ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက်က ကြားဖြတ် အစိုးရ အတွက် ရွေးချယ်ရာတွင် တင်ပြလာသူ တဦးကို အတည်ပြု ပေးခဲ့သည်။
သူကတော့ အင်္ဂလန် ကိန်းဘရစ် တက္ကသိုလ်က ကျောင်းပြီးခဲ့ပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနတွင် နှစ်ပေါင်း ၂၀ ကျော် တာဝန် ယူခဲ့သူ၊ ချမ်းသာကြွယ်ဝပြီး နာမည်ပျက် မရှိသည့် Anand Panyarachun ဖြစ်သည်။ စစ်အစိုးရက ခန့်ခဲ့သည့် ဝန်ကြီးချုပ်ပဲ ဖြစ်သည်။
Anand Panyarachun ကိုပဲ ကြားဖြတ် အစိုးရ ခေါင်းဆောင် တင်မြှောက်ပြီး ၁၉၉၂ ခုနှစ်ထဲမှာပင် ရွေးကောက်ပွဲ ပြန်ကျင်းပပါသည်။ တိုင်းပြည်က လက်ခံသည်။ ဒီမိုကရက် ပါတီ အနိုင်ရပါသည်။
အစိုးရသစ်တွင် ဆူရင် ပစ်ဆူဝမ်က ဒုနိုင်ငံခြားရေး ဝန်ကြီး တာဝန်ကို စတင် ထမ်းဆောင်ပါသည်။
၁၉၉၁ ခုနှစ် မေလ၌ ထိုင်းစစ်တပ်က ဒီမိုကရေစီရေး လှုပ်ရှားသူများကို ပစ်ခတ် နှိမ်နင်းမှုကြောင့် နိုင်ငံတကာ မျက်နှာစာတွင် ထိုင်းနိုင်ငံ ပုံရိပ် ကျဆင်းနေချိန်။
သို့သော် ၁၉၉၂ ရွေးကောက်ပွဲ အပြီး ထိုင်းနိုင်ငံ ပုံရိပ် ပြန်ကောင်းလာရန် ကြိုးပမ်းရာတွင် ဆူရင် ပစ်ဆူဝမ်က အရေးပါသည်ဟု သုံးသပ်၍ ရသည်။
ထိုင်းနိုင်ငံတွင် အာဏာသိမ်းစစ်တပ် နောက်ဆုတ်သွားတော့ အခြေအနေများက ပြန်ပြီး မျှော်လင့်ချက်များဖြင့် စိမ်းလန်းလာသည်။
ထိုင်းနိုင်ငံ၏ မဟာမိတ်များ ဖြစ်သည့် အမေရိကန် နှင့် ဥရောပသမဂ္ဂ တို့ကလည်း ထိုင်း၏ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး အပေါ် တန်ဖိုးထားမှုများအား ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပေါ်လစီများတွင် ထပ်ဟပ် နေသည်ကို မြင်ချင်ပုံရသည်။
ထိုနေရာတွင် ဆူရင် ပစ်ဆူဝမ်သည် လစ်ဘရယ်အသံ (Liberal Voice) ကို ကိုယ်စားပြုနိုင်သူ။
သို့သော်လည်း ဆေးတံခဲသူကြီး Prasong Soonsiri က သူ၏ အထက်က ဖြစ်သည်။
Prasong Soonsiri သည် ၁၉၈၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေး ကောင်စီ (NSC) မှာ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ယူခဲ့သူ ဖြစ်သည်။
၁၉၈၆ မှာတော့ ထိုအချိန်က ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရမ် တင်ဆူလနန်ဒါ (Prem Tinsulanonda) ၏ ရုံးတွင် ယုံကြည်စိတ်ချရဆုံးသူ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့သည်။
သူ့ကို ထောက်လှမ်းရေး ကျွမ်းကျင်သူ “ထိုင်းနိုင်ငံ၏ CIA” နှင့် “တွဲဖက် ဝန်ကြီးချုပ်” ဟု ခေါ်ဆိုကြရသည် အထိ နာမည် ရခဲ့သူလည်း ဖြစ်သည်။
နိုင်ငံခြားရေး ဝန်ကြီး မဖြစ်ခင်က Prasong Soonsiri သည် မြန်မာ စစ်အစိုးရကို ဝေဖန်ခဲ့သော်လည်း ဝန်ကြီး ဖြစ်သွားသည့် အချိန်တွင် ဝေဖန်သံ မကြားရတော့ပေ။
နောက်ထပ်တကြိမ် ဆူရင် နိုင်ငံရေး ကြိုးဝိုင်းထဲကို ပြန်ဝင်လာသည်က ၁၉၉၇ ခုနှစ်။ ထိုင်းမှာ Financial Crisis (ဘဏ္ဍာရေး အကြပ်အတည်း) ဖြစ်နေချိန်၊ ထိုင်းများက Tom Yum Kung Crisis (တွမ်ယမ်ကွန်း အကြပ်အတည်း) ဟု နာမည်ပြောင်တပ် ခေါ်ကြသည်။
မြန်မာများကလည်း တွမ်ယမ်ကွန်း ချဉ်စပ်စပ် ကမ္ဘာကျော် ယိုးဒယား ဟင်းချိုကိုတော့ မြည်းစမ်းကြဖူးပါသည်။
ဤတကြိမ်တွင်တော့ ဆူရင်က နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သွားခဲ့သည်။
သူ၏ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး MR.Sukhumbhand Paribatra ကလည်း အတွေ့အကြုံ ရှိသူ ဖြစ်သည်။
MR.Sukhumbhand Paribatra က မြန်မာနှင့် စိမ်းသူ မဟုတ်။
၁၉၉၉ တွင် လက်နက်ကိုင် မြန်မာ လူငယ်များ ဘန်ကောက် မြန်မာ သံရုံးကို ဝင်စီးတော့ ထိုင်း တပ်မတော် ရဟတ်ယာဉ်နှင့် သူက လိုက်သွားပြီး ဖမ်းဆီးထားသော ဓားစာခံများ ကိုယ်စား ထိုင်း-မြန်မာ နယ်စပ်မှာ အလဲအလှယ် လုပ်ခဲ့သူ ဖြစ်သည်။
သူပါဝင်သည့် တံခါးပိတ် အစည်းအဝေး တချို့ကို ကျနော် တက်ဖူးသည်။
“ထိုင်း နဲ့ မြန်မာ စစ်ဖြစ်နိုင်တယ်” ဟု သူက ကြိုတင် ဟောကိန်း ထုတ်ဖူးတာကို သတိရသည်။ သူက မင်းဆွေ မင်းမျိုး။
Sukhumbhand Paribatra လည်း ဧရာဝတီ မဂ္ဂဇင်းကို အင်တာဗျူး ပေးခဲ့ဖူးသည်။ နောက်ပိုင်း ကာလများတွင် ဖြစ်သည်။

သူပြောသည့် အတိုင်း မြန်မာ နှင့် ထိုင်း နယ်စပ် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ၂၀၀၀ ဝန်းကျင်။ ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Surayud Chulanont လက်ထက်။
ဗိုလ်ချုပ်ကြီး Surayud Chulanont က မြန်မာပြည်က မူးယစ်ဆေးဝါးများ ထိုင်းနိုင်ငံကို ပျံ့နှံ့နေသည့် ပြဿနာနှင့် “ဝ” တပ်များ အလုံးအရင်းနှင့် ရှမ်းပြည်နယ် တောင်ပိုင်း ထိုင်းနယ်စပ်သို့ ရွှေ့လာသည့် ကိစ္စများကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သူ ဖြစ်သည်။
ထို့ပြင် “ဝ” မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို ထိုအချိန်က မြန်မာ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်က အားပေးခဲ့သည် ဆိုသည့် ဝေဖန်မှုမျိုးကိုလည်း ထိုင်း သတင်းစာများတွင် ထိုင်း တပ်မတော် အရာရှိများက ပွင့်ပွင့် လင်းလင်း ဝေဖန်ခဲ့ကြသည်ကို တွေ့ရသည်။
ထိုင်း၏ နိုင်ငံခြားရေး ပေါ်လစီက နိုင်ငံတကာတွင် ပိုပြီး လှုပ်ရှား တက်ကြွနေခဲ့သည်ကို မြင်ရပါသည်။

ဗိုလ်ချုပ်ကြီး Surayud Chulanont က မြန်မာပြည်က မူးယစ်ဆေးဝါးများ ထိုင်းနိုင်ငံကို ပျံ့နှံ့နေသည့် ပြဿနာနှင့် “ဝ” တပ်များ ရှမ်းပြည်နယ် တောင်ပိုင်း ထိုင်းနယ်စပ်သို့ ရွှေ့လာသည့် ကိစ္စများကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သူ
ထိုသို့ ထိုင်းနိုင်ငံ၏ ဒီမိုကရေစီအရေး လှုပ်ရှား တက်ကြွလာမှုကို အာဏာရှင်များ ကြီးစိုးသော အိမ်နီးချင်း နိုင်ငံများက စိတ်မသက်မသာ ဖြစ်ခဲ့ကြပါသည်။
ဆူရင် ပစ်ဆူဝမ်သည် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲများတွင် အမြဲ ဝေဖန်ခံနေရသော မြန်မာစစ်အစိုးရ အပေါ် ကျင့်သုံးသည့် Constructive Engagement (အပြုသဘောဆောင် ဆက်ဆံရေး) ကို Flexible Engagement ဟု ပြောင်းလဲ ခေါ်ဝေါ် သုံးစွဲခဲ့ဖူးပါသည်။
ထိုသို့ ခေါ်ဝေါ်သုံးစွဲသည်ကို လက်ခံသူ ရှိသလို၊ လက်မခံသူလည်း ရှိ။ မြန်မာ စစ်အစိုးရကတော့ မကြိုက်။
၁၉၉၇ တွင် မြန်မာကို အာဆီယံက တင်းပြည့် အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။ ကန့်ကွက်သံများလည်း ရှိခဲ့သည်။ နားမထောင်ခဲ့။
ထိုအချိန်က အရှေ့တောင်အာရှမှာ လီကွမ်ယု နှင့် မဟာသီယာ မိုဟာမက် တို့၏ သြဇာက မသေး။ မြန်မာ အာဆီယံ အဖွဲ့ဝင် ဖြစ်ရေးကို စင်္ကာပူ နှင့် မလေးရှားက ထောက်ခံခဲ့သည်။

လီကွမ်ယုက မြန်မာစစ်တပ်သည် တိုင်းပြည်ကို တည်ငြိမ်အောင် ပြည်တွင်းစစ် မဖြစ်ရန် တားဆီးနိုင်သည့် တခုတည်းသော Institution ဟု ထုတ်ပြောခဲ့ဖူးသည်။ ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်၍ ရပါ့မလား ဟုလည်း မေးခွန်း ထုတ်ခဲ့ဖူးသည်။
၁၉၉၅ က အာဆီယံ အတွင်း ရိုက်ခတ်ခဲ့သော စကားသံများ ဖြစ်သည်။
လီကွမ်ယု၏ ပြောဆိုချက်အပေါ် ဆန့်ကျင် ဆန္ဒပြမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ဆူရင်သည် သူ၏ အာဆီယံ မိတ်ဆွေများအား မြန်မာ့အရေးကို ဆွေးနွေး အဖြေရှာပြီး သဘောတူညီချက်ရရေး တိုက်တွန်းခဲ့သူလည်း ဖြစ်ပါသည်။
ထိုအချိန်သည် အာဆီယံက မြန်မာစစ်အစိုးရ နှင့်ရော အတိုက်အခံ အင်အားစုများနှင့်ပါ တွေ့ဆုံရေးကို စတင် စဉ်းစား လာသည့် အချိန်ဟု ပြော၍ရသည်။
၁၉၉၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်ပြီး နောက်ပိုင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး တချို့ သူမကို သွားတွေ့၍ ဆွေးနွေးခဲ့ကြဖူးသည်။
ဆူရင် ပစ်ဆူဝမ် နှင့် အရင်းနှီးဆုံးသူ တဦးကိုလည်း ကျနော် သိကျွမ်းခွင့် ရခဲ့သည်။ သူကတော့ မိတ်ဆွေကြီး သတင်းစာဆရာ ကဝီ (Kavi Chongkittavorn) ပဲ ဖြစ်ပါသည်။
ကျနော်က ကဝီ ကို အစ်ကိုကြီး ကဝီ (ဖီးကဝီ) ဟု ခေါ်လေ့ရှိပါသည်။
သူနှင့် ကျနော် ၁၉၉၃ ခုနှစ်တွင် စပြီး တွေ့ဆုံခဲ့သည်။ ကျောက်ဖရား မြစ်ကြီး ဘေးရှိ ကြယ်ငါးပွင့် ဟိုတယ် တခုမှာ သူ ချိန်းသည်။ ဟိုတယ် ဧည့်ခန်းဆောင်မှာ ဆုံကြသည်။ စက်သေနတ် ပစ်သကဲ့သို့ သူက ပြောသည်။

ထိုင်းနိုင်ငံရေး၊ စစ်တပ်၊ ဘုရင်မင်းမြတ် ၏ ကြီးမြတ်မှု၊ ထိုင်းနိုင်ငံရေး အကောင်းမြင်ကွက်နှင့် ဗေဒင် ဟောချက်များ။ ကျနော်က ခေါင်းတညိတ်ညိတ်။
“The Nation သတင်းစာမှာ ရေးနေပြီ မဟုတ်လား” ဟုလည်း ကဝီက မေးသည်။ သူ့အာဘော်များနှင့် ကျနော် ရေးသည်များ The Nation သတင်းစာမျက်နှာ၏ အတွေးအမြင်/ထင်မြင်ချက် ကဏ္ဍများတွင် ဆုံမိကြသည်။
The Nation သတင်းစာကြီးသည် ထိုအချိန်က ဒေသတွင်း ဩဇာကို တည်ဆောက်နေချိန်။ Indochina Perspective စာမျက်နှာကို တိုးချဲ့သည်။
ခမာနီများ ဆုတ်ခွာချိန်၊ ဗီယက်နမ်၏ ခြေလှမ်း၊ အိပ်ယာက မနိုးသေးသည့် လာအို၊ အာဏာရူး ဗိုလ်ချုပ်များနှင့် မြန်မာ စသည့် အကြောင်းအရာများက The Nation ၏ စာမျက်နှာများပေါ် ခုန်တက်လာတော့သည်။
ကျနော်နှင့်အတူ ဒေသတွင်း အာဘော် ရေးသူများ၊ ဆောင်းပါး ရေးသူများ၏ စာမျက်နှာများက Indochina Perspective ဆိုသော ကဏ္ဍတွင် အပတ်စဉ်ပါသည်။
ထိုစဉ်က စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ကိုယ်တိုင် ဖတ်ပြီး ထိုင်းအာဏာပိုင်များအား မြန်မာ အကြောင်း ရေးသည့် သတင်းစာဆရာကို အရေးယူ ဖမ်းဆီးရန် ပြောခဲ့ဖူးသည်။ အမှတ်တရ။
တိုက်တိုက်ဆိုင်ဆိုင် ကဝီ နှင့် ကျနော်၏ တွေ့ဆုံပွဲလေး မတိုင်ခင်မှာ ထိုင်းနိုင်ငံ၏ အသစ်စက်စက် အစိုးရသစ် ဝန်ကြီးချုပ် ချွန်လိပိုင်က နိုဗယ် ငြိမ်းချမ်းရေးဆု (Nobel Peace) ရထားသူများကို ထိုင်းနိုင်ငံ အတွင်းသို့ ဝင်ခွင့်ပေးခဲ့သည်။
တိဗက် ဘုန်းတော်ကြီး ဒလိုင်းလားမား (Tenzin Gyatso) ကိုလည်း ဝင်ခွင့် ပေးလိုက်သည်။
၁၉၈၉ မှာ နိုဗယ် ငြိမ်းချမ်းရေးဆု ရခဲ့သူ ဒလိုင်းလားမားကို ချွန်လိပိုင် ထိုင်းအစိုးရက ၂၄ နာရီ ဗီဇာ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ ဒီမိုကရက် အစိုးရ လက်ထက် ဖြစ်သည်။ သတင်းစာများက ဒလိုင်းလားမား ဝင်ခွင့်ရရေး အတွက် ဖိအားပေး ရေးကြသည်။
The Nation သတင်းစာကြီးက ဒလိုင်းလားမားကို ဗီဇာ ပေးရေး အဆော်ဩဆုံး။ ထိုအချိန်က ဖတ်၍ သိပ်ကောင်းသည့် အယ်ဒီတာ့ အာဘော်များ၊ ကျနော့်အတွက်တော့ သင်ယူစရာ အများကြီး။
သတင်းစာများက ပြောကြသည်မှာ တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို ဗီဇာ ထုတ်ပေးရေးပဲ ဖြစ်သည်။ အာဘော်များ ကလည်း လိုချင်သည်ကိုသာ တောင်းဆို ကြတော့သည်။
နောက်ဆုံး ဘန်ကောက်က ဗီဇာ ထုတ်ပေးလိုက်သည်။ တရုတ်၏ ဖိအားနှင့် ဒေါသကိုလည်း ထည့်တွက် ချိန်ဆပြီး ထိုင်းက သတိထား တုံ့ပြန်ရသည်။
ထိုအချိန်က တရုတ်သည် ယခုအချိန်လောက် နိုင်ငံရေး၊ စီးပွားရေး သြဇာ ဒေသတွင်းမှာ အားမကောင်းသေး။
ထိုင်းနိုင်ငံ ခရီးစဉ်တွင် ဒလိုင်းလားမားနှင့် အတူ အခြား နိုဗယ် ငြိမ်းချမ်းရေးဆု ရသူများဖြစ်သည့် ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး (Desmond Tutu)၊ ကိုစတာရီကာ နိုင်ငံ သမ္ပတဟောင်း Oscar Arias Sánchez ၊ မြောက်အိုင်ယာလန် နိုင်ငံမှ Betty Williams နှင့် အာဂျင်တီးနားမှ Adolfo PereZ Esquivel တို့လည်း ပါဝင်သည်။
ထိုအချိန်က နေအိမ် အကျယ်ချုပ် ကျနေသည့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် Campaign (လှုပ်ရှားမှု) တခုလည်း ဖြစ်သည်။

Prasong Soonsiri သည် ၁၉၈၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေး ကောင်စီ (NSC) မှာ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ယူခဲ့သူ ဖြစ်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသူ Prasong Soonsiri က “ထိုင်းနိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံ ဖြစ်တယ်။ ကမ္ဘာကြီးက သိပါတယ်။ ကျနော်တို့ဟာ အားလုံးနဲ့ မိတ်ဆွေတွေ ဖြစ်ချင်တယ်” ဟု ပြောခဲ့သည်။
သူကတော့ ထိုင်းနိုင်ငံ လုံခြုံရေး ကောင်စီတွင် တာဝန်ထမ်းခဲ့ဖူးသူ ဆေးတံသောက် စုံထောက်ကြီး ဖြစ်သည်။
နောက်ဆုံးတွင် တိဗက် ဘုန်းတော်ကြီး ဒလိုင်းလားမားကို ဗီဇာ ထုတ်ပေးလိုက်ပါသည်။
နိုဗယ် ငြိမ်းချမ်းရေးဆု ရသူများ ခရီးစဉ်ကို စီစဉ်သူများက ထိုင်းအစိုးရကို ကျေးဇူးတင်သည်။ တခုတော့ ကတိ ပေးရသည်။ ဤလူများက ဒေါ်ဆောင်ဆန်း စုကြည် လွတ်မြောက်ရေး တောင်းဆိုရန် လာကြသည်။ မြန်မာမြေထဲ ကိုတော့ ဝင်ရန် အစီအစဉ် မရှိ။ ဒလိုင်းလားမားလည်း တိဗက် အကြောင်းကို ပြော၍ မရ။
၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလတွင် သူတို့ ထိုင်းမြေကို နင်းခွင့်ရကြသည်။
(ဆက်လက် ဖော်ပြပါမည်)
(အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)
You may also like these stories:
ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ