ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် အကြမ်းဖက် သတ်ဖြတ်သည့် ရာဇဝတ်မှုများ တနေ့ထက်တနေ့ များပြားလာနေပြီး ဒုက္ခသည်များအနေဖြင့် အကာအကွယ်မဲ့ကာ စိုးရိမ်ကြောင့်ကြစိတ်များဖြင့် နေထိုင်နေရကြောင်း အဆိုပါ စခန်းများရှိ ရိုဟင်ဂျာများက ပြောသည်။
ဇွန်လ ၇ ရက်နေ့က ဘာလုခါလီစခန်းရှိ စခန်းတာဝန်ခံတဦးမှ ARSA အဖွဲ့အပေါ် ဝေဖန် တိုက်ခိုက်သည်ဆိုကာ အဖွဲ့ဝင် များက ဒုတ်၊ ဓါး များကိုင်ကာ လာရောက်ရန်ရှာစဉ် စခန်းရှိ တခြားရိုဟင်ဂျာများက မခံမရပ်နိုင်ဖြစ်ပြီး အုပ်စုလိုက် တန်ပြန် တိုက်ခိုက်သဖြင့် ARSA အဖွဲ့ဝင် ၅ ဦး သေဆုံးသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
အလားတူ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက တခြားစခန်းတခုဖြစ်သည့် မော်ဒူသာရ ဒုက္ခသည်စခန်းတွင် ဘင်္ဂလားဒေ့ရှ် ရဲက အလိုရှိနေသည့် ARSA ခေါင်းဆောင် အာတူအူလာခေါင်းဆောင်သည့်အဖွဲ့မှ တပ်ရင်းမှူး အဆင့်ရှိ အသက် ၄၀ အရွယ် ဟာစိန်အာမတ်အား အသေပစ်ခတ်ဖမ်းမိကြောင်း သိရသည်။
၎င်းစခန်းမှ ရိုဟင်ဂျာတဦးက “သူက ARSA အစစ် ၊ အဲဒီစခန်းမှာလည်း သူလူ ၃ ယောက်ကို သတ်ထားတယ်။ ရဲက သူရောက်နေတယ်ဆိုတာ သတင်းရလို့ လာဖမ်းတဲ့အချိန် ပစ်သတ်လိုက်တာ ” ဟု ဧရာဝတီသို့ ပြောသည်။
ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု၊ အချင်းချင်း လက်စားချေမှု၊ လူမှောင်ခိုကူးမှု၊ မူးယစ်ဆေးဝါး နှင့်ပတ်သက်သည့် ရာဇဝတ်မှုဆိုင်ရာ ပြဿနာများ တဖြည်းဖြည်း များလာနေပြီး စိုးရိမ်ထိတ်လန့်စရာကောင်းသော ပတ်ဝန်းကျင်တခုကဲ့သို့ ဖြစ်ပေါ်နေကြောင်း ကူတုပါလောင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာလူငယ်တဦးက ပြောသည်။
၎င်းက “ အဓိကတော့ ARSA ပဲ၊ သူတို့အဖွဲ့တွေ အစိတ်စိတ်အမွှာမွှာ ကွဲပြီးတော့ အချင်းချင်းသတ်ဖြတ်ကြတာ၊ မူးယစ် ဆေးဝါးမှုနဲ့ ပတ်သက်တာလည်း သူတို့၊ သူတို့အဖွဲ့ထဲကို ဝင်မိရင် ပြန်ထွက်လို့ မရတော့ဘူး။ ပြန်ထွက်ရင် လိုက်သတ်တာ ပဲ၊ ဝေဖန်ရင်လည်း ပစ်မှတ်ထား သတ်ဖြတ်တာပဲ ” ဟု ဧရာဝတီသို့ ပြောသည်။
ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ဟု နာမည်ပေးထားသော လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သော ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲစခန်းများကို တိုက်ခိုက်အတွင်း ပေါ်ပေါက် လာသော လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
၂၀၁၇ ခုနှစ် မောင်တောအရေးအခင်းကာလ စစ်တပ်၏ ကြမ်းကြုတ်သော နယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုက္ခသည်များအဖြစ် ဝင်ရောက် ခိုလှုံကြသည့်နောက်ပိုင်းကတည်း ARSA သည် နှစ်နိုင်ငံနယ်စပ် တွင် ခြေကုပ်ယူပြီး ဒုက္ခသည်စခန်းများ၌ စိမ့်ဝင်လှုပ်ရှားကာ လူသစ်စုဆောင်းခြင်း ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား ခြင်း ပြုလုပ်လာကြောင်း မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းကဲ့သို့ ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျုးလွန်နေကြပြီးနောက် မူယစ်ဆေးဝါးမှု ၊ လူမှောင်ခိုမှုများတွင် သဘောထား ကွဲလွဲကာ အချင်းချင်း သတ်ဖြတ်မှုများ ရှိလာသည့်အတွက် အကြမ်းဖက်သမားများဟု သတ်မှတ်ခံရကာ ရိုဟင်ဂျာအသိုင်းအဝန်းကြားတွင် ထောက်ခံမှု ကျဆင်းလာခဲ့သည်။
တန်ခါလီဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတဦးက “ ရာဇဝတ်မှုတွေ ဖြစ်နေတာက အခုမှ မဟုတ်ဘူး။ ဒုက္ခသည်စခန်းကို ရောက်ကတည်းက ဖြစ်နေတာ။ လူတွေက အလုပ်လည်း မရှိ၊ စားဝတ်နေရေးကလည်း အဆင်မပြေဆိုတော့ လက်နက် ကိုင်အဖွဲ့ (ARSA) တွေ စည်းရုံးတဲ့အထဲကို ပါသွားကြတယ်။ မူးယစ်ဆေးဝါးတွေပို့တယ်။ အဲဒီကရတဲ့ငွေနဲ့ လက်နက်ဝယ် တယ်။ အဲဒီလက်နက်နဲ့ အချင်းချင်း အဖွဲ့ခွဲပြီးတော့ လိုက်သတ်နေကြတာ” ဟု ဧရာဝတီသို့ ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် အကြမ်းဖက်သတ်ဖြတ်မှုဖြစ်စဉ်များ တနေ့ထက် တနေ့ တိုးလာနေပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေကြောင်း လူ့အခွင့်ရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ ( Human Rights Watch ) မှ ဇူလိုင်လ ၁၃ ရက်နေ့က သတင်း ထုတ်ပြန်သည်။
ထိုသို့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် လက်နက်ကိုင်အဖွဲ့များနှင့် ရာဇဝတ်ဂိုဏ်းများ၏ လက်ချက်ကြောင့် ဖြစ်ပေါ်နေ သော အကြမ်းဖက်မှုဖြစ်စဉ်များကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့တို့မှ မှုခင်းဆိုင်ရာ ကြိုတင်တားဆီးမှုနှင့် လုံလောက်သော အကာကွယ်ပေးမှုတို့ ပျက်ကွက်နေကြောင်း HRW က ဆိုသည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ စာရင်းများအရ ၂၀၂၂ ခုနှစ်တွင် ဒုက္ခစည်စခန်းများ၌ လက်နက်ကိုင်ဂိုဏ်းများ လက်ချက် ကြောင့် ရိုဟင်ဂျာ ၄၀ အထက် အသတ်ခံရပြီး ၂၀၂၃ ခုနစ် ပထမနှစ်ဝက်တွင်ပင် အနည်းဆုံး ၄၈ ဦးအထိ အသတ်ခံရ ကြောင်း HRW ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
HRW သည်၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများအပေါ် ကျုးလွန်သော အကြမ်း ဖက်မှု ၂၆ မှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အကြမ်းဖက်မှု ဖြစ်စဉ်များမှာ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မ ပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် အတင်းအဓမ္မ လက်ထပ်ထိမ်းမြားမှုတို့ ပါဝင်ကြောင်း ဆိုသည်။
သတ်ဖြတ်ခံရသော နစ်နာသူ မိသားစုများ၏ ပြောချက်အရ ရာဇဝတ်မှု ကျုးလွန်သူများမှာ အာရကန် ရိုဟင်ဂျာ ကယ် တင်ရေးတပ် (ARSA)၊ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ မွန်နာဂိုဏ်း၊ အစ္စလာမီ မဟာ့ဇ်နှင့် တခြားသော ရာဇဝတ်ဂိုဏ်းများ ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုကြောင်း HRW ထုတ်ပြန်ချက်တွင်ပါရှိသည်။
ကူတုပါလောင် ဒုက္ခသည်စခန်း အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးဖြစ်သူ ၅၅ နှစ်အရွယ် အာဘူ တဟိရ်မှာ ဧပြီလ ၃၀ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသလို ဧပြီလ ၂၄ ရက်ကလည်း နိုရာပါရာ ဒုက္ခသည်စခန်းမှ ဆယ်ကျော်သက်အရွယ် လူငယ် ၅ ဦးမှာ ဒုံဒုံမျှာ ဆိုသည့် ကျေးရွာအနီး သဘာဝဥယျာဉ်သို့ မိသားစုများနှင့်အတူ အလည်အပတ် သွားရောက်စဉ် ဓါးပြဂိုဏ်း တဂိုဏ်း၏ ပြန်ပေးဆွဲမှုကို ခံခဲ့ရသည်။
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝင်ရောက်ခိုလှုံနေသည့် မွတ်ဆလင်ဒုက္ခသည် များ အရေး လှုပ်ရှားသူ ဒုက္ခသည်စခန်းခေါင်းဆောင် မူဟီအုလ္လသည် အကြမ်းဖက်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုခံကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြခဲ့ကြသည်။
တရားဥပဒေစိုးမိုးသည့် အချုပ်အခြာအာဏာပိုင် ဆိုသော ဘင်္ဂလားဒေ့ရှ်ပိုင်နက်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ထိုသို့ ရာဇဝတ်မှုများ ထူပြောနေခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်ကြောင်း ရိုဟင်ဂျာအရေးလှုပ်ရှားသူများက ဆိုသည်။
ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က “ဘင်္ဂလားဒေ့ရှ် အချုပ်အခြာ အာဏာပိုင်နယ်မြေအတွင်းမှာ ဥပဒေရှိတဲ့ နိုင်ငံ တခုထဲက စခန်းတွေထဲမှာ လုံခြုံရေးအဖွဲ့တွေ၊ စခန်းအုပ်ချုပ်ရေးအဖွဲ့တွေ အကုန်ရှိကြတယ်။ ဒီလိုနေရာမှာ ရာဇဝတ်ဂိုဏ်း တွေက စိုးမိုးခြယ်လှယ်နိုင်တာ၊ ရာဇဝတ်မှုတွေကို ထင်တိုင်းကြဲ ကျုးလွန်နိုင်တာက မြေပြင်မှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ၊ စခန်းအာဏာပိုင်တွေရဲ့ မျက်ကွယ်ပြုမှုကြောင့်လို့ ပြောလို့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ခိုလှုံနေသော ရိုဟင်ဂျာများသည် ဒုက္ခသည်စခန်းသို့ ရောက်နေစဉ် တနှစ်ဝန်းကျင်ခန့်သာ တည်ငြိမ် အေးချမ်းခဲ့ပြီး နောက်ပိုင်းတွင် တော်လှန်ရေးအမည်ခံ ရိုဟင်ဂျာ လက်နက် ကိုင်အဖွဲ့များက ဒုက္ခသည်စခန်းကို စိုးမိုးပြီး ရာဇဝတ်မှုပေါင်းစုံ ကျုးလွန်လာမှုနှင့်အတူ ဂိုဏ်း အချင်းချင်း တိုက်ခိုက် သတ်ဖြတ်လာမှုကြောင့် ဒုက္ခသည်များမှာ မြေစာပင်ဘဝသို့ ရောက်ရှိနေရသည်ဟု ရိုနေဆန်းလွင် က ဆိုသည်။
HRW ထုတ်ပြန်ချက်တွင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် စခန်းရှိ ရိုဟင်ဂျာခေါင်းဆောင်များအား သတင်းပေးများ အဖြစ် စေခိုင်းသော်လည်း ၎င်းတို့အပေါ် တစုံတရာ ကာကွယ်ပေးမှုများ မရှိဘဲ ရာဇဝတ်ဂိုဏ်းများ၏ ဖမ်းဆီးခေါ် ဆောင်ခံ ရခြင်း (သို့မဟုတ်) သတ်ဖြတ်ခံရမည့် အန္တရာယ်နှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဖော်ပြထားသည်။
ရိုနေဆန်းလွင်က “Human Rights Watch ထုတ်ပြန်ချက်မှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရာဇဝတ်ဂိုဏ်းတွေကြား နားလည်မှု ရှိနေတယ်လို့ ရေးထားတယ်။ ဒါက ကျနော်တို့ ရရှိထားတဲ့ သတင်းအချက်လက်တွေနဲ့ အတူတူပါပဲ ၊ ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ မြေပြင်မှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့နဲ့ စခန်းအာဏာပိုင်တွေကို သေချာကိုင်တွယ်မှ ဒီရာဇဝတ်မှုတွေ လျော့နည်းသွားမှာ ဖြစ်တယ် ” ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒုက္ခသည်များနှင့် ကုလသမဂ္ဂ စသည်တို့နှင့် တိုင်ပင်ကာ လူ့အခွင့်ရေး ဦးစားပေးသော လုံခြုံမှု ဝါဒကို ဖန်တီးသင့်သလို တရားမျှတမှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ ကန့်သတ်ချက်များကို ဖယ်ရှားပေးရန် အလှူရှင်နိုင်ငံ အစိုးရများက ဘင်္ဂလားဒေ့ရှ်ကို ဖိအားပေးသင့်ကြောင်းလည်း HRW က တိုက်တွန်းထားသည်။
ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နယ်နမိတ်အတွင်း ဒုက္ခသည်များအဖြစ် ကာလအတိုင်းအတာတခုထိ ကြာမြင့်လာပြီ ဖြစ်သည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ စားသောက်နေထိုင်ရေး စသည့် လူမှုဘဝအခက်အခဲများကြောင့် လူငယ်များ သည် လက်နက်ကိုင်အဖွဲ့များ၏ လူကုန်ကူးရန် သိမ်းသွင်းခံရပြီး ထိုင်း ၊ မလေးရှားစသည့် နိုင်ငံများသို့ ပင်လယ်ခရီး ဖြင့် အသက်စွန့် သွားလာမှုများလည်း မြင့်တက်လာသည်။
ယင်းအခြေအနေကြောင့် လူမှောင်ခိုဂိုဏ်းများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများမှာ တဖြည်းဖြည်း အမြစ်တွယ် လာကာ ပြန်ပေးဆွဲမှုများ ၊ မူးယစ်ဂိုဏ်းအချင်းချင်း သတ်ဖြတ်မှုများ ၊ အမျိုးသမီးငယ်များကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု များမှာ တရားလက်လွတ် ခွင့်ပြုပေးထားသည့် အခြေအနေသို့ ရောက်ရှိလာကြောင်း ရိုဟင်ဂျာဒုက္ခသည်များက ရင်ဖွင့်ကြ သည်။
NLD အစိုးရလက်ထက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည်လက်ခံရန် ကြိုးပမ်းခဲ့ရာ ကနဦး ရှေ့ပြေးအနေဖြင့် လူ ၁၀၀၀ ပြန်လည်ခံရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် တရားဝင် တဦးတယောက်မှ ပြန်လည် ဝင်လာခဲ့ခြင်း မရှိပေ။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့က စစ်ကောင်စီ၏ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မျိုး ဦးဆောင်သောအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်သို့ သွားကာ ဒေသအာဏာပိုင်တို့နှင့်အတူ တက္ကနဖ်မြို့ရှိ မွတ်စလင်ဒုက္ခသည် များအား သွားတွေ့၍ စာရင်းကောက်ထားသည့် ဒုက္ခသည် ၁၀၀၀ ကျော်အား ရှေ့ပြေးအနေဖြင့် ပြန်လက်ခံရန် နှစ်နိုင်ငံ သဘောတူညီမှု ရရှိခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီ၏ ပြန်လည်လက်ခံရေး စီစဉ်ပြင်ဆင်ထားမှုအပေါ် ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် မွတ်စလင်ဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့က မေ ၅ ရက်နေ့တွင် မောင်တောမြို့ နယ်အတွင်းသို့ လာရောက်လေ့လာ ကြည့်ရှုခဲ့သည်။
ယင်းအဖွဲ့တွင် ဒုက္ခသည်ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင်နာရုံး (Refugee Relief and Repatriation Commissioner- RRRC)မှ တာဝန်ရှိသူများ ဦးဆောင်ကာ မွတ်စလင်ဒုက္ခသည် ကိုယ်စားလှယ်အဖွဲ့ဝင် ၂၀ လိုက်ပါ လာခဲ့ပြီး နောက်ပိုင်း ရိုဟင်ဂျာများ ပြန်လည်လက်ခံရေးအစီအစဉ်သည် ရှေ့ဆက်ပြီး တစုံတရာမည်သည့် ထူးခြားချက်ကိုမှ မတွေ့ရဘဲ တိတ်ဆိတ် ပျောက်ကွယ်သွားပြန်သည်။
ကူတုပါလောင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတဦးက “ ကျနော်တို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း သူ့နိုင်ငံမှာ ဒီလိုဝန်ထုပ် ၊ ဝန်ပိုးဖြစ်နေတယ်ဆိုတာ ကမာ္ဘကို ပြချင်တဲ့အတွက် မျက်ကွယ်ပြုထားတယ်။ မြန်မာဘက်ကလည်း စေတနာအမှန်နဲ့ ပြန်ခေါ်ချင်တာ မဟုတ်ဘူး။ ဒုက္ခသည်စခန်းရောက်တာ ၆ နှစ်ကျော်ပြီ။ အခုထိ လူပေါင်း ၇ သိန်းကျော်လောက်မှာ လူ တထောင်လောက်ပဲ စိစစ်နိုင်တယ်ဆို လုံးဝကို ယုတ္တိမရှိဘူး။ ဒီလိုသာဆိုရင် ကျနော်တို့ ဒုက္ခသည်စခန်းမှာ နှစ်ရာချီထိ နေရအုံးမယ် ” ဟု ရင်ဖွင့်သည်။
You may also like these stories:
စစ်ကောင်စီ၏ ပြန်လက်ခံရေးအစီစဉ် ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ လာရောက်လေ့လာ
အာဂျင်တီးနား တရားရုံးတွင် ရိုဟင်ဂျာ နှိမ်နင်းမှုအပေါ် သက်သေ စ ထွက်
ရိုဟင်ဂျာစခန်း မီးလောင်မှု ဘင်္ဂလားဒေ့ရှ် စုံစမ်းစစ်ဆေး
ရိုဟင်ဂျာ အမှု အထောက်အထားသစ်များ ထပ်မံရရှိ
၂၀၂၂ သည် ပင်လယ်ပြင်တွင် ရိုဟင်ဂျာသေဆုံးမှု အများဆုံးနှစ်များတွင် ပါဝင်