသတခု ပေါ်ပေါက်လာပါက ကရင်နီပြည်နယ် အတွက်သာမက တပြည်လုံးရှိ တော်လှန်ရေးအင်အားစုများ အတွက်ပါ ခွန်အားတရပ် ဖြစ်စေလိမ့်မည်။
ကရင်နီညီညွတ်မှု
ကရင်နီတော်လှန်ရေး၏ ထူးခြားချက်များမှာ နွေဦးတော်လှန်ရေးတွင် အင်အားစု သုံးစုကို တွေ့ရသော်လည်း ထိုအင်အားစု သုံးစုလုံးသည် မြန်မာစစ်တပ်ကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး လက်တွဲ တိုက်ပွဲဝင်ကြသည်ကို တွေ့ရ၏။
ကရင်နီ၏ နိုင်ငံရေးအင်အားစုတစုမှာ ကရင်နီအမျိုးသား ကိုယ်ပိုင်လက္ခဏာကို ကိုင်စွဲသည့်အင်အားစုဖြစ်၏။ ထိုအင်အားစုတွင် ထင်ထင်ရှားရှား တွေ့ရသည်မှာ KNPP/KA နှင့် KNDF ဖြစ်၏။ ကရင်နီမျိုးနွယ်စုများတွင် ကယား၊ ကယန်း၊ ဂေဘား၊ ကယော၊ ပကူး၊ မနုမနော၊ ယင်းတလဲ စသည့်မျိုးနွယ်စုများ ရှိသော်လည်း ကရင်နီအမျိုးသားများဟူ၍ နိုင်ငံရေးအရ လက်နက်ကိုင်တပ်ဖွဲ့အား စုစည်းနိုင်ခဲ့၏။ ချင်းကဲ့သို့ မျိုးနွယ်စုအလိုက် လက်နက်ကိုင်တပ်ဖွဲ့များ ပေါ်မလာခြင်းသည် ကရင်နီ၏အားသာချက် ဖြစ်၏။
သို့ဖြစ်ရာ ကရင်နီအမျိုးသား ကိုယ်ပိုင်လက္ခဏာကို ကိုယ်စားပြုသည့် မူလဝါရင့် KNPP ကဲ့သို့ အဖွဲ့အစည်းရှိသကဲ့သို့ KNDF သည်လည်း ကရင်နီအမျိုးသား ကိုယ်ပိုင်လက္ခဏာကို ကိုယ်စားပြု၍ ပေါ်လာခဲ့ပြီး ထိုနှစ်ဖွဲ့သည် အကောင်းဆုံးပူးပေါင်းနိုင်ခဲ့ကာ ကရင်နီ၏ လက်နက်ကိုင်အင်အားစု ဖြစ်လာသည်ကို တွေ့ရ၏။
ကရင်နီ၏ ဒုတိယနိုင်ငံရေးအင်အားစုမှာ ဒီမိုကရက်တစ် အင်အားစုများ ဖြစ်၏။ ဒီမိုကရက်တစ် အင်အားစုများသည် PDF၊ ဒေသခံ ပကဖ၊ KRU စသည့် အဖွဲ့အစည်းအမည်များဖြင့် ဖွဲ့စည်း တိုက်ပွဲဝင်နေကြသည်။
ကရင်နီ၏ တတိယအင်အားစုမှာ BGF နှင့် ပြည်သူ့စစ် (ပသစ) များဖြစ်၏။ နဝတခေတ်က အပစ်ရပ်ခဲ့ကြသည့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့ဟောင်းများ ဖြစ်၏။ နွေဦးတော်လှန်ရေးတလျှောက်လုံး ကရင်နီ BGF နှင့် ပသစ များသည် စစ်တပ်နှင့် ပူးပေါင်းခြင်း မပြုကြပေ။ ယခုအခါ BGF များသည် ကလလတ အဖွဲ့အစည်းအဖြစ် ပြန်လည်ရပ်တည်ပြီး ကလလတ အင်အားအများစုမှာ စစ်ကောင်စီတပ်အား အတိအလင်းတိုက်ခိုက်နေပြီ ဖြစ်၏။ ထို့အတူ ပသစ အဖြစ် သတ်မှတ်ခံထားရသည့် ကယန်းပြည်သစ်ပါတီမှာ စစ်ကောင်စီအား အတိအလင်းတိုက်ခိုက်ခြင်း မရှိသေးသော်လည်း စစ်ကောင်စီတပ်ကမူ ကယန်းပြည်သစ်အား ရန်သူအဖြစ် သဘောထားပြီး ကယန်းပြည်သစ်စခန်းများကို ဗုံးကြဲတိုက်ခိုက်နေသည်ကို တွေ့ရသည်။
ဤအင်အားစုများသည် စစ်ရေးအရ ပူးပေါင်းတိုက်ခိုက်မှုရှိသည့်အပြင် နိုင်ငံရေးအရ ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC) တွင် စုဖွဲ့မှုရှိကြ၏။ ထို့ပြင် ကရင်နီပြည်နယ်အုပ်ချုပ်ရေးအတွက် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းထားရှိသည်ဖြစ်ရာ ကရင်နီအမျိုးသားစည်းလုံးညီညွတ်မှုသည် ကရင်နီအောင်ပွဲအတွက် အခြေခံဖြစ်၏။
အားဖြည့်ရမည့် ကရင်နီစစ်မျက်နှာ
ဤသို့ ပြောင်းလဲလာသော ကရင်နီစစ်မျက်နှာအခြေအနေတွင် ကရင်နီတော်လှန်ရေး အင်အားစုများသည် မယ်စဲ့မြို့နယ် အများစုကို သိမ်းပိုက်နိုင်ပြီဖြစ်သော်လည်း ပန်တိန်းရှိ BGF စခန်းဟောင်းတွင် စစ်ကောင်စီတပ်က ပြန်လည် ထိန်းချုပ်နေရာယူထားဆဲ ဖြစ်၏။ ထို့ပြင် လက်ရှိ ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်အင်အား တပ်ရင်း ၅၀ ခန့် ပို့ထားသော်လည်း ထိုအင်အားနှင့် မယ်စဲ့ဒေသအား တလနီးပါးကြာသည်အထိ ပြန်လည်ထိုးစစ်ဆင်၍ မရသည်ကို တွေ့ရ၏။
လက်ရှိ ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်အင်အား တပ်ရင်း ၅၀ ခန့် ပို့ထားသော်လည်း ထိုအင်အားနှင့် မယ်စဲ့ဒေသအား တလနီးပါးကြာသည်အထိ ပြန်လည် ထိုးစစ်ဆင်၍ မရသည်ကို တွေ့ရ၏
ကရင်နီစစ်မျက်နှာတွင် မယ်စဲ့မြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများ ဖော်နေသကဲ့သို့ ဇွန်လအတွင်း လွိုင်ကော်မြို့နယ်၌ တိုက်ပွဲ ခုနစ်ကြိမ်၊ ရှားတောမြို့နယ်အတွင်း တကြိမ်၊ ဖရူးဆိုမြို့နယ်အတွင်း လေးကြိမ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ငါးကြိမ် တိုက်ပွဲများဖြစ်ပွားနေခဲ့သည်ဟု KNDF က ထုတ်ပြန်ထား၏။ ထို့ပြင် မယ်စဲ့မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ BP ၁၃ စခန်း၊ BP ၁၄ စခန်း၊ BP ၁၅ ရှိ မယ်တနွယ်စခန်း၊ BP ၁၆ ရှိ တောင်လှစခန်း၊ မယ်စဲ့မြို့မရဲစခန်းနှင့် ဗျူဟာကုန်းတို့အား ကရင်နီအင်အားစုများက သိမ်းပိုက်ထားနိုင်ခဲ့၏။
ရှားတောမြို့နယ်ရှိ ကျားပါးစပ်လေးနှင့် ပွိုင့် ၂၉၅၇ စခန်းနှစ်ခုကို စစ်ကောင်စီတပ်က စွန့်ခွာသွား၏။ ထို့ပြင် ဇွန်လ ၂၄ ရက်နေ့မှစ၍ ဘောလခဲနှင့် ရွာသစ်ကြားတွင်လည်း စစ်ကူလာသော စစ်ကြောင်းနှင့် လေးရက်ကျော်ကြာအောင် တိုက်ပွဲများ ဖြစ်ပွားနေခဲ့၏။
ထိုသို့ ကရင်နီစစ်မျက်နှာအနှံ့ တိုက်ပွဲများဖြစ်ပွားနေသည့်အပြင် တလခန့်ကြာသည်အထိ မယ်စဲ့ဒေသမှ လက်လွှတ်လိုက်ရသော စခန်းများကို ပြန်လည် ထိုးစစ်ဆင်နေသော်လည်း စခန်းအများစုကို စစ်ကောင်စီတပ်က သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။ လက်ရှိ ကရင်နီတွင်ရှိသော စစ်ကောင်စီတပ်အင်အားနှင့် ပြန်လည် ထိုးစစ်ဆင်ရန် ခက်ခဲနေပုံရ၏။
သို့သော်လည်း စစ်ကောင်စီတပ်သည် မယ်စဲ့အား အလွယ်တကူ လက်လွှတ်ဖွယ်ရာမရှိပေ။ လက်ရှိတွင်လည်း နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ၏။ သို့ဖြစ်ရာ လက်ရှိအချိန်တွင် အပစ်ရပ်နေသည့် ရခိုင်စစ်မျက်နှာမှ တပ်အချို့အား ထုတ်နုတ်၍ တပ်အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်လာနိုင်သည့်အပြင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်ခြင်း၊ လေယာဉ်အင်အား ပိုမိုအသုံးပြုခြင်းများ ပြုလုပ်လာနိုင်၏။
ထို့ပြင် အမြောက်ကြီးများ ပစ်ခတ်ပြီး ဒုံးကျည်များကို ပိုမိုအသုံးပြုလာနိုင်သည်။ ကရင်နီတော်လှန်ရေး အင်အားစုများ၏ တည်နေရာကို ထောက်လှမ်းရရှိခြင်း မရှိပါက ကျေးရွာများ၊ စစ်ဘေးဒုက္ခသည်စခန်းများကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာနိုင်သည်ဖြစ်ရာ ကရင်နီစစ်မျက်နှာ သံလွင်အရှေ့ခြမ်း၊ အထူးသဖြင့် မယ်စဲ့မြို့နယ်အတွင်း ပြင်းထန်သော တိုက်ပွဲများ ထပ်မံဖြစ်လာနိုင်သည်ဟု သုံးသပ်ရ၏။
အင်အားတောင့်တင်သည့်အပြင် တိုက်စိတ်ခိုက်စိတ် ပြင်းထန်ပြီး တိုက်ရည်ခိုက်ရည် ပြည့်ဝလာနေပြီဖြစ်သော ကရင်နီတော်လှန်ရေး အင်အားစုများအတွက် အဓိကလိုအပ်သည်မှာ ဘဏ္ဍာငွေကြေးနှင့် လက်နက်ခဲယမ်းဖြစ်၏။ တပ်ဖွဲ့ဝင်များအတွက် ရိက္ခာ၊ စစ်ဝတ်စုံ၊ ဆေးဝါးတို့အတွက် ဘဏ္ဍာငွေလိုအပ်သကဲ့သို့ လက်နက်ခဲယမ်းများအတွက်လည်း ဘဏ္ဍာငွေလိုအပ်၏။
ထို့ပြင် လက်ရှိကိုင်ဆောင်နေသော လက်နက်ငယ်များ၊ ခဲယမ်းများ ထပ်မံဖြည့်တင်းနိုင်ရန် လိုအပ်သကဲ့သို့ မြေပြင်ပစ်ကူ လက်နက်ကြီးနှင့် လေယာဉ်ပစ်ဒုံးကျည်များ ထပ်မံဖြည့်တင်းနိုင်ရန် လိုအပ်သည်။ သို့မှသာ ကရင်နီစစ်မျက်နှာ၏ အပြောင်းအလဲကို သိသာထင်ရှားစွာ တွေ့မြင်ရပေလိမ့်မည်။
(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
ကရင်နီစစ်မျက်နှာကို ဆန်းစစ်ခြင်း အပိုင်း (၁)
ကရင်နီတပ်မတော် စစ်ဦးစီးချုပ်အပြောင်းအလဲ KNPP အတည်ပြု
မယ်စဲ့ကို ကရင်နီပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်ပြီ
ကယားနယ်ခြားစောင့်တပ်(BGF)က စစ်ကောင်စီကို ပြန်တိုက်
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း
ဖရူဆိုအနောက်ခြမ်းရှိ ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲ