ပြည်ပတွင် ၁၅ နှစ် နေပြီးနောက် ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်သည် ထိုင်းနိုင်ငံသို့ ဩဂုတ်လ ၂၂ ရက်နေ့တွင် ပြန်လာသည်။
အသက် ၇၄ နှစ်ရှိပြီဖြစ်သော နိုင်ငံရေးသမား သက်ဆင်ကို ချက်ချင်းဖမ်းဆီးပြီး တရားရုံးချုပ်က ယခင် အဂတိလိုက်စားမှုအတွက် ထောင် ၈ နှစ် ခံယူစေသည်။
သို့သော် သူ့ကို ထောက်ခံသူများအတွက် စိတ်ထိခိုက်စရာ ဖြစ်သည်။
“သူ ဘယ်နိုင်ငံမှာ ရောက်နေနေ၊ ဘယ်သွားနေနေ ငါက သက်ဆင်ကို ချစ်တယ်။ အမြဲချစ်တယ်” ဟု အရှေ့မြောက်ပိုင်း၊ လွေခရိုင်မှ ဘွန်ယင်း ပင် မကက်က Reuters သတင်းဌာနသို့ ပြောသည်။
“သူပြန်လာလို့ ငါဝမ်းသာတယ်” ဟုလည်း ၎င်းက ပြောသည်။
နောက်ကွယ် အပေးအယူရှိသလား
သက်ဆင် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်သို့ရောက်ပြီး နာရီပိုင်းအကြာတွင် ထိုင်းပါလီမန်က စီးပွားရေး လုပ်ငန်းရှင် မစ္စတာ ဆက်ထာ ထဝီဆင်ကို နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် အတည်ပြုလိုက်သည်။
သက်ဆင် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်သို့ရောက်ပြီး နာရီပိုင်းအကြာတွင် ထိုင်းပါလီမန်က စီးပွားရေး လုပ်ငန်းရှင် မစ္စတာ ဆက်ထာ ထဝီဆင်ကို နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် အတည်ပြုလိုက်သည်။
ဆက်ထာသည် သက်ဆင်နှင့်ပတ်သက်သော ဖွေ့ထိုင်းပါတီ ဦးဆောင်သည့် ကျယ်ပြန့်သော မဟာမိတ်အဖွဲ့ကို ခေါင်းဆောင်သည်။
ထိုမဟာမိတ်အဖွဲ့တွင် သက်ဆင်နှင့် သူ၏ညီမ ယင်းလတ်ကို ဝန်ကြီးချုပ်အဖြစ်မှ ဖြုတ်ချသည့် စစ်တပ်နှင့် ပတ်သက်သည့် ပါတီများလည်း ပါဝင်သည်။
ထိုဖြစ်ရပ်ကြောင့် သက်ဆင်အုပ်စုနှင့် သြဇာကြီးမားသည့် ဘုရင်-စစ်တပ် အသိုက်အဝန်းအကြား ထောင်ဒဏ်လျှော့ပေါ့ရန် နောက်ကွယ် အပေးအယူများ ရှိနိုင်သည်ဆိုသည့် ခန့်မှန်းချက်များ ဖြစ်စေသည်။
ထိုသို့ အပေးအယူမရှိကြောင်း ဖွေ့ထိုင်းပါတီက ငြင်းဆိုသည်။
သက်ဆင် နိုင်ငံရေးလောကသို့ ပြန်လာခြင်းသည် သူ့ပါတီအပေါ် လူထုယုံကြည်မှုအတွက် အဘက်ဘက်က နစ်နာကြောင်း ဂျပန်ရှိ ကန်ဆိုင် ဂိုင်ဒိုင်တက္ကသိုလ် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေး တွဲဘက် ပါမောက္ခ မာ့ခ် အက်စ် ကိုဂန်က ပြောသည်။
“အာဏာငတ်မွတ်တဲ့ သက်ဆင် အပြန်လမ်းက သူ့ရဲ့တန်ဖိုးတွေ၊ သဘောတရားတွေက သူ့ကို ဖြုတ်ချရုံမက ပြည်ပြေးတောင်ဖြစ်စေတဲ့ မကောင်းဆိုးရွားနဲ့ အပေးအယူလုပ်ပြီး အဂတိလိုက်စားနိုင်တယ်ဆိုတဲ့ သတင်းစကားကို ရေရှည်ထောက်ခံသူတွေကို ပေးလိုက်တော့ ဖွေ့ထိုင်းအတွက် အရမ်းဆိုးရွားတဲ့ သတင်းဆိုးဖြစ်တယ်” ဟု ယခုလအစောပိုင်းတွင် DW သတင်းဌာနသို့ ၎င်းကပြောသည်။
သက်ဆင် ဘယ်လိုလူလဲ
လွန်စွာချမ်းသာသည့် တရုတ်လူမျိုးစု စီးပွားရေးလုပ်ငန်းရှင်ကြီး မစ္စတာ သက်ဆင်သည် ထိုင်းနိုင်ငံရေးတွင် လွှမ်းမိုးသည့် ခေါင်းဆောင်ဖြစ်နေသည်မှာ ဆယ်စုနှစ် နှစ်ခုကြာပြီဖြစ်သည်။
သူသည် ၂၀၀၁ ခုနှစ် ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသားနိုင်ပြီး ဝန်ကြီးချုပ်ဖြစ်လာသည်။
သက်ဆင်သည် ဆင်းရဲသားများအတွက် သူရဲကောင်းအဖြစ် ပြည်သူ့အမြင်ကို ပြုစုပျိုးထောင်ပြီး ကျေးလက်ဖွံ့ဖြိုးရေးနှင့် ကျန်းမာရေးကို ဦးစားပေးသည့် မူဝါဒများအပါအဝင် အခြားမူဝါဒများကြောင့် နိုင်ငံသား သန်းပေါင်းများစွာ၏ ထောက်ခံမှုရသည်။ အထူးသဖြင့် လူဦးရေ ပိုမိုများပြားသော်လည်း ဆင်းရဲသည့် နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများတွင် ထောက်ခံမှုရသည်။
သို့သော် သူ၏ခေါင်းဆောင်မှုသည် ကျေးလက်နှင့်မြို့ပြ၊ ချမ်းသာသူနှင့် ဆင်းရဲသူများ၊ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် ဘန်ကောက်နှင့်တောင်ပိုင်းအကြား နိုင်ငံ၏ နက်ရှိုင်းလှသော အက်ကြောင်းကို ပိုမိုဆိုးရွားစေကြောင်း ပြသခဲ့သည်။
သို့သော် သူ၏ခေါင်းဆောင်မှုသည် ကျေးလက်နှင့်မြို့ပြ၊ ချမ်းသာသူနှင့် ဆင်းရဲသူများ၊ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် ဘန်ကောက်နှင့်တောင်ပိုင်းအကြား နိုင်ငံ၏ နက်ရှိုင်းလှသော အက်ကြောင်းကို ပိုမိုဆိုးရွားစေကြောင်း ပြသခဲ့သည်။
စစ်တပ်၊ တရားစီရင်ရေး၊ ဗျူရိုကရေစီအုပ်ချုပ်ရေး၊ ဘန်ကောက် အထက်လွှာများနှင့် ဘုရင်စနစ်ဝါဒီများ ပါဝင်သည့် ရှေးရိုးစဉ်လာ အသိုက်အဝန်းက သူ၏ အုပ်ချုပ်ရေးသည် အဂတိလိုက်စားပြီး အာဏာရှင်ဆန်ကာ ထိုင်းလူမှုစနစ်အတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟု မြင်သည်။
၎င်းတို့က သက်ဆင်သည် နိုင်ငံက လေးစားသည့် ဘုရင်စနစ်အတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟု မြင်သည်။
၂၀၀၆ ခုနှစ်၊ စက်တင်ဘာလက သက်ဆင် ကုလသမဂ္ဂ အစည်းအဝေးအတွက် နယူးယောက်တွင် ရှိနေစဉ် လျင်မြန်ပြီး သွေးမစွန်းသည့် အာဏာသိမ်းမှုဖြင့် စစ်တပ်က သက်ဆင်ကို ဖြုတ်ချလိုက်သည်။
အာဏာသိမ်းပြီးနောက် သက်ဆင်သည် အဂတိလိုက်စားမှုနှင့် အခွန်တိမ်းရှောင်မှု အပါအဝင် ရာဇဝတ်မှု စွပ်စွဲချက် အများအပြားနှင့် ရင်ဆိုင်ရသည်။ ထောင်ဒဏ်များကို ရှောင်ရှားရန် ၂၀၀၈ ခုနှစ်တွင် နိုင်ငံမှ ထွက်ပြေးသည်။
သို့သော် သက်ဆင်သည် သြဇာ ဆက်လက်ကြီးမားနေပြီး အထူးသဖြင့် ကျေးလက်ဆင်းရဲသားများ အပါအဝင် နိုင်ငံသားအများအပြား၏ ထောက်ခံမှု ဆက်လက်ရနေသည်။
မဲဆန္ဒရှင်များက သူ့ကိုသစ္စာခံသည့် အစိုးရများကို ၂၀၀၇ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်များတွင် ဆက်လက် ရွေးကောက်သည်။
ထို့နောက် ၂၀၁၄ ခုနှစ်တွင် စစ်တပ်သည် သက်ဆင်၏ညီမ ယင်းလတ် ဦးဆောင်သည့် ထိုစဉ် ဖွေ့ထိုင်းအစိုးရကို ဖြုတ်ချရန် ထပ်မံ အာဏာသိမ်းသည်။
အာဏာကို တင်းကျပ်စွာထိန်းချုပ်
ထိုနောက်ပိုင်းနှစ်များတွင် စစ်တပ်သည် အတိုက်အခံများကို နှုတ်ပိတ်ရန် ဥပဒေသစ်များ ပြဋ္ဌာန်းပြီး ဘုရင်စနစ်ဝါဒီများ အာဏာကို တင်းကျပ်စွာ ချုပ်ကိုင်ရန် လုပ်ဆောင်သည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကိုယ်စားလှယ် ၅၀၀ ပါသည့် အောက်လွှတ်တော်နှင့် စစ်တပ်က ခန့်သည့် ကိုယ်စားလှယ် ၂၅၀ ပါ အထက်လွှတ်တော်တို့သည် ဝန်ကြီးချုပ်ရွေးချယ်ရန် မဲပေးရသည်။
စစ်တပ်ကဲ့သို့ပင် အထက်လွှတ်တော် ကိုယ်စားလှယ်များသည် ရိုးရာအစဉ်အလာ ဘုရင်စနစ် တန်ဖိုးများကို ကာကွယ်စောင့်ရှောက်သူများအဖြစ် ၎င်းတို့ကို ၎င်းတို့ မြင်ကြသည်။
စစ်တပ်ကဲ့သို့ပင် အထက်လွှတ်တော် ကိုယ်စားလှယ်များသည် ရိုးရာအစဉ်အလာ ဘုရင်စနစ် တန်ဖိုးများကို ကာကွယ်စောင့်ရှောက်သူများအဖြစ် ၎င်းတို့ကို ၎င်းတို့ မြင်ကြသည်။
ထို့ကြောင့် မေလက ပါလီမန်ရွေးကောက်ပွဲအပြီး နိုင်ငံရေး အကျပ်အတည်း ဖြစ်သည်။
ရွေးကောက်ပွဲရလဒ်သည် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ခေါင်းဆောင်သည့် အစိုးရနှင့် စစ်တပ်ကို ဗြောင်ကျကျဆန့်ကျင်ပြီး သက်ဆင်၏ ဖွေ့ထိုင်းပါတီနှင့် ဖိထာ လင်မ်ဂျာရွန်ရတ် ဦးဆောင်သည့် Move Forward ပါတီတို့ကို ကိုယ်စားလှယ်နေရာအများစု ရစေသည်။
ဖွေ့ထိုင်းပါတီ အနိုင်ရမည်ဟု အများက မျှော်လင့်ထားသော်လည်း Move Forward ပါတီသည် ကိုယ်စားလှယ်နေရာ အများစုကို မမျှော်လင့်ဘဲ အနိုင်ရသည်။
သို့သော် ၎င်းတို့၏ မဲစုစုပေါင်းသည် ထိုင်းနိုင်ငံဝန်ကြီးချုပ်သစ် ရွေးရန်လိုအပ်သည့် ၃၇၆ မဲ မရပေ။
Move Forward ပါတီသည် နိုင်ငံမှ တင်းကျပ်သည့် ဘုရင်စနစ်ကို ကာကွယ်သောဥပဒေ၊ သြဇာကြီးမားသည့် နိုင်ငံပိုင်လုပ်ငန်းများနှင့် လက်ဝါကြီးအုပ်သည့်စနစ်ကို ပြင်ဆင်ရန် ကတိပြုသောကြောင့် ရှေးရိုးစဉ်လာ အထက်လွှာကို တုန်လှုပ်စေပြီး ပါတီခေါင်းဆောင် ဖိထာ ဝန်ကြီးချုပ်ဖြစ်ရေးကို စစ်တပ်ခန့် အထက်လွှတ်တော်ကိုယ်စားလှယ်များ ပိတ်ဆို့ကြသည်။
သက်ဆင်ကြောင့် ကောင်းမလာနိုင်
ထိုအကျပ်အတည်းသည် ဆက်ထာ ထဝီဆင်ကို ပါလီမန်က ဝန်ကြီးချုပ်ခန့်သည့် ဩဂုတ်လ ၂၂ ရက်နေ့အထိ ဆက်လက်ရှိနေသည်။
ထိုသို့သော အခြေအနေတွင် သက်ဆင် ထိုင်းနိုင်ငံသို့ ပြန်လာခြင်းဖြစ်သည်။
မေလ ရွေးကောက်ပွဲ မတိုင်မီက သူသည် သူ့မွေးနေ့ ဇူလိုင်လ မတိုင်မီ ထိုင်းနိုင်ငံသို့ ပြန်မည်ဖြစ်ကြောင်း ကြေညာသည်။ သို့သော် သူ့ပါတီ အနိုင်မရဘဲ အစိုးရသစ်တွင်ပါရန် မရေမရာ ဖြစ်နေသောကြောင့် ထိုအပြန်ခရီးစဉ် အကြိမ်ကြိမ် နှောင့်နှေးသည်။
နိုင်ငံ၏ နိုင်ငံရေး အနာဂတ်အတွက် သက်ဆင်သည် မည်သည့်အကျိုးကျေးဇူးမှ ပြုမည်မဟုတ်ကြောင်း ချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဆီရီပန် နော့ဆူယန်နတ်က ပြောသည်။
သူပြန်လာတာက Move Forward ပါတီက အစဉ်အလာ အထက်လွှာအတွက် ပိုမိုကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်ဆိုတဲ့ အယူအဆအပေါ် အခြေခံပြီး သက်ဆင်နဲ့ ရန်သူဟောင်းတွေအကြား အပေးအယူလုပ်ကြတာပဲလို့ ထင်တယ်
“သူက သူ့ဆန္ဒကိုပဲ ဖြည့်ဆည်းနေပြီး သူပြန်လာခွင့်လည်း ရှိတယ်။ သူပြန်လာတာက Move Forward ပါတီက အစဉ်အလာ အထက်လွှာအတွက် ပိုမိုကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်ဆိုတဲ့ အယူအဆအပေါ် အခြေခံပြီး သက်ဆင်နဲ့ ရန်သူဟောင်းတွေအကြား အပေးအယူလုပ်ကြတာပဲလို့ ထင်တယ်” ဟု ပါမောက္ခ ဆီရီပန်က ပြောသည်။
“သူပြန်လာတာက သူဟာ အခုရှေးရိုးစဉ်လာသမားတွေနဲ့ ရပ်တည်ကြောင်း လာပြသတာဖြစ်တယ်” ဟု ပါမောက္ခ ဆီရီပန်က ပြောသည်။ Move Forward အပေါ် လူထုထောက်ခံမှုကို ထိန်းနိုင်မည်ဟု ယုံကြည်နေပုံရကြောင်းလည်း ဆိုသည်။
(DW ပါ Tommy Walker နှင့် Srinivas Mazumdaru တို့၏ Thaksin Shinawatra returns to Thailand — why now? ကို ဘာသာပြန်သည်။)
You may also like these stories:
အစိုးရသစ်ဖွဲ့မည့်အချိန် သက်ဆင် ထိုင်းပြန်လာ
Move Forward ပါတီကို သက်ဆင် ချီးကျူး
ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ဆုတံဆိပ်များ ရုပ်သိမ်းခံရ
သက်ဆင်က ထိုင်းနိုင်ငံရေးအပေါ် အရိပ်မိုးနေဆဲ