တိန့်ရှီကျွန်းနှင့် ပထမခြေလှမ်း
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာမှစ၍ မြန်မာ့အရေးအတွက် ခန့်အပ်ခဲ့သော တရုတ်အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်း၏ လွန်းပျံခရီးစဉ်များအား စတင်တွေ့ခဲ့ရပြီး တရုတ်နှင့် စစ်ကောင်စီကြား ဆက်ဆံရေး စတင်၏။ မြန်မာစစ်ကောင်စီ နှင့်သာမက တရုတ်နယ်စပ်ရှိ မြောက်ပိုင်းအဖွဲ့များကြား လွန်းပျံသွားရောက်ပြီး တရုတ်နယ်စပ်တွင် တိုက်ပွဲများ မဖြစ်ရေးအတွက် စစ်ကောင်စီနှင့် ညှိနိုင်းခဲ့သကဲ့သို့ မြောက်ပိုင်းအဖွဲ့များအားလည်း ဆွေးနွေးမှုများအပြင် ဖိအားပေးမှုများပြုလုပ်ခဲ့သည်။
မြောက်ပိုင်းအဖွဲ့များအား တရုတ်နယ်စပ်၌ တိုက်ပွဲမဖော်ရေးအတွက် ဖိအားပေးခဲ့သည့်အပြင် စစ်ကောင်စီအား လုံးဝမတိုက်ခိုက်ဘဲ နိုင်ငံရေးအရဆွေးနွေးရန် ဖိအားပေးခဲ့၏။ တိန့်ရှီကျွန်း၏ လှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ၂၀၂၃ ခုနှစ်၊ မတ်လအထိ ခပ်စိပ်စိပ်တွေ့ရ၏။
မစ္စတာ တိန့်ရှီကျွန်း၏ ညှိနှိုင်းမှုများ အောင်မြင်မှုရလဒ်အဖြစ် ရှမ်းမြောက် တရုတ်နယ်စပ်တွင် တပ်ဖြန့်ထားသော မြန်မာစစ်အင်အား တပ်ရင်း ၃၀ နီးပါးကို ပြန်လည်ထုတ်နုတ်နိုင်ခဲ့သည်ကို တွေ့ရ၏။ တဖက်ကလည်း တရုတ်နယ်စပ်တကြောတွင် မြောက်ပိုင်းအဖွဲ့များက တိုက်ပွဲကြီးဖော်သည်ကို မတွေ့ရပေ။
ထို့နောက်တွင် မစ္စတာ တိန့်ရှီကျွန်း၏ သတင်းများ အတန်ငယ် ပျောက်သွားသည်။ သို့သော်လည်း ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မိုင်းလား၌ပြုလုပ်သည့် စစ်ကောင်စီနှင့် ရခိုင် AA, တအာင်း TNLA, ကိုးကန့် MNDAA မြောက်ပိုင်းသုံးဖွဲ့၏ ဆွေးနွေးပွဲသည် မစ္စတာ တိန့်ရှီကျွန်း၏ လှုပ်ရှားမှုဖြစ်သော တရုတ်တို့၏ ပထမပိုင်းခြေလှမ်း၏ အစိတ်အပိုင်းဖြစ်၏။
မစ္စတာ တိန့်ရှီကျွန်း၏ ညှိနှိုင်းမှုများ အောင်မြင်မှုရလဒ်အဖြစ် ရှမ်းမြောက် တရုတ်နယ်စပ်တွင် တပ်ဖြန့်ထားသော မြန်မာစစ်အင်အား တပ်ရင်း ၃၀ နီးပါးကို ပြန်လည်ထုတ်နုတ်နိုင်ခဲ့သည်
မစ္စတာ တိန့်ရှီကျွန်း၏ နေပြည်တော် ပထမအကြိမ်ခရီးစဉ်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ လကုန်ပိုင်းတွင် လည်းကောင်း၊ ဒုတိယအကြိမ် ခရီးစဉ်ကို ၂၀၂၃ ခုနှစ်၊ မတ်လဆန်းတွင် လည်းကောင်း ပြုလုပ်ခဲ့ပြီး နှစ်ကြိမ်လုံး စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ခဲ့သည်။
မစ္စတာ တိန့်ရှီကျွန်း၏ ခရီးစဉ်သည် တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်စစ်တပ်၊ တရုတ်ဗဟိုအစိုးရ၊ တရုတ် ယူနန်ပြည်နယ်အစိုးရတို့၏ မြန်မာပြည်နှင့် ဆက်ဆံရေး၊ စစ်ကောင်စီနှင့် ဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး အစပြုချက်ဖြစ်၏။ တိန့်ရှီကျွန်း ခရီးစဉ်စပြီးနောက် တရုတ်ပါတီ၊ တရုတ်စစ်တပ်၊ တရုတ်အစိုးရ၊ ယူနန်အစိုးရတို့၏ မြန်မာပြည်ခရီးစဉ်များကို ဆက်တိုက် တွေ့ခဲ့ရ၏။
၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး မစ္စတာ ဝမ်နင်၏ ခရီးစဉ်၊ ထို့နောက် တရုတ်ပြည်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနကြီး၊ အာရှဗျူရိုညွှန်ကြားရေးမှူးချုပ် မစ္စတာ ဖုန်ရှုဘင်၏ ခရီးစဉ်၊ ၂၀၂၃ ခုနှစ်၊ မေလဆန်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း (ယခု ရာထူးမှ ဖယ်ရှားခံရသူ) ၏ ခရီးစဉ်၊ ၂၀၂၃ ခုနှစ်၊ မေလကုန်ပိုင်းတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ ခေတ္တ စစ်ဖက်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ် ယန်ယန်၏ ခရီးစဉ်များကို တွေ့ရ၏။ ထို့အတူ မြန်မာပြည်ရှိ တရုတ်သံအမတ် မစ္စတာ ချင်ဟိုင်းမှာလည်း စစ်ကောင်စီအရာရှိများနှင့် ထိတွေ့မှုအများဆုံး သံအမတ်အဖြစ် တွေ့ရှိခဲ့ရ၏။
ဤခရီးစဉ်များကို တရုတ်သမ္မတ ရှီကျင့်ဖျင် တတိယသမ္မတသက်တမ်း ဆက်ခံပြီးနောက်ပိုင်း မြန်မာစစ်တပ် အာဏာသိမ်းပြီး နှစ်နှစ်ခန့်အကြာတွင် တွေ့ရသည့် တရုတ်တို့၏ မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေး တည်ဆောက်မှု ပထမခြေလှမ်းဟု ဆိုရမည်။ အဆိုပါ ပထမပိုင်းတွင် တရုတ်တို့သည် စစ်ကောင်စီနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ခြင်း၊ နယ်စပ်ဒေသတည် ငြိမ်ရေးအတွက် ညှိနှိုင်းခြင်း၊ ယူနန်အစိုးရနှင့် နယ်စပ်ကုန်သွယ်ရေး အရှိန်အဟုန် ပြန်လည် မြှင့်တင်ခြင်းတို့ကို အဓိကထားပြုလုပ်ခဲ့သည်ကို တွေ့ရ၏။
ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်တွင် မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးဆိုသည်ကို ထည့်သွင်းပြောဆိုပြီး မြန်မာပြည်တွင်း ပဋိပက္ခများ၊ အားပြိုင်မှုများကို အသိမှတ်ပြုထား၏။ တရုတ်တို့၏ ပထမခြေလှမ်းသည် စစ်ကောင်စီနှင့် ပုံမှန်ဆက်ဆံရေးကို တည်ဆောက်ပြီး ယူနန်ပြည်နယ်နှင့် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ်ရန် အားထုတ်ခဲ့၏။
တရုတ်တို့၏ ပထမခြေလှမ်းသည် စစ်ကောင်စီနှင့် ပုံမှန်ဆက်ဆံရေးကို တည်ဆောက်ပြီး ယူနန်ပြည်နယ်နှင့် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ်ရန် အားထုတ်ခဲ့၏။
နယ်စပ်တည်ငြိမ်ရေးအတွက် မြန်မာစစ်တပ်နှင့်ရော မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်ပါ ညှိနှိုင်းမှု၊ ဖိအားပေးမှုများ ပြုလုပ်ခဲ့၏။ ထိုပထမပိုင်းတွင် တရုတ်တို့ မြန်မာပြည်တွင် ထပ်မံရင်းနှီးမြှုပ်နှံမည့် စီးပွားရေးလုပ်ငန်းများ၊ အနာဂတ်စီမံကိန်းများကို ထင်ထင်ရှားရှား ဖော်ပြခြင်း မရှိပေ။
ဒုတိယ ခြေလှမ်းလော
ပထမ ခြောက်လပြီးနောက် တရုတ်တို့၏ ဒုတိယအခြေလှမ်းဟုဆိုရမည့် ခြေလှမ်းများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ စတင်တွေ့ရသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် AA, TNLA, MNDAA မြောက်ပိုင်းသုံးဖွဲ့၏ ကြေညာချက်တွင် တရုတ်တို့၏ ခြေရာလက်ရာများကို တွေ့ရ၏။ ဇူလိုင်လ ၁ ရက်နေ့ မြောက်ပိုင်းသုံးဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်၏ အနှစ်သာရမှာ ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခြင်းဖြစ်၏။
ဤထုတ်ပြန်ချက်နှင့် ပတ်သက်၍ တရုတ်၏ဖိအားကြောင့်ဟု မြောက်ပိုင်းသုံးဖွဲ့က ဝန်ခံခဲ့ရ၏။ တဖက်ကလည်း မစ္စတာ တိန့်ရှီကျွန်းသည် သတင်းပျောက်နေသော်လည်း မြောက်ပိုင်းသုံးဖွဲ့အား စစ်ကောင်စီနှင့် ဆွေးနွေးရန်၊ မြန်မာပြည်အတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံများအား ကာကွယ်ပေးရး ကြေညာချက် ထုတ်ပြန်စေရန် တိန့်ရှီကျွန်း ဖိအားပေးလှုပ်ရှားနေခဲ့သည်ကို ကြားသိရ၏။ တရုတ်တို့သည် မြောက်ပိုင်းသုံးဖွဲ့မှတဆင့် ကျန် ပြည်မမှ လက်နက်ကိုင်အင်အားများ သတင်းစကားပေးလိုပုံရ၏။ သို့သော် မြောက်ပိုင်းသုံးဖွဲ့ ၏ အာဏာစက်မှာ ရှမ်းမြောက်နှင့် ရခိုင်တွင်သာရှိရာ ပြည်မသို့ တိုးပေါက်ရန်တော့ မလွယ်ပေ။
သို့သော်လည်း တရုတ်တို့သည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုအား ကာကွယ်ပေးရန် သတင်းစကားပါးသည်နှင့်အညီ ရင်းနှီးမြှုပ်နှံမှု အသစ်များကို စတင်ရန် ခြေလှမ်းလှမ်းလာသည်ကို တွေ့ရ၏။
တရုတ်တို့သည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုအား ကာကွယ်ပေးရန် သတင်းစကားပါးသည်နှင့်အညီ ရင်းနှီးမြှုပ်နှံမှု အသစ်များကို စတင်ရန် ခြေလှမ်းလှမ်းလာသည်
စစ်ကောင်စီနှင့် တရုတ်တို့၏ တွေ့ဆုံမှုတခုအဖြစ် စီချွမ်ပြည်နယ် မြို့တော် ချန်ဒူးမှ ထောက်ပံ့ပို့ဆောင်ရေး၊ ရထားပို့ဆောင်ရေး၊ လေကြောင်းပို့ဆောင်ရေး၊ ဆိပ်ကမ်းလုပ်ငန်းများပါသော စီးပွားရေးလုပ်ငန်းအဖွဲ့သည် စစ်ကောင်စီ ဒုဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ဝန်ကြီးဖြစ်သူကို တွေ့ဆုံပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးသည်ကို တွေ့ရ၏။ အခိုင်အမာ သဘောတူညီချက်များကိုမူ မတွေ့ရသေးပေ။
နောက်သတင်းတခုအဖြစ် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြား စံချိန်စံညွှန်းဆိုင်ရာနှင့် နည်းပညာကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် Guangxi Institute of Science and Technology မှ ညွှန်ကြားရေးမှူး ဆိုက်ရှုပင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ လာရောက် ဆွေးနွေးခဲ့၏။
ဆိုက်ရှုပင်က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂၊ ၁၃ ရက်များတွင် ကွမ်ရှီးဒေသ၊ လျူကျိုးမြို့၌ ကျင်းပမည့် ၃ ကြိမ်မြောက် China-ASEAN Standardization Cooperation Forum သို့ ကောင်စစ်ဝန်ချုပ် အပါအဝင် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကောင်စစ်ဝန်ချုပ်မှ ဖိုရမ်၌ ဆွေးနွေးမည့် ခေါင်းစဉ်များအနက် စွမ်းအင်သစ်သုံး မော်တော်ယာဉ်ခေါင်းစဉ်တွင် လာရောက်လေ့လာနိုင်ရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်တက်ရောက်စေလိုကြောင်းနှင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ လျှပ်စစ်သုံး မော်တော်ယာဉ်များ အများဆုံး တင်သွင်းလျက်ရှိပြီး လျူကျိုးမြို့သည် လျှပ်စစ်သုံးမော်တော်ယာဉ် အဓိကထုတ်လုပ်သည့် မြို့တမြို့ဖြစ်သောကြောင့် ယင်းကဲ့သို့ လာရောက် လေ့လာနိုင်ခြင်းဖြင့် နှစ်ဖက်လုပ်ငန်းရှင်များအကြား လုပ်ငန်းချိတ်ဆက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မည်ဟု ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာကောင်စစ်ဝန်ချုပ်က မြန်မာနိုင်ငံရှိ သီလဝါ အထူးစီးပွားရေးဇုန်၌ စွမ်းအင်သစ်သုံး မော်တော်ယာဉ် ထုတ်လုပ်တပ်ဆင်သည့် စက်ရုံများ တည်ထောင်၍ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့မှုအပေါ် ဆိုက်ရှုပင်က မြန်မာကိုယ်စားလှယ်အဖွဲ့အား စွမ်းအင်သစ်သုံး မော်တော်ယာဉ် ထုတ်လုပ်တပ်ဆင်သည့်စက်ရုံသို့ သွားရောက်လေ့လာနိုင်ရေးကို စီစဉ်ပေးသွားမည်ဖြစ်ပြီး စွမ်းအင်သစ်သုံး မော်တော်ယာဉ်နှင့် ပတ်သက်သည့် ဖိုရမ်တခုကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်ကို တွေ့ရ၏။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် စစ်ကောင်စီ ဒု ဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးနှင့် ယူနန်ပြည်နယ်၊ တေဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရအုပ်ချုပ်ရေးမှူး ဝေကန်းတို့ နေပြည်တော်၌ တွေ့ဆုံပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရန် ရွှေလီမြို့တွင် ရထားလမ်းကွန်ရက် ချိတ်ဆက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ကို တွေ့ရ၏။
တရုတ်နိုင်ငံ၏ အမြန်ရထားလမ်းကွန်ရက်သည် ၂၀၂၇ ခုနှစ်တွင် ရွှေလီမြို့အထိ တည်ဆောက် ပြီးစီးမည်ဖြစ်၍ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရန် မြန်မာနိုင်ငံ၏ ရထားလမ်းကွန်ရက်နှင့် ချိတ်ဆက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းသို့ တွေ့ဆုံစဉ် တရုတ်နိုင်ငံ၏ အမြန်ရထားလမ်းကွန်ရက်သည် ၂၀၂၇ ခုနှစ်တွင် ရွှေလီမြို့အထိ တည်ဆောက် ပြီးစီးမည်ဖြစ်၍ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရန် မြန်မာနိုင်ငံ၏ ရထားလမ်းကွန်ရက်နှင့် ချိတ်ဆက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် တေဟုန်ပြည်နယ်ခွဲ၏မြို့ မန်စီနှင့် မန္တလေး၊ ရန်ကုန် ခရီးစဉ်များအပြင် အလားအလာရှိသော မြို့များသို့ ခရီးသည်နှင့် ကုန်တင်လေယာဉ်များ ပိုမိုတိုးချဲ့ပြေးဆွဲရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။ ထို့အတူ နယ်စပ်ဖြတ်ကျော်ပို့ ဆောင်မှုများ လွယ်ကူချောမွေ့စေရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးနှင့် တရုတ်နိုင်ငံ ထွက်ကုန်များကို ရန်ကုန်ဆိပ်ကမ်းမှတဆင့် ဖြတ်သန်း ပို့ဆောင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှစ၍ မြန်မာစစ်ကောင်စီနှင့် စီးပွားရေးဆက်ဆံမှုကို ယူနန်ပြည်နယ်သာမကဘဲ စီချွမ်ပြည်နယ်၊ ကွမ်ရှီးပြည်နယ်တို့ ပါဝင်လာသည်ကို တွေ့ရ၏။ ကွမ်ရှီးပြည်နယ်ကမူ သီလဝါစက်မှုဇုန်တွင် လျှပ်စစ်ကားထုတ်လုပ်ပြီး မြန်မာ့လျှပ်စစ်ကားဈေးကွက်သို့ ဝင်ရောက်ရန် စစ်ကောင်စီက ဖိတ်ခေါ်နေသည်ကို တွေ့ရ၏။ စီချွမ်ပြည်နယ်က ရထား၊ လေယာဉ်၊ ဆိပ်ကမ်းစသည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေးပုံရပြီး အခိုင်အမာ လျာထားချက် မတွေ့ရသေးပေ။
ယူနန်ပြည်နယ်က အဖွဲ့က တိကျသော စီးပွားရေးရည်မှန်းချက်နှင့် လာသည်ကို တွေ့ရ၏။ ပထမအချက်မှာ ၂၀၂၇ ခုနှစ်တွင် တရုတ် အမြန်ရထားလမ်းကွန်ရက်သည် ရွှေလီအထိ ရောက်ရှိမည်ဖြစ်သဖြင့် မြန်မာပြည်ဘက်မှ ရထားလမ်းကွန်ရက်နှင့် ချိတ်ဆက်ရန် ဖြစ်၏။
ဒုတိယအချက်မှာ ယူနန်မှ ပို့ကုန်များကို ရန်ကုန်ဆိပ်ကမ်းမှတဆင့် ပြည်ပတင်ပို့ခွင့်ရရှိရေး ဖြစ်၏။ တတိယအချက်မှာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု တိုးမြှင့်ရေးနှင့် နယ်စပ်ကုန်စည် ပြပွဲကျင်းပနိုင်ရေးတို့ ဖြစ်သည်ကို တွေ့ရ၏။
တရုတ်တို့နှင့် မြောက်ပိုင်းအဖွဲ့များအား တရုတ်ရင်းနှီးမြှုပ်နှံမှုများကို အကာကွယ်ပေးရန် ဖိအားပေးထားနိုင်သည်ဖြစ်ရာ မန္တလေးနှင့် မူဆယ်-ရွှေလီကြား ရထားလမ်းဖောက်လုပ် ချိတ်ဆက်ရေး၊ ယူနန်မှ တရုတ်ထုတ်ကုန်များ ရန်ကုန်မှတဆင့် ပြည်မတင်ပို့ရေးနှင့် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ရေးတို့ တဆင့်တိုးမြှင့်တင်ရန် ခြေလှမ်းအတွက် အစပြုလာသည်ကို တွေ့ရသည်။
တရုတ်တို့သည် ၎င်းတို့၏ ဒုတိယခြေလှမ်း စတင်ရန် မန္တလေး၊ မူဆယ် ရထားလမ်းစီမံကိန်း ပြန်လည်စတင်နိုင်ရေးအတွက် စစ်ကောင်စီ၏ သဘောထားကို တီးခေါက်ရန် လာရောက်တွေ့ဆုံပုံရသည်။
အစပြုလာသည်ဟု ဆိုရခြင်းမှာ စစ်ကောင်စီ ဒုဝန်ကြီးချုပ်နှင့် ဝန်ကြီးအဆင့်ကို လာရောက်တွေ့ဆုံသည့် ယူနန်ပြည်နယ်မှ ကိုယ်စားလှယ်အဖွဲ့မှာ ယူနန်ပြည်နယ်အစိုးရအဆင့်မှ မဟုတ်ဘဲ ယူနန်ပြည်နယ်အစိုးရ လက်အောက် မြန်မာပြည်နယ်စပ်ရှိ တေဟုန်ပြည်နယ်ခွဲအဆင့်သာဖြစ်ရာ တရုတ်တို့သည် ၎င်းတို့၏ ဒုတိယခြေလှမ်း စတင်ရန် မန္တလေး၊ မူဆယ် ရထားလမ်းစီမံကိန်း ပြန်လည်စတင်နိုင်ရေးအတွက် စစ်ကောင်စီ၏ သဘောထားကို တီးခေါက်ရန် လာရောက်တွေ့ဆုံပုံရသည်။
တရုတ်တို့အနေနှင့် ယူနန်ပြည်နယ်ကိုသာမက အခြားပြည်နယ်များကိုပါ မြန်မာစစ်ကောင်စီနှင့် စီးပွားရေးပြုလုပ်ရန် အချက်ပြလိုက်ပြီဟု ဆိုရပါမည်။
တတိယမ္ပိ တိန့်ရှီကျွန်း
၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်းတွင် မစ္စတာ တိန့်ရှီကျွန်း၏ မြန်မာပြည်ခရီးစဉ်ကို ထပ်မံတွေ့ရပြန်သည်။ တိန့်ရှီကျွန်းသည် သုံးကြိမ်လုံးတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ခဲ့၏။ ပထမအကြိမ် စစ်ကောင်စီခေါင်းဆောင်နှင့် တိန့်ရှီကျွန်း တွေ့ဆုံစဉ်က စစ်ကောင်စီခေါင်းဆောင်ပုံစံက မသက်မသာ ဖြစ်နေပုံပေါ်သော်လည်း ယခု တတိယအကြိမ်တွင်တော့ စစ်ကောင်စီခေါင်းဆောင်၏ပုံစံမှာ တရုတ်တို့အား အပြည့်အဝ ယုံကြည်မှု ရှိပုံပေါ်သည်ကို တွေ့ရ၏။
မစ္စတာ တိန့်ရှီကျွန်း၏ တတိယအကြိမ်ခရီးစဉ်တွင် စစ်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်သာမက စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့်နှင့်ပါ တွေ့ဆုံခဲ့၏။ တရုတ်အထူးသံသည် စစ်ကောင်စီ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး မြန်မာ့ငြိမ်းချမ်းရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးတို့ကို ဆွေးနွေးခဲ့သည်ဟုသာ တရားဝင်ထုတ်ပြန်သည်ကို တွေ့ရ၏။
မစ္စတာ တိန့်ရှီကျွန်းသည် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်နှင့်ပါ တွေ့ဆုံသဖြင့် မြောက်ပိုင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရေး၊ စစ်ကောင်စီ ပြုလုပ်ချင်နေသည့် ငြိမ်းချမ်းရေးညီလာခံတွင် မြောက်ပိုင်းအဖွဲ့များ တက်ရောက်စေရန်အတွက် တရုတ်တို့က တိုက်တွန်းဖိအားပေးရေးတို့ ပါဝင်နိုင်၏။ တရုတ်တို့ စီးပွားရေးအရ ဒုတိယအဆင့် ခြေလှမ်းစတင်နိုင်ရန်အတွက် မြောက်ပိုင်းအဖွဲ့များနှင့် အပစ်ရပ်ရေးသည် တရုတ်နှင့်မြန်မာ စစ်တပ်ကြား ဘုံသဘောတူညီချက် ဖြစ်ပုံရ၏။
သို့သော် တိန့်ရှီကျွန်းနှင့် တရုတ်ကိုယ်စားလှယ်အဖွဲ့များ ခရီးစဉ်ရှိသည့် ဇူလိုင်လအတွင် မြောက်ပိုင်း တရုတ်နယ်စပ်အနီး တိုက်ပွဲများ ပြင်းထန်နေ၏။ တနေရာမှာ ကချင်ပြည်နယ် KIA ဌာနချုပ်ရှိရာ လိုင်ဇာ၏ မျက်နှာချင်းဆိုင်ရှိ နန်ဆန်ယန်ဒေသတွင် ဖြစ်ပွားနေသော KIA နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲများဖြစ်၏။
နောက်တနေရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် နမ့်ခမ်းကြား ဆယ်လန့်ဒေသတွင် TNLA နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲများဖြစ်၏။ နန်ဆန်ယန် ဒေသတိုက်ပွဲများသည် တောင်ကြောတခုခံနေ၍ တရုတ်ပြည်ဘက်ခြမ်းမှ မမြင်ရ မကြားရဖြစ်နိုင်သည်။ သို့သော် ဆယ်လန့်ဒေသ တိုက်ပွဲများကိုမူ တရုတ်ပြည် ရွှေလီဒေသမှ ရှင်းလင်းစွာဖြင့် အနီးကပ် မြင်ရကြားရနေပေလိမ့်မည်။
တိန့်ရှီကျွန်း ခရီးစဉ်အတွင်း တရုတ်တို့ဘက်က တောင်းဆိုသည့် အချက်တခုမှာ မြန်မာပြည်တွင် အခြေပြုသည် အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းမှ လိမ်လည်မှုများ လျော့နည်း ပပျောက်ရေးအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်
မစ္စတာ တိန့်ရှီကျွန်း ခရီးစဉ်အတွင်း တရုတ်တို့ဘက်က တောင်းဆိုသည့် အချက်တခုမှာ မြန်မာပြည်တွင် အခြေပြုသည် အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းမှ လိမ်လည်မှုများ လျော့နည်း ပပျောက်ရေးအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ကို တွေ့ရ၏။ ဤအချက်နှင့်ပတ်သက်၍ မြန်မာပြည်ဆိုင်ရာ တရုတ်သံအမတ်သည် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် မကြာခင်က တွေ့ဆုံတောင်းဆိုနေသည့် အချက်ဖြစ်၏။
သို့သော် တိန့်ရှီကျွန်း ခရီးစဉ်တွင် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေး၊ မြန်မာ-တရုတ် နယ်စပ်ဒေသတလျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ရန် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်ကြသည်။ ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည့် ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်သည်ကို တွေ့ရ၏။
တရုတ်တို့၏ ဒုတိယခြေလှမ်း
တရုတ်နိုင်ငံခြားရေးဝန်ကြီးလာစဉ်က မြန်မာပြည် အသွင်းကူးပြောင်းရေးစသည့် မြန်မာ့နိုင်ငံရေး ပြဿနာများအား ထုတ်ဖော်ပြောဆိုသည်ကို တွေ့ရသော်လည်း မစ္စတာ တိန့်ရှီကျွန်း ခရီးစဉ်တွင်တော့ ထိုသို့သော နိုင်ငံရေးပြဿနာများကို ထုတ်ဖော်ပြောဆိုမှု မတွေ့ရပေ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရသည်ဟူသည့် သတင်းအချက်အပေါ် အခြေတည်ပြီး ယခုခရီးစဉ်တွင် မစ္စတာ တိန့်ရှီကျွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်တောင်းသည် သို့မဟုတ် တွေ့ခွင့်ရမည်ဟု ထင်မြင်ချက်များ ပေးနေသော်လည်း လက်တွေ့တွင် တွေ့ကြသည်ဟု အတည်ပြု၍ မရပေ။
အတည်ပြု၍ရသည်မှာ တရုတ်သည် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်နှင့် ဆက်ဆံနေသော နိုင်ငံနှစ်နိုင်ငံထဲမှ တနိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တဦးအား တရုတ်ပြည်သို့ ဖိတ်ကြားသည်ကို တွေ့ရ၏။
တရုတ်တို့အနေနှင့် စစ်ကောင်စီတပ်နှင့် ပေါင်း၍ ရသလောက် စီးပွားရေးလုပ်မည်ဟူသော လုပ်ဆောင်ချက်၊ အနာဂတ်စီးပွားရေး ရည်မှန်းချက်အတွက် ရသမျှ ဖျာခင်းထားမည်ဟူသော တရုတ်တို့ လုပ်ဆောင်ချက်များ ရှေ့တွင်တဆင့်ပြီးတဆင့် တိုးလာဖွယ်ရှိ၏
လက်ရှိ မစ္စတာ တိန့်ရှီကျွန်း၏ အခိုင်အမာ လုပ်ဆောင်ဆောင်ချက်မှာ တရုတ်နယ်စပ် တည်ငြိမ်ရေး၊ တိုက်ပွဲများ မဖြစ်ပွားရေးအတွက် စစ်ကောင်စီတပ်နှင့် တဖက်က ညှိနိုင်းပြီး၊ တဖက်က မြောက်ပိုင်းအဖွဲ့များကို ဖိအားပေးခြင်းဖြစ်သည်ကို တွေ့ရ၏။
သို့သော်လည်း တရုတ်တို့အနေနှင့် ပြည်မရှိ PDF များနှင့် အခြား တိုင်းရင်းသားအဖွဲ့များကို ဖိအားပေးရန် မဖြစ်နိုင်ပေ။ ထို့ပြင် မြောက်ပိုင်းရှိ တိုင်းရင်းသားအဖွဲ့အချို့နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲများကို လုံးဝရပ်တန့်ရန်လည်း ဖြစ်နိုင်ခြေ နည်းပါးသည်။
ထိုသို့သော အခြေအနေအောက်တွင် မြန်မာနိုင်ငံရေး၊ စစ်ရေးပဋိပက္ခများ မျက်ကွယ်ပြုပြီး တရုတ်တို့အနေနှင့် စစ်ကောင်စီတပ်နှင့် ပေါင်း၍ ရသလောက် စီးပွားရေးလုပ်မည်ဟူသော လုပ်ဆောင်ချက်၊ အနာဂတ်စီးပွားရေး ရည်မှန်းချက်အတွက် ရသမျှ ဖျာခင်းထားမည်ဟူသော တရုတ်တို့ လုပ်ဆောင်ချက်များ ရှေ့တွင်တဆင့်ပြီးတဆင့် တိုးလာဖွယ်ရှိ၏။ ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ တရုတ်တို့သည် မြန်မာပြည်၌ ရင်းနှီးမြှုပ်နှံမှုအသစ်များ စတင်ရန်အတွက် ဒုတိယခြေလှမ်း စတင်လိုက်ပြီဖြစ်၏။
(ဝတ်ရည်ခိုင်မာသည် နိုင်ငံတကာဆက်ဆံရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
တိန့်ရှီကျွန်းနှင့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးသစ်များ
တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာ့အရေး လှုပ်လှုပ်ရှားရှား နောက်ဆက်တွဲများ
ပြစ်တင်ရှုတ်ချခံ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေး တရုတ်မြှင့်တင်နေသည်
မြန်မာ စစ်ပွဲနှင့် ပဋိပက္ခများကြား ယူနန်တရုတ်တွေ စီးပွားရေးလုပ်မတဲ့လား
သမိုင်းအမှားဘက်သို့ တရုတ် တပတ်ပြန်လည်လာသည်
တရုတ်အကျိုးစီးပွား ဘောင်ကျဉ်းမှုနှင့် မြန်မာပြည်မြောက်ပိုင်း လုံခြုံရေး အခင်းအကျင်း