Federal Wings ဆိုသည့်တပ်ဖွဲ့နှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ်မှစ၍ လူများသတိပြုလာမိပြီး ယခု ၂၀၂၃ ခုနှစ်၊ နွေဦးတော်လှန်ရေး နှစ်နှစ်ကျော်ကာလတွင်တော့ လူတိုင်းသိသည့် ဒရုန်းတိုက်ခိုက်ရေးတပ်ဖွဲ့တခုဖြစ်လာပေပြီ။
အစောပိုင်းကာလက နည်းပညာဆိုင်ရာကိစ္စရပ်များကို လျှို့ဝှက်လို၍လည်းကောင်း၊ စမ်းသပ်ဆဲကာလ ဖြစ်၍လည်းကောင်း၊ ဘတ်ဂျက်ကုန်ကျငွေကို ဖြေရှင်းနိုင်သေး၍လည်းကောင်း၊ ယုံကြည်မှု တည်ဆောက်ဆဲကာလ ဖြစ်၍လည်းကောင်း Federal Wings သည် သူတို့တပ်ဖွဲ့နှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလခန့်မှစ၍ သူတို့တပ်ဖွဲ့နှင့်ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာသည်ကို တွေ့ရသည်။
Federal Wings သည် ဒရုန်းနည်းပညာကို အသုံးပြု၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် ခေတ်မီနည်းပညာဖြင့် ကြံစည်ဆောင်ရွက်ကြသည့် မျိုးဆက်သစ်လူငယ်များစွာထဲမှ ထွန်းပေါက်လာသည့် အဖွဲ့တဖွဲ့ဖြစ်၏။ အခက်အခဲများစွာ၊ ပေးဆပ်မှုများစွာကို ပေးဆပ်ကျော်လွှားပြီး အောင်မြင်မှုရလာသည့် နည်းပညာတပ်ဖွဲ့တခု ဖြစ်၏။ Federal Wings အား ကော်မတီဝင် ခြောက်ဦးဖြင့် ဖွဲ့စည်းထားပြီး ၎င်းတို့သည် ပြည်ပတွင် အလုပ်အကိုင်များ လုပ်ကိုင်ခဲ့ကြသည့် နည်းပညာရှင်များဖြစ်ကာ အမည်မဖော်ပြကြပေ။
Federal Wings သည် ဒရုန်းနည်းပညာကို အသုံးပြု၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် ခေတ်မီနည်းပညာဖြင့် ကြံစည်ဆောင်ရွက်ကြသည့် မျိုးဆက်သစ်လူငယ်များစွာထဲမှ ထွန်းပေါက်လာသည့် အဖွဲ့တဖွဲ့ဖြစ်၏။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကကအာဏာသိမ်းပြီးနောက် အနယ်နယ်အရပ်မှ ပြည်သူများက လက်သင့်မခံဘဲ ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။ စစ်တပ်၏ အကြမ်းဖက်မှုကြောင့် နောက်ဆုံး ရွေးချယ်စရာမရှိဘဲ လက်နက်ကိုင် တော်လှန်ကြရာတွင်လည်း လူထုလူတန်းစားအသီးသီး၊ လူ့အလွှာအသီးသီး၊ နယ်ပယ်အသီးသီးကသူများ ပါဝင်ခဲ့ကြရာ နည်းပညာဖြင့် တိုက်ပွဲဝင်လိုသည့် လူငယ်မျိုးဆက်သစ်အချို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်တဦးနှင့် ဆွေးနွေးတိုင်ပြီး ၂၀၂၁ ခုနှစ်၊ မေလတွင် ဒရုန်းစီမံကိန်းကို စတင်ခဲ့ကြ၏။
ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေထဲတွင် စမ်းသပ်မှုပြုလုပ်ခဲ့ကြရာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၄ ရက်နေ့တွင် စတင်ပျံသန်းနိုင်ခဲ့ပြီး Federal Wings ဟု အမည်ပေးခဲ့ကြ၏။ ပြည်သူများလိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီကို သယ်ဆောင်လာမည့် တောင်ပံများဟု မှည့်ခေါ်ခဲ့ကြ၏။ ထို့နောက် တိုက်ပွဲဝင်အဆင့်သို့ ဆက်လက်မြှင့်တင်ရန် ကြိုးစားနေဆဲ ၂၀၂၁ ခုနှစ်၊ ဒီဇင် ဘာလ ၁၆ ရက်နေ့ လေးကေ့ကော်တိုက်ပွဲ စတင်ပြီးနောက် Federal Wings တပ်ဖွဲ့ဝင်များလည်း ဆုတ်ခွာခဲ့ရ၏။
သို့နှင့် ဒရုန်းနည်းပညာကို စမ်းသပ်ရန် အတန်ငယ် တည်ငြိမ်သည့်နေရာတခုအတွက် ကြိုးစားခဲ့ကြရရာ KNU ခေါင်းဆောင်အချို့၏ အကူအညီများဖြင့် ကျော်လွှားခဲ့ကြရ၏။ ဒုတိယပြဿနာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင် EAO ရှိ တာဝန်ရှိခေါင်းဆောင်တချို့သည် လူငယ်များ၏ နည်းပညာစဉ်းစားမှုကို လက်ခံနိုင်မှု မရှိသေးပေ။ လူငယ်တို့၏ ကြိုးစားအားထုတ်မှု ဖြစ်နိုင်ခြေကို သံသယရှိခဲ့ကြ၏။ မျိုးဆက်ကွာခြားမှုကြားက ပြဿနာဖြစ်ပေသည်။
ဤသို့ တာဝန်ရှိလူကြီးအချို့၏ အားပေးမှုမရသော်လည်း အားပေးသူအချို့ကြောင့် Federal Wings လူငယ်များ ဆက်လက်ကြိုးစားခဲ့ကြ၏။
ထို့နောက် လက်တွေ့တိုက်ပွဲဝင်နိုင်သည်အထိ စမ်းသပ်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြရာ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် KNU တပ်မဟာ ၃ နှင့် တပ်မဟာ ၆ နယ်မြေတွင် စတင်တိုက်ပွဲဝင်နိုင်ခဲ့၏။ ပထမမျိုးဆက် ဒရုန်းများသည် ၈ ကီလိုခန့်အထိ ပျံသန်းနိုင်ပြီး ၈၁ မမ ဗုံးသီး ၃ လုံးအထိ သယ်ဆောင်နိုင်၏။ ဗုံးသီးမှာ ၆၀ မမ၊ ၈၁ မမ ဗုံးသီးများအပြင် လက်လုပ်ဗုံးသီးများလည်း အသုံးပြုခဲ့ကြ၏။ ရန်သူ့စခန်းများ၊ အမြောက်များ၊ ဘန်ကာကတုတ်များကို ကောင်းစွာ တိုက်ခိုက်လာနိုင်သည်။ ပစ်မှတ်များကိုလည်း ဂျီပီအက်စ်စနစ် အသုံးပြုပြီး နေ့နေ့ညည အသုံးပြုတိုက်ခိုက်၍ ရသဖြင့် ရန်သူ့စစ်တပ်ကို ကောင်းစွာ ခြိမ်းခြောက်နိုင်လာခဲ့၏။
Federal Wings သည် ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ဒရုန်းတိုက်ခိုက်မှု ၂၃၁ ကြိမ် ပြုလုပ်ခဲ့ပြီး စစ်မြေပြင်တွင် အသုံးတည့်ကာ ရန်သူကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ရာ ဒရုန်းနည်းပညာနှင့် Federal Wings သည် နွေဦးတော်လှန်ရေးတွင် နေရာတခုရလာခဲ့၏။
မူလက နွေဦးမျိုးဆက်သစ်များ၏ ဒရုန်းစစ်ဆင်ရေးများကို ကလေးကစားစရာအဆင့်တွေပါဟု အထင်မြင်သေးခဲ့ကြသော စစ်ကောင်စီတပ်သည် သူ၏ရှေ့တန်းစခန်းများ ဆက်တိုက်အတိုက်ခံရပြီး စစ်သားများ အထိအခိုက်များလာခြင်း၊ ဒရုန်းကို ကြောက်ရွံ့လာခြင်းတို့ ဖြစ်လာသည့်အခါ ဒရုန်းပစ်သေနတ်များ၊ ဒရုန်းဖြတ်စက်များ မှာယူတပ်ဆင်လာသည်ကို တွေ့ရ၏။ Federal Wings သည် ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ဒရုန်းတိုက်ခိုက်မှု ၂၃၁ ကြိမ် ပြုလုပ်ခဲ့ပြီး စစ်မြေပြင်တွင် အသုံးတည့်ကာ ရန်သူကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ရာ ဒရုန်းနည်းပညာနှင့် Federal Wings သည် နွေဦးတော်လှန်ရေးတွင် နေရာတခုရလာခဲ့၏။

Federal Wings အဖွဲ့၏ သတင်းများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလဆန်းတွင် တရားဝင်ထုတ်ပြန်ခဲ့၏။ အကန့်အသတ်နှင့် ထုတ်ပြန်ရသည့် အကြောင်းအချက်တခုမှာ ဘဏ္ဍာရေးကိစ္စဖြစ်၏။ ဒရုန်းထုတ်လုပ်တပ်ဆင်မှု၊ စမ်းသပ်မှုများကို Federal Wings ကော်မတီဝင်တဦးက ဒေါ်လာ ၁ သန်း စိုက်ထုတ် အကုန်အကျခံပြီး KNU တပ်မဟာ ၃ မှ လှူဒါန်းငွေ ဒေါ်လာ ၃ သောင်း ရရှိထားသည်။ တိုက်ပွဲဝင်သည်နှင့်တပြိုင်နက် ကုန်ကျစရိတ်က မြင့်တက်လာတော့မည်ဖြစ်၍ ပြည်သူထံချပြပြီး ဘဏ္ဍာရေးပြဿနာ ဖြေရှင်းရန်ဖြစ်၏။
ပြဿနာမှာ ဒရုန်းနှင့်ပတ်သက်၍လည်းကောင်း၊ Federal Wings နှင့်ပတ်သက်၍လည်းကောင်း NUG မှ ခေါင်းဆောင်အချို့က လက်ခံနိုင်ကြသော်လည်း အချို့က လက်မခံနိုင်ကြသေးရာ NUG မှ ထောက်ပံ့ငွေ မရသေးပေ။ သို့ရာတွင် စတင် တိုက်ပွဲဝင်လာသည်နှင့် ဒရုန်းထုတ်လုပ်မှု၊ ပြုပြင်စရိတ်၊ ထိန်းသိမ်းစရိတ်၊ မောင်းနှင်စရိတ်တို့အပြင် ဗုံးသီးများ၏ တန်ဖိုးစရိတ်များသည်လည်း များပြားလာ၏။
သို့နှင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှစ၍ လူထုအားချပြပြီး ရန်ပုံငွေရှာခဲ့ကြရာ နှစ်လအတွင်း အလှူငွေ ဒေါ်လာ ၂ သိန်းကျော် ရခဲ့၏။ ထို့နောက် ဒရုန်းတိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်ခဲ့ကြရာ ရန်သူကို ကောင်းစွာ တိုက်ခိုက်နိုင်သော်လည်း NUG ၏ ကွပ်ကဲမှုအောက်တွင်လည်း မရှိသေးသဖြင့် အချို့၏ အမြင်မကြည်လင်မှုကို ခံခဲ့ရသည်ဟု ဆိုသည်။
Federal Wings သည် ၂၀၂၁ မေလမှ စတင်စုဖွဲ့ခဲ့ကြပြီး ခြောက်လခန့်အကြာတွင် စတင် စမ်းသပ်ပျံသန်းနိုင်ခဲ့၏။ တနှစ်ခန့်အကြာတွင် စတင်တိုက်ပွဲဝင်နိုင်ခဲ့၏။ သို့သော် စတင်ဖွဲ့စည်းပြီး နှစ်နှစ်အကြာ၊ စတင်တိုက်ပွဲဝင်ပြီး တနှစ်ခန့်အကြာမှ NUG ၏ အထောက်အပံ့နှင့် တရားဝင်အသိအမှတ်ပြုမှု ရခဲ့သည်ကို တွေ့ရ၏။ ဤ နှစ်နှစ်အတွင်း ဆွေးနွေးမှုများ ရှိခဲ့သော်လည်း အောင်မြင်မှုမရပေ။ သို့သော် ပြီးခဲ့သည် နှစ်နှစ်အတွင်း လက်တွေ့မြေပြင်ရလဒ်များကြောင့် NUG နှင့် EAO မှ လူကြီးအချို့သည်လည်း လူငယ်များ၏ စိတ်ကူးနှင့်နည်းပညာကို လက်ခံလာကြရတော့သည်။
စတင်ဖွဲ့စည်းပြီး နှစ်နှစ်အကြာ၊ စတင်တိုက်ပွဲဝင်ပြီး တနှစ်ခန့်အကြာမှ NUG ၏ အထောက်အပံ့နှင့် တရားဝင်အသိအမှတ်ပြုမှု ရခဲ့သည်
၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတို့နှင့် Federal Wings တို့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့က ဆွေးနွေးသဘောတူညီချက်များ ရရှိသည်ကို တွေ့ရ၏။
Federal Wings ၏ နည်းပညာဆိုင်ရာလုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရန်ပုံငွေရရှိရေးလုပ်ငန်းများ၊ ပစ္စည်းရွေးချယ်ဝယ်ယူခြင်း လုပ်ငန်းများအား ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ ဆက်လက် ဆောင်ရွက်မည်။ Federal Wings ၏ မြေပြင်တပ်ဖွဲ့ဝင်အချို့အား ထုတ်နုတ်၍ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် ၁၈၀၁ ဒရုန်းတပ်ဖွဲ့အဖြစ် ဖွဲ့စည်းပြီး ကွပ်ကဲမှုအဆင့်ဆင့် ခံယူမည်။ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် Federal Wings ၏ ဒရုန်း ထုတ်လုပ်တပ်ဆင်မှုများအတွက် လိုအပ်သည့်ဘဏ္ဍာငွေများကို အားဖြည့်ကူညီသွားမည်ဟူ၍ သဘောတူညီချက်များရခဲ့ပြီး Federal Wings ၏ တိုက်ပွဲဝင်မှုများကို ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်များတွင် သာမက စစ်ကိုင်းတိုင်းတွင်ပါ တွေ့မြင်လာရ၏။ ၂၀၂၃ ခုနှစ် ပထမ ခြောက်လအတွင်း Federal Wings ၏ တိုက်ခိုက်မှု ၂၈၁ ကြိမ်အထိ တိုက်ခိုက်လာနိုင်သည်ကို တွေ့ရ၏။
Federal Wings တပ်ဖွဲ့၏ တိုက်ခိုက်မှုများကို စစ်မြေပြင်သတင်းများတွင် တွေ့ရသကဲ့သို့ သူတို့၏ အခြေအနေများကိုလည်း သူတို့၏ လူမှုကွန်ရက်စာမျက်နှာ၊ သတင်းမီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်းများတွင် တွေ့ရ၏။
နွေဦးသင်ခန်းစာများ
ဤတပ်ဖွဲ့ ဖြစ်စဉ်မှ နွေဦးတော်လှန်ရေးအတွက် သင်ခန်းစာ ယူစရာများတွေ့ရ၏။ Federal Wings သည် မူလက နိုင်ငံရေး အသွေးအရောင်မရှိသည့် ပညာရှင်နယ်ပယ်မှ ဖြစ်ကြပြီး စစ်တပ်အာဏာသိမ်းပြီးနောက် မတရားမှုကို လက်ပိုက်ကြည့်မနေနိုင်၍ တတ်နိုင်သည့်ဖက်မှ လက်နက်ကိုင်တိုက်ပွဲကို ပါဝင်ခဲ့သည့် အင်အားစုများအနက်မှ အဖွဲ့တခုဖြစ်၏။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တပြည်လုံးအတိုင်းအတာဖြင့် လက်နက်ကိုင် တော်လှန်ပုန်ကန်ကြသည့် နွေဦးတော်လှန်ရေးသည် ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)၊ အလံနီပါတီ၊ ပြည်သူ့ရဲဘော်၊ ပါလီမန်ဒီမိုကရေစီပါတီ စသည့်တို့ကဲ့သို့ နိုင်ငံရေးပါတီ အဖွဲ့အစည်း တခုချင်းစီက ဦးစီးပြုလုပ်သည့် လက်နက်ကိုင်တော်လှန်ရေးနှင့် ကွာခြားသည်။
ထို့ပြင် လူမျိုးတမျိုးချင်း တော်လှန်ပုန်ကန်ကြသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးများနှင့်လည်း ကွာခြား၏။ လက်ရှိ နွေဦးတော်လှန်ရေးတွင် ပြည်မမှ နိုင်ငံရေးပါတီအသီးသီး၊ နိုင်ငံရေးအမြင်အယူအဆရှိသူ အသီးသီး ပါဝင်ခဲ့ကြသကဲ့သို့ လူတန်းစား၊ လူ့အလွှာအသီးသီးမှ နိုင်ငံရေးအသွေးရောင် မရှိသူများ၊ နိုင်ငံရေးပါတီတခုခုကို ထောက်ခံခဲ့ခြင်း မရှိသူများလည်း ပါဝင်ကြ၏။ ထို့ပြင် တိုင်းရင်းသားလူမျိုး အသီးသီးလည်း ကိုယ့်နယ်နှင့်ကိုယ် ပါဝင်ခဲ့ကြသည်။
နွေဦးတော်လှန်ရေး၏ အားသာချက်ကို ပြောရလျှင် လက်နက်ကိုင်ပုန်ကန်မှုများသည် တပြည်လုံးအနှံ့အပြားတွင် ပေါ်ပေါက်လာသကဲ့သို့ တဖက်တွင်လည်း ထိုအင်အားစုများသည် တစုတစည်းတည်းမရှိဘဲ တကွဲတပြားစီ ရှိနေကြသည်မှာလည်း အားနည်းချက်ဖြစ်၏။
ဤထူးခြားချက်ကြောင့် နွေဦးတော်လှန်ရေး၏ အားသာချက်ကို ပြောရလျှင် လက်နက်ကိုင်ပုန်ကန်မှုများသည် တပြည်လုံးအနှံ့အပြားတွင် ပေါ်ပေါက်လာသကဲ့သို့ တဖက်တွင်လည်း ထိုအင်အားစုများသည် တစုတစည်းတည်းမရှိဘဲ တကွဲတပြားစီ ရှိနေကြသည်မှာလည်း အားနည်းချက်ဖြစ်၏။ ဤအချက်သည် ငြင်းပယ်၍မရသော လက်တွေ့ကျသည့် အချက်ဖြစ်၏။
တော်လှန်ရေးအင်အားစုများ စုစည်းရေး
NUG ၏ တာဝန်တခုမှာ ထိုသို့ပြန့်ကြဲနေသည့် တော်လှန်ရေးအင်အားစုများကို စုစည်းရန်ဖြစ်၏။ NUG သည် ပါတီတခု၊ အဖွဲ့အစည်းတခု၏ အစိုးရမဟုတ်ပေ။ ၂၀၁၅ နှင့် ၂၀၂၀ ကြား ရပ်တည်ခဲ့သော NLD အစိုးရနှင့်လည်း ကွာခြား၏။ NUG သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပါတီပေါင်းစုံ၊ လူမျိုးပေါင်စုံ၊ အဖွဲ့အစည်းပေါင်းစုံ၊ လူပုဂ္ဂိုလ်ပေါင်းစုံပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ညွန့်ပေါင်းအစိုးရဖြစ်၏။ စစ်အာဏာရှင်ကို ဆန့်ကျင်သည့် အဖွဲ့အစည်းပေါင်းစုံ၊ လူ့အလွှာပေါင်းစုံကို စည်းရုံးစုစည်းရန် လိုသည်။ သိမ်းသွင်းရန် လို၏။
ဤနေရာတွင် NUG ခေါင်းဆောင်များအနေနှင့် ဗကပတို့ အမှားမျိုး ထပ်မံမမှားရန် လိုအပ်သည်။ ဗကပ တို့ခေတ်ကာလက မြန်မာစစ်တပ်အား ဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုများကို သိမ်းသွင်းရန်အတွက် တပ်ပေါင်းစုဖွဲ့စည်းရာ၌ ဗကပ တို့၏အမှားမှာ တပ်ပေါင်းစုတွင် ဗကပ၏ ခေါင်းဆောင်မှုကို ခံယူလျှင် တော်လှန်သည်။ ဗကပ ခေါင်းဆောင်မှုကို မခံယူလျှင် ဖောက်ပြန်သည်ဟူ၍ ဖြစ်၏။
တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်အင်အားစုများစုဖွဲ့ရာတွင် ဗကပ ခေါင်းဆောင်မှုခံယူရေးကို ဦးစားပေး တောင်းဆိုလေ့ရှိ၏။ သို့ဖြစ်ရာ မြောက်ပိုင်းရှိ တိုင်းရင်းသားအဖွဲ့အချို့က လက်နက်ခဲယမ်းမီးကျောက် ရရှိရေးအတွက် ဗကပ နှင့် ပူးပေါင်းခဲ့ကြပြီး ဗကပ ခေါင်းဆောင်မှုကို ခံယူခဲ့ကြသော်လည်း တောင်ပိုင်းရှိ KNU နှင့် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) အဖွဲ့ဝင်များသည် ဗကပ ခေါင်းဆောင်မှုကို မခံယူခဲ့ကြ၊ မပူးပေါင်းခဲ့ကြပေ။
ဗကပ သည် တော်လှန်ရေးအင်အားစုများကို မိမိဘက် ပါဝင်စေရန် ပျော့ပြောင်းစွာ သိမ်းသွင်းရမည်ထက်၊ မဟာမိတ်များ စုဖွဲ့နိုင်ရေးကို ဦးစားပေးရမည်ထက် သူ၏ ခေါင်းဆောင်မှုကို အတင်းနာခံခိုင်းရင်း တော်လှန်ရေးအင်အားစုများကို သိမ်းသွင်းနိုင်ခြင်း မရှိခဲ့ပေ။ NUG အနေနှင့် ဗကပ တို့၏ အမှားမျိုး ထပ်မမှားရန် လိုအပ်သည်။
ထို့ပြင် လက်ရှိ NUG တွင် ပြည်မကိုယ်စားပြုအနေနှင့် NLD က အဓိကနေရာယူထား၏။ NLD ခေါင်းဆောင်များသည် မူလရှိပြီးသား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်ဖြစ်စေ၊ နွေဦးတော်လှန်ရေးမှာမှ ပေါ်လာသည့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပူးပေါင်းရန်၊ တပ်ပေါင်းစုဖွဲ့ရန် မူအရဖြစ်စေ၊ လက်တွေ့အရ ဖြစ်စေ ငြင်းပယ်ရန် မဖြစ်သည့်အောက်တွင် အသိမှတ်ပြုထားကြ၊ တပ်ပေါင်းစုဖွဲ့ထားကြ၏။

သို့သော် ပြည်မဒီမိုကရက်တစ် အင်အားစုများကြားတွင်မူ NLD သည် အများစုကို ကိုယ်စားပြုသည်ဆိုသည့် မူဝါဒကို ကိုင်စွဲထားပြီး ပြည်မရှိ မတူသောအင်အားစုများကို စည်းရုံးသိမ်းသွင်းရန်ထက် NLD ခေါင်းဆောင်မှုကို နာခံစေလိုသည်က ပိုအားသန်သည်ကို တွေ့ရ၏။ တကယ်တမ်း လက်တွေ့တွင် ပြည်မ၌ လက်နက်ကိုင် တိုက်ပွဲဝင်နေကြသူများထဲတွင် NLD မဟုတ်သူများ များစွာပါဝင်၏။ Federal Wings သည် ထိုထဲမှ အဖွဲ့တခုဖြစ်၏။ People’s Revolution Alliance (PRA) မကွေး၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)၊ SAF စသည့် သီးခြားအမည်ဖြင့် ရပ်တည်ကြသည့်အဖွဲ့များရှိသကဲ့သို့ ပြည်မရှိဒေသခံ ပကဖ အဖွဲ့များတွင်လည်း NLD မဟုတ်သူများ ခေါင်းဆောင်ကြသည့် အဖွဲ့များစွာ ရှိသည်ကို တွေ့ရ၏။
ထိုအင်အားစုများကို စည်းရုံးသိမ်းသွင်းရန် NUG နှင့် NLD တွင် တာဝန်ရှိ၏။ NUG ခေါင်းဆောင်မှုကို မနာခံ၍ တစင်ထောင်သူများအဖြစ် စွပ်စွဲပြီး တွန်းထုတ်လျှင် ဗကပတို့ ကျူးလွန်ခဲ့သည့် အမှားမျိုး ထပ်မံကျူးလွန်ရာ ရောက်ပေလိမ့်မည်။
တကယ်တမ်း လက်တွေ့တွင် လက်နက်ကိုင် တိုက်ပွဲဝင်နေကြသူများထဲတွင် NLD မဟုတ်သူများ များစွာပါဝင်၏။ Federal Wings သည် ထိုထဲမှ အဖွဲ့တခုဖြစ်၏။
သို့ဖြစ်ရာ လက်ရှိ နွေဦးတော်လှန်ရေးသည် လူထုလူတန်းစား လူ့အလွှာအသီးသီး ပါဝင်ကြသည့် တော်လှန်ရေးဖြစ်၏။ သို့သော်လည်း အားလုံးသည် တစုတစည်းမဖြစ်ကြ။ ထိုအင်အားစုများကို တစုတစည်းတည်း စုစည်းသိမ်းသွင်းနိုင်ရေးသည် စစ်အာဏာရှင် တိုက်ခိုက်ရေးအတွက် အရေးကြီးသည့် အခြေခံအချက်ဖြစ်၏။ ထိုသို့စည်းရုံးသိမ်းသွင်းရာတွင် အမျှော်အမြင်ရှိရန်၊ သဘောထားကြီးရန်၊ အချိန်ပေးရန် လိုအပ်၏။ NUG ခေါင်း ဆောင်မှုကို နာခံလျှင် တော်လှန်ပြီး မနာခံလျှင် ဖောက်ပြန်သည်ဟူသည့် ဗကပ အမှားမျိုး ထပ်မံမကျူးလွန်ရန် လိုအပ်၏။ ထိုသို့သော အင်အားစုများအား မဟာမိတ်ဖွဲ့စည်းရေး၊ စုစည်းရေးဆိုရာတွင် တိုင်းရင်းသား အင်အားစုများသာမက၊ ပြည်မဒီမိုကရက်တစ် အင်အားစုများကိုပါ စုစည်းရန်လိုသည်။
တဖက်ကကြည့်လျှင်လည်း ထိုသို့ စုစည်းနိုင်ရေးဆိုသည်မှာ လွယ်ကူလှသည့် လုပ်ငန်းတခုတော့ မဟုတ်ပေ။ ခေါင်းဆောင် စုစည်းလိုသူများသည် အမျှော်အမြင်ကြီးမားရန် လို၏။ စိတ်ရှည်သည်းခံရန် လို၏။ မတူညီသော ဖြတ်သန်းမှု၊ စဉ်းစားမှုရှိကြသူများ၊ မတူကွဲပြားသည့် နိုင်ငံရေးအမြင်ရှိသူများအား ဘုံရည်မှန်းချက် တခုအောက်တွင် စုစည်းနိုင်ရေးဆိုသည်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။ နိုင်ငံရေးရည်မှန်းချက် ကြီးမားစွာထားကြသည့်၊ နွေဦးတော်လှန်ရေးအား ဦးစီးဦးရွက်ပြုရန် ရည်ရွယ်သည့် NUG ကဲ့သို့ အဖွဲ့အစည်းအနေနှင့် မုချ ထမ်းဆောင်ရမည့်တာဝန် ဖြစ်သကဲ့သို့ မုချရင်ဆိုင်ကျော်လွှားရမည့် စိန်ခေါ်မှုတရပ်လည်း ဖြစ်၏။
နှစ်နှစ်ခန့်ကြာမှ Federal Wings အင်အားစုအချို့အား NUG လက်အောက်ခံ တပ်ရင်းတရင်းအဖြစ် ဖွဲ့စည်းလာနိုင်ခြင်း၊ နှစ်နှစ်ခန့်အတွင်း အကြိမ်ကြိမ်ဆွေးနွေးခဲ့ရ၊ ကွဲလွဲခဲ့ကြ၊ ညှိနှိုင်းခဲ့ကြရခြင်းများသည် နွေဦတော်လှန်ရေး၏ တန်ဖိုးရှိသော အတွေ့အကြုံတခု၊ သင်ခန်းစာတခု ဖြစ်၏။
မျိုးဆက်သစ်များနှင့် နည်းပညာသစ်များ
နွေဦးတော်လှန်ရေးတွင် တွေ့ရသည့် နောက်ထပ် သင်ခန်းစာတခုမှာ မျိုးဆက်သစ်လူငယ်များ ပါဝင်လာမှုအတူ သူတို့နှင့်အတူပါလာသည့် စဉ်းစားမှုအသစ်များ၊ နည်းပညာအသစ်များဖြစ်၏။ NUG နှင့် အစဉ်အလာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတွင် ဝါရင့်အတွေ့အကြုံရှိသည့် သက်ကြီးပိုင်းများ ဦးဆောင်ဦးရွက် ပြုကြသည်။
ဝါရင့်သက်ကြီးပုဂ္ဂိုလ်များတွင် ကြွယ်ဝသော အတွေ့အကြုံများရှိသကဲ့သို့ လူငယ်မျိုးဆက်သစ်များတွင်လည်း မတူသည့် စဉ်းစားမှုများ၊ သက်ကြီးပုဂ္ဂိုလ်များ အကျွမ်းတဝင်မရှိသည့် နည်းပညာများသည်လည်း မျိုးဆက်သစ်လူငယ်များနှင့်အတူ နွေဦးတော်လှန်ရေးတွင်းသို့ ရောက်ရှိလာခဲ့၏။ ယခင်ခေတ်ကာလထက် နည်းပညာအပြောင်းအလဲ ကွာဟမှု ကြီးမားမြန်ဆန်သည့် ယနေ့ခေတ် ကာလလတွင် အထူးသတိပြုရမည့် အချက်ဖြစ်၏။ ယနေ့ကာလ မျိုးဆက်သစ်လူငယ်များ အကျွမ်းတဝင်ရှိသည့် နည်းပညာပိုင်းနှင့် အသက် ၆၀ အထက် လူကြီးများ နားလည်ခဲ့သည့် နည်းပညာပိုင်း ကွာဟချက် ကြီးမားသည်။
အင်တာနက်တွင် ကလစ်၍ ရန်ပုံငွေရှာ၍ရသည်ဆိုသည်မှာ မျိုးဆက်သစ်လူငယ်များ သယ်ဆောင်လာသည့် နည်းပညာဖြစ်သည်။ လူကြီးပိုင်းအတွက် ယုံရခက်ကြီးဖြစ်၏။
အင်တာနက်တွင် ကလစ်၍ ရန်ပုံငွေရှာ၍ရသည်ဆိုသည်မှာ မျိုးဆက်သစ်လူငယ်များ သယ်ဆောင်လာသည့် နည်းပညာဖြစ်သည်။ လူကြီးပိုင်းအတွက် ယုံရခက်ကြီးဖြစ်၏။ သို့သော် အချိန်တိုအတွင်း ငွေသိန်းရာချီ၊ ထောင်ချီ၍ ရှာနိုင်သဖြင့် လူကြီးပိုင်းက မြန်မြန်ဆန်ဆန် လက်ခံနိုင်ခဲ့ကြ၏။

Federal Wings ကဲ့သို့ ဒရုန်းစစ်ဆင်ရေးအတွက်မူ လက်တွေ့ရလဒ်သည် ကလစ်၍ ရံပုံငွေရှာသလောက် လွယ်ကူမြန်ဆန်မှု မရှိပေ။ စမ်းသပ်ရန် အချိန်ကာလ လိုသည်။ စမ်းသပ်ရန် လုံခြုံသည့်နေရာ လိုသည်။ အချိန်များစွာပေးရန် လိုအပ်၏။ မြန်မာပြည်တွင် ဓာတ်ပုံရိုက်သည့် ဒရုန်းလောက်သာ ထိတွေ့ဖူးသည့် လူကြီးပိုင်းများအဖို့ ဒရုန်းစစ်ဆင်ရေးဆိုသည်ကို အလွယ်တကူ လက်မခံနိုင်။ ကလေးကစားစရာဟု ထင်နေကြ၏။ လူငယ်တွေ စိတ်ကူးယဉ်နေကြသည်ဟု ထင်ကြ၏။ လူငယ်များ၏ လုပ်နိုင်စွမ်း၊ နည်းပညာစွမ်းကို လျှော့တွက်သည်လည်း ပါသည်။
ဒရုန်းနှင့် တိုက်ပွဲဝင်ဖို့ ကြိုးစားနေကြသည့် လူငယ်များအတွက်လည်း နည်းပညာစိန်ခေါ်ချက် များစွာကို ကျော်ဖြတ်ရ၏။ မည်မျှ မြင့်မြင့် ပျံသန်းနိုင်သနည်း။ မည်မျှ ဝေးဝေးပျံသန်းနိုင်သနည်း။ အလေးချိန်မည်မျှ၊ ဗုံးသီးမည်မျှ သယ်ဆောင်နိုင်သနည်း။ ပစ်မှတ်ကို မည်မျှ တိကျအောင် ပစ်ခတ်နိုင်သနည်း၊ စစ်ကောင်စီတပ်၏ ဖြတ်တောက်မှုများကို မည်မျှ ကျော်လွှားနိုင်သနည်း စသည့် နည်းပညာပြဿနာများကို ဖြေရှင်း ကျော်လွှားကြရ၏။
တဆင့်ပြီးတဆင့် ကျော်လွှားရင်း မီတာ ၈၀၀ အမြင့်မှ ပျံသန်းနိုင်ရာက ထိုထက်များစွာမြင့်သည့် အမြင့်အထိ ပျံသန်းလာနိုင်၏။ အဝေးဆုံး ၁၀ ကီလိုမီတာအထိ ပျံသန်းနိုင်ခဲ့ရာမှ ပြည်နယ်တခုမှ အခြားပြည်နယ်တခု၊ တိုင်းတခုအထိ ပျံသန်းလာနိုင်သည်။ ၈၁ မမ ဗုံးသီး နှစ်လုံး သယ်ဆောင်နိုင်ရာမှ ၈၁ မမ ဗုံးသီး ရှစ်လုံးအထိ သယ်ဆောင်လာနိုင်၏။
ပစ်မှတ်ကိုလည်း ဂျီပီအက်စ်အတိုင်း တိတိကျကျ ပစ်ခတ်လာနိုင်၏။ ယခင်က အထင်မကြီးခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ လူကြီးပိုင်းများပင်လျှင် အသိမှတ်ပြုလာရ၏။ ၈၁ မမ ဗုံးသီး ရှစ်လုံးခန့် သယ်ဆောင်နိုင်ပြီး ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သော ဒရုန်းတစင်းသည် ရန်သူ၏ ခံစစ်စခန်း၊ အမြောက်စခန်းများကို ကောင်းစွာ ခြိမ်းခြောက်လာနိုင်ပြီ ဖြစ်၏။ ၈၁ မမ မော်တာတလက်ထက် ပို၍ကောင်းသော စွမ်းဆောင်ချက်ဖြစ်၏။ NUG ခေါင်းဆောင်ပိုင်းထဲမှ မဆိုထားနှင့် EAO များသည်ပင် ဒရုန်း၏ တိုက်ခိုက်နိုင်စွမ်းကို အသိအမှတ်ပြုလာရပြီ ဖြစ်၏။
ရသည့်သင်ခန်းစာမှာ နည်းပညာအပြောင်းအလဲ များနေသည့်ကာလတွင် ခေါင်းဆောင်မှုနေရာ၊ အဆုံးအဖြတ်နေရာ ရယူထားကြသည့်လူကြီးများအနေနှင့် လူငယ်မျိုးဆက်သစ်များ၏ စဉ်းစားမှုအသစ်နှင့် နည်းပညာသစ်များကို အလေးထားရန် လိုအပ်၏။
ဤမှ ရသည့်သင်ခန်းစာမှာ နည်းပညာအပြောင်းအလဲ များနေသည့်ကာလတွင် ခေါင်းဆောင်မှုနေရာ၊ အဆုံးအဖြတ်နေရာ ရယူထားကြသည့်လူကြီးများအနေနှင့် လူငယ်မျိုးဆက်သစ်များ၏ စဉ်းစားမှုအသစ်နှင့် နည်းပညာသစ်များကို အလေးထားရန် လိုအပ်၏။
လူငယ်မျိုးဆက်သစ်များအနေနှင့် မိမိတို့၏ စဉ်းစားမှုအသစ်များ၊ နည်းပညာအသစ်များကို လက်တွေ့ပြသနိုင်အောင် ကြိုးပမ်းကြရန် လိုအပ်သကဲ့သို့ လူကြီးများအနေနှင့်လည်း လူငယ်များ လက်တွေ့ပြသနိုင်သည့် အချိန်မတိုင်မီကတည်းက လူငယ်များကို နားလည်မှုပေးရန်၊ အားပေးရန် လိုအပ်သည်။ နွေဦးတော်လှန်ရေး၊ လက်နက်ကိုင်တော်လှန်ရေးတွင် လူငယ်တို့၏ စဉ်းစားမှုအသစ်၊ နည်းပညာအသစ်များကို သယ်ဆောင်လာသည်ကို ကြိုဆိုကြရန် အားပေးကြရန်လိုအပ်၏။
နွေဦးတော်လှန်ရေး နှစ်နှစ်ကျော်ကာလအတွင်း အတွေ့အကြုံများစွာ ရခဲ့ပြီဖြစ်သကဲ့သို့ ထိုအတွေ့အကြုံများကို ကောင်းစွာသုံးသပ်ပြီး သင်ခန်းစာထုတ်ယူကြရန် လိုအပ်သည်။ ထိုသင်ခန်းစာများသည် ဘဝနှင့်ရင်း၍ ရသည့် နွေဦးသင်ခန်းစာများ ဖြစ်၏။
You may also like these stories:
စစ်ကောင်စီတပ်က ကြောက်နေရတဲ့ ဒရုန်းတိုက်ခိုက်မှုများ
ခုခံရေးအင်အားစုများ လက်နက်ထုတ်လုပ်ရာတွင် ပိုမိုတီထွင်ဆန်းသစ်လာ
စစ်ကောင်စီ၏ အရှုံး နိဒါန်းပျိုးပြီလား
PDF တွေကို လက်နက် မပေးဖို့ UWSP ကို စစ်ကောင်စီ ပြော
စစ်ရေးအရှိန်မြှင့်မည်ဟု NUG ယာယီသမ္မတပြော
လက်နက်လိုအပ်နေကြောင်း ခုခံရေးအင်အားစုများက NUG ကိုပြော