စာဖတ်ရာ၌ ရုပ်ပုံ ကားကောင်းများကို ကြည့်သကဲ့သို့ ဖတ်ရလေသည်။ ရုပ်ပုံကားများသည် အမျိုးမျိုးကို ရေးခြယ်၍ ထားသောကားများ ဖြစ်နိုင်ကြလေသည်။
ထိုကားများသည် ဘုရားတရားများနှင့် ဆိုင်သော ကားများလည်း ဖြစ်နိုင်၏။ ခွေးရုပ်၊ ကြက်ရုပ်၊ ငှက်ရုပ်များကို ရေးခြယ်ထားသော ကားများလည်း ဖြစ်နိုင်လေသည်။
တောတောင် ရှုခင်းကားများလည်း ဖြစ်နိုင်လေသည်။ သတ်ပုတ် ထိုးကြိတ်၍ နေသော ကားများလည်း ဖြစ်နိုင်၏။ ဘုရားတရား ကြည်ညိုနေပုံ ဖြစ်သော ကားများလည်း ဖြစ်နိုင်လေသည်။
ဘုရားတရားနှင့် ဆိုင်သော ကားများ ဖြစ်စေ၊ အခြား မည်သည့်ကားမျိုးမဆို ဖြစ်စေ ကောင်းလျှင် ကားကောင်းဟု ဆိုရပေမည်။
အကျိုး၊ အကန်း၊ သူတောင်းစား တယောက်တို့ အဖြစ်အပျက် အခြေအနေ တူအောင် ရေး၍ထားသောကား ဖြစ်ချေက ကားကောင်းဟု ဆိုရပေမည်။
ညံ့ဖျင်းသောကား ဖြစ်ချေက ဘုရားပုထိုး စေတီကားပင် မှန်စေကာမူ ကားညံ့ဟု ဆိုရပေမည်။
စာမှာလည်း အကောင်းအဆိုးကို ဤနည်းအတိုင်း ဖတ်ရှု သိမြင်ရလေသည်။ စာသည် ပန်းချီ တမျိုးပင် ဖြစ်လေသည်။ ဆေးရောင်ဖြင့် ခြယ်လှယ်သော ပန်းချီ မဟုတ်။ စကားဖြင့် ခြယ်လှယ်သော ပန်းချီ ဖြစ်လေသည်။
ပန်းချီကား ဖြစ်စေ၊ စာတပုဒ် ဖြစ်စေ ရေးရာ၌ ရည်ရွယ်ချက် တစုံတရာ ရှိရာ၏။ ထိုရည်ရွယ်ချက် ပေါက်ရောက်သည်၊ မပေါက်ရောက်သည်ကို စာဖတ်သူသည် သိမြင်ရာ၏။
ထိုရည်ရွယ်ချက် မှန်းခြေ မပေါ်ပေါက်က စာကောင်း၊ ရုပ်ပုံကောင်း ဟူ၍ မဆိုနိုင်ပေ။ စာရေးဆရာ၏ အမည်ကို အစွဲပြုကာ ကောင်းသည်၊ ဆိုးသည်ဟု မဆိုအပ်ပေ။
ရိုးရိုးရေးသောစာ၊ အစွမ်းပြလိုသောစာ ဟူ၍လည်း နှစ်မျိုးနှစ်စား ရှိလေသည်။ ရိုးရိုးရေးသောစာကား စာဖတ်သူများ ကြေကွဲပါစေ၊ လွမ်းပါစေ၊ ဆွေးပါစေ၊ ထိတ်လန့်ပါစေ၊ ကြောက်ရွံ့ပါစေ ဟူသော စေတနာနှင့် ရည်ရွယ်သည့် အတိုင်း ဖြစ်မြောက်အောင် ရေးသော စာများ ဖြစ်လေသည်။
အစွမ်းပြလိုသော စာများသည်ကား စကားအသုံးအနှုန်း ခမ်းနားခြင်းကို ပိုမို၍ ဂရုစိုက်လေသည်။ ဤအချက်များကိုလည်း သိအောင် ဖတ်ရလေသည်။
ဝတ္ထုများကို ဖတ်ရာ၌ ရေငတ်၍လာသူ ရေကို အားရပါးရ သောက်သကဲ့သို့ မြိန်ရှက်မည်ဟု မျှော်လင့်ရန် မရှိပေ။ ဝတ္ထုကောင်းများမှာ အဆုံး၌ ဖတ်သူ၏ စိတ်မှာ မကျေမချမ်း သကဲ့သို့ ဖြစ်တတ်ပေသည်။
ထောပတ်ထမင်း၊ အုန်းထမင်းကို စားရသကဲ့သို့ ဆိမ့်အီ၍ မသွားနိုင်ပေ။ အများအားဖြင့် အဖျားရှုးသည်ဟု ဆိုကြသော ဝတ္ထုများသည် ဝတ္ထုကောင်းများ ဖြစ်တတ်လေသည်။
ထမင်းစား၍ မြိန်သူသည် စား၍ ကောင်းတုန်းမှာ ရပ်ရလေသည်။
မုဆိုး တယောက်နှင့် တောတောင်ပါသော ကားကို ကြည့်ရာ၌ မုဆိုးကို အဓိကပြု၍ ရေးဆွဲသော ကားလား၊ တောတောင်ကို ပြချင်၍ ရေးသော ကားလားဟု သိအောင် ကြည့်ရသလို စာမှာလည်း ထိုအသိမျိုး လိုလေသည်။
ဝတ္ထု ဇာတ်လမ်းဟူသမျှ၌ မှတ်သားစရာ၊ ဆုံးမ စာများသည် အလိုအလျောက် ပါရှိမြဲ ဖြစ်လေသည်။ ဝတ္ထုရေးဆရာသည် တစုံတရာကို သင်ပြမြဲ ဖြစ်၏။
မှတ်သားစရာ တစုံတရာမျှ မပါမရှိသော ဝတ္ထုဟူ၍ မရှိပေ။ ဝတ္ထုရေးဆရာသည် ကိုယ်တိုင် သတိမထားဘဲ စာဖတ်သူများအား တစုံတရာ သွန်သင်ပြသ၏။
ကိုယ်တိုင် သတိထား၍ သိသိရရနှင့် ငါ ဆုံးမပါတော့မည် ဟူသော စိတ်နှင့် ရေးချေက အတ် ခေါ်သော ပညာ ပျက်စီးလေသည်။ ထိုအခါ ဘယ်နည်းနှင့်မျှ ဝတ္ထုကောင်း ဖြစ်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ရုပ်ရှင်မှ ဖြစ်စေ၊ ဝတ္ထုမှ ဖြစ်စေ ဤလိုဇာတ်များကို ဇာတ်ကောင်းဟု မှတ်ထင်၍ နေကြလေသည်။
သို့ဖြစ်လေရာ ဝတ္ထု ဖတ်ရာ၌ သိသိရရ ဆုံးမသြဝါဒ ပေးသော စကားများ ဖြစ်သည်၊ မဖြစ်သည်ကို လည်းကောင်း၊ အကြောင်းအား လျော်စွာ ဝတ္ထု ဇာတ်လမ်းအလိုက် အကြောင်း တိုက်ဆိုင်သဖြင့် ပေါ်ပေါက်သော အကြောင်း သဘောတရားများ ဖြစ်သည်၊ မဖြစ်သည်ကို လည်းကောင်း သိဖို့ရန် လိုလေသည်။
ထိုအသိမျိုး မရှိက စာ၏ အရသာကို မသိ နားမလည်ရာ ရောက်လေသည်။
စာကောင်း စာညံ့ကို နားမလည်သော သူတွေများချေက တိုင်းပြည်၌ စာညံ့တွေသာ အထွက်များမည် ဖြစ်လေရာ၊ စာတတ်ရခြင်းမှာ အကျိုးတစုံတရာ ရကြမည် မဟုတ်ပေ။ ။
[ယာဉ်ကျေးမှု အမှတ် (၁) မှ]
ဗမာဒိုင်ဂျက်၊ အတွဲ (၁)၊ အမှတ် (၅)
(စာရေး ဆရာကြီး ပီမိုးနင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာပေတိုက်က ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “ပီ-မိုး-နင်း အယ်ဒီတာ၊ စာရေးဆရာ နှင့် စာဖတ်သူ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၄၀ ပြည့်နှစ် ဇန်နဝါရီလ ၆ ရက် အသက် ၅၆ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)
You may also like these stories: