ကမ္ဘောဒီးယား၏ ရာထူးသက်တမ်းရှည်သော ဝန်ကြီးချုပ် ဟွန်ဆန်က သူ၏သား ဟွန်မနက်ထံ အာဏာလွှဲ ပြောင်းပေးမည်ဖြစ်ကြောင်း လွန်ခဲ့သောအပတ်က ကြေညာလိုက်သောကြောင့် ဆယ်စုနှစ် ၄၀ နီးပါးကြာပြီး ပဒေသရာဇ်ဆန်သည်ဟု ဝေဖန်ခံရသည့် အုပ်ချုပ်ရေး အဆုံးသတ်တော့မည် ဖြစ်သည်။
ဟွန်ဆန်၏ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) ပြိုင်ဘက်လုံးဝ မရှိသလောက်ဖြစ်သော အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရပြီး ရက်ပိုင်းအတွင်း အထက်ပါအတိုင်း ကြေညာခြင်းဖြစ်သည်။
ဟွန်ဆန်၏ ဝန်ကြီးချုပ်လောင်း အသက် ၄၅ နှစ်အရွယ် သားအကြောင်း အောက်တွင် ဖော်ပြလိုက်ပါသည်။
ဟွန်မနက် မည်သူနည်း
ဟွန်ဆန်၏ သားသမီး ၅ ဦးတွင် အကြီးဆုံးဖြစ်သော ဟွန်မနက်ကို ၁၉၇၇ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် မွေးဖွားသည်။
သူ့ကိုမွေးဖွားခြင်းနှင့် ပတ်သက်ပြီး ညောင်ပင်တွင် သားဆုပန်ရာမှ ဟွန်မနက်ကို ဖွားမြင်သည်ဟု သူ၏ဖခင်က ကဗျာဆန်ဆန် ဖော်ပြသည်။
သူသည် ထင်ရှားသော ကမ္ဘောဒီးယား နိုင်ငံရေးသမားတဦး၏ သမီး ပစ် ချန်မိုနီနှင့် အိမ်ထောင်ကျပြီး ၎င်းတို့တွင် ကလေး သုံးဦး ရှိသည်။
အနောက်တိုင်း ပညာရေး
ဟွန်မနက်သည် ဖနွမ်ပင်တွင် လူလားမြောက်ပြီးနောက် ၁၉၉၅ ခုနှစ်တွင် ကမ္ဘောဒီးယားစစ်တပ်သို့ ဝင်ရောက်သော်လည်း သူ၏ အဆင့်မြင့်ပညာရေး အများစုကို အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်တွင် ဆည်းပူးသည်။
သူသည် ၁၉၉၉ ခုနှစ်တွင် အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ်မှ ဘွဲ့ရသည့် ပထမဆုံး ကမ္ဘောဒီးယား နိုင်ငံသား ဖြစ်သည်။
၂၀၀၂ ခုနှစ်တွင် နယူးယောက်တက္ကသိုလ်မှ စီးပွားရေးမဟာဘွဲ့ရပြီး ၂၀၀၈ ခုနှစ်တွင် ဘရစ်စတိုတက္ကသိုလ်မှ စီးပွားရေး ပါရဂူဘွဲ့ ရသည်။
စစ်ဘက်နှင့် နိုင်ငံရေးဘဝ
ဟွန်မနက်သည် တော်ဝင်ကမ္ဘောဒီးယား လက်နက်ကိုင်တပ်တွင် သူ့ဖခင်၏ ကိုယ်ရံတော်တပ် ဒုတပ်မှူး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးတပ်မှူး၊ ကြည်းတပ် တပ်မှူးနှင့် ဒုတိယ စစ်ဦးစီးချုပ် ရာထူးများ အပါအဝင် ရာထူးအဆင့်ဆင့် တက်လာသည်။
သူသည် အာဏာရ CPP ၏ လူငယ်အဖွဲ့အစည်း ခေါင်းဆောင်ဖြစ်ပြီး အမြဲတမ်း ကော်မတီအဖွဲ့ဝင် ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဟွန်ဆန်က သူ့ကို ခေါင်းဆောင် ဆက်ခံမည့်သူအဖြစ် သားအကြီးဆုံးကို ရွေးချယ်ကြောင်း ကြေညာပြီး CPP ကလည်း အနာဂတ်ဝန်ကြီးချုပ်အဖြစ် သူ့ကိုထောက်ခံသည်။
သူ၏ နိုင်ငံရေး အမြင်
ဟွန်မနက်သည် မီဒီယာနှင့် တွေ့ဆုံးမေးမြန်းမှု နည်းသောကြောင့် ကမ္ဘောဒီးယားနိုင်ငံ၊ ပြည်သူ ၁၆ သန်းနှင့် ပတ်သက်သည့် သူ၏ ရည်မှန်းချက်ကို ခန့်မှန်းရန် သဲလွန်စ အနည်းငယ်သာ ရှိသည်။
မဲဆွယ်ပွဲတွင်လည်း ရှည်လျားသော မိန့်ခွန်းများ ပြောကြားခြင်းကို အများအားဖြင့် ရှောင်ပြီး ပြုံးရွှင်စွာ လက်ဝှေ့ယမ်းခြင်းလောက်သာ လုပ်သည်။ ရွေးကောက်ပွဲ မတိုင်မီက ကြီးမားသော မဲဆွယ်ပွဲတခုတွင် CPP အတွက် မဲတမဲသည် တောက်ပသော အနာဂတ်ဖြစ်ကြောင်းပြောပြီး ရွေးကောက်ပွဲကို ဖျက်ဆီးရန် အစွန်းရောက် အားထုတ်မှုကို သတိပေးသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို မည်သည့်တန်ဖိုးမဆို ပေးဆပ် ထိန်းသိမ်းမည်ဟု ၂၀၁၅ ခုနှစ်က သြစတြေးလျ အသံလွှင့်ကော်ပိုရေးရှင်းသို့ ဟွန်မန်နက်က ပြောသည်။
ဖခင်နှင့် မတူ နိုင်ငံကို အုပ်ချုပ်မည်လား
ဟွန်မနက်သည် သူ့ဖခင်၏ အာဏာရှင်စနစ်ကို ဆက်လက် ထိန်းသိမ်းထားမည်၊ သို့မဟုတ် ပိုမိုလွတ်လပ် အနောက်တိုင်းဆန်သော ဒီမိုကရေစီကို ဖော်ဆောင်မည်ဆိုသည့် လက္ခဏာများကို အဓိကအင်အားကြီး နိုင်ငံများက အနီးကပ် စောင့်ကြည့်နေသည်။
သူ၏သားသည် သူနှင့်မတူညီသည့် ပုံစံဖြင့် အုပ်ချုပ်မည်လားဟု ဖနွမ်ပင်ပို့စ်က မေးသောအခါ ဟွန်ဆန်က ရယ်သည်။
“ဘယ်လိုနည်းနဲ့ အုပ်ချုပ်ရမလဲ။ အဲဒီလို လမ်းခွဲထွက်တာက ငြိမ်းချမ်းရေးကို ဖျက်ဆီးပြီး ပိုမိုအသက်ကြီးတဲ့ မျိုးဆက်က အောင်မြင်မှုတွေကို ပြန်ဖျက်တာဖြစ်မှာပေါ့” ဟု ၎င်းကပြောသည်။
(Reuters ပါ Factbox: Who is Hun Manet, Cambodia’s prime minister-in-waiting? ကို ဘာသာပြန်သည်။)
You may also like these stories:
ကမ္ဘောဒီးယားမှ ပြိုင်ဘက်မရှိ ရွေးကောက်ပွဲတွင် အကြောက်တရားနှင့် မဲပေးမည်
စစ်ကောင်စီ ရွေးကော်ဥက္ကဋ္ဌ ကမ္ဘောဒီးယားရွေးကောက်ပွဲ သွားလေ့လာ
နောက်ဆုံးမှ ပန်းဝင်ပြီး အားလုံးကို စိတ်ခွန်အားပေးခဲ့သော ကမ္ဘောဒီးယား အပြေးမယ်
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာ့အရေး လက်လျှော့