မြန်မာအကျပ်အတည်းနှင့် မြန်မာ့အာဏာသိမ်းမှုအလွန် အတွက် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ ငြိမ်းချမ်းရေး အစီအစဉ်သည် အဖွဲ့၏ ဇူလိုင်လ ၁၂ ရက်နေ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် လွှမ်းမိုးနေမည် ဖြစ်သည်။
ထိုအစည်းအဝေးသို့ တက်ရောက်ခွင့်မရသူမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဖြစ်သည်။ မြန်မာသည် အာဆီယံ အဖွဲ့ဝင်ဖြစ်သော်လည်း သူ့ကိုဖိတ်ကြားခြင်း မရှိပေ။
စစ်ကောင်စီခေါင်းဆောင်များသည် ဘုံသဘောတူညီချက် ၅ ချက်ဟုခေါ်သည့် ငြိမ်းချမ်းရေးအစီအစဉ်ကို လေးစားလိုက်နာရန် ပျက်ကွက်သောကြောင့် ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှ စတင်ပြီး အာဆီယံ အစည်းအဝေးများမှ ဖယ်ထုတ်ခံထားရသည်။
အစည်းအဝေးတက်ရောက်သည့် အာဆီယံ ဝန်ကြီးများသည် မြန်မာပဋိပက္ခနှင့် ပတ်သက်သည့် စိတ်ပျက်မှုကို ဖော်ပြမည်ဟု မျှော်လင့်ရပြီး အများအပြားသည် မြန်မာကို စိတ်ကုန်နေကြောင်း ပြသနေသည်။ သို့သော် မြန်မာ့အိမ်နီချင်း ထိုင်းနိုင်ငံသည် စစ်ကောင်စီကို ချော့မော့ရေးမူဝါဒအား ဆက်လက် ထိန်းသိမ်းထားမည့်သဘော ရှိသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်သည် စစ်ကောင်စီအဆင့် ခေါင်းဆောင်ပိုင်းကို တွေ့ဆုံရန် ဇူလိုင်လ ၉ ရက်နေ့တွင် နေပြည်တော်သို့ သွားသည်။ ထိုသို့တွေ့ဆုံမှုများ အသေးစိတ်ကို မသိရပေ။ မစ္စတာ ဒွန်သည် ဂျကာတာတွင် ကျင်းပမည့် ယခုအပတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် စီစဉ်ထားပြီး သူနှင့်မြန်မာအကြား နောက်ဆုံး ဆွေးနွေးမှုများကို အခြား အာဆီယံ အဖွဲ့ဝင်များအား ပြောမည်ဖြစ်သည်။
အစည်းအဝေးတက်ရောက်သည့် အာဆီယံ ဝန်ကြီးများသည် မြန်မာပဋိပက္ခနှင့် ပတ်သက်သည့် စိတ်ပျက်မှုကို ဖော်ပြမည်ဟု မျှော်လင့်ရပြီး အများအပြားသည် မြန်မာကို စိတ်ကုန်နေကြောင်း ပြသနေသည်။
စတင်နိုင်ခြင်းမရှိသော ငြိမ်းချမ်းရေးလုပ်ငန်စဉ်အပေါ် စိတ်ရှည်စောင့်ဆိုင်းနိုင်မှု ကုန်ခန်းနေပြီး အာဆီယံသည် မြန်မာအတွက် အဖြေရှာရန် ဖိအားပေးခံနေရသည်။ ခေါင်းမာသော မြန်မာဗိုလ်ချုပ်များသည် ၎င်းတို့ အုပ်ချုပ်ရေးကို လက်နက်ကိုင်ဆန့်ကျင်သူများကိုသာမက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကိုပင် ရက်စက် ကြမ်းကြုတ်စွာ နှိမ်နင်းနေစေကာမူ နိုင်ငံအစိတ်အပိုင်း အများအပြားကို မထိန်းချုပ်နိုင်တော့ပေ။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံသားအများစုသည် စစ်ကောင်စီကို ဆက်လက် ဆန့်ကျင်နေကြသည်။
လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားသည် မြန်မာစစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်သောကြောင့်၊ အထူးသဖြင့် အကြမ်းဖက်မှု ရပ်ဆိုင်းရေး၊ လူသားချင်း စာနာမှု အကူအညီနှင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးတို့ကို လိုက်နာရန် ပျက်ကွက်သောကြောင့် ပြတ်ပြတ်သားသား ရပ်တည်သည်။
အာဆီယံခေါင်းဆောင်များသည် မြန်မာအတွက် ဘုံသဘောတူညီချက် ၅ ချက်ကို စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ဖြုတ်ချပြီး နှစ်လအကြာ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ကျင်းပသည့် အရေးပေါ်ထိပ်သီးဆွေးနွေးပွဲတွင် ရရှိခဲ့သည်။ သို့သော် အာဆီယံသည် ထိုဘုံသဘောတူညီချက် ၅ ချက် အစီအစဉ်ကို ဖိအားပေးရန် မစွမ်းဆောင်နိုင်သောကြောင့် ထိုအချိန်မှစတင်ပြီး အပြင်းအထန် ဝေဖန်ခံရသည်။
အာဆီယံသည် ဘုံသဘောတူညီချက် ၅ ချက် အစီအစဉ်ကို ဖိအားပေးရန် မစွမ်းဆောင်နိုင်သောကြောင့် ထိုအချိန်မှစတင်ပြီး အပြင်းအထန် ဝေဖန်ခံရသည်။
အာဆီယံဥက္ကဋ္ဌအဖြစ် ဂျကာတာသည် မြန်မာမှ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) နှင့် မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) အပါအဝင် သက်ဆိုင်သူများအားလုံးနှင့် ဆွေးနွေးပွဲ အကြိမ်ကြိမ်ကျင်းပသည်။
“ကျမတို့က ကျမကိုယ်တိုင် NUG နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးမှု အကြိမ်ကြိမ်အပါအဝင် လူကိုယ်တိုင်ဆွေးနွေးမှု၊ ဗီဒီယိုက တွေ့ဆုံမှုနဲ့ ဖုန်းနဲ့ဆွေးနွေးမှု အကြိမ် ၁၁၀ လုပ်ခဲ့တယ်” ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စ ရက်နိုမာဆူဒီက ပြောသည်။
သို့သော် လေ့လာသူများက စစ်ကောင်စီသည် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်မှုများ အပါအဝင် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက် ကျူးလွန်နေသောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် တိုးတက်မှု မရှိသလောက်ပင်ဖြစ်ကြောင်း ပြောသည်။
တချိန်တည်းတွင် အာဆီယံသည် ဆွေးနွေးဘက်နိုင်ငံများ၊ အထူးသဖြင့် မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှု ပုံစံအားလုံး ရပ်ဆိုင်းရေးကို မြင်လိုသော အမေရိကန် ပြည်ထောင်စုထံမှ ဖိအားကို ရင်ဆိုင်နေရသည်။ ဝါရှင်တန်သည် စစ်ကောင်စီ ခေါင်းဆောင်များနှင့် စစ်ကောင်စီက လက်နက်ဝယ်ယူမှု အပါအဝင် နိုင်ငံတကာ ငွေပေးငွေယူလုပ်သည့် ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူထားသည်။ ရည်ရွယ်ချက်မှာ စစ်ကောင်စီက အရပ်သားများနှင့် ခုခံတော်လှန်ရေး အင်အားစုများကို စစ်ဆင်နိုင်သည့်စွမ်းရည် လျော့ကျသွားစေရန်ဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်ထော်နီ ဘလင်ကန်သည် အာဆီယံလုပ်ဖော်ကိုင်ဘက်များနှင့် ဇူလိုင်လ ၁၄ ရက်နေ့တွင် ဝန်ကြီးအဆင့် ဆွေးနွေးပွဲအလွန် ညီလာခံတွင် တွေ့ဆုံမည်ဖြစ်သည်။ သူသည် ထိုနေ့တွင်ပင် စီစဉ်ထားသည့် အာဆီယံဒေသဆိုင်ရာဖိုရမ် (ARF) နှင့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ (EAS) တို့ကိုလည်း ဒေသတွင်းနှင့် နိုင်ငံတကာပြဿနာများ ဆွေးနွေးရန် တက်ရောက်မည် ဖြစ်သည်။
မြန်မာအကျပ်အတည်းအပေါ် ထိုင်းနိုင်ငံ၏ စိုးရိမ်မှု
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်သည် နေပြည်တော်သို့ ဇူလိုင်လ ၉ ရက်နေ့တွင် လျှို့ဝှက်လာရောက်သောအခါ ထိုင်းနိုင်ငံမှ စစ်တပ်ကျောထောက်နောက်ခံပြု ရာထူးစွန့်လွှတ်ရတော့မည့် အစိုးရသည် အာရုံစိုက်စရာဖြစ်လာသည်။
ဇွန်လတွင် ထိုင်းနိုင်ငံသည် အပြင်းအထန်ဝေဖန်ခံရသည့် မြန်မာ စစ်ကောင်စီခေါင်းဆောင်များနှင့် ပြန်လည် ထိတွေ့ဆက်ဆံရေးအတွက် မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ တရုတ်တို့နှင့် အလွတ်သဘော ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။ ရာထူးမှ နုတ်ထွက်ရတော့မည့် ဝန်ကြီးချုပ် မစ္စတာ ပရာယွတ် ချန်အိုချာက သူ၏နိုင်ငံသည် မြန်မာနှင့် ကီလိုမီတာ ၂၄၁၆ ထိစပ်နေသောကြောင့် မြန်မာအကျပ်အတည်းကို ကာကွယ်ရန် တိုက်ရိုက်ဆွေးနွေးပွဲများ လိုအပ်ကြောင်း ပြောသည်။
ထိုင်းနိုင်ငံသည် အပြင်းအထန်ဝေဖန်ခံရသည့် မြန်မာ စစ်ကောင်စီခေါင်းဆောင်များနှင့် ပြန်လည် ထိတွေ့ဆက်ဆံရေးအတွက် မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ တရုတ်တို့နှင့် အလွတ်သဘော ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။
သို့သော် ထိုအစည်းအဝေးသို့ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား၊ စင်ကာပူနှင့် မလေးရှားတို့ တက်ရောက်ခြင်း မရှိဘဲ ဒေသတွင်းနိုင်ငံများအကြား အကွဲအပြဲဖြစ်စေသည်။
အာဆီယံ ၁၀ နိုင်ငံအနက် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့သည် ဒီမိုကရေစီ နိုင်ငံများမဟုတ်ဘဲ ထိုင်းမှ နုတ်ထွက်ရတော့မည့် အစိုးရသည် မြန်မာကဲ့သို့ အာဏာသိမ်းပြီး တက်လာသည့် အစိုးရ ဖြစ်သည်။
မြန်မာပဋိပက္ခသည် သုံးနှစ်အတွင်း ဝင်ရောက်လာပြီး အဆုံးကို မမြင်သောကြောင့် အာဆီယံအဖွဲ့ဝင်များအကြား စိတ်ပျက်သည်။ စစ်ကောင်စီသည် ငြိမ်းချမ်းစွာဖြေရှင်းမှုကို ငြင်းဆန်ပြီး အတိုက်အခံများကို ကြမ်းကြုတ်စွာ နှိမ်နင်းရန်သာ လိုလားသည်။
ဂျကာတာသည် စိတ်ပျက်သော်လည်း မြန်မာမှ နှစ်ဘက်လုံးနှင့် ဆက်ဆံရန် မျှတသောမူဝါဒကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ သို့သော် ထိုအနေအထားသည် လာအိုက လာမည့်နှစ်တွင် ဥက္ကဋ္ဌ တာဝန်ယူသောအခါ ပြောင်းလဲသွားနိုင်သည်။
ဂျကာတာသည် စိတ်ပျက်သော်လည်း မြန်မာမှ နှစ်ဘက်လုံးနှင့် ဆက်ဆံရန် မျှတသောမူဝါဒကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ သို့သော် ထိုအနေအထားသည် လာအိုက လာမည့်နှစ်တွင် ဥက္ကဋ္ဌ တာဝန်ယူသောအခါ ပြောင်းလဲသွားနိုင်သည်။
မြန်မာစစ်ခေါင်းဆောင်များကို ပိတ်ပင်ထားခြင်းအား လာအိုက ရုတ်သိမ်းပြီး အစည်းအဝေးများ ပြန်လည် တက်ရောက်စေမည်ကို အာဆီယံတွင်း ဒီမိုကရေစီနိုင်ငံများက စိုးရိမ်နေကြသည်။ ထိုလုပ်ရပ်သည် အာဆီယံအတွင်း ပိုမိုကွဲပြဲစေမည်ဖြစ်သည်။
လက်ရှိအချိန်အထိ အာဆီယံတွင် မြန်မာကို ဆုပေး ဒဏ်ပေး လုပ်စရာ ထိရောက်သော ယန္တရား မရှိပေ။
မြန်မာတွင် ဖြစ်နေသည့် ပြည်တွင်းစစ်ကို အဆုံးသတ်ရန် တိုးတက်မှုမရှိကြောင်း အင်ဒိုနီးရှားသမ္မတ မစ္စတာ ဂျိုကို ဂျိုကိုဝီ ဝီဒိုဒိုက အရှေ့တောင်အာရှခေါင်းဆောင်များကို အလေးအနက် ပြောကြားထားပြီး ဖြစ်ကာ အကြမ်းဖက်မှု ရပ်ဆိုင်းရန်သာ တောင်းဆိုနိုင်သည်။ သူသည် စစ်ကောင်စီက အရပ်သားများကို နောက်တကြိမ် ဗုံးကြဲသောအခါ ပြောခဲ့ပြီးဖြစ်သည်။
မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်ဝါ အီဘရာဟင်ကလည်း စိတ်ပျက်ကြောင်းပြောပြီး မြန်မာမှ ဖရိုဖရဲအခြေအနေများကြောင့် မလေးရှားသို့ ထွက်ပြေးလာသူ နှစ်သိန်းခန့်ရှိကြောင်း ပြောသည်။ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို မစွက်ဖက်ရေးဆိုသည့် တင်းကျပ်သောမူကို သူကမေးခွန်းထုတ်သည်။
“ဟုတ်တယ်၊ မစွက်ဖက်ရေး မူရှိတယ်။ ဒါပေမယ့် ရှေ့ဆက်ဖို့ လမ်းကြောင်းအတွက် ပြုပြင်ပြောင်းလဲရေး တချို့လုပ်နိုင်တဲ့ ရည်မှန်းချက်သစ် ကျနော်တို့မှာ ရှိရမယ်”ဟု ၎င်းကပြောသည်။
သို့သော် မြန်မာစစ်ကောင်စီသည် လက်ရှိအချိန်အထိ မြန်မာပြည်သူများနှင့် အာဆီယံဆိုသည် အုပ်စု နှစ်ခုကို ဓားစာခံလုပ်ထားနိုင်နေဆဲ ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Widening Split Overshadows ASEAN’s Latest Push for Peace in Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ မြန်မာ့အရေး ဆွေးနွေးမည်
အပစ်ရပ် EAOs ၅ ဖွဲ့နှင့် ဟန်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စစ်ကောင်စီ လုပ်နေဟုဆို
မြန်မာစစ်ကောင်စီကို လူရာသွင်းသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး အပြင်းအထန် ဝေဖန်ခံရ
မြန်မာနှင့်နှိုင်းလျှင် အင်ဒိုနီးရှားစစ်တပ်အတွက် ဂုဏ်ယူကြောင်း ကာကွယ်ရေးဝန်ကြီး ပြော
မြန်မာ ပြန်တည်ငြိမ်အောင် ထိုင်းဦးဆောင်နိုင်ဟု ရွေးကောက်ပွဲအနိုင်ရ MFP ပြော