“ဘုရင်တကာတို့၏ ဘုရင် ဖြစ်တော်မူတဲ့ ရှားဘုရင် မင်းမြတ်က ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သံအမတ်ကြီး ခန့်အပ်လွှာကို လက်ခံပါလိမ့်မယ်”
မောင်ပြုံးချိုအား အီရန် နိုင်ငံခြားရေး ဝန်ကြီးက သွားရောက် တွေ့ဆုံစဉ် အမိန့်ရှိလိုက်သည်။
ထိုနေ့သည် ၁၉၇၇ ခု၊ ဇန်နဝါရီ ၁၃ ရက် ဖြစ်သည်။
ရှားဘုရင်၏ ရှေ့မှောက်သို့ ဝင်၍ ခန့်အပ်လွှာ ပေးအပ်ရန် နောက်ထပ် ခြောက်ရက် စောင့်ရပေဦးမည်။ ခပ်မြန်မြန် ကိစ္စပြီးလိုသော မောင်ပြုံးချို အဖို့ ခြောက်ရက် ဟူသော ကာလသည် ကြာလွန်းလှသည်။
“ခြောက်ရက်ကြီးများတောင် စောင့်ရဦးမှာပါကလား” သူသည် ဤသို့ ညည်းညူမိသည်။
“ခင်ဗျား သိပ်ကံကောင်းတယ်။ တချို့ သံအမတ်ကြီးတွေများ နှစ်ပတ် သုံးပတ် စောင့်ရကြရတယ်” ဟု အနောက်တိုင်းမှ သံတမန် မိတ်ဆွေ တဦးက ပြောကြားလေသည်။
ထို ပုဂ္ဂိုလ်သည် တဟီရန်တွင် အနေကြာသူ ဖြစ်သည်။ အစ္စလမ်မာဘတ် မြန်မာ သံရုံး ဒုတိယ အတွင်းဝန်က မိတ်ဆက်ပေးလိုင်သဖြင့် သိကျွမ်းရသူ ဖြစ်သည်။
ထိုနိုင်ငံတွင် အနေကြာသည်နှင့် အမျှ တာဝန်ကျရာ နိုင်ငံ၏ အကြောင်းကို အတော် သိထားသူ ဖြစ်လေသည်။ သူသည် မကြခဏပင် မောင်ပြုံးချို တည်းခိုရာ ဟိုတယ်သို့ ရောက်ရှိလာကာ အချိန်ရလျှင် ရသလို စကား ပြောဆို နေတတ်လေသည်။
သူ့ထံမှ အီရန်နိုင်ငံ၏ သမိုင်း ဖြစ်စဉ်၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး အပြင် ရှားဘုရင်၏ မိသားစုများ အကြောင်းကိုပါ ကြားနာရသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။
အားနေသည့် ခြောက်ရက်အတွင်း မောင်ပြုံးချိုတို့သည် တဟီရန်မြို့အတွင်း လှည့်လည်သွားလာ၍ လေ့လာဖွယ် ရှိသည်များကို လေ့လာကြသည်။ တဟီရန်သည် လွန်ခဲ့သော ဆယ့်လေးငါးနှစ်က အခြေအနေနှင့် လုံးဝ မတူတော့ချေ။
၁၉၆၀ ပြည့်နှစ် နွေရာသီတွင် မောင်ပြုံးချိုသည် အခြား အဖွဲ့ဝင်များနှင့် အတူ အနောက် ဂျာမနီမှ အပြန် တဟီရန်တွင် တည ဝင်ရောက် နားဖူးသည်။
လေယာဉ် အဆက်အသွယ် အဆင်မပြေသဖြင့် သက်ဆိုင်ရာ လေယာဉ် ကုမ္ပဏီက တာဝန်ယူ ချထားပေးသော ဟိုတယ်ငယ်ကလေး တခုတွင် ညအိပ်ကြရသည်။
ညနေစာ စားပြီးသော် သူတို့တတွေ ဟိုနား သည်နား လျှောက်ကြည့်ကြသည်။ လမ်းမီးတွေကလည်း ခပ်မှိန်မှိန်။ လမ်းပေါ်တွင် မော်တော်ယာဉ်တွေလည်း ဤမျှ မပေါများသေး။
လမ်းဘေး ပလက်ဖောင်း လူသွားလမ်း ကလည်း ဤသို့ ပြေပြစ်ခြင်း မရှိ။ ကျောက်ပြားတွေ ကျိုးပဲ့နေသည်။
မီးရောင်မှိန်မှိန်တွင် စားသောက်ဆိုင်များနှင့် တိုလီမိုလီ ပစ္စည်းများ ရောင်းချသည့် ဆိုင်ငယ်ကလေးများကို တွေ့ရလေသည်။ အချို့ လမ်းဘေးတွင် ဗန်းခင်း၍ ရောင်းကြသည်။
ကြီးကြီးမားမား အဆောက်အအုံ များများ စားစား မရှိသေး။
ယခုမူ ဟိုတယ်ကြီးတွေ တမြို့လုံး မှိုလို ပေါက်နေလေပြီ။ ဝင်ထွက် သွားလာနေသည့် နိုင်ငံခြားသားတွေလည်း များလှသည်။ ကျယ်ပြန့်သည့် လမ်းမကြီးများပေါ်တွင် မော်တော်ယာဉ်တွေ ပြည့်ကျပ်နေသည်။ တလမ်းသွား အဖြစ် သတ်မှတ်ထားသည့် လမ်းများပေါ်တွင် မော်တော်ယာဉ် လေးစီး ရင်ပေါင်တန်း သွားလာနိုင်သည်။
သို့ရာတွင် လေးတန်းသော မော်တော်ယာဉ်များသည် လမ်းမကြီး တခုလုံးတွင် ပြည့်ကျပ်နေသောကြောင့် ရှေ့လည်း မတိုးသာ၊ နောက်လည်း မဆုတ်သာ။ ရှောင်ကွေ့ ကျော်ဖို့လည်း မဖြစ်သည့် အခြေအနေကို မကြာခဏ တွေ့မြင်ရသည်။ မော်တော်ယာဉ်တန်းကြီးသည် တရွေ့ရွေ့သာ ရွေ့ကာ ပိုးတီ တွန့်သလို တလှုပ်လှုပ်သာ သွားနေကြရသည်။
“တဟီရန်မယ် လူဦးရေ လေးသန်း ရှိတယ်။ မော်တော်ယာဉ် တသန်းကျော် ရှိတယ်။ ဒီတော့ လူ လေးယောက် မော်တော်ယာဉ် တစီးကျစီ ရှိနေတာပေါ့။ ဒီပြဿနာကို ကျနော်တို့ ရှင်းမှ ဖြစ်မယ် ဆိုတာကို သဘော ပေါက်ပါတယ်။ ဘယ်လို ရှင်းရမယ် ဆိုတာတော့ နည်းလမ်း ရှာတုန်းပေါ့”
နိုင်ငံခြားရေး ဝန်ကြီးက မောင်ပြုံးချို နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည့် စကား ဖြစ်သည်။
မောင်ပြုံးချိုသည် လွန်ခဲ့သော လေးငါးဆယ်နှစ်က သူတို့ တညတာမျှ တည်းခိုခဲ့ရသည့် ဟိုတယ်ကလေးကို မှန်းဆ ရှာကြည့်သည်။ ရှာမရတော့ပါ။ တမြို့လုံး အခြေအနေတွေ ပြောင်းနေပါပြီ။ ဘယ်နေရာကြည့်ကြည့် မြင့်မား ထည်ဝါသည့် အဆောက်အအုံကြီးတွေကိုသာ တွေ့မြင်နေရသည်။
မောင်ပြုံးချို တို့သည် ပြတိုက်ကြီးများ သို့လည်း ရောက်ကြသည်။ ရှေးဟောင်း ပစ္စည်း ပြတိုက်၊ ပန်းချီ ပြတိုက်၊ ရှေး ကော်ဇောများ ပြတိုက်၊ ရှေးဘုရင်များ၏ နန်းတော် ပြတိုက်၊ အမျိုးသား အနုပညာ ပြတိုက်၊ ပြတိုက်မျိုး စုံနေလေသည်။
“ခရောင်း ဂျီဝဲ” ခေါ် မင်းမြောက်တန်ဆာများ နှင့် သရဖူ နန်းတွင်း ကျောက်မျက်ရတနာများ ပြသထားရာ ပြတိုက်သို့လည်း တညနေခင်းတွင် ရောက်ရှိသွားကြသည်။
အစောင့်အရှောက်တွေ တင်းတင်းကျပ်ကျပ် ချထားသည်။ မြေအောက်ခန်းထဲသို့ ဝင်သွားသောအခါ မီးရောင် ပျော့ပျော့တွင် ရတနာ မျိုးစုံသည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပနေကြသည်။
ရွှေငွေ ကျောက်မျက်ရတနာများကို သူ့နေရာနှင့်သူ ကဏ္ဍ ပိုင်းခြားပြသထားသည်။ အခန်းလိုက် အကန့်လိုက် မှန်သေတ္တာများတွင် အလိုက်သင့်ရုံသာ မီးရောင် ပေးထားသည်။
ကျောက်မျက်ရတနာ မျိုးစုံ စီခြယ်ထားသည့် ထီးသုံး နန်းသုံး အဆင်တန်ဆာများကို တွေ့မြင်ရသည်။
ဘုရင်၏ ဖခင် နန်းတက်စဉ်က ဝတ်ဆင်ခဲ့သည့် သရဖူမှ အစ မင်းမြောက်တန်ဆာများ၊ ရှားဘုရင်နှင့် မိဖုရားတို့ ဘိသိက်ပွဲ ကျင်းပစဉ်က ဆင်မြန်းခဲ့သည့် မင်းမြောက်တန်ဆာများ၊ ရတနာမျိုးစုံ စီခြယ်ထားသည့် နန်းတွင်း အသုံးအဆောင် ပစ္စည်းများ စုံနေပါတော့သည်။
တနေရာတွင် မှန်သေတ္တာ ခပ်ငယ်ငယ်နှင့် သီးသန့်ပြထားသည့် ပတ္တမြား တလုံးကို တွေ့ရသည်။
“ဘားမီး(စ) ရူဘီ” ဟူသော စာတန်း ထိုးထားသဖြင့် “မြန်မာ့ ပတ္တမြားပါ တကား” ဟု သိရသည်။ အလျား လက် တဆစ်ခန့်၊ အနံ လက်တလုံးခန့် ရှိသော ပတ္တမြားကို ရွှေကလပ်ပေါ်တွင် ပြသထားသည်။ မှန်သေတ္တာတွင်းဝယ် မီးရောင်အောက်တွင် မြန်မာ့ ပတ္တမြားသည် ရဲရဲနီသော မြန်မာ့သွေးရောင်ဖြင့် မာန်ဝင့်လျက်ရှိသည်။
“ဘယ်လိုလုပ်ပြီး ဒီရောက်နေတာပါလိမ့်”
မောင်ပြုံးချိုသည် ဤသို့ တွေးတောရင်း ပြတိုက်အတွင်းမှ ထွက်ခွာလာခဲ့လေသည်။
ဤသို့ သွားရင်း လာရင်း လေ့လာရင်းနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့လည်း မကြာခဏ သွားကြရသည်။ ရှားဘုရင် ရှေ့မှောက်သို့ ဝင်ရောက်ပြီး ခန့်စာအပ်ရမည့် ကိစ္စနှင့် ပတ်သက်၍ ပွဲမဝင်မီ အပြင်က ကျင်းပ ပြုလုပ် ရသည်။
ကမ္ဘာပေါ်တွင် ဘုရင်စနစ်သည် တဖြည်းဖြည်း ဆိတ်သုဉ်းလျက် ရှိသည်။ ဘုရင်စနစ် အုပ်စိုးသော နိုင်ငံများသည် အနည်းငယ်သာ ကျန်တော့သည်။ လက်ချိုး၍ပင် ရေတွက်နိုင်သည်။
နန်းဆက် ရှည်လျားပြီး ကျန်ရှိနေသေးသည့် ဘုရင်များ၊ ဘုရင်မများသည်လည်း ရှေးယခင် ခေတ်များလောက် သြဇာအာဏာ မရှိတော့ပေ။ နိုင်ငံ၏ အကြီးအကဲ အထွတ်အထိပ် ပြယုဂ် အဖြစ်သာ တည်ရှိနေကြတော့သည်။ မဟာဆန်သည့် နန်းဓလေ့ကိုလည်း တော်ရုံသာ လိုက်နာ ကျင့်သုံးကြတော့သည်။
သို့ရာတွင် မကြာသေးမီက နန်းဆက် တည်ထောင် အုပ်စိုးလျက်ရှိသည့် ဘုရင်များမှာ ထီးမူ နန်းဟန်များကို အထူးအလေးပေး ကျင့်သုံးလျက် ရှိကြသည်။ အခေါ်အဝေါ် အပြုအမူကမှ အစ နေရာတိုင်းတွင် မဟာဆန်ဆန် ကျင့်သုံးနေကြသည်။
ရှားဘုရင် ရှေ့မှောက်သို့ ဝင်ရောက်ကာ နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် လက်မှတ် ရေးထိုးပေးလိုက်သည့် ခန့်အပ်လွှာကို ပေးအပ်ရမည့် အရေး အစမ်း လေ့ကျင့်ခန်းများ လုပ်ရသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိ တဦးက ရှားဘုရင်ကိုယ်စား ဝင်ရောက်ပြီး ပွဲမဝင်မီ အပြင်က ကျင်းပခြင်းကို တရက်ခြား နှစ်ကြိမ် ဆောင်ရွက်ရသည်။
ရှားဘုရင်က မည်သည့် နေရာတွင် ရပ်နေမည်၊ သံအမတ်ကြီးက မည်သည့် တံခါးမှ မည်သူတို့နှင့် အတူ ဝင်လာပြီး ဘုရင်နှင့် ဘယ်မျှ အကွာအဝေးလောက်တွင် ရပ်ရမည်။
ခန့်အပ်လွှာကို မည်သို့ ပေးအပ်ရမည်။ မည်သို့ လက်ဆွဲနှုတ်ဆက်ရမည်။ မည်သည့် နေရာသို့ ပြန်ဆုတ်ပြီး မည်သို့ မိန့်ခွန်း ခြွေရမည် စသည်စသည်တို့ ဖြစ်သည်။
“ဒီကိစ္စက ဒါလောက်တောင် လေ့ကျင့်ခန်း လုပ်နေဖို့ လိုသလားခင်ဗျာ”
မောင်ပြုံးချိုသည် သံတမန် ဆက်ဆံရေး အရာရှိချုပ်အား မေးမြန်းလိုက်လေသည်။
“လိုပါတယ် ခင်ဗျား။ တချို့က ဘုရင် ဧကရာဇ် မင်းမြတ် ရှေ့မှောက် ရောက်မှ အိုးနင်းခွက်နင်း ဖြစ်တတ် လွန်းလို့ပါ” ဟု ဖြေလေသည်။
မောင်ပြုံးချိုသည် မည်သို့မှ မငြင်းသာ။ ရောမ ရောက်လျှင် ရောမလူမျိုးတို့လို ကျင့်ကြံနေထိုင်ရမည် မဟုတ်လား။
သံတမန်ဆိုသည်မှာ သူတပါးနိုင်ငံသို့ သွားရောက်ပြီး ခွန်းကြီး ခွန်းငယ် စကား စစ်ထိုးနေရမည့်သူ မဟုတ်။
ဇန်နဝါရီ ၁၉ ရက်
သာယာသော နံနက်ခင်း။
မောင်ပြုံးချို အဖို့ ကံကောင်းသည်ဟု ဆိုရပေမည်။ နေ အနည်းငယ် သာနေသည်။ ဟိုတယ်ခန်း ပြတင်းမှ လှမ်းကြည့်လိုက်သောအခါ ဆီးနှင်း ဖုံးနေသည့် တောင်တန်းများပေါ်တွင် နေရောင်ခြည် ပက်ဖြန်းနေသည်ကို မြင်ရလေသည်။
သို့သော် ပတ်ဝန်းကျင် တခုလုံးရှိ တိုက်တာ အဆောက်အအုံ အားလုံးကို ဆီးနှင်းတွေ ဖုံးလွှမ်းနေသည်။ အရိုးပြိုင်းပြိုင်း သစ်ပင် သစ်ကိုင်းတွေကိုလည်း ဆီးနှင်းတွေ အုပ်နေသည်။ အချို့အိမ်များ၏ တံစက်မြိတ်တွင် ဆီးနှင်း တောင့်ကြီးများလည်း တန်းတန်းကြီး ကျနေသည်။
နံနက် ဆယ်နာရီ ခန့်တွင် မောင်ပြုံးချိုအား ရှားဘုရင်၏ ဆောင်းဥတု စံအိမ်တော်သို့ မော်တော်ယာဉ်ဖြင့် ခေါ်ဆောင် သွားလေသည်။
သူသည် ပုဆိုးတောင်ရှည် အဝါချိတ်၊ အဝါရောင် ခေါင်းပေါင်း၊ သက္ကလပ် အနက်ရောင်၊ ရင်ဖုံး အင်္ကျီကို ဝတ်ဆင်ထားသည်။ နိုင်ငံတော်က ပေးအပ်ထားသည့် ဘွဲ့တံဆိပ်၊ ဂုဏ်ထူး တံဆိပ်များကို နေသားတကျ ဆင်မြန်းထားသည်။
မြန်မာပီပီ ကတ္တပါ ပိန်းတန်းဖိနပ်ကို စီးသွားလိုသော်လည်း ရာသီဥတုဒဏ်ကို ခံနိုင်မည် မဟုတ်သဖြင့် ခြေအိတ် ထူထူနှင့် ရှုးဖိနပ်ကို စီးရသည်။ အတွင်းမှာလည်း သိုးမွေးအသားကပ် အင်္ကျီနှင့် ဘောင်းဘီကို ဝတ်ထားရသည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်သည် ဖောင်းပွပွကြီး ဖြစ်နေသည်။
မော်တော်ယာဉ်ပေါ်တွင် သူနှင့် ယှဉ်လျက် သံတမန် ဆက်သွယ်ရေး အရာရှိ ပါလာသည်။ သူကလည်း အီရန် နိုင်ငံ၏ နိုင်ငံခြားရေး အရာရှိများ အတွက် သတ်မှတ်ထားသည့် သက္ကလပ် နက်ပြာရောင် ဘောင်းဘီရှည်နှင့်၊ လက်ဖျား ကော်လာနှင့် ရင်ဘတ်တွင် ကနုတ်ပန်းတို့ကို ပန်းခက်လိမ် အဖြူများ ထိုးထားသည့် လည်ထောင် ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည်။
လက်တွင် ကိုင်လာသည့် ဦးထုပ်မှာ တြိဂံပုံ ခပ်ပြားပြား ဖြစ်၍ ရှေးအခါက ပြင်သစ် စစ်ဗိုလ်များ ဆောင်းသည့် ဦးထုပ်နှင့် ခပ်ဆင်ဆင် တူသည်။ တတိယ အတွင်းဝန်သည် ယာဉ်မောင်းသူနှင့် ယှဉ်လျက် ထိုင်ကာ လိုက်ပါ လာသည်။
တဟီရန် လမ်းမကြီးများသည် မော်တော်ယာဉ်တွေနှင့် ပြည့်ကျပ်နေသည်။ သူတို့၏ မော်တော်ယာဉ် ရှေ့တွင် ရဲသား နှစ်ဦး မော်တော်ဆိုင်ကယ် နှစ်စီးတို့ကို ဘေးချင်းယှဉ် စီးပြီး လမ်းရှင်းပေးသွားသည့် တိုင်အောင် စိတ်ထင်တိုင်း အမြန် မမောင်းနိုင်။
ဆောင်းရာသီ စံအိမ်တော်သို့ ရောက်သောအခါ မော်တော်ယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် အရန်သင့် တန်းစီ စောင့်နေသည့် ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူရသည်။
ထိုအချိန်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အမျိုးသား သီချင်းကို တီးမှုတ်သည်။ ပြီးလျှင် တပ်ဖွဲ့ကို စစ်ဆေးပြီး စစ်ဘက်နှင့် နိုင်ငံခြားရေး ရုံးမှ အရာရှိများ ခြံရံလျက် နန်းတော်တွင်းသို့ ဝင်ရောက်လာကြသည်။
ဧည့်ခန်းတွင် ခေတ္တထိုင်ရင်း အိမ်တော် အရာရှိများ၊ စစ်ဘက်၊ နယ်ဘက်မှ အရာရှိများနှင့် ကော်ဖီ သောက်ရင်း အာလာပ သလ္လာပ စကားများ ပြောဆိုနေကြသည်။
တခန်းလုံး မွေးရှည် သိုးမွေးကော်ဇောများကို နံရံများအထိ ခင်းထားသည်။ ထိုအပေါ်မှ လက်ရာမြောက် အဖိုးတန် ကော်ဇောများကို ကွက်ကြားခင်းထားသည်။
အခန်းထောင့် တနေရာတွင် သိုးမွေးချည်ကို အသုံးပြုပြီး လက်နှင့် ထိုးထားသည့် ရှားဘုရင်၏ ကိုယ်တပိုင်း ပုံကို တွေ့ရသည်။ နံရံတွင် မိသားစု ပန်းချီ ပုံကြီးကို ချိတ်ဆွဲထားသည်။
စားပွဲငယ်များနှင့် ခုံကလေးများ ပေါ်တွင် နိုင်ငံအချို့၏ အကြီးအကဲများ ကိုယ်တိုင် လက်မှတ်များ ရေးထိုးထားသည့် ဓာတ်ပုံများ ထောင်တင်ထားသည်ကို တွေ့မြင်ရလေသည်။
“ဘုရင် မင်းမြတ် အဆင်သင့် ဖြစ်နေပါပြီ” အိမ်တော် အရာရှိ တဦးက လာရောက် အကြောင်းကြားသည်။
မောင်ပြုံးချိုသည် အိမ်တော် အရာရှိချုပ် နှင့် သံတမန် ဆက်သွယ်ရေး အရာရှိတို့ အလယ်မှ တဖက်ရှိ အခန်းပေါက် တံခါးမကြီး ဆီသို့ လျှောက်သွားလေသည်။
အနီးသို့ ရောက်သွားလျှင် တံခါးမကြီး နှစ်ခုကို ပြိုင်တူ ဖွင့်ပေးလိုက်ရာ သူ့ရှေ့တွင် မီးရောင်၊ ရွှေရောင်၊ ပိုးဖဲ ကတ္တီပါရောင် တဖိတ်ဖိတ် တောက်ပနေသည့် အခန်းကျယ်ကြီးသည် ဘွားခနဲ ပေါ်လာလေသည်။
အထက် မျက်နှာကြက်မှသည် ကြမ်းပြင်အထိ ရှည်လျားစွာ ကျနေသည့် အစိမ်းရောင် ကတ္တီပါ ခန်းဆီးကြီး များကို ပြင်ပမှ အလင်းရောင် ဝင်နိုင်ရန် အနည်းငယ်သာ ဘေးဘက်သို့ ဆွဲဟထားသည်။
နံရံမှ ပန်းချီ ကားကြီးများနှင့် ပရိဘောဂများသည့် ထွန်းလင်းနေသည့် ပန်းဆိုင်းပဒေသာ လျှပ်စစ် မီးရောင်တွင် ပြိုးပြိုး ပြက်ပြက် ဝင်းလက်နေကြကုန်သည်။
အခန်းကျယ်ကြီး အတွင်းအပေါက်ဝမှ ပေရှစ်ဆယ်ခန့် ဝေးကွာသော နေရာတွင် ရှားဘုရင်သည် တူညီ ဝတ်စုံ ဝတ်ဆင်ထားသော နိုင်ငံခြားရေး ဝန်ကြီး အပါအဝင် စစ်ဘက် နယ်ဘက် အရာရှိများ ခြံရံလျက် ဝင်ပေါက်ကို မျက်နှာမူကာ မတ်တတ်ရပ်နေသည်ကို တွေ့ရလေသည်။
သူသည် အီရန် တပ်မတော် သေနာပတိ၏ ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဝဲဘက် ရင်ဘတ်ပေါ်တွင် ဘွဲ့ထူး ဂုဏ်ထူး တံဆိပ်တွေ ဆင်မြန်းထားသည်။ လက်ဝဲဘက် ခါးတွင် ရွှေကွပ် ဓားအိမ်နှင့် ဆောင်ဓားကို ချိတ်ဆွဲထား သည်။
မောင်ပြုံးချိုသည် ခန်းလုံးပြည့် ကော်ဇောကြီး ပေါ်၌ ထပ်ခင်းထားသည့် ကော်ဇောနီပေါ်တွင် ဘုရင့် ရှေ့တော်မှောက် အရောက် ခပ်ဖြည်းဖြည်း လျှောက်လာသည်။ တတိယ အတွင်းဝန်သည် နောက်မှ ထက်ကြပ် မကွာ လိုက်ပါလာသည်။ ရှားဘုရင်၏ ရှေ့တည့်တည့် ရှစ်ပေမျှ အကွာတွင် ရပ်လိုက်သည်။
သံတမန် ဆက်သွယ်ရေး အရာရှိချုပ်က မောင်ပြုံးချို၏ အမည်နှင့်တကွ “ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆိုင်ရာ သံအမတ်ကြီးပါ ဘုရင် မင်းမြတ်” ဟု သံတော်ဦး တင်လိုက်သည်။
ထို့နောက် မောင်ပြုံးချိုသည် ရှေ့သို့ တိုးသွားပြီး ယူဆောင်လာသည့် ခန့်အပ်လွှာနှင့် သူ့အရင်က တာဝန် ထမ်းဆောင် သွားသော သံအမတ်ကြီးအား တာဝန်ပြီးဆုံး၍ ပြန်လည် ခေါ်ယူသည့် စာချွန်ကို ရှားဘုရင်အား လက်နှစ်ဖက်ဖြင့် ပေးအပ်လိုက်သည်။ ရှားဘုရင်က လက်ခံယူပြီး အနီးရှိ အရာရှိ တဦးအား လှမ်းပေးလိုက် သည်။ ပြီးလျှင် မောင်ပြုံးချိုအား လက်ဆွဲ နှုတ်ဆက်သည်။
မောင်ပြုံးချိုသည် မူလနေရာသို့ အရောက် ပြန်ဆုတ်လာပြီး အသင့် ယူဆောင်လာသည့် နှစ်ပြည်ထောင် ချစ်ကြည်ရေးများကို ဖော်ပြသည့် မိန့်ခွန်းကို ဖတ်ကြားသည်။
ရှားဘုရင်ကလည်း အလားတူ အဓိပ္ပာယ် သက်ရောက်သည့် မိန့်ခွန်းကို မြွက်ကြားသည်။
ထို့နောက် မောင်ပြုံးချိုက မိမိ၏ တတိယ အတွင်းဝန်၏ လက်ကိုဆွဲ၍ နှုတ်ဆက်လိုက်သည်။ အခမ်းအနား ဤတွင် ပြီးဆုံးပါသည်။
မောင်ပြုံးချို အဖို့တော့ လှည့်မပြန်ရသေးပါ။ ရှားဘုရင်သည် သူတဦးတည်းသာ တဖက်ရှိ အခန်းဆောင် အတွင်းသို့ ခေါ်ဆောင်သွားလေသည်။ နိုင်ငံခြားရေး ဝန်ကြီး တဦးတည်းသာ သူတို့နှင့် လိုက်ပါလာသည်။ အခြားအရာရှိ အားလုံး အပြင်ခန်းတွင် စောင့်နေကြရလေသည်။
ရွှေနားကွပ် စားပွဲဝိုင်းတွင် သူတို့ သုံးဦးသည် ရွှေနားကွပ် ကုလားထိုင် တလုံးစီတွင် ထိုင်လိုက်ကြသည်။ နိုင်ငံခြားရေး ဝန်ကြီးက ခပ်ခွာခွာ ထိုင်လိုက်သည်။
မောင်ပြုံးချို နှင့် ရှားဘုရင်မှာ စားပွဲတွင် နီးကပ်စွာ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ စားပွဲပေါ်တွင်မူ လက်ဖက်ရည်ခွက် သုံးလုံး အဆင်သင့် ရှိနေသည်။ ဖန်ခွက်များကို ကိုင်၍ လွယ်ကူစေရန် ရွှေနားကွပ်ပြီး လက်ကိုင်ကို တပ်ထားသည်။
ရှားဘုရင်က သကြားခဲခွက်ကို လှမ်းပေးရာ တခဲကို အသင့်ပါလာသော ငွေညှပ်ဖြင့် ညှပ်ယူပြီး မိမိ လက်ဖက်ရည် ဖန်ခွက်ထဲသို့ ထည့်လိုက်သည်။
ရှားဘုရင်က “သံအမတ်ကြီးရဲ့ သမ္မတကြီး ကျန်းမာပါစ” ဟု စတင် မေးမြန်းသည်။
မောင်ပြုံးချိုက ကျန်းမာပါကြောင်း ပြန်ကြား ဖြေဆိုသည်။
မကြာသေးမီက မကျန်းမာကြောင်း ကြားသိရသည့် အကြောင်း၊ မိမိက သမ္မတကြီး ကျန်းမာစေကြောင်း ဆုတောင်းလျက် ရှိပါကြောင်း တဆင့် ပြောကြားပေးပါရန် ပြောဆိုသည်။
ထို့နောက် ငလျင် လှုပ်သည့် အတွက် ပုဂံဘုရား၊ စေတီပုထိုးများ ပျက်စီးသည့် အကြောင်းကို မေးမြန်းသဖြင့် ဖြေကြား ပြောဆိုရသည်။ စီးပွားရေး အခြေအနေ၊ နယ်စပ် ဒေသများတွင် သောင်းကျန်းသူတို့ လှုပ်ရှားမှု အကြောင်း စသည်များကို မေးမြန်းသည်။
စာမတတ်သူ ပပျောက်ရေး စီမံကိန်း အကြောင်းကိုလည်း ဆွေးနွေးသည်။
ဤတွင် မောင်ပြုံးချိုက “ယူနက်စ်ကို အဖွဲ့က တဆင့် ချီးမြှင့်တဲ့ ဘုရင် မင်းမြတ်ရဲ့ ဆုကို ကျနော်တို့ နိုင်ငံက ဆွတ်ခူး ရရှိတဲ့ အတွက် ကျနော်တို့ အထူး ဂုဏ်ယူပါတယ်” ဟု ပြောကြားလိုက်လေသည်။
“အဲဒီ စာမတတ်သူ ပပျောက်ရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ဆောင်ရွက် အောင်မြင်နေပုံတွေ ကြားသိရလို့ အလွန်ပဲ ဝမ်းမြောက် အားရလှပါတယ်။ ဒီနိုင်ငံမှာလည်း စာမတတ်သူ ပပျောက်ရေး လုပ်ငန်းကို ကြိုးစား လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် လက်တွေ့လုပ်ရာမှာ အခက်အခဲတွေ အများကြီး ရှိတယ်” ဟု မိန့်ကြား လေသည်။
မောင်ပြုံးချိုက မိမိတို့ နိုင်ငံတွင် စာမတတ်သူ ပပျောက်ရေး လုပ်ငန်းတွင် ကျောင်းသူ ကျောင်းသားများ၊ ဆရာ ဆရာမများ ကျေးရွာများသို့ ဆင်းကာ လုပ်အားပေးကြပုံများကို ပြောပြလေသည်။
ထိုသို့ ရှားဘုရင်နှင့် မောင်ပြုံးချိုတို့ ပြောဆို ဆွေးနွေးကြရာ အနီးတွင် ထိုင်နေသော နိုင်ငံခြားရေး ဝန်ကြီးသည် မည်သို့မျှ ဝင်မပြော၊ ငြိမ်လျက်သာ နားထောင်နေသည်။
ရှားဘုရင်နှင့် မောင်ပြုံးချိုမှာ လက်ဖက်ရည်ကို သောက်လိုက် စကားပြောလိုက်နှင့် တနာရီခန့် ကြာသွားသည်။ ဖန်ခွက်ထဲမှ လက်ဖက်ရည်များလည်း ကုန်ခါနီး ဖြစ်သွားလေပြီ။
“ဒီရောက်တဲ့အခါ စိတ်အေးချမ်းမြေ့ ပျော်ရွှင်စွာနေပါ။ အစစ အဆင်ပြေပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လိုတာရှိလည်း နိုင်ငံခြားရေး ရုံးက အားလုံး စီစဉ်ပေးပါလိမ့်မယ်”
ရှားဘုရင်သည် ဤသို့ ပြောဆိုရင်း နေရာမှ ထကာ မောင်ပြုံးချို၏ လက်ကို ဆွဲ၍ နှုတ်ဆက်သည်။
“နွေခါကျတော့ တခေါက်လာခဲ့ပါဦး။ အဲဒီကျတော့ အနီးအနား ဒေသတွေလည်း သွားပြီး လေ့လာနိုင်တာပေါ့” ဟုလည်း ပြောလိုက်သည်။
နိုင်ငံခြားရေး ဝန်ကြီးသည် မောင်ပြုံးချိုအား အခန်းကျယ်ကြီး၏ အဝင်ဝအထိ လိုက်ပို့သည်။
“ကျနော်လည်း မနက်ဖြန် ခရီးထွက်မှာမို့ သံအမတ်ကြီးနဲ့ နောက်ထပ် တွေ့မယ် မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် တခါတည်း နှုတ်ဆက်ပါရစေ။ လိုတာရှိရင် သံတမန် ဆက်သွယ်ရေး အရာရှိချုပ်ကိုသာ ပြောပါ” ဟု ဝန်ကြီးက ပြောပြောဆိုဆို လက်ဆွဲ နှုတ်ဆက်သည်။
အပေါက်ဝမှ ဆီးကြိုနေသော သံတမန် ဆက်သွယ်ရေး အရာရှိချုပ်သည် မောင်ပြုံးချိုအား တည်းခိုရာ ဟိုတယ်သို့ လိုက်ပို့လေသည်။
သူသည် တလမ်းလုံး ပြုံးပြုံးရွှင်ရွှင် စကားကြွယ်လာသည်။ တာဝန်တခု အထစ်အငေါ့ မရှိ ပြီးဆုံးသွား၍ ဝမ်းမြောက်နေဟန် တူပါ၏။ ။
(စာရေးဆရာကြီး မန်းတင် ရေးသားခဲ့သည့် ဤဆောင်းပါးကို တကောင်း စာပေတိုက်က ၂၀၀၁ ခုနှစ် ဇန်နဝါရီ လထုတ် “သံကြီး တမန်ကြီး” ဒုတိယအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၇ ခုနှစ် ဧပြီလ ၁၉ ရက် အသက် ၈၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)