၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နိုင်ငံ ငါးခုက ခေါင်းဆောင်တွေ စည်းဝေးကြပြီး ကြေညာချက်တခုကို ထုတ်ပြန်ခဲ့ပါတယ်။ ထိုင်း၊ မလေး၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင် နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ လက်မှတ်ရေးထိုးထားတဲ့ အဆိုပါ ကြေညာချက်ဟာ ဘန်ကောက်ကြေညာချက်လို့ လူသိများကြပြီး နောင်တချိန်မှာ အာဆီယံလို့ လူသိများကြတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ အစလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အာဆီယံက အရှေ့တောင်အာရှဒေသလို့ ခေါ်တဲ့နေရာမှာ ပေါ်လာတဲ့ ပထမဆုံး အဖွဲ့အစည်းတော့ မဟုတ်ခဲ့ပါဘူး။ သူ့ရှေ့မှာ ပေါ်ပေါက်ခဲ့တဲ့ အဖွဲ့အစည်းတွေလည်း ရှိခဲ့သလို့ အဲဒီလို ဖြစ်ပေါ်လာဖို့ လွှမ်းမိုးခဲ့တဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။
အရှေ့-တောင် အာရှ (သို့မဟုတ်) အရှေ့တောင်အာရှ အမည်နာမ အစ
တကယ်တော့ အရှေ့တောင်အာရှဆိုတဲ့ စကားရပ်က ဒီနေ့ခေတ်အခါမှာ တွင်တွင်ကျယ်ကျယ်သုံး လာကြပြီ ဖြစ်ပေမယ့် ဒီစကားရပ် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာတဲ့ သမိုင်းကတော့ သိပ်တော့ မကြာမြင့်သေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်မတိုင်ခင်က အရှေ့-တောင် အာရှ (သို့မဟုတ်) အရှေ့တောင်အာရှ ဆိုတဲ့ အသုံးအနှုန်းက ဒေသတခုကို ရည်ညွှန်းဖို့ ထက် ပထဝီအနေအထားအရ တည်နေရာတခုကို ညွှန်းဆိုပြဖို့သာ အသုံးပြုခဲ့ကြပါသည်။
ပထမဆုံးလို့ ပြောရမည့် အသုံးအနှုန်းကိုတော့ အမေရိကန် သာသနာပြုဆရာ ဟောင်းဝပ် မယ်လ်ကွန် (Howard Malcom) ရဲ့ ၁၈၃၉ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ခရီးသွားစာအုပ်ထဲ ခေါင်းစဉ်အဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူက အာရှတိုက်ရဲ့ တောင်ဘက်ပိုင်းနဲ့ အရှေ့ဘက်ပိုင်းကို ရည်ညွှန်းပြီး ပထဝီဖော်ပြရာ စကားရပ်အနေနဲ့သာ သုံးနှုန်းခဲ့တာဖြစ်ပါတယ်။
အရှေ့တောင်အာရှကို ဒေသတခု အနေရယ်လို့ တွင်တွင်ကျယ်ကျယ် ဖြစ်လာဖို့ကိုတော့ ဒုတိယကမ္ဘာစစ်မှာ အကြောင်းဖန်လာခဲ့ပါတယ်။ ဂျပန်တွေ အရှေ့တောင်အာရှဒေသလို့ ဒီနေ့ခေတ် လူသိများကြတဲ့ နေရာဒေသကို ကျူးကျော်ဝင်ရောက်ပြီးတဲ့ နောက်မှာ အဲဒီဒေသကို စစ်ရေးအရ ကွပ်ကဲညွှန်ကြားဖို့အတွက် အရှေ့-တောင် အာရှ ကွပ်ကဲရေး (SEAC) အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ SEAC ကို လော့ဒ် မောင့်ဘက်တန်က ဦးဆောင်ကွပ်ကဲပြီး ဌာနချုပ်ကို စီလုံ (သီရိလင်္ကာ) မှာ ထားရှိခဲ့ပါတယ်။
SEAC ရဲ့ အရှေ့-တောင် အာရှ ဒေသမှာတော့ ယနေ့ခေတ် အရှေ့တောင်အာရှဒေသရဲ့ နေရာတချို့ ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံတခုလုံးနဲ့ မလေးရှားရဲ့ တချို့ဒေသတွေတော့ ပါဝင်ခဲ့ခြင်း မရှိသေးသလို့ တောင်အာရှဒေသတွေ ဖြစ်တဲ့ သီရိလင်္ကာတို့လည်း ပါဝင်တာကို တွေ့နိုင်ပါတယ်။
SEAC ရဲ့ အရှေ့-တောင် အာရှ ဒေသမှာတော့ ယနေ့ခေတ် အရှေ့တောင်အာရှဒေသရဲ့ နေရာတချို့ ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံတခုလုံးနဲ့ မလေးရှားရဲ့ တချို့ဒေသတွေတော့ ပါဝင်ခဲ့ခြင်း မရှိသေးသလို့ တောင်အာရှဒေသတွေ ဖြစ်တဲ့ သီရိလင်္ကာတို့လည်း ပါဝင်တာကို တွေ့နိုင်ပါတယ်။
သို့ပေမယ့်လည်း SEAC က အရှေ့တောင်အာရှဆိုတဲ့ ဒေသတခု ပုံပေါ်လာဖို့အတွက် အစပြုခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီနောက်ပိုင်းမှာ အမေရိကန်နဲ့ အင်္ဂလန် တက္ကသိုလ်တွေမှာလည်း အရှေ့တောင်အာရှ လေ့လာရေးတွေ ပေါ်ပေါက်လာခဲ့သလို အရှေ့တောင်အာရှရဲ့ ပထမဆုံး သမိုင်းစာအုပ်တွေထဲက တခုဖြစ်တဲ့ သမိုင်းစာအုပ်ကိုတော့ ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခဟောင်း ဒီ ဂျီ အီး ဟောလ် (D. G. E. Hall) က ၁၉၅၅ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့ပါတယ်။ အဲ့ဒီစာအုပ်မှာတော့ အရှေ့တောင်အာရှလို့ စကားရပ်ကို တဆက်တည်း မသုံးထားသေးဘဲ အရှေ့-တောင် အာရှ (South-East Asia) လို့ ခွဲသုံးထားခဲ့သေးသလို ဖိလစ်ပိုင်နိုင်ငံရဲ့ အကြောင်းလည်း ပါဝင်ခဲ့ခြင်း မရှိသေးပါဘူး။
စစ်အေးခေတ်နှင့် ဒေသတွင်း အဖွဲ့အစည်းများ
အရှေ့တောင်အာရှဒေသရယ်လို့ ပီပီပြင်ပြင် ဖြစ်ပေါ်လာစေမယ့် အကြောင်းအရင်းကတော့ စစ်အေးခေတ်နဲ့ အဲဒီဒေသမှာ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတွေလည်း တစိတ်တဒေသ ပါဝင်ခဲ့ပါတယ်။ စစ်အေးခေတ်ကာလအတွင်း ကွန်မြူနစ်လှုပ်ရှားမှုတွေကို တုန့်ပြန်ဖို့ အဖွဲ့အစည်းတွေ ပေါ်ပေါက်ခဲ့တဲ့နေရာမှာ ဆီးတိုး (SEATO) လည်း ပါဝင်ခဲ့ပါတယ်။ အရှေ့တောင်အာရှစာချုပ်အဖွဲ့ (SEATO) ကို ၁၉၅၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့ကြပြီး ယနေ့ခေတ် အရှေ့တောင်အာရှဒေသနိုင်ငံတွေထဲက ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ ပါဝင်ခဲ့ကြပါတယ်။
အဲဒီအချိန်က မလေးရှားနဲ့ စင်ကာပူတို့က လွတ်လပ်ရေး မရသေးသလို့ မြန်မာနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကလည်း ဘက်မလိုက်လှုပ်ရှားမှုကို အစပြုမယ့် လှုပ်ရှားမှုတွေမှာ စတင်ပါဝင်နေပြီဖြစ်တာမို့ ကွန်မြူနစ်ဆန့်ကျင်မယ့် အဆိုပါအဖွဲ့ထဲမှာ ပါဝင်ဖို့ကို ငြင်းဆန်ခဲ့ကြပါတယ်။
အာဆီယံနဲ့ မတူတာကတော့ ဆီးတိုးအဖွဲ့က ဒေသတွင်း ပူးပေါင်းဆောင်ရွက်ဖို့ထက် ကွန်မြူနစ်ဆန့်ကျင်ရေးနဲ့ ကာကွယ်ရေးတို့အတွက်ကို ပိုမို ဦးစားပေးခဲ့သလို ဦးဆောင်တဲ့နိုင်ငံတွေကလည်း အမေရိကန်နဲ့ ဗြိတိန်တို့ ဖြစ်ခဲ့ပြီး အဲဒီအဖွဲ့က ၁၉၇၇ ခုနှစ် အထိသာ တည်ရှိခဲ့ပါတယ်။ အရှေ့-တောင် အာရှ ချစ်ကြည်ရေးနှင့် စီးပွားရေးစာချုပ်အဖွဲ့ (SEAFT) နဲ့ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့ သုံးနိုင်ငံ ပါဝင်တဲ့ MAPHILINDO တို့ ပေါ်ပေါက်ခဲ့ပေမယ့် အချိန်တို အတွင်းမှာပဲ မအောင်မြင်ဖြစ်ခဲ့ရပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေ ဦးဆောင်ဖွဲ့စည်းတဲ့ ဒေသတွင်း အဖွဲ့အစည်းတခုကတော့ ၁၉၆၁ ခုနှစ်မှာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ ဖွဲ့စည်းခဲ့တဲ့ အရှေ့တောင်အာရှအသင်း (Association of South-East Asia – ASA) ဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ် ဘန်ကောက်ကြေညာချက်နဲ့အတူ အာဆီယံအဖွဲ့ ပေါ်ပေါက်လာချိန်မှာတော့ အဆိုပါအဖွဲ့နေရာကို အာဆီယံအဖွဲ့နဲ့ အစားထိုးခဲ့ပါတယ်။
အာဆီယံလမ်းကြောင်း၊ ဝင်ရောက်မစွက်ဖက်ရေးမူနဲ့ အာဆီယံပဋိဉာဉ်
အာဆီယံအဖွဲ့ကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကွန်မြူနစ်တွေရဲ့ရန်က ကာကွယ်ဖို့ ဖွဲ့စည်းခဲ့ကြပေမယ့် အဲဒီမတိုင်ခင်က အဖွဲ့ဝင်နိုင်ငံတွေအကြား မကျေလည်မှုနဲ့ ပဋိပက္ခတွေလည်း ဖြစ်ပွားခဲ့တာ ရှိခဲ့ပါတယ်။ အထင်ရှားဆုံးကတော့ အင်ဒိုနီးရှားနဲ့ မလေးရှားတို့ အကြားဖြစ်ပွားခဲ့တဲ့ Konfrontasi လို့ခေါ်တဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။ ဒီလိုပဋိပက္ခနဲ့ မကျေလည်မှုတွေ ရှိခဲ့တဲ့အတွက် အာဆီယံအဖွဲ့ပေါ်ပေါက်လာချိန်မှာတော့ တနိုင်ငံနဲ့ တနိုင်ငံ ဝင်ရောက်မစွက်ဖက်ရေး မူကိုလည်း အလေးပေးပြီး ထည့်သွင်းခဲ့ပုံရပါတယ်။
Zone of Peace, Freedom, and Neutrality (ZOPFA) နဲ့ Treaty of Amenity and Cooperation (TAC) တို့လို စာချုပ်တွေလည်း ချုပ်ဆိုခဲ့ကြပြီး အဲ့ဒီအချက်ကို ပိုသေချာစေခဲ့ပါတယ်။ လက်ရှိအချိန်ထိ အာဆီယံရဲ့ ထုတ်ပြန်ချက် အတော်များများမှာ အဲဒီစာချုပ်နာမည်တွေကို အလေးပေးဖော်ပြနေဆဲပဲ ဆိုတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
အာဆီယံအဖွဲ့ကို ၁၉၆၇ ခုနှစ်က ဖွဲ့စည်းခဲ့ပေမယ့် အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံ စတဲ့ အချက်တွေကို တိတိကျကျဖော်ပြတဲ့ အာဆီယံပဋိဉာဉ်ကိုတော့ ၂၀၀၈ ခုနှစ်ကျမှသာ အသက်သွင်းနိုင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အာဆီယံရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဒေါက်တာ ဆူရင် ပစ်ဆူဝမ်ကိုလည်း အာဆီယံရဲ့ အအောင်မြင်ဆုံး အထွေထွေအတွင်းရေးမှူးအဖြစ် ညွှန်းဆိုကြပါတယ်။
အာဆီယံအဖွဲ့ကို ၁၉၆၇ ခုနှစ်က ဖွဲ့စည်းခဲ့ပေမယ့် အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံ စတဲ့ အချက်တွေကို တိတိကျကျဖော်ပြတဲ့ အာဆီယံပဋိဉာဉ်ကိုတော့ ၂၀၀၈ ခုနှစ်ကျမှသာ အသက်သွင်းနိုင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အာဆီယံရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဒေါက်တာ ဆူရင် ပစ်ဆူဝမ်ကိုလည်း အာဆီယံရဲ့ အအောင်မြင်ဆုံး အထွေထွေအတွင်းရေးမှူးအဖြစ် ညွှန်းဆိုကြပါတယ်။
အာဆီယံ၊ မြန်မာ့အရေးနှင့် ဒေသတွင်း စိန်ခေါ်ချက်များ
အဖွဲ့ဝင် ငါးနိုင်ငံနဲ့ စတင်ခဲ့တဲ့ အာဆီယံအဖွဲ့ဟာ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်ကာလများမှာတော့ အဖွဲ့ဝင်သစ်တွေ ဝင်ရောက်လာခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်မှာ ဘရူနိုင်း၊ ၁၉၉၅ ခုနှစ်မှာ ဗီယက်နမ်၊ ၁၉၉၇ ခုနှစ်မှာ မြန်မာနဲ့ လာအို၊ ၁၉၉၉ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံတို့ အဖွဲ့ဝင်တွေအဖြစ် ဝင်ရောက်ခဲ့သလို လက်ရှိအချိန်မှာလည်း အရှေ့တီမောနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခဲ့ပြီလည်း ဖြစ်ပါတယ်။
အာဆီယံအနေနဲ့ ဒေသတွင်း အရေးအခင်းတွေကို ရင်ဆိုင်ရတဲ့ နေရာမှာ မြန်မာ့အရေးနှင့် ကမ္ဘောဒီးယားနိုင်ငံ အရေးတို့က စိန်ခေါ်မှု အများဆုံးကိစ္စရပ်တွေလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ အရေးကိစ္စမှာတော့ ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအဖွဲ့ဝင် မဖြစ်ခင်ကာလ ကတည်းက ရင်ဆိုင်ဖြေရှင်းခဲ့ရတာဖြစ်ပြီး ၁၉၇၉ ခုနှစ် ဗီယက်နမ်နိုင်ငံက ကမ္ဘောဒီးယားကို ကျူးကျော်ခဲ့တဲ့ ပဋိပက္ခကို ဖြေရှင်းရာမှာ အာဆီယံလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဟွန်ဆန်က ရာနာထစ်ကို ဖြုတ်ချခဲ့တဲ့ အာဏာသိမ်းမှုမှာတော့ အာဆီယံအနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဟွန်ဆန်ကိုယ်တိုင်က အာဆီယံကို ဝင်မပါဖို့ လူသိရှင်ကြား ထုတ်ပြောခဲ့သလို ကမ္ဘောဒီးယားရဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်မှုကို ဆိုင်းငံ့ခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ချွန်လိပိုင်ရဲ့ ဝင်ရောက် ညှိနှိုင်းပေးမှုကြောင့်သာ ၁၉၉၉ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင် ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၁၉၉၇ ခုနှစ်မှာ အဖွဲ့ဝင်အဖြစ် ဝင်ရောက်လာခဲ့သလို စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေဟာလည်း အာဆီယံအနေနဲ့ ခေါင်းကိုက်စရာ ဖြစ်လာခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်း ဖြစ်ပွားချိန်မှာတော့ အာဆီယံအနေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်လာရပါတယ်။ အာဆီယံအနေနဲ့ ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် လက်တွေ့မှာတော့ ကြေညာချက်တွေ ထက်မပိုခဲ့ပါဘူး။
အဲဒါကြောင့် မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်အနေနဲ့ အာဆီယံအဖွဲ့ကနေ မြန်မာနိုင်ငံကို ထုတ်ပစ်ရမယ်လို့ ပြောလာတဲ့အထိ ဖြစ်လာရပါတယ်။ အဲဒီအချိန်က ထိုင်းဝန်ကြီးချုပ် သက်ဆင်အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အချိန်တခုပေးဖို့ ဝင်ရောက် ညှိနှိုင်းပေးခဲ့တာကြောင့်သာ မြန်မာအနေနဲ့ အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၁၉၉၇ ခုနှစ်မှာ အဖွဲ့ဝင်အဖြစ် ဝင်ရောက်လာခဲ့သလို စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေဟာလည်း အာဆီယံအနေနဲ့ ခေါင်းကိုက်စရာ ဖြစ်လာခဲ့ပါတယ်။
ထိုစဉ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာကီရတ် ဆတ်သီရာထိုင်း အနေနဲ့လည်း မြန်မာနိုင်ငံအတွက် အချက် ၅ ချက်ပါတဲ့ လမ်းပြမြေပုံကိုလည်း တင်သွင်းခဲ့ပါသေးတယ်။ ထိရောက်တဲ့ တိုးတက်မှုတွေ ရှိမလာခဲ့တဲ့အပြင် ၂၀၀၆ ခုနှစ်မှာ မြန်မာယူရမယ့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်အတွက် စိန်ခေါ်မှု ဖြစ်လာပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကတော့ မြန်မာအနေနဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရေးကို ထောက်ခံအားပေးခဲ့ပေမယ့် အခြား အာဆီယံနိုင်ငံတွေ၊ အထူးသဖြင့် မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက စိုးရိမ်စပြုလာခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မြန်မာအနေနဲ့ ၂၀၀၆ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
နအဖ မှသည် စကစ အထိ မထူးခြားလာခဲ့သည့် အာဆီယံ
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်ချိန်မှာတော့ ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဆောင်ရွက်နေချိန် ဖြစ်ပါတယ်။ အဲ့အချိန်က ဒေါက်တာ ဆူရင် ပစ်ဆူဝမ်နဲ့ အာဆီယံတို့ရဲ့ ဆောင်ရွက်ချက်တွေကို ထိရောက်တဲ့ ဆောင်ရွက်ချက်တွေအဖြစ် ညွှန်းဆိုခဲ့မှုတွေလည်း ရှိပါတယ်။
ဒါပေမယ့်လည်း လက်တွေ့မှာ ထိရောက်တဲ့ ဆောင်ရွက်မှုဖြစ်အောင် အချိန်အတော်ယူခဲ့ရသလို လက်တွေ့ မြေပြင် ထိရောက်မှုတွေကိုလည်း မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ၂၀၁၀ အလွန်ကာလ မြန်မာ့အရေးကိစ္စတွေနဲ့ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစေခဲ့တဲ့ ကိစ္စရပ်တွေကို အာဆီယံရဲ့ ဒေသတွင်း အောင်မြင်မှုတွေထဲက တစိတ်တဒေသအဖြစ် ညွှန်းဆိုပြပေမယ့် တကယ့်အောင်မြင်မှု ဟုတ် မဟုတ်ဆိုတာကိုတော့ လက်ရှိအခြေအနေတွေက သက်သေခံနေတာလည်း ဖြစ်ပါတယ်။
အရှေ့တောင်အာရှဒေသကို ကမ္ဘာပေါ်မှာ နိုင်ငံရေး၊ လူမှုရေး မတူညီကွဲပြားမှု အများဆုံး ဒေသတခုအဖြစ် ညွှန်းဆိုကြတာလည်း ရှိပါတယ်။ အဲဒီလို မတူညီကွဲပြားမှုတွေအပြင် အဖွဲ့ဝင်နိုင်ငံတွေအကြားရှိခဲ့ကြတဲ့ သမိုင်းတလျှောက် ပဋိပက္ခတွေက အာဆီယံအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေမှာ အကန့်အသတ်တွေအဖြစ် ရှိနေခဲ့ပုံလည်း ရပါတယ်။
ဒါကြောင့်မို့လည်း အာဆီယံအနေနဲ့ ဝင်ရောက်မစွက်ဖက်ရေးမူ အပါအဝင် အခြားအကန့်အသတ်တွေကို ထိန်းသိမ်းထားနေရဆဲ ဖြစ်ပုံရပါတယ်။ လက်ရှိ မြန်မာ့အရေးအခင်းအကျင်းမှာ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးသလို အရင် ဆောင်ရွက်ချက်တွေတုန်းကလို မအောင်မြင်ခဲ့တဲ့ မှတ်တမ်းတခုအဖြစ်သာ ကျန်နေခဲ့ဦးမလား ဆိုတာကတော့ မေးခွန်းထုတ်စရာကိစ္စ ဖြစ်နေပါသေးတယ်။
(AKM သည် သမိုင်းလေ့လာသူတဦးဖြစ်သည်။)
You may also like these stories:
သက်တမ်း ၅၆ နှစ်ပြည့် အာဆီယံတွင် မြန်မာ့အကြမ်းဖက်ပဋိပက္ခ အရိပ်မိုးနေ
ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ
မြန်မာ့ငြိမ်းချမ်းရေး နောက်ဆုံးအားထုတ်မှုအပေါ် အာဆီယံ သဘောထား ကွဲနေ
အာဆီယံအက်ကြောင်းနှင့် ဗြဟ္မာကြီးဦးခေါင်း မြန်မာ
မြန်မာကို ASEAN မှ ဖဲ့ထုတ်ပစ်ရန် မလေးရှားဝန်ကြီးချုပ် အကြံပြုချက် ခက်ခဲမည်
အာဆီယံ ဆုံးဖြတ်ချက်နှင့် မြန်မာစစ်တပ်