ထိုင်းနိုင်ငံ၊ အန်ထောင်းပြည်နယ်၊ ထိုင်းရတ်ဝတ္တရာ ၆ ကျောင်းတွင် ပညာသင်ကြားနေသော အထောက်ထားမဲ့ မြန်မာတိုင်းရင်းသား ကလေးငယ်များကို နေရပ်ပြန်ပို့ရန် တရားရုံးက ဆုံးဖြတ်လိုက်ခြင်းက ကလေးသူငယ် အခွင့်အရေး လှုပ်ရှားသူများနှင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားအရေးဆောင်ရွက်သူများအား အံ့ဩပြီး မခံမရပ်နိုင်ဖြစ်စေကုန်သည်။
ပြီးခဲ့သည့်လက ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသ အန်းတုံပြည်နယ်ရှိ Thairath Wittaya 6 ကျောင်းကို ရဲများက ဝင်ရောက်စီးနင်းကာ လူကုန်ကူးမှုဖြင့် ကျောင်းဒါရိုက်တာကို တရားစွဲဆိုကာ နိုင်ငံမဲ့ ကျောင်းသား ၁၂၆ ဦးကို နေရပ်ပြန်ပို့ရန် အတင်းအကြပ် ဖမ်းဆီးခဲ့သည်။
အသက် ၇ နှစ်မှ ၁၆ နှစ်ကြားရှိ ကလေးများ ဖြစ်ပြီး အများစုမှာ အာခါတောင်ပေါ်သားများဖြစ်သည်။ ကျောင်းဒါရိုက်တာသည် ကလေးငယ်များအား ထိုင်းတွင် ကျောင်း လာရောက်အပ်နှံရန် အစိုးရဘဏ္ဍာရေး အထောက်အပံ့များကို တလွဲအသုံးချပြီး မြန်မာနိုင်ငံမှ ခေါ်ဆောင်လာသည်ဟု စွပ်စွဲခံထားရသည်။
အန်ထောင်းပြည်နယ်ရဲတပ်ဖွဲ့မှ ချင်းရိုင်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ရာ လက်ရှိတွင် ကလေး ၅၉ ဦးမှာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံခဲ့ရပြီး ဖြစ်သည်။
ကလေးများသည် ရှမ်းပြည်နယ်မှ အာခါတိုင်းရင်းသားများဖြစ်ကာ နယ်မြေဖြတ်သန်းခွင့် လက်မှတ်မရှိဘဲ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ပြည်နယ်မှ တောင်ပိုင်း အန်ထောင်းပြည်နယ်သို့ လာရောက် ပညာသင်ကြားနေကြခြင်းဖြစ်ပြီး အန်ထောင်းပြည်နယ်ရဲတပ်ဖွဲ့မှ ချင်းရိုင်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ရာ လက်ရှိတွင် ကလေး ၅၉ ဦးမှာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံခဲ့ရပြီး ဖြစ်သည်။

အခါတိုင်းရင်းသားများသည် ရှမ်းပြည်နယ် တောင်ပိုင်း အရှေ့ဘက် ကျိုင်းတုံ၊ တာချီလိတ် မြို့နယ်အတွင်း တောင်တန်းများပေါ်တွင် နေထိုင်ကြပြီး အလုပ်အကိုင် ရှားပါးခြင်းနှင့် နယ်မြေ မအေးချမ်းမှုများကြောင့် ရှေးယခင်ကတည်းကပင် အများစုမှာ နယ်စပ်ဖြတ်ကျော်ပြီး နီးစပ်ရာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်နှင့် ချင်းမိုင်ပြည်နယ်များတွင်လည်း ပျံ့နှံ့နေထိုင်လျှက် ရှိကြသည်။
ကလေးငယ်များအရေးကို လိုက်ပါဆောင်ရွက်ပေးနေသည့် Legal Status Network Foundation (LSNF) မှ တာဝန်ရှိသူတဦးက “ မြန်မာပြည်ကို ၅၉ ယောက်ပြန်ပို့လိုက်ပြီ။ ၆၇ ယောက်ပဲကျန်တယ်။ သူတို့ကိုက ပို့လို့မရဘူး။ ထွက်ပြီး လက်ခံပေးမယ့်သူ မရှိကြဘူး။ ကျန်နေသေးတဲ့ ကလေး ၆၇ ယောက်ကို ချင်းရိုင်မှာရှိတဲ့ Safe House ၅ ခုမှာ ခွဲထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လုံခြုံရေး အခြေအနေအရ ကျန်ရှိနေသော ကလေးငယ်များ၏ နေရာကို ဖော်ပြ၍ မရကြောင်း၊ ကလေးများမှာ နိုင်ငံမဲ့ ဖြစ်နေ၍ မိဘဆိုသူများမှာလည်း အမှန်ဟုတ် မဟုတ်ကို သေချာစွာ စစ်ဆေးနိုင်ခြင်း မရှိသည့်အတွက် ကလေးများ ပြန်လည်ပို့ဆောင်မည့် ကိစ္စအပေါ် လက်မခံနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ကလေးတွေကို လိင်ပိုင်းဆိုင်ရာအရ စော်ကားခံရမှာ စိုးလို့။ ဟိုဘက်က လက်ခံမယ့် မိဘဆိုသူတွေကို အမှန်ဟုတ်မဟုတ် မသေချာလို့
၎င်းက “အကုန်လုံးကို ပြန်စစ်လိုက်တော့ လူကုန်ကူးမှုတော့ မဟုတ်ဘူး။ နယ်စပ်ဖြတ်ကျော်မှုအပြစ်ဖြစ်တယ်။ ကလေးတွေပို့မယ့် ကိစ္စကို လုံးဝ လက်မခံနိုင်ဘူး။ ကလေးတွေကို လိင်ပိုင်းဆိုင်ရာအရ စော်ကားခံရမှာ စိုးလို့။ ဟိုဘက်က လက်ခံမယ့် မိဘဆိုသူတွေကို အမှန်ဟုတ်မဟုတ် မသေချာလို့”ဟု ဆိုသည်။
အလွန် စိုးရိမ်စရာ ဖြစ်လာ
အားလုံးပါဝင်နိုင်သည့် ပညာရေးမူဝါဒများအပေါ် ထိုင်းတရားရေး၏ လုပ်ဆောင်မှုက ဆန့်ကျင်နေသောကြောင့် နိုင်ငံမဲ့နှင့် ရွှေ့ပြောင်းကလေးများကို ဝန်ဆောင်မှုပေးသည့် ကျောင်းများအားလုံး အလွန် စိုးရိမ်စရာ ဖြစ်လာခဲ့သည်။
ထိုင်းတောင်ပိုင်း အခြေစိုက် FED ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “၂၀၀၅ ခုနှစ် ထိုင်းနိုင်ငံရဲ့ ဥပဒေ Education for all အရ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ရွှေ့ပြောင်းကလေးငယ်တွေဟာ ထိုင်းလူမျိုးကလေးငယ်တွေနဲ့ တန်းတူ ထိုင်းနိုင်ငံအစိုးရကျောင်းတွေမှာ ပညာသင်ခွင့်ရှိပါတယ်။ အဲဒါကြောင့်မို့လို့ ဖမ်းပို့တယ်ဆိုတဲ့ကိစ္စတွေဟာ ကျနော်တို့ တော်တော်လေးကို အံ့အားသင့်စေပါတယ်။ ထိုင်းဥပဒေအရ ဆိုရင်တော့ သူတို့မိဘတွေ တရားဝင်ဝင် မဝင်ဝင်၊ အထောက်အထားလက်မှတ်ရှိရှိ၊ မရှိရှိ ဒီကလေးတွေက ထိုင်းနိုင်ငံက ကျောင်းတွေမှာ ပညာသင်ကြားခွင့်ရှိပါတယ်” ဟု ပြောသည်။
“အခုလိုမျိုး ထိုင်းကျောင်းမှာရှိနေတဲ့ ကလေး ၁၀၀ ကျော်ကို ပြန်ပို့တယ်ဆိုတာက ကလေး ၁၀၀ ကျော်နဲ့ပဲ ပတ်သက်တာမဟုတ်ပါဘူး။ ကျနော်တို့ ထောင်သောင်းချီတဲ့ ထိုင်းနိုင်ငံထဲမှာ ပညာသင်နေတဲ့ မြန်မာရွှေ့ပြောင်း ကလေးတွေနဲ့ အများကြီးသက်ဆိုင်ပါတယ်” ဟုလည်း ဦးထူးချစ်က ဆိုသည်။
ပညာရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ရာ မှားယွင်းမှုမရှိကြောင်း နိုင်ငံမဲ့ကလေးများ၏ ပညာသင်ကြားခွင့်ကို အတည်ပြုခဲ့သည်။ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးမှုတွင်လည်း လူကုန်ကူးမှုဆိုင်ရာ အထောက်အထား မတွေ့ရှိရပေ။
စီးနင်းမှုအပြီးတွင် ပညာရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ရာ မှားယွင်းမှုမရှိကြောင်း နိုင်ငံမဲ့ကလေးများ၏ ပညာသင်ကြားခွင့်ကို အတည်ပြုခဲ့သည်။ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးမှုတွင်လည်း လူကုန်ကူးမှုဆိုင်ရာ အထောက်အထား မတွေ့ရှိရပေ။
သို့သော် ထိုင်းရဲတပ်ဖွဲ့သည် တွေ့ရှိချက်များအား လျစ်လျူရှုပြီး လွန်ခဲ့သော ၁၈ နှစ်က “အားလုံးအတွက် ပညာရေး” မူဝါဒ စတင် မိတ်ဆက်သည့်နေ့နှင့် တိုက်ဆိုင်စွာပင် ဇူလိုင် ၅ ရက်တွင် ကလေးများအား ပြည်နှင်ဒဏ်ပေးခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ရေးသည်။
ဦးထူးချစ်က “ကျနော်တို့အနေနဲ့ စိုးရိမ်တာက ရွှေ့ပြောင်းလုပ်သားကျောင်းတွေကို အလားတူ ဖိအားတွေ ပေးလာမှာကို စိုးရိမ်တယ်။ ဒီဖြစ်စဉ်တွေကို ကြည့်ပြီး ဥပဒေတွေကို တိတိကျကျ ရှင်းရှင်းလင်းလင်းသိအောင် ဆရာ၊ ဆရာမတွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေ သိဖို့ လိုမယ်။ ရွှေ့ပြောင်း ဆရာ ဆရာမတွေရော သိဖို့ လိုမယ်။ ဒါမှလည်း ကျနော်တို့က ကလေးတွေကို စနစ်တကျ ပညာသင်ကြားခွင့်ပြုနိုင်မှာဖြစ်သလို စနစ်တကျနဲ့ အကာအကွယ် ပေးနိုင်မှာလည်း ဖြစ်တယ်” ဟု ပြောသည်။
ယခုဖြစ်စဉ်ကြောင့် မြန်မာပြည်တွင်းစစ်တပ်၏ အာဏာသိမ်းမှုဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ရွှေ့ပြောင်းလုပ်သား များအနေဖြင့်လည်း ၎င်းတို့ သားသမီးများအတွက် စိုးရိမ်ပူပန်လျက်ရှိသည်။
ယခုဖြစ်စဉ်ကြောင့် မြန်မာပြည်တွင်းစစ်တပ်၏ အာဏာသိမ်းမှုဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ရွှေ့ပြောင်းလုပ်သား များအနေဖြင့်လည်း ၎င်းတို့ သားသမီးများအတွက် စိုးရိမ်ပူပန်လျက်ရှိသည်။
မဲဆောက်မြို့ရှိ ရွှေ့ပြောင်းလုပ်သားတဦးက “ရွှေ့ပြောင်းကလေးတွေ ဖမ်းတဲ့သတင်းကြားရတော့ ကျမ သမီးကလည်း အထောက်အထားမရှိ ကျောင်းတက်နေရတော့ တော်တော်စိုးရိမ်သွားတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ လူလူချင်း စာနာထောက်ထားတဲ့အနေနဲ့ ကလေးတွေကို မြန်မာပြည် မပို့ဖို့ မိခင်တယောက်အနေနဲ့ အလေးအနက် တောင်းဆိုချင်ပါတယ်”ဟု ပြောသည်။
ပညာသင်ချင်တဲ့ ကလေးတွေကို ပြန်မပို့ပါနဲ့
လတ်တလော ကလေးငယ်များက ပညာဆက်လက် သင်ကြားလိုသည်ဟု ဆိုခြင်းကြောင့် ကျန်ရှိနေသည့် ကလေး ၆၇ ဦးအား မြန်မာပြည်သို့ ပြန်လည်ပို့ဆောင်မှု ရပ်နား၍ လက်ရှိထားရှိသည့် Safe House တွင် ပညာသင်ခွင့်ဆက်လက်ရရှိရန် အကူအညီပေးနေသည့် အဖွဲ့အစည်းများနှင့် ကလေးများက ထိုင်းအာဏာပိုင်များထံ တောင်းဆိုထားသည်။
Dear Burma Academy တည်ထောင်သူ ဦးမြင့်ဝေက “ဒီကလေးတွေကို ပြန်မပို့စေချင်ဘူး။ ဒီကလေးတွေက မြန်မာပြည်မှာ စစ်တပ်က သတ်ဖြတ်ပစ်ခတ် နှိပ်စက်တဲ့ဆီကနေ ထွက်ပြေးလာတဲ့ဆီက ထွက်ပြေးလာတဲ့ ကလေးတွေဆိုတော့ ပြန်မလွှတ်စေချင်ဘူး” ဟု ပြောသည်။

နိုင်ငံမဲ့နေသည့်တိုင် ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များ ထိုင်းတွင် ပညာသင်ယူခြင်းသည် ဥပဒေနှင့် ညီသောကြောင့် ထိုတိုင်းရင်းသား လူနည်းစုကလေးငယ်များကို ပြည်နှင်ဒဏ်ပေးခြင်းသည် မသင့်တော်သလို မလိုအပ်ကြောင်း ချင်းမိုင်တက္ကသိုလ်၊ ဥပဒေမဟာဌာန ဒုတိယဌာနမှူး လက်ထောက် ပါမောက္ခ ဒါရူနီ ပိုင်ဆန်ပန်နီကူးက ဘန်ကောက်ပို့စ်သို့ ပြောသည်။
ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်အရ မည်သည့်လူမျိုးစုမဆို ကလေးငယ်များအားလုံးသည် ပညာသင်ယူပိုင်ခွင့်ရှိကြောင်း ဒါရူနီ ပိုင်ဆန်ပန်နီကူးက ပြောသည်။
ခရိုင်အုပ်ချုပ်ရေးဌာနသည် ထိုကျောင်းသားများကို မှတ်ပုံတင်ထုတ်ပေးပြီး ပညာရေးစနစ်တွင် မှတ်ပုံတင် ပေးသင့်ကြောင်း၊ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်အရ မည်သည့်လူမျိုးစုမဆို ကလေးငယ်များအားလုံးသည် ပညာသင်ယူပိုင်ခွင့်ရှိကြောင်း ဒါရူနီ ပိုင်ဆန်ပန်နီကူးက ပြောသည်။
ထိုင်းလူမှုဝင်မှုကြီးကြပ်ရေး၊ ထိုင်းပညာရေးဝန်ကြီးဌာန၊ ထိုင်းလူကုန်ကူးမှုတားဆီးမှုဌာနအနေဖြင့် လက်ရှိ ကလေးငယ် ၁၂၆ ဦးအား နမူနာထား၍ ထိုင်းရောက် အထောက်ထားမဲ့ ကလေးငယ်များအတွက် စောင့်ရှောက် ပေးနိုင်မည့် နေရာတခု ဖန်တီးပြင်ဆင်ပေးရန် တောင်းဆိုထားကြောင်းလည်း LSNF မှ တာဝန်ရှိသူတဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက ထိုင်းနိုင်ငံ၊ ရနောင်းမြို့ ရနောင်းဌာနီတွင် ကျောင်းသားထောင်ချီရှိသည့် မြန်မာဗုဒ္ဓဘာသာကျောင်းသို့ ထိုင်းအာဏာပိုင်များမှ ဝင်ရောက်ကာ ဆရာ၊ ဆရာမများကို ဖမ်းဆီးသည့် ဖြစ်စဉ်ရှိခဲ့ဖူးပြီး ယခုကဲ့ ကလေးများကို ဖမ်းဆီးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ကလေးငယ်များ နေရပ်ပြန်လည်ပို့ဆောင်မည့် ကိစ္စရပ်သည် အဆိုပါ ကလေးငယ် ၁၂၆ ဦးဖြင့်သာ သက်ဆိုင်ခြင်း မဟုတ်ဘဲ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားကျောင်းများတွင် တက်ရောက် ပညာသင်ကြားနေသည့် ထောင်သောင်းချီသည့် မြန်မာရွှေ့ပြောင်းကျောင်းသားကလေးများနှင့်လည်း သက်ဆိုင်ကြောင်း မြန်မာရွှေ့ပြောင်း လုပ်သားအရေးဆောင်ရွက်သူများက သုံးသပ်သည်။
ဦးမိုးကြိုးက “ဘယ်ကနေလာလာ ထိုင်းနိုင်ငံမှာ လူမျိုးဘာသာ ဆင်းရဲချမ်းသာ အဆင့်အတန်းမရွေး လူ့အခွင့်အရေးနဲ့အညီ ပညာသင်ကြားခွင့်ရှိရမယ်ဆိုပြီး ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို မှီငြမ်းရင်လည်း ရှုံ့ချစရာ ၊ ကန့်ကွက်စရာ ၊ ဝေဖန်စရာ ဖြစ်ပါတယ်” ဟုဆိုသည်။
ထိုင်းနိုင်ငံတွင် ထိုင်းအစိုးရမှ အသိအမှတ်ပြုထားသည့် ရွှေ့ပြောင်းကလေးများအတွက် ကျောင်းများမှာ မဲဆောက်အပါအဝင် တာ့ခ်ခရိုင်အတွင်း ၆၅ ကျောင်း၊ ရနောင်းခရိုင်တွင် ၁၁ ကျောင်းခန့်နှင့် အဆိုပါကျောင်းများ အားလုံးတွင် မြန်မာကျောင်းသား ၁ သိန်း ၇ သောင်းခန့် ပညာသင်ကြားနေကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ၏ အချက်အလက်များအရ သိရသည်။
You may also like these stories:
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ အလုပ်လုပ်ခွင့်ကတ် လျှောက်ခွင့် သက်တမ်းတိုးမြှင့်
ရွှေ့ပြောင်းလုပ်သားတို့ရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေပြီလား
အသက်ရှူကျပ်လာသည့် ထိုင်းရောက် မြန်မာလုပ်သားများဘဝ