(၁)
ယခုတလော ကောင်းကင်တွင် မိုးရိပ်များ မကြာမကြာ တက်လာတတ်ပါသည်။ မိုးရွာတော့မည်ဟု ထင်ရပါသည်။ သို့ရာတွင် မိုးမရွာပါ။ တက်လာသော မိုးရိပ်များသည် လေဆောင်ရာသို့ ပါသွားကြပါသည်။
ထိုနေ့ကမူ လင်းစကပင် မိုးရိပ်များ တက်လာပါသည်။ ကောင်းကင် တခုလုံး အုံ့အုံ့မှိုင်းမှိုင်း ဖြစ်လာပါသည်။ မိုးသက် လေကလေးလည်း တိုက်လာပါသည်။ မိုးသက်လေနှင့် အတူ မိုးနံ့လေးလည်း ပါလာပါသည်။
သည်တခါတော့ တကယ် မိုးရွာတော့မည် ထင်ပါသည်။ ဟော…ပြောရင်း ဆိုရင်း မိုးပေါက်ကလေးများ ကျလာသည်။ မိုးရွာလာပြီ။
“ဟိုတောင်ဆီရယ်က (ညိုတိုတိုရယ်)၂၊ မိုး (ဆိုထင့်)၂ မိုးဆိုထင့် ရွာတော့မယ်ဗျ၊ မိုးလေးရွာရင်နော်ဗျာ၊ ခင့်ကို ဘာနဲ့ ထွေးရပါ့မယ်” တိုင်းချစ် သန်းစိန်၏ မြိုင်ထ သီချင်းသံပါလား။ သည်သီချင်းသံ ဘယ်ကနေ ဘယ်လို ရောက်လာပါလိမ့်…။
ကျနော်သည် တိုင်းချစ် သန်းစိန်၏ မြိုင်ထ သီချင်းသံကို ကြားယောင်လာသဖြင့် ကက်ဆက်ကို ထုတ်၍ တိုင်းချစ် သန်းစိန် ၏ မြိုင်ထ တိတ်ခွေကို ဖွင့်ပါသည်။ ကျနော်သည် တိုင်းချစ် သန်းစိန်၏ မြိုင်ထ တိတ်ခွေကို မကြာမကြာ ဖွင့်၍ နားထောင် တတ်ပါသည်။
ထိုသို့ နားထောင် ရခြင်းမှာ တိုင်းချစ် သန်းစိန် သီဆိုသော မြိုင်ထ သီချင်းကို အလင်္ကာကျော်စွာ ရွာစားကြီး ဦးဘမောင်၏ ဆိုင်းအဖွဲ့က ပို့ပေးထားရာ မြိုင်ထ သီချင်းကို နားထောင်ရင်း ရွာစားကြီး ဦးဘမောင်၏ ဆိုင်းလက်သံကိုပါ နားထောင် ရသောကြောင့် ဖြစ်ပါသည်။
ထိုမြိုင်ထ တိတ်ခွေကို ကျနော် နှစ်သက်သလို ကျနော့် အဖေကလည်း နှစ်သက်ပါသည်။ ကျနော့် အဖေသည် အလင်္ကာကျော်စွာ ဆရာကြီး ဦးဘမောင်၏ ဆိုင်းလက်သံကို သဘောကျသူ ဖြစ်သည်။
အဖေသည် အလင်္ကာကျော်စွာ ဆရာကြီး ဦးဘမောင်၏ ဆိုင်းလက်သံကို နားထောင်လို သဖြင့် ကျနော့်အား ထိုတိတ်ခွေကို မကြာမကြာ ဖွင့်ခိုင်းတတ်ပါသည်။
ထိုနေ့က တိုင်းချစ် သန်းစိန်၏ မြိုင်ထ သီချင်း တိတ်ခွေကို ဖွင့်၍ နားထောင်ရင်း အဖေ့ကို သတိရမိသည်။ အဖေတို့ ဦးလေးတို့နှင့် အတူ ကုန်းပုထိုး ဘုရားပွဲတော်သို့ သွား၍ အလင်္ကာကျော်စွာ ရွာစားကြီး ဦးဘမောင်၏ ဆိုင်းလက်သံ နားထောင် ခဲ့ရပုံကိုလည်း သတိရမိသည်။ ပြောပြပါဦးမည်။
(၂)
ကုန်းပုထိုး ရွာသည် ကျနော်တို့ ရွာနှင့် အလွန် မဝေးပါ။ ကုန်းပုထိုး ရွာတွင် ရွှေစည်းခုံ စေတီတော်ကြီး ရှိပါသည်။ ပုဂံခေတ် လောက်က တည်ထားခဲ့သော စေတီတော်ကြီး ဖြစ်သည်ဟု ဆိုကြပါသည်။
ထိုစေတီတော်ကြီး၏ ဗုဒ္ဓ ပူဇနိယ ပွဲတော်ကို နှစ်စဉ် နတ်တော်လဆန်း (၈) ရက်နေ့မှ လပြည့်နေ့ အထိ ကျင်းပပါသည်။ ဗုဒ္ဓ ပူဇနိယ ပွဲတော်တွင် ဇာတ်ကြီးများ ထည့်ပါသည်။
ကျနော် မှတ်မိသလောက် ပြောရလျှင် မင်္ဂလာ ဦးအောင်မောင်း ဇာတ်အဖွဲ့၊ ဓာတ်ပြား တက္ကသိုလ် ရွှေကျီးညို ဇာတ်အဖွဲ့၊ ဝဏ္ဏကျော်ထင် စိန်အောင်မင်း ဇာတ်အဖွဲ့၊ အလင်္ကာကျော်စွာ ရွှေမန်း တင်မောင် ဇာတ်အဖွဲ့၊ တိုင်းချစ် သန်းစိန် ဇာတ်အဖွဲ့၊ အောင်လံတော် ခင်စိန် ဇာတ်အဖွဲ့၊ အာဇာနည် လှကြည် ဇာတ်အဖွဲ့တို့ လာရောက် ကပြခဲ့ကြပါသည်။
ထိုစဉ်က ထိုဇာတ်အဖွဲ့များနှင့် အတူ ပါလာသော ဆိုင်းအဖွဲ့များမှာ ထင်ရှားသော ဆိုင်းအဖွဲ့များပင် ဖြစ်ပါသည်။
မင်္ဂလာ ဦးအောင်မောင်း ဇာတ်အဖွဲ့နှင့် အတူ ရွှေတိုင်ညွန့် ဦးအေးမောင် ဆိုင်းအဖွဲ့ပါလာသည်။ (နောက်ပိုင်းတွင် စိန်အောင်ခင် ဆိုင်းအဖွဲ့ ပါလာသည်။)
ဓာတ်ပြား တက္ကသိုလ် ရွှေကျီးညို ဇာတ်အဖွဲ့နှင့် အတူ စိန်လက်သန်း ဆိုင်းအဖွဲ့ ပါလာသည်။ ဝဏ္ဏကျော်ထင် စိန်အောင်မင်း ဇာတ်အဖွဲ့နှင့် အတူ ဆရာသိန်း ဆိုင်းအဖွဲ့ ပါလာသည်။
အလင်္ကာကျော်စွာ ရွှေမန်း တင်မောင် ဇာတ်အဖွဲ့နှင့် အတူ စံတော်ချိန် စိန်ဘမောင် ဆိုင်းအဖွဲ့ ပါလာသည်။ တိုင်းချစ် သန်းစိန် ဇာတ်အဖွဲ့နှင့် အတူ အလင်္ကာကျော်စွာ ရွာစားကြီး ဦးဘမောင် ဆိုင်းအဖွဲ့ ပါလာသည်။
ထို ဆိုင်းဆရာများ၏ လက်သံများကို ဓာတ်ပြားများမှ တဆင့် ပရိသတ်များသည် ကြားဖူးနေကြသည်။
(၃)
ကျနော့် အဖေ နှင့် ဦးလေးတို့သည် ဆိုင်းဝါသနာ ကြီးသူများ ဖြစ်ကြလေရာ ပွဲတော်ရက် အတွက် ဇာတ်ပွဲ ကြော်ငြာများ ကပ်ကတည်းက လာရောက်ကပြမည့် ဇာတ်အဖွဲ့တွင် မည်သည့် ဆိုင်းဆရာ ပါလာမည်ကို စနည်း နာကြပါသည်။
သူတို့ သဘောကျသော ဆိုင်းအဖွဲ့ ပါလာလျှင်မူ ဝမ်းသာမဆုံး ဖြစ်နေကြပါသည်။ အဖေနှင့် ဦးလေးတို့သည် ဇာတ်အဖွဲ့ ရုံဝင်သည့် ညကတည်းက ညစဉ်လိုလို ဇာတ်ရုံသို့ သွား၍ ဆိုင်းနားထောင် တတ်ကြပါသည်။
အဖေနှင့် ဦးလေးတိုသည် ပြဇာတ် ပြီးချိန်လောက်မှန်း၍ ဇာတ်ရုံသို့ သွားတတ်ကြပါသည်။ ပြဇာတ်သည် ည ၁၁ နာရီခွဲ ၁၂ နာရီလောက်တွင် ပြီးတတ်ပါသည်။ အဖေနှင့် ဦးလေးတို့သည် ည ၁၁ နာရီလောက်တွင် ဇာတ်ရုံသို့ သွားတတ်ကြပါသည်။
တနှစ်တွင်မူ ကုန်းပုထိုး ဘုရားပွဲတော်သို့ တိုင်းချစ် သန်းစိန် ဇာတ်အဖွဲ့ ရောက်လာပါသည်။ ထိုဇာတ်အဖွဲ့နှင့် အတူ အလင်္ကာကျော်စွာ ရွာစားကြီး ဦးဘမောင် ဆိုင်းအဖွဲ့လည်း ပါလာပါသည်။
အဖေနှင့် ဦးလေးတို့ ပြောမပြတတ်အောင် ဝမ်းသာ သွားကြပါသည်။ ဇာတ်ရုံသို့ သွားဖို့ ဟန်တပြင်ပြင် ဖြစ်နေကြပါသည်။
တိုင်းချစ် သန်းစိန် ရုံဝင်သည့် နေ့မှာပင် အဖေနှင့် ဦးလေးတို့ ဇာတ်ရုံသို့ သွားခဲ့ကြပါသည်။ အဖေက ခေါ်သဖြင့် ကျနော်လည်း လိုက်သွားခဲ့ပါသည်။
ထိုနေ့ညက ခါတိုင်းညများကထက် ပိုချမ်းလေရာ ကျနော်တို့သည် စောင်တထည်စီ ခြုံ၍ ဇာတ်ရုံသို့ သွားခဲ့ကြပါသည်။ လမ်းတွင် အဖေနှင့် ဦးလေးတို့သည် အလင်္ကာကျော်စွာ ရွာစားကြီး ဦးဘမောင်၏ ဆိုင်းလက်သံ အကြောင်းကို ပြောသွား ကြပါသည်။
ဇာတ်ရုံသို့ ရောက်သောအခါ ပြဇာတ်ပြီး၍ အားလပ်ချိန် ပေးနေပြီ ဖြစ်သည်။ ပွဲကြည့် ပရိသတ်များ ရုံပြင်သို့ ထွက်လာ ကြသည်။ ရုံပြင်သို့ ထွက်လာကြသူများကို ရုံစောင့်များက ရုံပေါက်ဝမှ နေ၍ ထွက်လက်မှတ်များ ပေးပါသည်။ ရုံပြင်သို့ ထွက်သူများသည် ရုံတွင်းသို့ ပြန်ဝင်သောအခါ ထိုထွက်လက်မှတ်များကို ရုံစောင့်များအား ပေးပြီး ပြန်ဝင်ကြရပါသည်။
အချို့ပွဲကြည့်သူများသည် ပြဇာတ်ကိုသာ ကြည့်၍ ပြဇာတ်ပြီးလျှင် ပြန်တတ်ကြပါသည်။ ထွက်လက်မှတ်များကို နောက်ပိုင်း ကြည့်ရန် လာသူများအား ပေးခဲ့ကြပါသည်။
ကျနော်တို့အားလည်း ထွက်လက်မှတ်များ ပေးခဲ့ကြပါသည်။ ကျနော်တို့သည် ထို ထွက်လက်မှတ်များကို ပြ၍ ဇာတ်ရုံတွင်းသို့ ဝင်ကြရန် ဖြစ်ပါသည်။
အဖေနှင့် ဦးလေးတို့သည် ဇာတ်ရုံတွင်းသို့ မဝင်သေးဘဲ ဇာတ်ရုံ အနီးရှိ အကြော်ဆိုင်တွင် ထိုင်၍ မီးလှုံရင် အကြော် စားကြပါသည်။ အနီးရှိ စားပွဲသို့ လှမ်းကြည့်လိုက်သောအခါ နီးနားဝန်းကျင် ရွာများက ဆိုင်းဆရာများသည် အကြော် စားနေကြသည်ကို တွေ့ရပါသည်။
အဖေက “ရွာစားများလည်း ရောက်နေကြသကိုး” ဟု လှမ်းနှုတ်ဆက်လိုက်သော အခါ ဆိုင်းဆရာ တဦးက “မရောက်လို့ မဖြစ်ဘူးလေ။ အဘဦးဘမောင် လူကိုယ်တိုင်တီးတာ မြင်ရဖို့ ဆိုတာ မလွယ်ဘူးဗျ” ဟု ပြောပါသည်။
ဆိုင်းဆရာ တဦးကမူ“အဘ ဦးဘမောင် ဇာတ်ပို့ အင်မတန် ကောင်းတယ်။ ဇာတ်ဆိုင်း ဆိုတာ တတ်တိုင်း တီးလို့ မရဘူးလေ။ ဒါ့ကြောင့် အဘ ဘယ်လို ဇာတ်ပို့တယ် ဆိုတာ ပညာယူရအောင် လာခဲ့ကြတာ” ဟု ပြောပါသည်။
ကျနော်တို့ ထိုသို့ ပြောနေစဉ် ဇာတ်ရုံထဲက ပတ်လုံးသံ ထွက်ပေါ်လာပါသည်။
“အဲဒါ ဦးဘမောင်ရဲ့ လက်သံ။ တကယ့်ကို ထူးခြားတဲ့ လက်သံပါဗျာ” ဟု ဆိုင်းဆရာ တဦးက ပြောပါသည်။
ထို့နောက် အခြား ဆိုင်းဆရာ တဦးက “အဘ ပတ်စာ ထည့်နေပြီ။ ဝင်ကြရအောင်” ဟု ပြောလိုက်ရာ အခြား ဆိုင်းဆရာများသည် အကြော်စားပွဲမှ ထကာ ရုံထဲသို့ ဝင်ကြပါသည်။
ကျနော်တို့လည်း ဆိုင်းဆရာများနှင့် အတူ ရုံထဲသို့ ဝင်ခဲ့ကြပါသည်။ ရုံထဲသို့ ရောက်သောအခါ ဆိုင်းဆရာများက သူတို့နှင့် အတူ လိုက်ထိုင်ကြပါဟု ဆိုသဖြင့် သူတို့ ခေါ်ရာသို့ လိုက်ခဲ့ကြပါသည်။
ဆိုင်းနှင့် မလှမ်းမကမ်း နေရာတွင် ဆိုင်းဆရာများ အတွက် သီးသန့်နေရာ လုပ်ပေးထားပါသည်။ ကျနော်တို့သည် ထိုနေရာ၌ ဆိုင်းဆရာများနှင့်အတူ ရောနှောလို့ ထိုင်ကြပြီး အလင်္ကာကျော်စွာ ဆရာကြီး ဦးဘမောင်၏ ဆိုင်းလက်သံကို နားထောင်ကြပါသည်။
ထိုညက အဖေနှင့် ဦးလေးတို့မှာ ဓာတ်ပြားမှ တဆင့် လွမ်းခဲ့ရသော အလင်္ကာကျော်စွာ ဆရာကြီး ဦးဘမောင် ကိုယ်တိုင် လူကိုယ်တိုင် တီးသည်ကို မြင်ရ နားထောင်ရသဖြင့် အကျေနပ်ကြီး ကျေနပ်နေကြပါသည်။
“ရွာစားကြီး ဦးဘမောင်က အရွယ်က ကြီးပေမယ့် အတီးက မကျဘဲကိုး” ဟု ဦးလေးက ပြောပါသည်။
“လက်သံက မကျပါဘူးဗျာ။ ကြာလေ မြည်လေပါပဲ” ဟု ဆိုင်းဆရာ တဦးက ပြောပါသည်။ အဖေသည် ငြိမ်လျက် နားထောင် နေပါသည်။
နှစ်ပါးသွား ပြီးသောအခါ ဦးလေးသည် မနက်စောစော ကြက်သွန်ခင်းသို့ ဆင်းရမည် ဖြစ်သဖြင့် ကျနော်တို့သည် နောက်ပိုင်းဇာတ်ကို မကြည့်တော့ဘဲ ဆိုင်းဆရာများကို နှုဆက်၍ ပြန်ခဲ့ကြပါသည်။
အပြန်လမ်းတွင် အဖေနှင့် ဦးလေးတို့သည် သူတို့ နားထောင်ခဲ့ရသော အလင်္ကာကျော်စွာ ရွာစားကြီး ဦးဘမောင်၏ ဆိုင်းလက်သံ အကြောင်းကို ဋီကာဖွင့်ပြီး ပြန်ခဲ့ကြရာ ရွာကို ရောက်မှန်းမိ ရောက်ခဲ့ကြပါသည်။
ယခု ကျနော်သည် တိုင်းချစ် သန်းစိန်၏ မြိုင်ထ သီချင်းတိတ်ခွေကို နားထောင်ရင်း အဖေတို့ ဦးလေးတို့နှင့် အတူ ဆိုင်း နားထောင် သွားခဲ့ရသည်များကို မြင်ယောင်နေပါသည်။ အဖေတို့ ဦးလေးတို့ ပြောသော ဇာတ်စကား ဆိုင်းစကားများ ကိုလည်း ကြာယောင်နေပါသည်။
တကယ်တော့ အဖေနှင့် ဦးလေးတို့သည် ကျနော့်အား ဆိုင်းဝါသနာ ပါအောင်၊ မြန်မာ့ဆိုင်းကို အမြတ်တနိုး တန်ဖိုး ထားတတ်အောင် ပျိုးထောင်ပေးခဲ့သည်ဟု ထင်ပါသည်။
အဖေတို့ ဦးလေးတို့ ပျိုးထောင်ပေးခဲ့သော မြန်မာ့ဆိုင်းကို အမြတ်တနိုး တန်ဖိုးထားသော စိတ်သည် ကျနော့်ရင်၌ ခိုင်မာစွာ အမြစ်တွယ်လျက်၊ ရှင်သန်လျက် ရှိရာ မြန်မာ့ ဆိုင်းသံတို့သည် နားထဲမှ မထွက်ဘဲ ကဗျာ ရေးဖွဲ့ရာ၌ပင် မြန်မာ့ ဆိုင်းသံသည် ပေါ်ထွက်လျက် ရှိပါတော့သည်။ ။
(စာရေးဆရာကြီး မြဝင်း (ဒဿန) ရေးသားခဲ့သည့် ဤဆောင်းပါးကို မုံရွေး စာပေတိုက်က ၂၀၁၈ ခုနှစ် သြဂုတ်-စက်တင်ဘာ လထုတ် “ချင်းတွင်း မဂ္ဂဇင်း အမှတ် (၈၅)” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၂၁ ခုနှစ် မတ်လ ၈ ရက် အသက် ၇၇ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)