သားရေ လောက်လေးဖြင့် ဆွဲ၍ ပစ်ခတ်လိုက်သော ကျောက်ခဲတလုံးသည် ကျနော်၏ အခန်းတွင်းသို့ ပြင်းသော အရှိန်ဖြင့် ဝင်ရောက်လာကာ၊ ပန်းအိုး တလုံးကို ဝင်၍ ခွဲလိုက်သောကြောင့် ကျနော့်မှာ အလွန် ဒေါသ ထွက်မိပြီး လေးပစ်သော သူငယ်ကို ကြိမ်းမောင်း ဆုံးမမည်ဟု နှလုံးပြုလျက် စာရေးစားပွဲမှ ထ၍ ပြတင်းပေါက်မှ ထွက်ကြည့်လိုက်ရာ လေးပစ်သူမှာ အပါကလေး ဖြစ်နေသည်ကို တွေ့ရသည်၌ ဒေါသ မထွက်နိုင်ဘဲ ရှိလေ၏။
သို့ရာတွင် အပါ့အား ကြည့်နေ၍ မဖြစ်သေးဘဲ နားလည်အောင် ပြောဆို ဆုံးမမည် စိတ်ကူးလျက် အပါ့ကို ခေါ်လိုက်သဖြင့် ရောက်လာလေ၏။
“အပါ မင်းဘယ့်နှယ်ကြောင့် လောက်လေးကို အရမ်းပစ်ရတာလဲ၊ ငါ့ ပန်းအိုးကြီး ကွဲသွားပြီ”
“ဦးလေး ပန်းအိုးရှိတာ ကျနော် ဘယ်သိမလဲ ဦးလေးရဲ့၊ ပန်းအိုး ကွဲမှာစိုးရင် အစတုန်းက ရွှေ့ထားလိုက်ပါလား ဦးလေးရဲ့၊ အိမ်ထဲကို ကျောက်ခဲ ဝင်လာတာ မြင်တုန်းက ပန်းအိုး ဆွဲထားလိုက်ရင် ဘယ်မှန်ပါ့မလဲ”
“အင်း၊ မင်းလောက်လေး ပစ်မယ်ဆိုတာ ငါ သိပါ့မလားကွဲ့၊ မင်းဟာက ၂၄ နာရီ ကြိုတင်ပြီး နို့တစ် ပေးထားတာမှ မဟုတ်ဘဲကလား” ဟု ပြောလိုက်ပြီးနောက် “မင်း ဒီကနေ့ ကျောင်း မတက်ရဘူးလား” ဟု မေးလိုက်၏။
“ဥပုသ်နေ့ မို့လို့ ကျောင်းပိတ်ထားတာပဲ”
“အေး ဥပုသ်နေ့မှန်း သိရက်နဲ့ ဘာပြုလို့ လောက်လေး ပစ်ရသလဲ”
“ငှက်ကလေးတွေကို ပစ်တာပဲ ဦးလေးရဲ့”
“အေး၊ ငှက်ကလေးတွေကို မပစ်ရဘူး၊ သူများ အသက်သတ်တာ ငရဲကြီးတတ်တယ်”
“မကြီးပါဘူး ဦးလေးရဲ့၊ ဆရာမက ပြောတယ်၊ လောက်လေးပစ်ရင် ရှင်ဘုရင် ဖြစ်မယ်တဲ့။ ကျနော် ရှင်ဘုရင် ဖြစ်ချင်တာပေါ့”
“ကြံကြံဖန်ဖန်ကွာ၊ မင်းဆရာမက ဒီလိုပဲ ပြောသလား”
“တကယ့်ကို ပြောတာ ဦးလေးရဲ့၊ ဒီပုံကို ဦးလေး မကြားဖူးဘူးလား”
“ပြောစမ်းပါဦး၊ ဘယ်လိုပုံလဲ”
“ဦးလေး နားထောင်နော်၊ နောက်ပြီးတော့ မမေးနဲ့”
* * * * *
“ရှေးရှေးတုန်းက၊ အဲဒါ ရာဇဝင် ဦးလေးရဲ့၊ ရာဇဝင်ဆိုတာ ပုံလည်း မဟုတ်ဘဲ၊ တကယ်ဖြစ်တာလည်း မဟုတ်ဘူး။ ရှင်ဘုရင်တွေက ရေးခိုင်းလို့၊ လူကြီးတွေက ရေးပြီး၊ ရှင်ဘုရင်တွေ ဖတ်တဲ့ ဝတ္ထု စာအုပ်ကို ပြောတာ။ အဲဒါနဲ့ ရေတကောင်း လုပ်တဲ့ တိုင်းပြည်မှာ ရှင်ဘုရင် တယောက် ရှိရော”
“တကောင်းပြည်လို့ ခေါ်တယ်ကွဲ့”
“ကျနော် ပြောတာလည်း ဟုတ်သားပဲ ဦးလေးရဲ့၊ အဲဒီ တိုင်းပြည်မှာ လူတွေက ဆူဆူပူပူ လုပ်တော့၊ ရှင်ဘုရင်ကလည်း နားငြီးတယ် ဆိုပြီး၊ တောထဲကို ထွက်ပြေးပါရော၊ သူ့မိန်းမလည်း ခေါ်သွားတယ်၊ တောထဲကျတော့ ဘာမှ အလုပ်မရှိတာနဲ့ ကလေးတယောက် မွေးလိုက်ရော၊ ဒီကလေးကို ပြူစောထီး လို့ ခေါ်တယ်။ မြန်မာလို ခေါ်တော့ စောလှဖြူ လို့ ခေါ်တယ်။ သူတို့ ရခိုင်လူမျိုး ထင်တယ် ဦးလေးရဲ့”
“အဲဒါနဲ့ ဒီကောင်ကလေး အပါတို့ အရွယ်လောက် ရှိလာတော့၊ ဖေဖေရယ် ဖေဖေရယ်တဲ့ ကျနော့်ကို ပိုက်ဆံ ၂ ပြားလောက် ပေးပါလို့ တောင်းတော့၊ သူ့အဖေက နင် ပိုက်ဆံ ဘာလုပ်မလို့လဲ မေးတော့၊ ကျနော် လေးပစ်ဖို့ သားရေကြိုး ဝယ်ချင်လို့ပါ၊ ရှင်ဘုရင်သား ဆိုရင် လောက်လေး ပစ်တတ်တဲ့ ပညာကို တတ်ရတယ် ဆိုလို့ ကျနော် သင်ပါရစေလို့ ပြောတော့၊ ငါ့မှာ အကြွေမရှိဘူး၊ ပဲစေ့ တစေ့တည်း ရှိတယ်၊ ရော့ယူသွား၊ ပိုတဲ့ ၂ ပြားကို ပြန်ပေးလို့ ဆိုပြီး ပေးလိုက်ရော”
“ဒါနဲ့ ပိုက်ဆံ ၂ ပြားကို သားရေကြိုး ဝယ်ပြီး ကျန်တဲ့ ၂ ပြားကို ဗယာကြော် ဝယ်စားလို့ ကုန်သွားတာနဲ့ သူ့အဖေ အရိုက်ခံရမှာ စိုးလို့ အိမ်မပြန်ဘဲ ဘုန်းကြီးကျောင်းကို သွားပြီး နေလိုက်ရော”
“ဒီဘုန်းကြီးကလည်း လောက်လေး သိပ်တည့်တာပဲ၊ ဒါနဲ့ ဒီဘုန်းကြီးက သူ့ကို လောက်လေး သင်ပေးတော့၊ သိပ် လက်တည့် သွားတာပေါ့၊ ပုတ်သင်ညိုတွေ၊ စာကလေးတွေ ပစ်ရင် တခါတည်း ကျွမ်းပြန်ကျတာပဲ။ ဒါနဲ့ တနေ့ကျတော့ သူ့အမေအဖေက ဒီကောင်ကလေး ဘုန်းကြီးကျောင်းမှာ ရှိတာသိလို့ လာခေါ်တော့ ငါလိုက်သွားရင် အရိုက်ခံရမှာပဲ၊ ငါ လိုက်မသွားရအောင် လိမ်ပြောမယ် ဆိုပြီး ကျနော် မလိုက်ပါရစေနဲ့ ဖေဖေရယ်၊ ကျနော် ရေနံချောင်းကို သွားပြီး အလုပ် ရှာပါရစေ ပြောတော့၊ သူ့အဖေက နင် အင်္ဂလိပ်စာမှ မတတ်ဘဲ၊ ဘယ့်နှယ်လုပ်ပြီး အလုပ်ရမလဲ မေးတော့၊ ကျနော် အလုပ် တခုခုရှာပြီး လုပ်မှာပေါ့လို့ ပြောတာနဲ့ သူ့အမေအဖေက တောင်ဘက်ကို ခရီးသွားရင် နဂါးလှည့်သင့်မလား၊ မသင့်ဘူးလား လို့ ဘုန်းကြီးကို ဗေဒင် မေးကြည့်တော့၊ ကိစ္စမရှိဘူး၊ တောင်ဘက်ကို သွားရင် ရှင်ဘုရင် ဖြစ်လိမ့်မယ်လို့ ဟောတာနဲ့ သူ့အမေရော အဖေရော သိပ်ဝမ်းသာပြီး၊ သူတို့ ကိုယ်တိုင် လောက်စလုံးတွေ လုံးပေးပြီး သွားဖို့ အခွင့် လွှတ်လိုက် တာပေါ့”
“ဒါနဲ့ ရှေးတုန်းက မီးရထားတွေ သင်္ဘောတွေ မရှိသေးတာနဲ့ ခြေလျင် လျှောက်လာတော့ ရေနံချောင်းကို မရောက်ဘဲ လမ်းမှားပြီး ပုဂံ လုပ်တဲ့ တိုင်းပြည်ကို ရောက်သွားပါရော”
“ပုဂံလုပ်တဲ့ တိုင်းပြည် မဟုတ်ဘူး၊ ပုဂံပြည်လို့ ခေါ်တယ်ကွဲ့”
“ပျူအို လင်မယားပါကွ ပြုစားတတ်တာ မဟုတ်ပါဘူး”
“ဟုတ်ပါတယ်၊ ဆရာမက ဒီလိုပဲ ပြောတယ်၊ ဒါနဲ့ ဒီကောင်ကလေးကို အဘိုးကြီး လင်မယားက အမွေစား အမွေခံ ဆိုပြီး စာချုုပ်နဲ့ မွေးစားထားလို့၊ တဖြည်းဖြည်း ကြီးလာတော့ လူကလေးရယ်တဲ့ မင်းသိပ်ပြီးတော့ မလည်နဲ့တဲ့၊ တို့တိုင်းပြည်မှာ ငှက်ဖျား ရောဂါ ထနေတယ်တဲ့၊ ဝက်ရူးလည်း ပြန်တယ်တဲ့၊ မလည်နဲ့ ပြောတော့ ဘာပြုလို့ ငှက်ဖျားရောဂါ ထနေကြတာလဲ လို့ မေးတော့၊ အနောက်ဘက်မှာ မကောင်းဆိုးဝါး တစ္ဆေတွေက လွှတ်ထားတဲ့ ကုတ်ကလူး တကောင်ရှိတယ်၊ ဒီငှက်ကြီးဟာ လက်ပံပင် အပေါ်မှာ နေတယ်တဲ့၊ ဒီငှက်ကြီး ညညကျရင် ကုတ် ကုတ် ကုတ်ကလူး လို့ အော်လိုက်ရင် လူတွေ ငှက်ဖျားရောဂါ ဖြစ်ပြီး သေတယ်တဲ့”
“အဲဒါကို မသေရအောင် ဒီငှက်ကြီး စားဖို့ မိန်းမတွေကို ကြွေးရတယ် ဦးလေးရဲ့၊ ဒီငှက်ကြီးက သိပ်လူပါးဝတာပဲ၊ အမယ်အိုကြီးတွေ ကျွေးရင် အဆီအသား မရှိဘူး ဆိုပြီး မစားဘူး ဦးလေးရဲ့၊ အပျိုလေးတွေမှ စားတယ်တဲ့၊ ဒီလို အပျိုကလေးတွေ စားရင် လူပျိုတွေ မိန်းမ ဘယ်ရတော့မလဲနော်၊ ဦးလေးလိုပဲ ဖြစ်နေကြမှာပေါ့”
“ဒါနဲ့ ပြူစောထီးလို့ ခေါ်တဲ့ စောလှဖြူက ဒီငှက်ကြီးကို ကျနော် မကြောက်ဘူး၊ ကျနော် လောက်လေးနဲ့ ပစ်သတ်မယ်၊ ကျနော် သွားပါရစေ လို့ အဘိုးကြီး လင်မယားကို ပူဆာတာနဲ့ လွှတ်လိုက်ရတာပေါ့၊ ဒါနဲ့ သူလည်း လောက်စလုံးတွေ လွယ်အိတ်နဲ့ အပြည့်ကြီး ထည့်ပြီး ထွက်လာတော့၊ လမ်းမှာ လူတယောက်နဲ့ တွေ့ရော၊ အဲဒီလူဟာက ငှက်ကြီးကို အစာကျွေးဖို့ အပျိုကလေးတွေ ဖမ်းလာတဲ့လူ ဦးလေးရဲ့၊ အဲဒီလူကို တွေ့တော့ ဟေ့ကောင် ဒီကောင်မလေးတွေကို ခင်ဗျား မဖမ်းသွားနဲ့ ငါ လက်သီးနဲ့ ပိတ်ထိုးရမလားလို့ ပြောပြီး အဲဒီ နေရာမှာပဲ သူတို့ ၂ ယောက် နောင်ဂျိမ်၊ နောင့်ဂျိမ်း၊ နောင်ဂျိမ်၊ နောင့်ဂျိမ်း ဆိုပြီး ထိုးကြတာပေါ့၊ တခါတည်း ဟိုလူကြီး စန့်သွားတာပဲ”
“အဲဒီလူ သေသွားတော့ စောလှဖြူက ဟဲ့ကောင်မကလေးတွေ နင်တို့ ငှက်ကြီးဘယ်မှာ ရှိသလဲ ငါ့ကို ပြစမ်း ဆိုတော့၊ လိုက်ပြတာပေါ့၊ ငှက်ကြီးကို တွေ့တဲ့ အခါကျတော့ လောက်စလုံး အကောင်းဆုံး ရွေးပြီး ပိတ်ပစ်လိုက်တာ၊ ဗိုက်ပိတ်မှန်ပေမယ့် ငှက်ကြီးက ဧရာမ ငှက်ကြီး ဆိုတော့ မသေနိုင်ဘူးပေါ့၊ ဒါပေမယ့် သိပ်နာသွားတာနဲ့ ဒေါသ ဖြစ်ပြီး စောလှဖြူကို နှုတ်သီးနဲ့ ပိတ်ပေါက်လိုက်တာ၊ စောလှဖြူက လူပါးပဲ၊ ဘာရမလဲ၊ ဒိုင်ဗင်လည်း ထိုးတတ်တော့ နောက်ကျွမ်း ပစ်ပြီး ဘက်ဒိုင်ဗင် ဆော်လိုက်တာ၊ ငှက်ကြီး သူ့ကို မပေါက်မိဘဲ မြေကြီးထဲ နှုတ်သီး စိုက်နေတာပေါ့၊ အဲဒီ အခါ ကျတော့မှ စောလှဖြူက ငှက်ကြီး နင်သေရအောင်ပြင် ဆိုပြီး လောက်စလုံးမိုး ရွာချလိုက်တာ၊ ငှက်ကြီး အော်တောင် မအော်နိုင်ဘဲ၊ ပွဲချင်းပြီး နတ်ရွာ စံပါရော”
“ဒီတော့မှ စောလှဖြူက ငှက်ကြီးကို အမွေးနုတ်ပြီး မဆလာတွေ ငရုတ်သီးတွေနဲ့ ချက်ပါရော၊ ချက်ပြီးတော့မှ အဲဒီ မိန်းမတွေကို လည်ရောင်းခိုင်းတော့၊ ခေါင်းပေါ်ရွက်ပြီး သွားကြတာပေါ့။ အဲဒီအခါမှာ ရှင်ဘုရင်ကလည်း မုန့်သည် လာဦးလို့ ခေါ်ပြီး စားတော့၊ သိပ်အရသာ ရှိတာနဲ့ ဘယ်ကလာပြီး ရောင်းသလဲလို့ မေးတော့၊ ကျမတို့ ပုဇွန်တောင်က လာပြီး ရောင်းတယ်၊ ပြောတာနဲ့၊ ဘယ်သူ ချက်သလဲ၊ သိပ်အရသာ ရှိတာပဲ၊ ချက်တဲ့လူကို ရှင်ဘုရင် ခန့်မယ်လို့ ပြောတဲ့ အတွက် စောလှဖြူ ချက်မှန်းသိပြီး နန်းတော်ထဲ ခေါ်ပြီး ရှင်ဘုရင် ရာထူးကို ပေးလိုက်ရော၊ အဲဒါနဲ့ ပြီးရော”။ ။
(သတင်းစာဆရာ၊ စာရေးဆရာကြီး ဇဝန ရေးသားခဲ့သည့် ဤပုံပြင်ကို ကံ့ကော်ဝတ်ရည် စာပေက ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ဝေသော “ဇဝန ပုံပြင်” မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၈၃ ခုနှစ် မတ်လ ၈ ရက် အသက် ၇၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)