၂၀၁၅ ခန့်မှစ၍ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သော ဒေသများထဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်လည်း ပါဝင်သည်။ သို့သော် ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်ဆိုသည်ကတော့ ခန့်မှန်းရန် ခက်ခဲပေသည်။
ရှမ်းမြောက်မှ “တိုက်ပွဲခေါ်သံ”
တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် တာဂျုတ်ဂျားက “အရှေ့မြောက်ဒေသ တိုက်ပွဲခေါ်သံက အဆုံးအဖြတ်တိုက်ပွဲရဲ့ ရှေ့ပြေး နိမိတ်ဖြစ်နိုင်မလား” ဟု ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် သူ၏ Facebook လူမှုကွန်ရက်စာ မျက်နှာတွင် ရေးသားထားသည်ကို တွေ့ရ၏။ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့က ကျောက်မဲခရိုင်၊ မိုင်းငေါ့ဒေသတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်တပ်များ ရင်ဆိုင်ထားချိန်တွင် တွေ့ရသည့် သတိပေးချက်ဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် ရှမ်းမြောက် မုန်းကိုး၊ ဖောင်းဆိုင်ဒေသတွင် ကိုးကန့် MNDAA နှင့် မြန်မာစစ်တပ် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မ ၇၇ အထိနာခဲ့၏။ ထို့နောက် ၂၀၂၂ ခုနှစ်မှ စ၍ ကိုးကန့်သည် တိုက်ပွဲများလျှော့ချခဲ့ပြီး တပ်တည်ဆောက်ရေးနှင့် ဒေသအုပ်ချုပ်ရေးကို ဇောက်ချလုပ်နေသည်ကို တွေ့ရ၏။
၂၀၂၁ ခုနှစ်တွင်း TNLA သည် သူ၏ မဟာမိတ်များနှင့် ပူးပေါင်း၍ ရှမ်းမြောက်ပိုင်းမှ ရှမ်း RCSS ကို တိုက်ထုတ်နေခဲ့ရာ ၂၀၂၂ ခုနှစ်ဆန်းတွင် အောင်မြင်စွာ တွန်းထုတ်နိုင်ခဲ့၏။ ၂၀၂၁ ခုနှစ်တွင် TNLA နှင့် RCSS ကြား တိုက်ပွဲပေါင်း ၄၂၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၂၈ ကြိမ် ဖြစ်ပွားခဲ့၏။ ထို့နောက် RCSS လည်း ရှမ်းမြောက်ပိုင်းမှ ဆုတ်ခွာသွားသည်။
TNLA သည် RCSS အား အဓိကထား တိုက်ခိုက်နေသဖြင့် စစ်ကောင်စီတပ်နှင့် ၂၀၂၁ ခုနှစ်အတွင်း တိုက်ပွဲ ၁၅ ကြိမ်၊ ၂၀၂၂ ခုနှစ်အတွင်း (စက်တင်ဘာအထိ) တိုက်ပွဲ ၆ ကြိမ်သာ ဖြစ်ပွားခဲ့၏။ ၂၀၂၂ ခုနှစ် နှစ်ကုန်တွင်မှ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဝင်ရောက်စီးနင်းသဖြင့် နမ့်ဆန်အနီး ကုန်းသာ၌ တိုက်ပွဲတပတ်ကြာခန့် ဖြစ်ပွားခဲ့၏။ ၂၀၂၂/၂၃ တွင် TNLA သည် တပ်တည်ဆောက်ရေးနှင့် ဒေသအုပ်ချုပ်ရေးကို အားထည့် ဆောင်ရွက်နေ၏။
ကချင် KIA ကမူ တဖက်က KPDF များကို လေ့ကျင့်ဖွဲ့စည်းသကဲ့သို့ တဖက်ကလည်း လမ်းဖြတ်တိုက်ပွဲ၊ ခြုံခိုတိုက်ပွဲနှင့် အချို့စခန်းငယ်များအား တိုက်ခိုက်ခြင်းကို စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း ပုံမှန်တွေ့ရ၏။ သို့သော် စစ်ဆင်ရေး အကြီးများကိုတော့ မတွေ့ရသေးပေ။ ရှမ်း SSPP တပ်များကတော့ ရှမ်းမြောက်တွင်ရှိသော်လည်း စည်းရုံးရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများသာ အဓိကပြုလုပ်ပြီး တိုက်ခိုက်ရေးတွင် အားနည်းသည်ကို တွေ့ရ၏။
ချုပ်၍ဆိုရလျှင် ၂၀၂၂/၂၀၂၃ ခုနှစ်များတွင် စစ်တပ်နှင့် ရှမ်းမြောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်များကြား တိုက်ပွဲများသည် ၂၀၁၅ မှ ၂၀၁၉ ကြားကာလနှင့် နှိုင်းယှဉ်လျှင် လျော့ကျနေသည်ကို တွေ့ရ၏။
ရှမ်းမြောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ
လက်ရှိကာလတွင် တိုက်ပွဲနည်းနေသော်လည်း မြန်မာစစ်တပ်ကို ရာဇသံပေးနိုင်သည့်အကြောင်းမှာ ရှမ်းမြောက်တွင် အင်အားတောင့်တင်းသော၊ တိုက်ရည်ခိုက်ရည်ရှိသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ရှိနေ၍ဖြစ်၏။
ရှမ်းမြောက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ရှိ၏။ ကချင် KIO/KIA၊ ရှမ်း SSPP/SSA၊ တအာင်း TNLA နှင့် ကိုးကန့် MNDAA တို့ဖြစ်၏။
ရှမ်းမြောက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ရှိ၏။ ကချင် KIO/KIA၊ ရှမ်း SSPP/SSA၊ တအာင်း TNLA နှင့် ကိုးကန့် MNDAA တို့ဖြစ်၏။ ၂၀၁၅ မတိုင်ခင်ထိ ရှမ်းမြောက်တွင် KIA တပ်မဟာ ၄ နှင့် လက်အောက်ခံ တပ်ရင်း သုံးရင်းသာရှိ၏။ ထိုတပ်မဟာ ၄ သည်ပင် ဒုတပ်မဟာဦးစီးအင်အား တဝက်ခန့်က ၁၉၉၁ ခုနှစ် နှစ်ဆန်းတွင် ခွဲထွက်ပြီး မြန်မာစစ်တပ်နှင့် အပစ်ရပ်ငြိမ်းချမ်းရေး ယူသွားခဲ့သဖြင့် ပြန်လည်တည်ဆောက်ခဲ့ရသည့် တပ်မဟာ ဖြစ်သည်။
သို့သော် KIA သည် ၂၀၁၅ နောက်ပိုင်းမှစ၍ ရှမ်းမြောက်တွင် တပ်မဟာ ၆ နှင့် တပ်မဟာ ၁၀ ကို တိုးချဲ့ဖွဲ့စည်းခဲ့၏။ တပ်မဟာ ၄ လက်အောက်တွင် သုံးရင်း၊ တပ်မဟာ ၆ လက်အောက်တွင် သုံးရင်း၊ တပ်မဟာ ၁၀ လက်အောက်တွင် နှစ်ရင်း ဖွဲ့စည်းထားရှိသည်ကို တွေ့ရသည်။ ထို့ပြင် စိစစ်ဆဲသတင်းများအရ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ရှမ်းမြောက်၌ KIA သည် KPDF တပ်ရင်း ခြောက်ရင်းမှ ကိုးရင်းအထိ တိုးချဲ့ ဖွဲ့စည်းခဲ့သည်ဟု သိရ၏။ KIA သည် NUG/PDF တို့နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေသော အဖွဲ့ဖြစ်၏။
နောက်တဖွဲ့မှာ PSLF/TNLA ဖြစ်သည်။ ၂၀၁၁ မှ ပြန်လည်ဖွဲ့စည်းခဲ့သော TNLA သည် ၁၀ နှစ်အတွင်း ကောင်းစွာ ကြီးထွားလာသည်ကို တွေ့ရ၏။ လက်ရှိတွင် တပ်ဖွဲ့စည်းမှုအရ တပ်ရင်း ငါးရင်းစီပါသော တပ်မဟာ ခုနစ်ခု၊ တပ်ရင်း သုံးရင်းပါ ဌာနချုပ်လုံခြုံရေးဗျူဟာနှင့် လက်နက်ကြီးတပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ဖွဲ့များရှိ၏။ တအာင်း နိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ (TPCC) ဖွဲ့စည်းထားပြီး NUCC, NUG တို့နှင့် ဆက်စပ်မှုရှိသည်။ မန္တလေး PDF နှင့် အခြား နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့များကို ပံ့ပိုးကူညီပေးနေသည်။
ကိုးကန့် MNDAA သည် မြန်မာစစ်တပ်၏ ထိုးနှက်မှုကြောင့် ကိုးကန့်ဒေသမှ ဆုတ်ခွာခဲ့ရရာမှ ၂၀၁၅ ခုနှစ်မှစ၍ ကိုးကန့်ဒေသသို့ အားကောင်းမောင်းသန်ဖြင့် ပြန်လည်ဝင်ရောက်ခဲ့သည်။ လက်ရှိအချိန်တွင် MNDAA သည် စစ်အင်အားအနေဖြင့် တပ်ရင်း လေးရင်းစီပါသည့် တပ်မဟာ လေးခုဖွဲ့စည်းထား၏။
၂၀၂၂ ခုနှစ်မှစ၍ ကိုးကန့်တပ်ဖွဲ့သည် ကရင်နီအင်အားစုများကို လေ့ကျင့်လက်နက်တပ်ဆင်ပေးသကဲ့သို့ ပြည်မ ဒီမိုကရက်တစ်အင်အားစုများ ဖြစ်သည့် လားရှိုး PDF၊ BPLA နှင့် ယခင် ဗကပ အနွယ် PLA စသည့်တို့မှ အင်အား တထောင်ခန့်အား လေ့ကျင့် လက်နက်တပ်ဆင်ပေးသည်။ ၂၀၂၃ ခုနှစ်ထဲတွင် PLA အပြင် ပုလဲမြို့နယ်မှ ဗိုလ်နဂါးတပ်ဖွဲ့၊ မိတ္ထီလာ PDF စသည့်အင်အား ၅၀၀ ခန့်အား သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ခြင်းတို့ ပြုလုပ်ပေးသည်ကို သိရ၏။
ရခိုင်တွင် တိုက်သည်ဖြစ်စေ၊ အပစ်ရပ်သည်ဖြစ်စေ ရှမ်းမြောက်တွင် AA သည် TNLA, MNDAA တို့နှင့်တွဲ၍ မြောက်ပိုင်းသုံးဖွဲ့အနေဖြင့် စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်လေ့ရှိ၏။
ထို့ပြင် TNLA, MNDAA တို့နှင့်တွဲ၍ ရခိုင် AA တပ်ဖွဲ့အင်အား ထောင်ဂဏန်းခန့် ရှမ်းမြောက်တွင် ရှိနေ၏။ ရခိုင်တွင် တိုက်သည်ဖြစ်စေ၊ အပစ်ရပ်သည်ဖြစ်စေ ရှမ်းမြောက်တွင် AA သည် TNLA, MNDAA တို့နှင့်တွဲ၍ မြောက်ပိုင်းသုံးဖွဲ့အနေဖြင့် စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်လေ့ရှိ၏။
SSPP /SSA ကမူ ရှမ်းမြောက်တွင် စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေး စသည်တို့ ပြုလုပ်သော်လည်း စစ်ရေးလှုပ်ရှားမှု မပြုလုပ်သလောက် ဖြစ်၏။ ရှမ်းမြောက်တွင် SSPP ၏ စစ်ရေးလှုပ်ရှားမှုအား မိုးမိတ်နှင့် နောင်ချိုနယ်ထဲတွင်သာ အတန်ငယ်တွေ့ရ၏။
သို့ဖြစ်ရာ ၂၀၂၂/၂၃ တွင် ရှမ်းမြောက်၌ တိုက်ပွဲများနည်းနေသော်လည်း ရှမ်းမြောက်တွင် တိုင်းရင်းသားလက်နက်ကိုင် အင်အားမှာ မနည်းလှပေ။ အင်အား ၁၅,၀၀၀ နှင့်အထက် ရှိသည်ဟု ခန့်မှန်းရ၏။ ဤအင်အားစုများအနက် KIA သည် သူဖွဲ့စည်းပေးထားသည့် KPDF များနှင့်အတူ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ် ကားလမ်းတလျှောက် တိုက်ပွဲဖော်သည်ကို တွေ့ရသကဲ့သို့ မိုးမိတ်၊ မိုးလို၊ မဘိန်း၊ မိုးကုတ်ဒေသများသို့လည်း ထိုးဖောက်လှုပ်ရှားသည်ကို တွေ့ရ၏။ သို့သော် ရှမ်းမြောက်ရှိ TNLA, MNDAA နှင့် AA စသည့် မြောက်ပိုင်းသုံးဖွဲ့ကမူ စစ်ရေးလှုပ်ရှားမှု မရှိသလောက် နည်းပါး၏။
ရခိုင်စစ်မျက်နှာ
၂၀၁၉/၂၀၂၀ ခုနှစ်များတွင် ရခိုင်၌ တိုက်ပွဲများပြင်းထန်ခဲ့ပြီး AA အား အကြမ်းဖက်အဖွဲ့အဖြစ်ပင် ကြေညာခဲ့၏။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာတွင် နားလည်မှုနှင့် အပစ်ရပ်ခဲ့ကြ၏။ တဖန် ၂၀၂၂ နှစ် နှစ်ဆန်းမှစ၍ ပြန်လည် တင်းမာခဲ့ပြီးနောက် တိုက်ပွဲများ တဖန်ပြန်လည်ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာတွင်မှ ပြန်လည်အပစ်ရပ်ခဲ့၏။ ဒုတိယအကြိမ် အပစ်ရပ်ခြင်းအား လူသားချင်းစာနာမှုဆိုင်ရာ သဘောတူညီချက်ဖြင့် အပစ်ရပ်ခြင်းဖြစ်သည်ဟု AA က ဆိုသည်။
ထိုအပစ်ရပ်ထားသည့်ကာလတွင် မိုခါမုန်တိုင်းနှင့် ကြုံလိုက်သဖြင့် AA အတွက်ရော၊ AA အခြေခံသည့် ဒေသလူထုပါ အခက်အခဲများစွာနှင့် ကြုံနေရပြီး ထိုပြဿနာကို ဖြေရှင်းနေရ၏။ ထို့ပြင် တရုတ်ကလည်း စစ်မတိုက်ရေး ဖိအားပေးနေရာ ထို့ကြောင့်လည်း AA အနေနှင့် စစ်ပွဲပြန်လည် စတင်ရန်ခက်ခဲမည်ဟု ယူဆရ၏။
သို့သော် ရခိုင်တွင် အင်အားကောင်းပြီး တိုက်ရည်ခိုက်ရည်ရှိသည့် AA တပ်ဖွဲ့များရှိ၏။ ရခိုင်တွင် AA သည် အယ်လ်ဖာ ၁၊ ၂၊ ၃၊ ဘီတာ ၁၊ ၂၊ နိုဗာ ဟူသည့်အမည်များဖြင့် စစ်ဒေသ ခြောက်ခုမှ ခုနစ်ခုအထိ ဖွဲ့စည်းထားသကဲ့သို့ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင်လည်း တပ်မဟာ သုံးခုခန့် ဖွဲ့စည်းထားရှိ၏။ AA တွင် တရင်းလျှင် အင်အား ၃၀၀ ခန့်ရှိသည့် တပ်ရင်းပေါင်း ၁၀၀ ခန့်ရှိသည်ဟုဆို၏။
ရှမ်းမြောက်နှင့် နှိုင်းယှဉ်လျှင် ရခိုင်ကပင် လက်နက်ကိုင်အင်အား များသေး၏။ သို့ဖြစ်ရာ လက်ရှိကာလတွင် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်အတွက် ရခိုင်သည် ပေါ့ဆ၍မရသည့် စစ်မျက်နှာတခုဖြစ်သည်။
အများစုမှာ ရခိုင်တွင်ရှိပြီး အင်အား ၅,၀၀၀ ခန့်မှာ ကချင်ပြည်နယ်၊ ရှမ်းမြောက်နှင့် ကရင်ပြည်နယ်တို့တွင် ဖြန့်ခွဲထားသည်ဟု သိရသည်။ ရှမ်းမြောက်နှင့် နှိုင်းယှဉ်လျှင် ရခိုင်ကပင် လက်နက်ကိုင်အင်အား များသေး၏။ သို့ဖြစ်ရာ လက်ရှိကာလတွင် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်အတွက် ရခိုင်သည် ပေါ့ဆ၍မရသည့် စစ်မျက်နှာတခုဖြစ်သည်။
တရုတ်၏ဖိအား၊ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းသုံးဖွဲ့
မြောက်ပိုင်းသုံးဖွဲ့အပါအဝင် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များအား ၂၀၂၂ ခုနှစ် အကုန်မှစ၍ တရုတ်တို့က တရုတ်နယ်စပ်တွင် တိုက်ပွဲများမတိုက်ရန်၊ စစ်ကောင်စီအား မတိုက်ဘဲ ဆွေးနွေးညှိနှိုင်းရန်၊ မြန်မာပြည်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးရန် ဗြောင်အတိအလင်း ဖိအားပေးခဲ့သည်၊ ပေးနေဆဲဖြစ်သည်ကို တွေ့ရ၏။
သို့ဖြစ်ရာ ရှမ်းမြောက်တွင် တိုက်ပွဲများ ပြန်ပေါ်မလာသည်မှာ တရုတ်၏ဖိအားကလည်း အကြောင်းအချက်တခု ဖြစ်၏။ သို့သော် တိုက်ပွဲများရပ်ထားပါက တရုတ်တို့ နယ်စပ်ကုန်သွယ်ရေးအတွက် အကျိုးရှိသည်မှာ လက်ငင်းရလဒ်ဖြစ်သော်လည်း တိုင်းရင်းသား လက်နက်ကိုင်များအတွက် မြန်မာစစ်တပ်နှင့် ဆွေးနွေး၍ တိုင်းရင်းသားအခွင့်အရေး ရမည်ကတော့ ဆယ်ရေး တရေး၊ ကိုးရေး တရာ၊ မိုးပေါ်က ကျလာသည့် အပ်တစင်းနှင့် မြေပြင်ပေါ် အပ်တစင်း ထိဖို့ထက် ပိုမို၍ အဆပေါင်းများစွာ ခက်ခဲသည်ကို မြောက်ပိုင်းသုံးဖွဲ့ ကောင်းစွာ သဘောပေါက်ပေသည်။
စစ်ကောင်စီတပ်သည် ရှမ်းမြောက်ရှိ တိုင်းရင်းသားအဖွဲ့များ၏ အင်အားနှင့် တိုက်ရည်ခိုက်ရည်ကို ကောင်းစွာ သဘောပေါက်၏။ ထို့ကြောင့် လျှော့မတွက်ပေ။ ရှမ်းမြောက်တွင် ရမခ တိုင်းတပ်၊ ရမခ နယ်မြေရှိ စကခ နှစ်ခုအပြင် နောက်ထပ် တပ်မနှင့် စကခ ငါးခုခန့် ဖြည့်တင်းတပ်ဖြန့်ထားသည်။
၂၀၂၃ ခုနှစ် နှစ်ဆန်း၌ စစ်ကောင်စီတပ်သည် တရုတ်နယ်စပ် ရမခ စစ်တိုင်းဌာနချုပ်နယ်မြေမှ စကခ သုံးခုနီးပါး ထုတ်နုတ်သွားပြီး အဓိက ကရင်နီစစ်မျက်နှာနှင့် အခြား စစ်မျက်နှာများကို ဖြည့်တင်းနိုင်ခဲ့သည်
၂၀၂၂ ခုနှစ် တရုတ်အထူးသံ တိန့်ရှီကျွန်း၏ ခရီးစဉ်အတွင်း တရုတ်နယ်စပ်တွင် တိုက်ပွဲများ မဖော်ရန်ပြောဆိုခြင်း၊ မြောက်ပိုင်းအဖွဲ့များအား စစ်ကောင်စီအား မတိုက်ဘဲ ဆွေးနွေးရန် ဖိအားပေးခြင်းတို့ပြုလုပ်ခဲ့၏။ ထို့ပြင် တရုတ်အထူးသံသည် စစ်ကောင်စီနှင့်လည်း နားလည်မှုနှင့် အာမခံချက် တစုံတရာပြုလုပ်ခဲ့ပုံရသည်။ အဘယ်ကြောင့်ဆိုသော် ထိုအကြောင်းအချက်များအောက်တွင် ၂၀၂၃ ခုနှစ် နှစ်ဆန်း၌ စစ်ကောင်စီတပ်သည် တရုတ်နယ်စပ် ရမခ စစ်တိုင်းဌာနချုပ်နယ်မြေမှ စကခ သုံးခုနီးပါး ထုတ်နုတ်သွားပြီး အဓိက ကရင်နီစစ်မျက်နှာနှင့် အခြား စစ်မျက်နှာများကို ဖြည့်တင်းနိုင်ခဲ့သည်ကို တွေ့ရ၏။
ရှမ်းမြောက်ကဲ့သို့ပင် ရခိုင်ပြည်နယ် နပခ စစ်တိုင်းဌာနချုပ်နယ်မြေတွင် ၂၀၂၂ ခုနှစ် စစ်ပွဲများ ဖြစ်ပွားချိန်တွင် တိုင်းတပ်များ၊ နယ်မြေခံ စကခ သုံးခုအပြင် ပြည်မမှ တပ်မ လေးခုထပ်ဖြည့်ထားရ၏။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ အပစ်အခတ်ရပ်စဲပြီးနှင့် တရုတ်အထူးသံ၏ ဖိအားပေးမှုများနောက်တွင် ပြည်မမှ ပို့ထားသော အနည်းဆုံး တပ်မ သုံးခုကျော်အား စစ်ကောင်စီတပ်က ပြန်လည်ထုတ်နုတ်ပြီး ချင်း၊ စစ်ကိုင်း၊ ကရင်နီ၊ ကရင်စသည့် အခြားစစ်မျက်နှာများသို့ ပို့ဆောင်စေလွှတ်ခဲ့သည်ကို တွေ့ရ၏။
မြောက်ပိုင်းသုံးဖွဲ့အခြေအနေ
မြောက်ပိုင်းသုံးဖွဲ့သည် တရုတ်၏ ဖိအားအောက်တွင် ရုန်းကန်နေရသည်ဆိုသော်လည်း မြန်မာစစ်တပ် အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ရှုတ်ချထား၏။ PDF များအပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများကို တတ်နိုင်သလောက် ကူညီလေ့ကျင့်ပေးသည်။ လက်နက်တပ်ဆင်ပေးသည်။ လက်နက်ရရှိရန် ကူညီပေး၏။ NUCC, NUG တို့နှင့် နည်းလမ်းပေါင်းစုံနှင့် ဆက်ဆံရေး ထူထောင်ထားသည်။ တရုတ်၏ဖိအားကြောင့် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမှုပြုသော်လည်း ထိုတွေ့ဆုံမှုအပေါ် ယုံကြည်မှု မထားသည့်အပြင် ဆွေးနွေးမှုနှင့်ပတ်သက်၍ တက်ကြွမှုနှင့် မျှော်လင့်မှုမရှိသည်ကို တွေ့ရ၏။
တဖက်ကလည်း TNLA နှင့် MNDAA သည် စစ်ရေးတိုက်ပွဲများ မဖော်သေးသော်လည်း တပ်များ တိုးချဲ့တည်ဆောက်ခြင်း၊ နယ်မြေ တိုးချဲ့တည်ဆောက်ခြင်းတို့ကို တစိုက်မတ်မတ် ပြုလုပ်နေရုံသည်ကို တွေ့ရ၏။ TNLA တပ်များသည် နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်မြို့များသို့ အတိအလင်း ဝင်ထွက်ရုံသာမက ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံနှင့်တကွ မြောက်ပိုင်းရှိ အဓိက ဆက်သွယ်ရေးလမ်းကြောင်းများတွင် ထိန်းချုပ်လှုပ်ရှားနေသကဲ့သို့ အခိုင်အမာစခန်းများလည်း တိုးချဲ့တည်ဆောက်နေ၏။
အလားတူပင် MNDAA သည် ကွတ်ခိုင်၊ တာမိုးညဲ၊ နန့်ဆလပ်၊ မုန်းကိုး၊ ဖောင်းဆိုင်ဒေသကို စိုးမိုးနိုင်ရန် အားထုတ်နေသကဲ့သို့ လားရှိုးမြို့အနီးသို့လည်း တိုးချဲ့ပြီး ၎င်း၏တပ်များ ချထားလာသည်ကို တွေ့ရ၏။ ထို့ပြင် ကိုးကန့်ဒေသတွင်း၌လည်း လောက်ကိုင်ဆီသို့ ဦးတည်ပြီး တပ်များကို တဖြည်းဖြည်း တိုးချဲ့ချထားသည်ကို တွေ့ရ၏။ ရှမ်းမြောက်ရှိ AA တပ်ရင်းတပ်ဖွဲ့များသည်လည်း TNLA, MNDAA တို့နှင့်အတူ အသံတိတ် လိုက်ပါလျက်ရှိ၏။
ထို့ပြင် ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီတပ်က တပ်များထုတ်နုတ်နေသည်ကို သူတို့ ကောင်းစွာသိကြ၏။ တရုတ်၏ဖိအား ရှိသော်လည်း စစ်ကောင်စီတပ်နှင့် သူတို့ကြား မည်သည့် သဘောတူညီချက်မှ မရှိပေ။ ဤအခြေအနေအောက်တွင် သူတို့သည် သူတို့၏ နိုင်ငံရေးရည်မှန်းချက် ပေါက်မြောက်အောင်မြင်နိုင်ရန် မည်သည့်အချိန် စစ်ပွဲစတင်မည်လဲဆိုသည်က အားလုံးစောင့်ကြည့်နေသည့် အချက်ဖြစ်၏။ ရမခ တွင် တပ်များ ထုတ်နုတ်သွားသည်ဆို သော်လည်း ရမခ တိုင်းတပ်များနှင့် တပ်မ၊ စကခ လေးခုကျော် ရှိသေးသည်။ ထိုအခြေအနေ အချိန်အခါအောက်တွင် အခွင့်အခါကောင်းကို စောင့်ဆိုင်းနေပုံရ၏။
အလားတူပင် ရခိုင်ပြည်နယ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းသာမက ရခိုင်တောင်ပိုင်းထိပါ AA ဩဇာနှင့် အုပ်ချုပ်ရေးအာဏာ ဖြန့်ကြက်နိုင်သည်။ ULA/AA ပြည်သူ့အာဏာပိုင်အဖွဲ့၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးနှင့် စင်ပြိုင်ဖြစ်နေပြီး စစ်ကောင်စီအား ခြိမ်းခြောက်နေရာ စစ်ကောင်စီက ဟန့်တားရန် ကြိုးစားနေသည်ကိုတွေ့ရ၏။
AA ထံသို့ ရိက္ခာနှင့်ဆေးဝါးများ မရောက်ရှိရန်အတွက် တားဆီးပိတ်ဆို့နေ၏။ မိုခါမုန်တိုင်းအလွန်ကာလ၌ လေဘေးဒုက္ခသည်များထံ ကူညီမည့် ကယ်ဆယ်ရေးပစ္စည်းများပင် အပို့မခံဘဲ စစ်ကောင်စီက တားဆီးထားသည်
AA ထံသို့ ရိက္ခာနှင့်ဆေးဝါးများ မရောက်ရှိရန်အတွက် တားဆီးပိတ်ဆို့နေ၏။ မိုခါမုန်တိုင်းအလွန်ကာလ၌ လေဘေးဒုက္ခသည်များထံ ကူညီမည့် ကယ်ဆယ်ရေးပစ္စည်းများပင် အပို့မခံဘဲ စစ်ကောင်စီက တားဆီးထားသည်ကို တွေ့ရ၏။ နိုင်ငံတကာအကူအညီများ ဝင်ခွင့်မပြုသည်ကို တွေ့ရ၏။
AA နှင့် စစ်ကောင်စီကြား အပစ်ရပ်သဘောတူညီချက်တွင် လူသားချင်းစာနာမှုဆိုင်ရာ သဘောတူညီချက်များဖြစ်သည့် ဖမ်းဆီးမှုများကို ရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသည့် ပြည်သူများကို ပြန်လည်လွှတ်ပေးရန်နှင့် ပိတ်ဆို့ထားသည့် လမ်းကြောင်းများ ပြန်လည်ဖွင့်ရန်တို့ ပါဝင်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ဆိုသည်။
သို့သော်လည်း စစ်ကောင်စီတပ်သည် ရခိုင်သို့ ကုန်ပစ္စည်းသယ်ဆောင်ရာတွင် နယ်စပ်လုံခြုံရေး လက်မှတ်ပါမှ သယ်ဆောင်ခွင့်ပြုခြင်း၊ ဖမ်းဆီးထားသူများအား ပြန်မလွှတ်ဘဲ ထောင်ဒဏ်ချမှတ်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရ၏။ မြန်မာစစ်တပ်၏ ကတိကဝတ်ဖောက်ဖျက်မှုကြောင့် ရခိုင်တွင် စစ်ရေးပဋိပက္ခများ ပြန်လည် ပေါ်ပေါက်နိုင်သည်ဟု ဦးခိုင်သုခက သတိပေးထားသည်ကို တွေ့ရ၏။
တကယ်တမ်းတွင် ရှမ်းမြောက်တွင်ရော၊ ရခိုင်တွင်ပါ စစ်ကောင်စီက အလျှော့အတင်းနှင့် ကစားနေ၏။ ရခိုင်တွင် စစ်ကောင်စီက အပစ်ရပ်ထားသော်လည်း တဖက်က စစ်ကောင်စီတပ်များအား လက်နက်၊ ရိက္ခာဖြည့်တင်းသည်။ ခံစစ်ပြင်သည်။ ရခိုင်မှ တပ်မ သုံးခုခန့် ထုတ်နုတ်သွားသော်လည်း နပခ တိုင်းတပ်နှင့် စကခ သုံးခုနှင့် တပ်မ တခုနီးပါး ရခိုင်တွင် ဖြန့်ခွဲထား၏။ တဖက်က ခံစစ်ပြင်သကဲ့သို့ AA နှင့် ပတ်သက်၍ ဖမ်းဆီးထားသူများကို ထောင်ချ၏။ ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ထား၏။ ထို့ပြင် လေဘေး ကယ်ဆယ်ရေး ခေါင်းစီးအောက်တွင် ကော်မတီများဖွဲ့၍ AA ထိန်းချုပ်ရာ ကျေးရွာများသို့ လူများစေလွှတ်၍ စည်းရုံးရန် ကြိုးစားနေ၏။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ရသေ့တောင်မြို့နယ်တွင်းရှိ AA ထိန်းချုပ်ရာ ကျေးရွာများသို့ စစ်ကောင်စီတပ်မှ လေဘေးကယ်ဆယ်ရေး ခေါင်းစဉ်ဖြင့် ရွာသားများနှင့် တွေ့ဆုံဆွေးနွေးမှုပြုရန် စစ်ယူနီဖောင်း အပြည့်အစုံနှင့် ဝင်ရောက်လာရာ AA က တားဆီးပြီး စစ်ယူနီဖောင်းဖြင့် အဝင်မခံသဖြင့် တင်းမာမှုဖြစ်ပွားသည်။ သေနတ်သံထွက်မည့် အခြေအနေဖြစ်သဖြင့် စစ်ကောင်စီတပ်မှ ပြန်ဆုတ်သွားပေးပြီး နောက်နေ့တွင် အရပ်ဝတ်နှင့် ပြန်လာသည်ဟု သိရ၏။
ရှမ်းမြောက်တွင်လည်း စစ်ကောင်စီတပ်သည် TNLA, MNDAA တို့နှင့် အပစ်ရပ်မထားသော်လည်း နားလည်မှုဖြင့် အပစ်ရပ်ထား၏။ သို့သော် တဖက်ကလည်း အလစ်အငိုက်ရလျှင်ဖြစ်စေ၊ ပိုင်သည်ဟု ယူဆလျှင်ဖြစ်စေ TNLA နှင့် ကိုးကန့် စခန်းများကို ဝင်ရောက် တိုက်ခိုက်လေ့ရှိသည်ကို တွေ့ရ၏။ သို့သော်လည်း စစ်ကောင်စီတပ်သာ အထိနာသွားလေ့ ရှိသည်။
စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းသုံးဖွဲ့
စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းသုံးဖွဲ့အခြေအနေမှာ လောလောဆယ် တိုက်ပွဲ မရှိသလောက်ဖြစ်၏။ စစ်ကောင်စီတပ်သည် မြောက်ပိုင်းသုံးဖွဲ့အား ရှမ်းမြောက်နှင့် ရခိုင်တို့တွင် ထိုးစစ်ဆင်ခြင်းမပြု၊ ခံစစ်ဆင်နေသည်။ တဖက်က တရုတ်ဖိအားနှင့် မြောက်ပိုင်းသုံးဖွဲ့ကလည်း အပစ်ရပ်နေသည်ဖြစ်ရာ ရှမ်းမြောက်နှင့် ရခိုင်မှ တပ်အင်အားများ မြန်မာစစ်တပ်က ထုတ်နုတ်၍ အခြားနေရာများတွင် အသုံးပြုခွင့်ရနေ၏။
မြောက်ပိုင်းသုံးဖွဲ့နှင့် တိုက်ပွဲမရှိခြင်းသည် မြန်မာစစ်တပ်အတွက် လှုပ်သာရှားသာရှိ၏။ အခြားဒေသများတွင် စစ်ဆင်ရေးပြုလုပ်ရန် တပ်ထုတ်နုတ်ခွင့်ရှိ၏။
သို့ဖြစ်ရာ မြောက်ပိုင်းသုံးဖွဲ့နှင့် တိုက်ပွဲမရှိခြင်းသည် မြန်မာစစ်တပ်အတွက် လှုပ်သာရှားသာရှိ၏။ အခြားဒေသများတွင် စစ်ဆင်ရေးပြုလုပ်ရန် တပ်ထုတ်နုတ်ခွင့်ရှိ၏။ ရှမ်းမြောက်မှ စကခ သုံးခု၊ ရခိုင်မှ တပ်မ သုံးခုခန့် ထုတ်နုတ်ခွင့်ရ၏။ စုစုပေါင်း တပ်မနှင့် စကခ ခြောက်ခုဖြစ်သည်။
ဤသို့ စစ်ကောင်စီတပ်အတွက် လှုပ်သာရှားသာ ရှိသွားသော်လည်း စစ်ကောင်စီအတွက်အား နည်းချက်များ ပေါ်လာသည်။ အဓိကအားနည်းချက်မှာ ထိုဒေသများတွင် စစ်ရေးအရ လက်ဦးမှု မဲ့သွားခြင်းဖြစ်၏။ ယခင်က ရှမ်းမြောက်နှင့်ရခိုင်တွင် စစ်ကောင်စီတပ်က စစ်အင်အား အလုံးအရင်းဖြည့်၍ တရစပ် ထိုးစစ်ဆင်နိုင်ခဲ့သည်။ စစ်ရေးအရ လက်ဦးမှုယူနိုင်ခဲ့၏။ ယခုမူ ထိုဒေသများတွင် စစ်ရေးလက်ဦးမှု ရယူနိုင်မှုကို လက်လွှတ်လိုက်ရပြီ ဖြစ်သည်။ ထိုဒေသများတွင် စစ်ကောင်စီတပ်က ခံစစ်ပြင်ပြီး မြောက်ပိုင်းသုံးဖွဲ့ တိုက်လာမည်အချိန်ကို ထိုင်စောင့်နေရ၏။
ရှမ်းမြောက်နှင့် ရခိုင်တွင် စစ်ရေးလက်ဦးမှုက မြောက်ပိုင်းသုံးဖွဲ့လက်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်၏။ မည်သည့်အချိန်၊ မည်သည့်နေရာကို စတိုက်မည်ဆိုသည့် ရွေးချယ်မှုကို မြောက်ပိုင်းသုံးဖွဲ့က ရွေးချယ်တော့မည် ဖြစ်၏။ ယခင်က မည်သည့်နေရာ၊ မည်သည့်အချိန် တိုက်မည်ကို စစ်တပ်က ရွေးချယ်ခဲ့သည်။ ယခုတော့ မြောက်ပိုင်းသုံးဖွဲ့ မည်သည့်အချိန်၊ မည်သည့်နေရာကို တိုက်မည်ကို စစ်ကောင်စီတပ်က ထိုင်စောင့်နေရသည့် အခြေသို့ ဆိုက်ရောက်နေပြီဖြစ်၏။
စစ်ကောင်စီတပ်သည် ဦးနင်း၍ ပဲ့ထောင်၊ ပဲ့နင်း၍ ဦးထောင်သည့် မနိုင်မနင်း အခြေအနေမျိုးသို့ ဆိုက်ရောက်ပေလိမ့်မည်။
စစ်ကောင်စီတပ်က ရှမ်းမြောက်နှင့် ရခိုင်ကို အပစ်ရပ်ထားနိုင်ရန်၊ အချိန်ဆွဲထားနိုင်ရန် ကြိုးစားနေသည်။ မည်မျှ အချိန်ဆွဲထားနိုင်မည်နည်း။ စစ်ကောင်စီတပ်သည် ရနိုင်သလောက်တော့ ကြိုးစားနေမည်မှာ သံသယရှိရန် မလိုပေ။ သို့သော် ၂၀၀၈ အခြေခံဥပဒေနှင့် အပစ်ရပ် NCA ကို အသေဆုပ်ကိုင်ထားသော စစ်ကောင်စီတပ်အတွက် နိုင်ငံရေးအရ ထွက်ပေါက်မရှိပေ။
ရှမ်းမြောက်နှင့် ရခိုင်ပြည်နယ်တွင် မြောက်ပိုင်းသုံးဖွဲ့၏ တိုက်ပွဲများ ပြန်လည်စတင်သည်နှင့် မြန်မာပြည် ပြည်တွင်းစစ်၏ ချိန်ခွင်လျှာ စတင် ပြောင်းလဲသွားပေလိမ့်မည်။ မြောက်ပိုင်းသုံးဖွဲ့၏ စစ်အင်အား ၄၅,၀၀၀ မှ ၅၀,၀၀၀ ခန့်ကြား စစ်ကောင်စီတပ်ကို တိုက်ခိုက်လာခြင်းသည် မြန်မာပြည် ပြည်တွင်းစစ်အတွက် အပြောင်းအလဲကြီးတခု ဖြစ်၏။
ဤသို့ စစ်မျက်နှာဖွင့်လာပါက ရှမ်းမြောက်နှင့် ရခိုင်က ထုတ်ယူထားသော တပ်မနှင့် စကခ ခြောက်ခုကို ပြန်လည်ထုတ်နုတ်၍ ရှမ်းမြောက်နှင့် ရခိုင်ကို ပို့ရမည်ဆိုပါက ကျန်ဒေသများကို မထိန်းနိုင်။ မထုတ်နုတ်ဘဲ ထားပါကလည်း ရှမ်းမြောက်နှင့် ရခိုင်ကို မထိန်းနိုင်တော့ဘဲ စစ်ကောင်စီတပ်သည် ဦးနင်း၍ ပဲ့ထောင်၊ ပဲ့နင်း၍ ဦးထောင်သည့် မနိုင်မနင်း အခြေအနေမျိုးသို့ ဆိုက်ရောက်ပေလိမ့်မည်။ ရှမ်းမြောက်နှင့် ရခိုင်ဒေသမှ တိုက်ပွဲခေါ်သံများကတော့ စတင်ကြားနေရပေပြီ။
(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
မြောက်ပိုင်းသုံးဖွဲ့လည်း တရုတ်ကို ကြောက်တာပဲလား
မြောက်ပိုင်းသုံးဖွဲ့နှင့် သုံးပွင့်ဆိုင်ဇာတ်လမ်း
စစ်ကောင်စီကြောင့် ပဋိပက္ခပြန်ဖြစ်နိုင်ကြောင်း AA သတိပေး
NUG၊ CRPH နှင့် PDF တို့ကို မကူညီရန် ဖိအားပေးမှု မြောက်ပိုင်းမဟာမိတ် လက်မခံ
နိုင်ငံတကာအနေဖြင့် မုန်တိုင်းသင့် ပြည်သူများကိုကူညီဖို့ နည်းလမ်းရှာသင့်ဟု AA ပြော