အာဏာသိမ်းတာ ၂ နှစ်ကျော်လာပေမယ့် သာမန်အခြေအနေ မဟုတ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၆ လသက်တမ်း ထပ်မံ တိုးခဲ့တဲ့ စစ်ကောင်စီဟာ အန္တိမရည်မှန်းချက်ဖြစ်တဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုးပမ်း သွားမယ်လို့ ဩဂုတ် ၇ ရက်နေ့ နေပြည်တော်အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုပါတယ်။
အရင်က တနိုင်ငံလုံး အကြားအလပ်မရှိ ရွေးကောက်ပွဲလုပ်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် ဒီတကြိမ်သက်တမ်းတိုးရာမှာ သူတို့ မထိန်းချုပ်နိုင်တဲ့ နေရာဒေသတွေကို ချန်လှပ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်တဲ့ လမ်းကြောင်းကို ဇူလိုင် ၃၁ ရက်က အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမှာ ပြောဆိုဆွေးနွေးခဲ့ကြတာပါ။
စစ်ခေါင်းဆောင်က ရည်ညွှန်းပြောဆိုခဲ့တဲ့ နေရာတွေကတော့ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းအရှေ့ ခြမ်း၊ မကွေး တိုင်းမြောက်ခြမ်းနဲ့ ကရင်၊ ကယား၊ ချင်း စတဲ့ပြည်နယ်တွေက ခုခံမှု ပြင်းထန်နေတဲ့ နေရာတွေဖြစ် ပါတယ်။
ဒီလိုချန်လှပ်ကျင်းပရာမှာ အပြည့်အဝ မထိန်းချုပ်နိုင်တဲ့ မြို့နယ်တွေမှာလည်း မြို့နယ်တခုလုံး မကျင်းပနိုင်ရင်တောင်မှ လုံခြုံမှုရှိတဲ့ နေရာတွေမှာ ကျင်းပနိုင်ဖို့ စဉ်းစားသင့်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄၁(က) ပြဌာန်းချက်အရ မဲဆန္ဒနယ်တခုက ရွေးကောက်တင်မြှောက်ခံမယ့် ကိုယ်စားလှယ် လောင်းတဦးတည်း ရှိပါက ရွေးကောက်ပွဲကျင်းပခြင်း မပြုတော့ဘဲ ထိုသူကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် တိုင်း(သို့) ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ကြေညာရမယ်လို့ ပြဌာန်းထားတာကြောင့် စစ်တပ်အနေနဲ့ ဘယ်လိုအခြေအနေ ဖြစ်စေ၊ သူတို့ကျင်းပချင်ရင် ဒေသတခုကို မဲဆန္ဒနယ်သတ်မှတ်ပြီး လွှတ်တော်ကိုယ်စားလှယ် တင်မြှောက်နိုင်တဲ့ အနေ အထားမျိုး ဖြစ်နေပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်ခေါ်ယူ အထမြောက်ရေးကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်ခန့်လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိနေပြီဖြစ်လို့ ကျန် ၂၅ ရာခိုင်နှုန်းရှိရုံနဲ့ လုပ်လို့ရကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါ တယ်။
၎င်းက “ပထမဆုံးကျင်းပမည့် လွှတ်တော်အစည်းအဝေး အထမြောက်ဖို့ လိုအပ်သည့် ၅၀ ရာခိုင်နှုန်းသော ကိုယ်စားလှယ် တွေ အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိပြီးဖြစ်ပါကြောင်း၊ ကျန် ၂၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထမြောက်အောင် ဆောင်ရွက်နိုင်ပါကြောင်း” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီပြောဆိုမှုကို ထောက်ရင် စစ်တပ်ဟာ လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်း ယူထားတာကို လျော့ချဖို့ မရှိသလို လတ်တလော ကြုံနေရတဲ့ အထွေထွေ အကျပ်အတည်းတွေရဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကိုလည်း ဖွဲ့စည်းပုံအရ မဖြစ် ဖြစ်အောင် ကျင်းပနိုင်တဲ့အနေအထားကိုလည်း ဖော်ပြလာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒီလို ရွေးကောက်ပွဲ ကျင်းပကာ လွှတ်တော်ကနေ ပေါ်ပေါက်လာမယ့် အစိုးရကိုလည်း အာဏာလွှဲပြောင်းပေးမှာ ဖြစ်တယ်လို့ အကြိမ်ကြိမ်ပြောဆိုနေသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြင်သင့်ပြင်ထိုက်တာတွေပြင်ဖို့ စစ်တပ် က သဘောတူပြီးဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင်က ဆိုထားပါတယ်။
နိုင်ငံရေးလေ့လာသူ တချို့ကတော့ စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ ကျင်းပရေး လုပ်ဆောင်ပြောဆိုမှုတွေဟာ လက်ရှိ ဖြစ်ပျက်နေတဲ့ မြေပြင်အခြေအနေတွေအရ မဖြစ်နိုင်သေးကြောင်း သုံးသပ်ထားပြီး အမေရိကန်အပါအဝင် ဥရောပနိုင်ငံ အချို့ကလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ် မပြုနိုင်ကြောင်း ပြောဆိုထားကြပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)ဥက္ကဌ ဦးအောင်မိုးဇော်က “ရွေးကောက်ပွဲကို ကျင်းပပြီးတော့ တချို့နိုင်ငံတွေရဲ့ ထောက်ခံမှုကို ရဖို့ သူကြိုးစားမှာပဲ၊ အထူးသဖြင့် အာဆီယံထဲက နိုင်ငံတွေ၊ ထိုင်းဆိုရင်သူတို့ကို တွန်းနေတာပဲလေ။ အိန္ဒိယရှိမယ်၊ တရုတ်ရှိမယ် စသဖြင့်ပေါ့။ အဓိကတော့ မင်းအောင်လှိုင်က သူ့အတွက် နိုင်ငံရေးထွက်ပေါက်အနေနဲ့ ဒီထွက်ပေါက်ဟာ သူ့အတွက် အသက်သာဆုံးလို ဖြစ်နေတော့ ဒီထွက်ပေါက်က မရမကထွက်ဖို့ ကြိုးစားမှာပဲလို့ ယူဆ ပါတယ်။သူတို့ရဲ့ အဓိကရည်မှန်းချက်က နိုင်ငံတချို့ရဲ့ ထောက်ခံမှုကိုရအောင်လုပ်ဖို့ပဲ” လို့ သုံးသပ်ပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်တွေရဲ့ လုံခြုံရေး၊ ဖိအားကင်းကင်း မဲပေးနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ဖို့ ပြောဆိုနေပေမယ့် လက်တွေ့မှာ သူတို့ မဖြစ်မနေကျင်းပဖို့ လိုအပ်လာချိန်မှာ လူထုရဲ့ လုံခြုံရေးနဲ့ လိုက်ပါ လုပ်ဆောင်နိုင်မှု ရှိမရှိကို ထည့်စဉ်းစားမှာ မဟုတ်ဘူးလို့လည်း ၎င်းက ဆက်ပြောပါတယ်။
စစ်တပ်က ဆုပ်ကိုင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လတ်တလောမှာ ရွေးကောက်ပွဲ မကျင်းပသည့်တိုင် ကာကွယ်ရေး ဦးစီးချုပ်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ)က အာဏာပေးပြီး စစ်အုပ်ချုပ်ရေး သက်တမ်းတိုး နေနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။
ဒီအခြေအနေပေါ် အခြေခံစဉ်းစားပါက အရေးပေါ် အခြေအနေ ရပ်တန့်ရေးအတွက် ရွေးကောက်ပွဲ အခင်းအကျင်း တရပ် လိုအပ်သလို လက်ရှိအကျပ်အတည်းအပေါ်မှာ သွေးထွက်သံယိုမှု မရှိတဲ့ နိုင်ငံရေးအရ ဖြေရှင်းတဲ့ အခင်းအကျင်းကို သွားဖို့ လိုအပ်တယ်လို့ ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP)ဟာ လက်ရှိမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင် ပြန်တင်ထားတဲ့ ပါတီတခု ဖြစ်ပါတယ်။
ဒေါက်တာအေးမောင်က “လွှတ်တော်မရှိတဲ့ကာလမှာ ကာ/လုံသည် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာပေးနိုင်တဲ့ တခု တည်းသော ပုဒ်မ-၄၂၅(ဖွဲ့စည်းပုံအခြေခံဥပဒေ)၊ ပုဒ်မ-၄၂၅ နဲ့ သာမန်အခြေအနေနဲ့ နှစ်ကြိမ် ပေးပြီးပြီ၊ သာမန် မဟုတ်တဲ့ အခြေအနေမှာ တိုက်နေခိုက်နေကြတယ်၊ တည်ငြိမ်အေးချမ်းတဲ့အနေအထား၊ မဲလာပေးတဲ့သူတွေလုံခြုံမှု၊ ဖိအားမရှိတဲ့ လွတ်လွတ်လပ်လပ် မဲပေးနိုင်တဲ့အနေအထား မရှိဘူးဆိုရင် ပုဒ်မ-၄၂၅ ကို အကြိမ်ကြိမ်တိုးလို့ရတဲ့ အခြေခံဥပဒေ ဖြစ်နေ တယ်၊ ဘယ်လိုထွက်ကြမှာလဲ၊ ပုဒ်မ-၄၂၅ အရ ကာကွယ်ရေးဦးစီးချုပ်ကို ကာ/လုံသည် အကြိမ်ကြိမ်အပ်နှင်းနိုင်တဲ့ အနေ အထားကို ဖန်တီးပေးကြမှာလား၊ ရွေးကောက်ပွဲသည် မလိုဘူးလား၊ အသွင်ကူးပြောင်း တဲ့အစိုးရတရပ် ပေါ်စရာ မလိုတော့ ဘူးလား၊ အခြေခံဥပဒေအရ၊ ဒါကျနော်တို့ဆုံးဖြတ်ရမယ့် လက်ငင်းအနေအထား” လို့ ပြောပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပရေးအတွက် ပါတီမှတ်ပုံတင်ဥပဒေသစ်ပြဌာန်းပြီး မှတ်ပုံပြန် မတင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် DPNS တို့အပါအဝင် ပါတီအချို့အား ဖျက်သိမ်းခဲ့သလို့ မဲစာရင်းအတွက် လူဦးရေ စာရင်းကောက်ယူမှုတွေလည်း ပြုလုပ်လျှက်ရှိနေပါတယ်။
သို့သော် ဒီလုပ်ငန်းတွေဟာ ရွေးကောက်ပွဲကျင်းပနိုင်လောက်တဲ့အခြေအနေတရပ်ကို ရောက်မလာနိုင်သေးသလို စစ်အုပ်ချုပ်ရေး သက်တမ်းတိုးထားတဲ့ ၆ လအတွင်းမှာလည်း ခုခံတိုက်ခိုက်မှုတွေသာ ပိုမိုတိုးမြှင့်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
၎င်းက “နောက် ၆ လနေလို့လည်း သူ့ရဲ့တာဝန်ယူနိုင်တဲ့အစိတ်အပိုင်းက ပြည်တွင်းမှာ ပိုကျယ်ပြန့်လာစရာ အကြောင်း မရှိဘူးလို့ ယူဆပါတယ်၊ ဒီအခြေအနေမှာ ဆက်ပြီး သက်တမ်းတိုးနေနိုင်ပါတယ်၊ တခြားလုပ်နိုင်စရာ နည်းလမ်းလည်း မရှိသေးပါဘူး။ လုံခြုံရေးအနေအထားက ပိုကောင်းလာဖို့ထက် ပိုဆိုးလာဖို့ပဲရှိတယ်လို့ မြင်ပါတယ်။ မြန်မာပြည်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်က လုံခြုံရေးအာမခံချက် မပေးနိုင်တဲ့အနေအထားအောက်မှာရှိနေတယ်၊ လုံခြုံရေးအရလည်း သွားလို့ လာလို့ရတဲ့ လမ်းကြောင်းတွေက မရှိသလောက် နည်းပါးနေတဲ့ အနေအထားမှာ ဘယ်လိုမှ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေ မရှိပါဘူး” လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း လူထုထောက်ခံမှု ကင်းမဲ့မှုနဲ့ အာဏာကိုင်စွဲအုပ်ချုပ်ပိုင်ခွင့် မရှိတဲ့အကျပ်အတည်း (Legitimacy Crisis)ကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအိမ်မက်နဲ့ အကြောင်းပြချက်တွေဟာ “မုန့်လုံး စက္ကူကပ်” ဖြစ်နေပြီး ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ကတိမပေးနိုင်သေးတဲ့ စစ်ကောင်စီဟာ “သာမန်မဟုတ်”ဆိုတဲ့ ဝေါဟာရကိုင်စွဲကာ သက်တမ်းတိုးတာ အကြိမ်ကြိမ် ဖြစ်လာနိုင်တယ်လို့လည်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု(ISP-Myanmar)က သုံးသပ်ထားပါတယ်။
လက်ရှိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တော်လှန်ရေး အင်အားစုတွေအနေနဲ့လည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို လုံးဝလက်ခံမှာ မဟုတ်ကြောင်း ပြောဆိုထားကြ သလို ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လူဦးရေစာရင်းကောက်ယူသူတွေ၊ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေကို တိုက်ခိုက်မှု တွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ကြီး ICG ကလည်း စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းမှုတွေဟာ အကြမ်း ဖက်မှုတွေကိုသာ တိုးလာစေနိုင်တဲ့အပြင် ရွေးကောက်ပွဲအကြောင်းပြ ဖိနှိပ်မှုတွေလည်း ပိုမို များပြားလာ နိုင်တယ်လို့ ၂၀၂၃ ခုနှစ်၊ မတ်လမှာ အစီရင်ခံစာ ထုတ်ပြန် သတိပေးထားပါတယ်။
You may also like these stories:
ရွေးကောက်ပွဲဖြင့် ကမ္ဘာသို့ လိမ်မည့် စစ်ကောင်စီအကြံ ကျဆုံးခန်း
စစ်တပ်၏ ရွေးကောက်ပွဲသည် အလုပ်မဖြစ်သော စိတ်ဓာတ်စစ်ဆင်ရေးတခုမျှသာ
စစ်ကောင်စီ ရွေးကော်ဥက္ကဋ္ဌ ကမ္ဘောဒီးယားရွေးကောက်ပွဲ သွားလေ့လာ
ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်