ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီက ဝန်ကြီးချုပ် ခန့်အပ်ခြင်းကို ပိတ်ပင်ထားပြီးနောက် ထိုင်းပါလီမန် ကိုယ်စားလှယ်များက လူထုထောက်ခံသော ဖွေ့ထိုင်းပါတီမှ မစ္စတာ ဆက်ထာ သာဗီဆင်ကို ဩဂုတ်လ ၂၂ ရက်နေ့တွင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်လိုက်သည်။
အိမ်ခြံမြေလုပ်ငန်းရှင် ဆက်ထာ ဝန်ကြီးချုပ် ဖြစ်လာရေးအတွက် ဖွေ့ထိုင်းပါတီသည် မဟာမိတ် Move Forward ပါတီကို စွန့်လွှတ်လိုက်သည်။ ထိုသို့လုပ်သောကြောင့် စစ်တပ်မဟာမိတ် ရှေးရိုးစဉ်လာသမားများက မစ္စတာ ဆက်ထာကို မဲပေးရန် လွယ်ကူစေသည်။
လက်ရှိ ဖွေ့ထိုင်း မဟာမိတ်ပါတီများတွင် အငြိမ်းစား ဗိုလ်ချုပ်များဖြစ်သော ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် ဒုတိယဝန်ကြီးချုပ် ပရာဝတ် ဝေါင်ဆူဝန်တို့၏ ပါတီများ ပါဝင်သည်။
“သူတို့ သဘောတူညီချက်တခုယူပြီး အခြေအနေက အခုလိုဖြစ်လာတယ်” ဟု ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ ပူအန်သောင် ပါဝါကာပန်က DW သတင်းဌာနသို့ ပြောသည်။
ထိုင်းအစိုးရသစ်၏ ထူးဆန်းသော မဟာမိတ်
မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များက ဆယ်စုနှစ်တခုနီးပါး ကြာသည့် စစ်အုပ်ချုပ်ရေးအလွန် အပြောင်းအလဲကို တောင်းဆိုကြသည်။
Move Forward ပါတီသည် ထိုင်းအာဏာစနစ်တွင် လက်ဝါးကြီးအုပ်မှု ဖျက်သိမ်းရေး၊ စစ်တပ် ပြုပြင်ပြောင်းလဲရေးနှင့် ဘုရင်စနစ်ကို ကာကွယ်သည့်ဥပဒေ ပြင်ဆင်ရေး အပါအဝင် အခြေခံကျသည့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန် မဲဆွယ်ခဲ့သည်။
သို့သော် ထိုသို့ တိုးတက်သောပါတီက ၎င်းတို့ခေါင်းဆောင် ဖိထာ လင်မ်ဂျာရွန်ရတ်ကို ဝန်ကြီးချုပ် ခန့်အပ်ခြင်းမှ ပိတ်ပင်ခံရပြီးနောက် ဖွေ့ထိုင်းပါတီသည် အစိုးရသစ်ဖွဲ့ရန် အခန်းကဏ္ဍကို ရယူသည်။
ပါလီမန်တွင် အင်အားအကြီးဆုံးပါတီ ဖြစ်သော်လည်း Move Forward ပါတီက ၎င်းတို့သည် အတိုက်အခံအဖြစ် ရပ်တည်မည်ဖြစ်ကြောင်း ကြေညာသည်။ ဖွေ့ထိုင်း ညွန့်ပေါင်းအစိုးရသည် ရွေးကောက်ပွဲမှ ပြည်သူ့ဆန္ဒကို သရုပ်ဖျက်သည်ဟု Move Forward ပါတီအတွင်းရေးမှူးချုပ် ချိုင်သာဝပ် တူလာသွန်က သတင်းထောက်များကို လွန်ခဲ့သောအပတ်က ပြောကြားခဲ့သည်။

ဩဂုတ်လ ၂၂ ရက်နေ့တွင် ပါလီမန်က မဲခွဲသောအခါ ဖွေ့ထိုင်းပါတီ တည်ထောင်သူဖြစ်ပြီး သဘောထားကွဲလွဲမှုများ ဖြစ်စေသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ပြည်ပတွင် ၁၅ နှစ်နေထိုင်ပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်လာသည်။ သူပြန်လာခြင်းသည် ဖွေ့ထိုင်းက စစ်တပ်အတွင်းမှ သက်ဆင်ဆန့်ကျင်သူများနှင့် မဟာမိတ်ဖွဲ့လိုက်ခြင်းကိစ္စ ပတ်သက်နေကြောင်း လေ့လာသူများက ပြောသည်။
ပါလီမန်တွင် အင်အားအကြီးဆုံးပါတီ ဖြစ်သော်လည်း Move Forward ပါတီက ၎င်းတို့သည် အတိုက်အခံအဖြစ် ရပ်တည်မည်ဖြစ်ကြောင်း ကြေညာသည်။ အဆိုပြုထားသည့် ညွန့်ပေါင်းအစိုးရသည် ရွေးကောက်ပွဲမှ ပြည်သူ့ဆန္ဒကို သရုပ်ဖျက်သည်ဟု Move Forward ပါတီအတွင်းရေးမှူးချုပ် ချိုင်သာဝပ် တူလာသွန်က သတင်းထောက်များကို လွန်ခဲ့သောအပတ်က ပြောကြားခဲ့သည်။
“ဖွေ့ထိုင်းရဲ့ မဟာမိတ်တွေက အခြေအနေကို သူတို့ လိုသလို အလွယ်တကူ လုပ်မယ်။ အပြန်အလှန်အားဖြင့် သက်ဆင်ကို ပြန်လာစေမယ်” ဟု တွဲဖက်ပါမောက္ခ ပူအန်သောင်က ပြောသည်။
ရွေးကောက်ပွဲအလွန် အငြင်းပွားမှုများ၊ ဖွေ့ထိုင်းနှင့် ထိုင်းနိုင်ငံရေး အသိုက်အဝန်းဟောင်းဖြစ်သည့် ဘုရင်စနစ်၊ စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းကြီးများ အကြား အာဏာလွန်ဆွဲပွဲတွင် နောက်ဆုံး အလှည့်အပြောင်း ဖြစ်သည်။ ဖွေ့ထိုင်း၊ သက်ဆင်နှင့် ပတ်သက်သည့် ယခင်ပါတီများသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း ရွေးကောက်ပွဲ ငါးကြိမ် နိုင်ခဲ့သည်။
ဖွေ့ထိုင်းပါတီသည် Move Forward ပါတီနှင့် မဟာမိတ်ဖွဲ့ထားခြင်းကို ဖျက်သိမ်းပြီး ပရာယွတ်နှင့် ပတ်သက်နေသော နိုင်ငံရေးပါတီများနှင့် မဟာမိတ်ဖွဲ့လိုက်သောအခါ ထိုင်းနိုင်ငံသား အများအပြား စိတ်ပျက်ကြသည်။ ပရာယွတ်သည် ၂၀၁၄ ခုနှစ်တွင် သက်ဆင်၏ ညီမ ယင်းလတ် ဦးဆောင်သည့် အစိုးရကို ဖြုတ်ချ အာဏာသိမ်းရာတွင် ဦးဆောင်သူဖြစ်သည်။
ရွေးကောက်ပွဲမတိုင်မီက အထက်ပါ ပါတီ နှစ်ခုလုံးက အာဏာသိမ်း ခေါင်းဆောင်များနှင့် ပူးပေါင်းရန် ငြင်းဆန်ကြသည်။
“ကျနော်တို့က ပကတိအမှန်တရားမှာ နေထိုင်ရတယ်။ ပြည်သူ အများအပြားက အစိုးရနဲ့ပါတီမူဝါဒတွေကို စောင့်နေတယ်။ အဲဒီမူဝါဒတွေကို ဖွေ့ထိုင်း ဦးဆောင်တဲ့ အစိုးရမရှိဘဲ အကောင်အထည် ဖော်နိုင်မှာ မဟုတ်ဘူး” ဟု ဆက်ထာ သာဗီဆင်က ပါတီ၏ ဆုံးဖြတ်ချက်ပြီးနောက် ပြည်သူလူထုကို ပြောသည်။
၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲပြီး စစ်တပ်နှင့် ရှေးရိုးစဉ်လာ ကွန်ဆာဗေးတစ်များက မထောက်ခံသည့် ပါတီများ အစိုးရမဖွဲ့နိုင်အောင် လုပ်ဆောင်ခဲ့သည်။
Move Forward ပါတီ၏ အံ့သြစရာ ရွေးကောက်ပွဲ အောင်နိုင်ခြင်းသည် စစ်တပ်နှင့် ကွန်ဆာဗေးတစ်များအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်ပြီး နောက်ဆုံးတွင် ထိုတိုးတက်သော ပါတီကို လူထုထောက်ခံမှု၏ ခြိမ်းခြောက်မှုသည် ဘုရင်စနစ်၊ စစ်တပ်၊ စီးပွားရေးလုပ်ငန်း အသိုက်အဝန်းဟောင်းနှင့် သက်ဆင်မိသားစုအကြား အားပြိုင်မှုထက် ပိုမိုကြီးမားနေသည်။
“ထိုင်းနိုင်ငံက ရွေးကောက်ပွဲတွေကို အာဏာရှင် စစ်အစိုးရတွေက အပေါ်ယံ ဟန်ပြအဖြစ် သုံးနေတာ နှစ်ပေါင်းများစွာ ကြာပြီ။ မတူတာက ပြည်သူတွေက အနှစ်သာရမရှိတဲ့ ဒီမိုကရေစီကို သည်းမခံနိုင်တော့တာပဲ” ဟု တွဲဖက်ပါမောက္ခ ပူအန်သောင်က ပြောသည်။
“ထိုင်းနိုင်ငံက ရွေးကောက်ပွဲတွေကို အာဏာရှင် စစ်အစိုးရတွေက အပေါ်ယံ ဟန်ပြအဖြစ်သုံးနေတာ နှစ်ပေါင်းများစွာ ကြာပြီ။ မတူတာက ပြည်သူတွေက အနှစ်သာရမရှိတဲ့ ဒီမိုကရေစီကို သည်းမခံနိုင်တော့တာပဲ”
နိုင်ငံရေးသမားသစ် မစ္စတာ ဆက်ထာ
အစိုးရတွင် ယခင် အတွေ့အကြုံမရှိသော ပြင်ပလူဖြစ်သည့် မစ္စတာ ဆက်ထာသည် ဖွေ့ထိုင်းပါတီက သူ့ကို သက်ဆင်၏ အငယ်ဆုံးသမီး ပေတောင်တန်နှင့်အတူ ဝန်ကြီးချုပ်လောင်းများ စာရင်းတွင် ထည့်သွင်းလိုက်သောအခါ အများ အာရုံစိုက်စရာ ဖြစ်လာသည်။
အသက် ၆၀ ရှိပြီဖြစ်သော ဆက်ထာသည် သက်ဆင်ကဲ့သို့ပင် စီးပွားရေးသမိုင်း ကောင်းသည်။ နိုင်ငံရေး လောကသို့ မဝင်ရောက်မီက ဆက်ထာသည် ထိုင်းနိုင်ငံတွင် အကြီးမားဆုံး အိမ်ခြံမြေ တည်ဆောက်ရေး လုပ်ငန်းများအနက် တခု၏ ဥက္ကဋ္ဌဖြစ်သည်။

ဘန်ကောက်တွင် မွေးဖွားပြီး အမေရိကန် ပြည်ထောင်စုတွင် ပညာသင်ကြားခဲ့သော မစ္စတာ ဆက်ထာသည် မက်ဆာချူးဆက် တက္ကသိုလ်မှ စီးပွားရေး ပညာဘွဲ့ရပြီးနောက် ကယ်လီဖိုးနီးယားရှိ ကလဲမောင့်တက္ကသိုလ်မှ ဘဏ္ဍာရေး မဟာဘွဲ့ရသည်။
နိုင်ငံရေးလောကတွင် လူသစ်ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်း အသိုက်အဝန်းတွင် ရေပန်းစားသည်။ အထက်နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်း မဲမခွဲမီ စစ်တမ်းအရ သူ့ကို နိုင်ငံမှ CEO အမှုဆောင်အရာရှိချုပ် ၁၀၀ အနက် သုံးပုံ နှစ်ပုံက ဝန်ကြီးချုပ်ဖြစ်စေလိုကြောင်း သိရသည်။
သူ၏ နောက်ခံသမိုင်းကြောင်းအရ ဖွေ့ထိုင်းသည် မစ္စတာ ဆက်ထာ၏ စီးပွားရေးကျွမ်းကျင်မှုကိုသုံးပြီး ကိုဗစ်နိုင်တင်း ကပ်ရောဂါမှ ထိုင်းစီးပွားရေး နာလန်မှုကို ဦးဆောင်စေလိုသည်။
သို့သော် ဝေဖန်သူများက သူ၏ အောင်မြင်သော စီးပွားရေးနောက်ခံက အထောက်အကူပြုမည် ဆိုသည့်အချက်ကို သံသယရှိကြသည်။
“သူ လိုသလို မူဝါဒတွေကို တွန်းအားပေးဖို့ ခွင့်မပြုနိုင်တဲ့ အချက်တွေ ရှိတယ်” ဟု ထိုင်းရှိ မဟီဒေါ တက္ကသိုလ် နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ ပွန်ချာဒါ ဆီရီဗန်နာဗုက ပြောသည်။
ထိုင်းနိုင်ငံ၏ ရှေ့ရေး
မစ္စတာ ဆက်ထာသည် ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။ ထိုစိန်ခေါ်မှုများတွင် အမျိုးမျိုးသော စီးပွားရေးအကျိုးစီးပွားများ ရှိနေသည့် မဟာမိတ်အဖွဲ့ကို တစုတစည်းတည်းဖြစ်အောင် ထိန်းသိမ်းရခြင်းနှင့် သူ့ကို အာဏာရစေသည့် အသိုက်အဝန်းဟောင်းကို ထိန်းသိမ်းထားရခြင်းတို့ ပါဝင်သည်။
“ဆက်ထာက ညွန့်ပေါင်းမဟာအဖွဲ့ဝင်တွေ ဝန်ကြီးရာထူးပေးပြီး သူတို့လုပ်ချင်တဲ့ အကြီးစား စီမံကိန်းတွေအတွက် အသုံးစရိတ် ခွင့်ပြုပေးပြီး သူတို့ စိတ်ချမ်းသာအောင် ထိုင်းနိုင်ငံကို အုပ်ချုပ်ရမယ်” ဟု တွဲဖက်ပါမောက္ခ ပူအန်သောင်က ပြောသည်။
ထိုင်းနိုင်ငံ နာရေစွမ် တက္ကသိုလ်မှ နိုင်ငံရေးသုတေသီ ကထိက ပေါလ် ချန်ဘာက ဆက်ထာသည် စစ်တပ်နှင့် ပတ်သက်သည့် ပရာဝတ်နှင့် ပရာယွတ်တို့ပါတီများ လုပ်ချင်သည်များကို ခွင့်ပြုပေးရမည် ဖြစ်ကြောင်း ပြောသည်။
ဖွေ့ထိုင်း၏ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး မူဝါဒများသည် ယခင်က အောင်မြင်ခဲ့သော်လည်း ယခုတကြိမ်တွင်မူ ၎င်းတို့၏ အများကြိုက် ကတိများကို အချို့က သံသယဖြစ်နေကြသည်။
ဖွေ့ထိုင်း၏ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး မူဝါဒများသည် ယခင်က အောင်မြင်ခဲ့သော်လည်း ယခုတကြိမ်တွင်မူ ၎င်းတို့၏ အများကြိုက် ကတိများကို အချို့က သံသယဖြစ်နေကြသည်။
ညွန့်ပေါင်းအဖွဲ့ ရှင်သန်ရေးအတွက် ဖွေ့ထိုင်းက အပေးအယူလုပ်ရပြီး “အစိုးရသစ်က ထိရောက်မှု နည်းမှာဖြစ်ပြီး စီးပွားရေးကို တွန်းအားပေးဖို့ ပါတီရဲ့အားထုတ်မှုက လိုချင်တဲ့ ရလဒ်အတိုင်း ဖြစ်မှာ မဟုတ်ဘူး” ဟု တွဲဖက်ပါမောက္ခ ပူအန်သောင်က ပြောသည်။
ဖွေ့ထိုင်းနှင့် စစ်တပ်အကြား ပျားရည်ဆမ်းခရီးသည် မကြာမီ ကုန်ဆုံးသွားမည်ဖြစ်ကြောင်း လေ့လာသူများက ယူဆကြသည်။ “ဆက်ထာအစိုးရက လေးနှစ်အပြည့် သက်တမ်းအထိ မခံနိုင်ဘူး” ဟု တွဲဖက်ပါမောက္ခ ပွန်ချာဒါက DW သို့ ပြောသည်။
“ရှေးရိုးစဉ်လာ ကွန်ဆာဗေးတစ် အင်အားစုတွေနဲ့ ဆက်ထာ အမှားအယွင်း လုပ်လိုက်တာနဲ့ သူဟာ အခွန်တိမ်းရှောင်မှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ မဲမခွဲမီက စွပ်စွဲချက်နဲ့ သူ့ကို ဖြုတ်ချလိုက်မှာပဲ” ဟု သုတေသီ ချန်ဘာက ပြောသည်။
(DW ပါ Emmy Sasipornkarn ၏ Thailand: What lies ahead for the new government? ကို ဘာသာပြန်သည်။)
You may also like these stories:
သက်ဆင် ခုမှ ဘာကြောင့် ထိုင်းပြန်လာသလဲ
ထိုင်းနိုင်ငံရေးလွန်ဆွဲပွဲတွင် ဘုရင်စနစ် ရှေ့ဆုံးရောက်လာ
ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ