မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ်နေရာတချို့တွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်ရန် လိုအပ်နေသေးသည်ဟု အကြောင်းပြကာ စစ်ကောင်စီက အရေးပေါ်ကာလသက်တမ်း ၆ လကို ၄ ကြိမ်မြောက် တိုးလိုက်ပြန်သည်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတဝှမ်းအေးချမ်းပြီး ရွေးကောက်ပွဲအတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုဆောင်ရွက်ပြီးချိန်မှ တနိုင်ငံလုံးအတိုင်းအတာဖြင့် အကြားအလပ်မရှိ ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းက ကျင်းပသည့် အမျိုးသား ကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (ကာလုံ) ၌ ပြောဆိုသွားသည်။
ရွေးကောက်ပွဲကို အလောတကြီးလုပ်ဆောင်၍မရဘဲ စနစ်တကျပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်သဖြင့် အချိန်တခုအထိ ၎င်းတို့သာ ဆက်လက် တာဝန်ယူသွားရန်လိုကြောင်း၊ ပါတီများ လွတ်လပ်မှုရှိခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်မှု မရှိဘဲ အကြောက်တရားကင်းစွာ စည်းရုံးရေးဆောင်ရွက်နိုင်မှုစသည့် အခင်းအကျင်းဖြစ်ပေါ်လာရေး လုပ်ဆောင်ရန် ၎င်းတို့ အစိုးရတွင် အချိန်တခု လိုအပ်နေသေးကြောင်း စစ်ခေါင်းဆောင်က ပြောသည်။
၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက် စစ်ကောင်စီ အုပ်ချုပ်မှု ၆ လ ပြည့်နေ့အဖြစ် စစ်ခေါင်းဆောင်၏ မိန့်ခွန်းတွင် အရေးပေါ်ကာလသည် အကန့်အသတ်ရှိကြောင်း ပြောဆိုခဲ့သေးသည်။
၎င်းက “ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း အရေးပေါ်ကာလဆိုတာ အကန့်အသတ်ရှိပါတယ်။ ပုဒ်မ ၄၂၁ ၊ ပုဒ်မခွဲ (ခ) အရ အရေးပေါ်ကာလ ၁ နှစ်အတွင်းမှာ တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးရင် နောက်ထပ် ၆ လ၂ ကြိမ်သာ တိုးမြှင့်နိုင်ပါတယ်။ ဒီကာလအတွင်းမှာ ကျနော်တို့အနေနဲ့ လုပ်ဆောင်သင့်၊ လုပ်ထိုက်တာတွေကို ပြီး စီးအောင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ပြီးရင် ဥပဒေအရ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် ၆ လ ပေးပြီး ဆောင်ရွက်ရပါမယ်။ ဒီကာလများကို တွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံးဟာ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြီးစီးရမယ်ဆိုတာပါပဲ” ဟု ဆိုသည်။
သို့သော် လက်တွေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ၎င်း၏စကားအတိုင်း မဆောင်ရွက်နိုင်သဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုသလို အဓိပ္ပာယ်ဖွင့်ဆိုကာ အုပ်ချုပ်မှု သက်တမ်းတိုးနေခြင်းဖြစ်ကြောင်း စစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင်သည့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။
“တော်လှန်ရေးကို ဘယ်လိုမှ နှိမ်နင်းလို့မရဘူး။ တနိုင်ငံလုံး အတိုင်း အတာနဲ့ စစ်ကိုင်းမှာရော၊ ချင်းမှာရော၊ ကရင်နီမှာရော စသဖြင့် ဘက်ပေါင်းစုံ ရှုံးနိမ့်ပြီးတော့ ၆ လ Plan က ပျက်တဲ့ သဘောပေါ့။ အခုထပ်တိုးတဲ့ ကိစ္စကလည်း ဒီတိုင်းပဲ၊ ၆ လ သက်တမ်းတိုးတာကလည်း လိုသလောက်လုပ်လို့ ရနေတဲ့ သဘောဖြစ်တာပေါ့။ ဒီ ၆ လမှာတော့ ဘယ်လို လှည့်ကွက်တွေနဲ့ ဘယ်လိုနိုင်ငံရေး ကစားကွက်တွေ ထပ်လုပ်မလဲ ဆိုတာတော့ မသိနိုင်ဘူး” ဟု ဦးနေဘုန်းလတ်က ဆိုသည်။
အရေးပေါ်ကာလ သက်တမ်းတိုးပြီးနောက် လာမည့် ၆ လအတွင်း စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများကို အမြစ်ပြတ် ချေမှုန်းနိုင်မည် မဟုတ်ဘဲ ရွေးကောက်ပွဲသည်လည်း ဖြစ်လာစရာ အကြောင်းမမြင်ကြောင်း ဦးနေဘုန်းလတ်က ပြောသည်။
စစ်ခေါင်းဆောင်ကမူ ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခင်းအကျင်း၂ ခုကိုလည်း ကာလုံအစည်းအဝေး၌ ချပြကာ၊ ပထမတခုအနေဖြင့် လတ်တလော လက်နက်ကိုင်တိုက်ခိုက်မှုအပါအဝင် မတည်ငြိမ်မှုများ ဖြစ်ပေါ်နိုင်သည့် ဒေသများကို ချန်လှပ်၍ ရွေးကောက်ပွဲကျင်းပခြင်းဖြစ်ပြီး၊ ဒုတိယတခုမှာ ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာဖြင့် မဖြစ်မနေ ပြုလုပ်ခြင်း ဖြစ်သည်။
အဆိုပါ အခင်းအကျင်း၂ ခုလုံးနှင့် ပတ်သက်၍ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကိုလည်း စစ်ကောင်စီဥက္ကဋ္ဌက ရှင်းပြပြီး ရွေးကောက်ပွဲ ၁၀၀ ရာခိုင်နှုန်းအောင်မြင်ရန် ခက်ခဲမည်ဖြစ်ကြောင်း ဝန်ခံပြောဆိုသည်။
တနိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူမှု အောင်မြင်မှသာ ခိုင်မာသည့် မဲစာရင်းရမည်ဖြစ်ကြောင်း ရှင်းပြသလို၊ သန်းခေါင်စာရင်း ကောက်ယူရေး အလေးထားလုပ်ဆောင်နေချိန်တွင် ၎င်းတို့အပေါ် တိုက်ခိုက်မှုများကြောင့် နှောင့်နှေးမှု ဖြစ်နေရကြောင်း အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ဆိုသည်။
ကာလုံအစည်းအဝေးတွင် စစ်ကောင်စီဥက္ကဋ္ဌပြောသွားသည့် ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခင်းအကျင်း၂ ရပ်သည် လက်တွေ့၌ ဖြစ်လာနိုင်စရာ မမြင်ကြောင်း စစ်ကောင်စီကို လက်နက်ကိုင်တိုက်နေသည့် ကရင်နီအမျိုးသားများ တိုး တက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က သုံးသပ်ပြောဆိုသည်။
“ကျနော်တို့ အခု တိုက်နေတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေ အနေနဲ့ပေါ့။ NCA ထိုးထားတဲ့သူ တွေကိုတော့ မပြောဘူး။ ကျနော်တို့ကတော့၂၀၀၈ ကို အခြေခံပြီးမှ ဘာတွေ့ဆုံဆွေးနွေးပွဲမှ၊ ဘာရွေးကောက်ပွဲမှ လက်ခံသွားမှာ မဟုတ်ဘူး။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ တိုင်းရင်းသားလိုလားတဲ့ တရားမျှတရေး၊ တန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးကို အကောင်အထည်ဖော်ပေးနိုင်တဲ့ အခင်းအကျင်း ဖန်တီးနိုင်မှာမဟုတ်ဘူး” ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေးနှင့်စီးပွားရေးတို့တွင် အကျပ်အတည်းဆိုက်နေပြီး နိုင်ငံရေးအရ အခြားလမ်းကြောင်းရွေးချယ်စရာ မရှိသဖြင့် အရေးပေါ်ကာလ သက်တမ်း ထပ်တိုးကာ ဆက်လက် အုပ်ချုပ်နေခြင်းဖြစ်ကြောင်း ဆိုသည်။
၎င်းက “သူတို့ဘက်ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပေါ်မှာ ကောင်းမွန်တဲ့သဘောထား ပြသနေတယ်ဆိုတဲ့ ဂိုက်မျိုးရအောင် နိုင်ငံရေးပရိယာယ်ဆင်ပြီး အမျိုးမျိုး လိမ်ဆင်တွေလုပ်နေတာပါ။ အဲဒီနောက်ကို ကျနော်တို့ ပြည်သူတွေ လိုက်ပါမသွားဖို့ အရေးကြီးတယ်။ တဖက်က ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလိုလုပ်ရင်းနဲ့ တဖက်က ပြည်သူတွေကို ဆက်လက်အကြမ်းဖက် နှိပ်စက်သတ်ဖြတ်တာတွေ အဆက်မပြတ်လုပ်နေတာပဲ။ အဲဒီ အခြေအနေ အောက်မှာ ကောင်းမွန်တဲ့ရလဒ်၊ တွေ့ဆုံဆွေးနွေးပွဲတွေက ဖြစ်လာနိုင်စရာ ဘယ်လိုမှမရှိပါဘူး” ဟု ဆိုသည်။
စစ်ကိုင်းတိုင်း တချို့ မြို့နယ်များ၊ မကွေးတိုင်းမြောက်ဘက်၊ ပဲခူးတိုင်း အရှေ့ဘက်၊ တနင်္သာရီတိုင်းရှိ မြို့နယ်တချို့၊ ကရင်ပြည်နယ်၊ ကယား၊ ချင်းနှင့် မွန်ပြည်နယ်တို့တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးတပ်များ၏ အကြမ်းဖက် လက်နက်ကိုင်တိုက်ခိုက်မှု၊ အကြမ်းဖက်မှုများ ခံနေရကြောင်း ကာလုံအစည်းအဝေးတွင် စစ်ခေါင်း ဆောင်က ပြောဆိုသည်။
စစ်ကောင်စီကို လက်နက်ကိုင်တိုက်နေသည့် ကရင်နီအမျိုးသားများ တိုးတက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်ကလည်း စစ်ကောင်စီသည်သာ အကြမ်းဖက်အဖွဲ့ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်များကို အပြစ်တင်နေခြင်းသည် ပြောင်းပြန်ပြောနေခြင်းသာဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“ကျနော်တို့က စစ်အာဏာသိမ်းမှုကို မလိုလားကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တယ်။ ဒီအပေါ်မှာ လူထုကို သူတို့က မတရားသတ်ဖြတ်၊ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်တယ်။ အဲဒီနောက်ပိုင်းမှာ အစုလိုက်အပြုံလိုက် သတ် ဖြတ်တယ်။ အခုနောက်ပိုင်းမှာ ပိုဆိုးတာပေါ့။ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ လူထုကို ပစ်မှတ်ထားပြီး ဒုက္ခသည် စခန်းတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတယ်။ ဒါတွေကမှ အကြမ်းဖက်လုပ်ရပ် အစစ် ဖြစ်တယ်။ ဒါတွေကမှ ပေါ်ပေါ်ထင်ထင်နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်တယ်” ဟု ဦးအောင်ဆန်းမြင့်က ဆိုသည်။
စစ်ကောင်စီသည် ၎င်းတို့ဆက်လက်အုပ်ချုပ်နိုင်ရေး အကြောင်းပြချက်များရှာဖွေကာ အချိန်ဆွဲနေခြင်းဖြစ်သော်လည်း လုပ်ဆောင်နိုင်စွမ်း မရှိတော့ကြောင်း ဦးနေဘုန်းလတ်က ထောက်ပြပြောဆိုသည်။
၎င်းက “တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေအများကြီးပေါ့။ အဲဒါတွေအားလုံး ပေါင်းရင်တော့ ၅၀ ရာခိုင်နှုန်းကျော် စိုးမိုးထိန်းချုပ်ထားတဲ့ သဘောရှိတယ်။ ဘယ်လိုမှ တနိုင်ငံလုံးအတိုင်းအတာနဲ့ တရားမဝင် ရွေးကောက်ပွဲကို လုပ်ချင်ပါတယ်ပြောပြော သူတို့မှာ လုပ်နိုင်စွမ်း ရှိမနေတာ ထင်ရှားတယ်။ မြေပြင်မှာ ဆိုရင်လည်း ရွေးကောက်ပွဲလုပ်ဖို့နေနေသာသာ ရွေးကောက်ပွဲကော်မရှင်တွေဆိုရင်လည်း နာမည်ပဲ ရှိတာ။ ကိုယ့် အိမ်မှာတောင် နေရဲကြတာ မဟုတ်ဘူး” ဟု ဆိုသည်။
ကာလုံအစည်းအဝေး၌ စစ်ကောင်စီဥက္ကဋ္ဌ၏ တင်ပြချက်ကို အစည်းအဝေးတွင် ယာယီသမ္မတအဖြစ် တာဝန်ယူထား သည့် ဦးမြင့်ဆွေက နိုင်ငံတော်၏ အခြေအနေအရပ်ရပ်သည် သာမန်မဟုတ်သည့် အခြေအနေအဖြစ် သတ်မှတ် ကြောင်း၊ နိုင်ငံတဝန်းရှိ ပြည်သူအားလုံး၏ ဆန္ဒကိုထင်ဟပ်စေမည့် တနိုင်ငံလုံးအတိုင်းအတာနှင့် ရွေးကောက်ပွဲ ကျင်း ပရမည်ဖြစ်ကြောင်း ပြောပြီး လွတ်လပ်မျှတသည့် ရွေးကောက်ပွဲတရပ် ကျင်းပနိုင်ရန် နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသည့် လုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆိုသည်။
ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း ကာလုံအစည်းအဝေးသို့ တက်ရောက်ပြီး စစ်ခေါင်းဆောင်၏ တင်ပြချက်ကို ထောက်ခံကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုသော်လည်း ၎င်းမည်သို့ ပြောခဲ့သည်ကိုမူ သတင်း ထုတ်ပြန်ခြင်း မရှိပေ။
ထို့နောက်တွင် ယာယီသမ္မတ ဦးမြင့်ဆွေက အစည်းအဝေး၌ ကာလုံအဖွဲ့ဝင်များ၏ သဘောတူဆုံးဖြတ်ချက်အရ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတော်၏ နိုင်ငံရေးအခြေအနေအရ အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း၊ တာဝန်အရပ်ရပ်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ အပ်နှံလိုက်ကြောင်း ကြေညာကာ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီကို ထပ်မံ အုပ်ချုပ်ခွင့်ပေးလိုက်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၂၅ ၌ အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီသည် ပြည်ထောင်စု လွှတ်တော် သက်တမ်းကုန်ဆုံးချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ၎င်းထံ ပေးအပ်သည့်တာဝန်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးရန် အကျိုးအကြောင်း တင်ပြလာပါက သာမန် အားဖြင့် တကြိမ်လျှင် ၆ လအထိ နှစ်ကြိမ်သက်တမ်းသာ တိုးမြှင့်နိုင်ကြောင်း ဖော်ပြထားသည်။
You may also like these stories:
စစ်ကောင်စီက အရေးပေါ်ကာလသက်တမ်း ၄ ကြိမ်မြောက် တိုး
စစ်ကောင်စီ၏ အနှစ်သာရကင်းမဲ့သော လုပ်ရပ်
ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်
စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ
စစ်အရာရှိ ၆၁ ဦး အငြိမ်းစားပေးခံရ
တနင်္သာရီအခြေစိုက် ဒုတိုင်းမှူးနှင့် နယ်လုံဝန်ကြီးအား စစ်ကောင်စီ ဖမ်းဆီးစစ်ဆေး