စပါးကို အဓိက စိုက်ပျိုးထုတ်လုပ်၊ တင်ပို့နေတဲ့ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဆန် ဈေးတွေက ထိန်းမရနိုင်အောင် ထိုးတက်နေပါတယ်။
အခုလို ဈေးအဆမတန်မြင့်နေတဲ့ အကြောင်းအရင်းတွေထဲမှာ ငွေကြေး ဖောင်းပွတာ၊ ဈေးကွက်အပေါ် ထိန်းချုပ် ထားတာ၊ သွင်းအားစု (ဓာတ်မြေဩဇာ) ဈေးတက်တာတွေ၊ စိုက်ပျိုးထုတ်လုပ်မှု လျော့ကျတာ၊ စိုက်ပျိုးနိုင်ဖို့ထက် အသက်ရှင်ဖို့ အတွက် ထွက်ပြေးနေရတဲ့ လယ်သမားတွေ များလာတာ၊ လုပ်နိုင်ကိုင်နိုင်တဲ့ လယ်သမား သားသမီး တွေ ပြည်ပ ထွက်ခွာပြီး အလုပ်လုပ်ရတဲ့ ဖြစ်စဉ်တွေ ပါဝင်နေပါတယ်။
အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်းမှာ ပြည်တွင်း ဆန်ဈေးနှုန်းတွေက စံချိန်တင်ဈေးတန်းကို ရောက်ပြီလို့ မကြာခဏ ပြောရတဲ့အထိ ဆန်ဈေးတွေက တဟုန်ထိုးကို မြင့်တက်နေပါတယ်။
ဒီလို အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ကြီးမြင့်တဲ့ ဒဏ်ကို မြို့နေလူတန်းစားသာမက စိုက်ပျိုးရေးထွက်ကုန်တွေကို ထုတ်ပေးနေတဲ့ တောင်သူတွေ အထူးသဖြင့် စစ်ဘေးဒဏ်ခံနေရတဲ့ ဒေသက တောင်သူတွေဟာ ပိုမိုခံစားနေရတယ် လို့ ဆိုရမှာပါ။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က မစာဥ (အမည်လွှဲ) ကတော့ “ဆန်တပြည် ၆၀၀၀ ဒါတောင် ကျမတို့ စိုက်တဲ့ ရွှေဘို ပေါ်ဆန်းမဟုတ်သေးဘူး။ ခြင်ဆေးခွေ တခွေ ၁၃၀၀ ကျော် သွားပြီ။ ပဲဆီ တပိဿာ ၁သောင်းခွဲ၊ အရင်က ကိုယ့်ဒေသ ကထွက် ဒါက ဝယ်စားစရာ မလိုဘူး။ အခုတော့ ဒုက္ခ ရောက်ရတာပေါ့။ အစစအရာရာ ကုန်ဈေးနှုန်းတွေက အကုန် တက်တယ်။ တောင်သူတွေလဲ မလောက်ငှသလို လက်လုပ်လက်စားတွေလည်း ရတဲ့လုပ်အားခနဲ့ စားစရိတ်နဲ့ မဖူလုံကြဘူး။ အခုလည်း စစ်ကြောင်းဝင်လို့ ကျမတို့ ဒေသက တောင်သူတွေ စိုက်နေတဲ့ လယ်ပစ်ပြီး ပြေးရပြန်ပြီ” လို့ ပြောပြပါတယ်။
စစ်ကိုင်းတိုင်းဆိုတာ မြန်မာပြည်ရဲ့ ဆန်အိုးကြီးတွေလို့ တင်စားပြောဆိုရတဲ့အထဲကတခု ဖြစ်သလို ပြည်တွင်း စားသုံး သူ တွေ အဓိကအားထားရာ ရွှေဘိုပေါ်ဆန်း ထွက်ရှိတဲ့ဒေသ ဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုဒဏ် အများဆုံး ခံစား နေရတဲ့နေရာသလို စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှု၊ ရွာမီးရှို့မှု၊ ပြည်သူပိုင်အိမ်တွေ ပစ္စည်းတွေ၊ ဝမ်းစာစပါး၊ မျိုးစပါး အပါ အဝင် မြင်မြင်သမျှ ဖျက်ဆီးမှုတွေကြောင့် ဒေသခံတောင်သူတွေ ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ဘဲ နိုင်သလောက်သာ စိုက်ပျိုးကြရတဲ့အတွက် ပြီးခဲ့တဲ့နှစ်က စိုက်ပျိုးမှု လျော့နည်းခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့် အခုဆိုရင် ရွှေဘိုပေါ်ဆန်းက ဈေးကွက်အတွင်း ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှဘဲ ဆန် ရှားပါးနေပြီဖြစ်ပြီး ဈေးနှုန်းတွေက အနိမ့်ဆုံးအမျိုးအစား တအိတ် ၁ သိန်း ၁ သောင်း (ကျပ်) ကနေ ကျပ် ၁ သိန်း ၆ သောင်းအထိ မြင့်တက်နေသလို စပါးဈေးကလည်း တင်းတရာကို ၄၂ သိန်း အထိ ရောက်နေပါပြီ။
တောင်သူတွေ မကြားဖူး မမြင်ဖူးတဲ့ဈေးတွေအထိ မြင့်တက်နေပေမယ့် တောင်သူတွေရောင်းချတဲ့ အချိန်မှာတော့ စပါး တင်းတရာကို ၁၅ သိန်း ပြည့်အောင် မရခဲ့ပါဘူး။
“ပေါ်ဆန်း စိုက်ပေမယ့် ကိုယ်စားတဲ့ ဆန်က အရင် တပြည်၂၀၀၀ (ကျပ်) လောက်ကနေ အခု ကျပ် ၆၀၀၀ လောက် ထိ ပေးစားရတာ။ စပါးကျတော့ သူတို့ကိုကြောက်လို့ ကိုယ့်စပါးကျီထဲ မထည့်ရဲတာပေါ့။ မီးရှို့ခံရမှာကြောက်တော့ တလင်းထဲမှာ ရောင်းကြရတာ။ အခုလို ဈေးတက်ချိန်မှာ စပါး မရှိတော့ပါဘူး” လို့ မစာဥက ပြောပါတယ်။
ထုတ်လုပ်မှုနည်းလို့ စပါးဈေး တက်နိုင်တာကို တောင်သူတွေ ကြိုသိပေမယ့်လည်း စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမယ့်ရန် ကြောက်ရတာကြောင့် စပါးပေါ်တာနဲ့ ကုန်သည်၊ ပွဲစားတွေဆီ ဆက်သွယ်ပြီး ချက်ချင်း ရတဲ့ဈေးနဲ့ပဲ ရောင်းချရတဲ့ အတွက် ဈေးကောင်းဆိုတာကို တောင်သူတွေ မခံစားရပါဘူး။
အာဏာမသိမ်းခင်က တောင်သူတွေဟာ ရွှေဘိုပေါ်ဆန်းစပါးကို ရောင်းချရာမှာ သုံးပိုင်း ခွဲပြီး ရောင်းကြပါတယ်။ လယ် ကွင်းထဲမှာ ရောင်းတာကတော့ အလုပ်သမားစရိတ် ရှင်းဖို့ဖြစ်ပြီး၊ စိုက်ပျိုးချိန် ရောက်လာရင် စိုက်ပျိုးစရိတ်အတွက် တကြိမ် ရောင်းကြသလို၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလမှာတော့ လှူဖို့တန်းဖို့ ရောင်းတယ်ဆိုပြီး ကိုယ် စိုက်ပျိုး တဲ့စပါးကို သုံးကြိမ်ခွဲ ရောင်းချကြပါတယ်။
ဒါကြောင့်လည်း ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးတဲ့ တောင်သူတွေက များသောအားဖြင့် မရှုံးကြပါဘူး။ ရှေ့ပိုင်းမှာ ဈေး ကောင်း မရရင် နောက်ပိုင်းမှာ ဈေးကောင်း ရလေ့ရှိပါတယ်။
အခုချိန်မှာတော့ စစ်တပ် စစ်ကြောင်းထိုးလာရင် မြင်တွေ့သမျှ မီးရှို့ဖျက်ဆီးတတ်တာကြောင့် ရတဲ့ဈေးနဲ့ ရောင်းရသမျှ ငွေကိုင်ပြီး၊ အထုပ်ကိုယ်စီနဲ့ ပြေးရင်းလွှားရင်း စိုက်ပျိုးရင်းနဲ့ လယ်သမားတွေ ရုန်းကန်နေရတယ်လို့ မစာဥက ဆိုပါ တယ်။
ကုန်ဈေးနှုန်းမြင့်တက်မှုအနေနဲ့ကတော့ နေရာဒေသအလိုက် ကွဲပြားပါတယ်။ စစ်ဘေးကြောင့် ပြေးနေရတဲ့ဒေသနဲ့ စစ်တပ် ထိုးစစ်ဆင်နေတဲ့ ဒေသတွေမှာဆိုရင် လမ်းပိုင်း ပိတ်ဆို့ထားတာကြောင့်လည်း ကုန်ဈေးနှုန်းတွေက မြို့ပေါ်လို နေရာထက် ပိုပြီး မြင့်တာတွေ ရှိနေပါတယ်။
ဒီလို အခြေအနေတွေကြောင့်လည်း မစာဥတို့လို စစ်ဘေးဒုက္ခ ရင်ဆိုင်နေရတဲ့ဒေသကသူတွေအဖို့ ပိုပြီး ဆိုးရွားစွာ ခံစားနေကြရတာပါ။
ဒီနှစ်မှာဆိုလည်း ရွှေဘိုပေါ်ဆန်း (ဘေးကျားစပါး) စိုက်ပျိုးချိန်မှာ စစ်ကြောင်းဝင်လို့ ထွက်ပြေးနေရတဲ့ ရွာတွေရှိသလို ပျူရွာနဲ့နီးတဲ့ ရွာတွေလည်း ပစ်ခတ်ခံရတာတွေကြောင့် စိုက်ပျိုးမှု ထင်သလောက် မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့ပြင် စစ်ကိုင်းတိုင်းက လယ်သမားတွေကို စစ်ကောင်စီက အရင်လို စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးတာတွေလည်း မလုပ်ပေးတော့ပါဘူး။
ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးရာ ကင်းမြစ်ရွာသူတဦးက “ကျမတို့ဆို စပါး မစိုက်ရတာ၂ နှစ်ရှိပြီ။ ဘေးရွာက ပျူရွာဆို တော့ အဲဒီကနေ လှမ်းပစ်တာ။ လယ်ထဲဆင်းတာနဲ့ ပစ်တာ။ ထွန်စက်သမားဆိုလည်း စက်သံကြားတာနဲ့ ပစ်တော့ မထွန်ရဲဘူး။ အဲဒီလို ပစ်လို့ ပြေးပြီး ကျန်ခဲ့တဲ့ ထွန်စက်တွေ၊ ရိတ်သိမ်းစက်တွေကို စစ်သားနဲ့ ပျူတွေက သိမ်းသွား တာ။ အဲဒီတော့ မလုပ်ရဲကြဘူး” လို့ ပြောပြပါတယ်။
စိုက်ပျိုးလို့ မရသလို စားသောက်ဖို့အတွက် သွားရောက် ဝယ်ယူရတဲ့အခါမှာလည်း စစ်တပ်ဂိတ်၊ ပျူရွာတချို့ဖြတ်ရတဲ့ အခြေအနေတွေကြောင့် အခက်အခဲတွေက ရှိပါတယ်။ ဒါကြောင့်လည်း မြို့ပေါ်မှာ၂၀၀၀ တန် ပစ္စည်းတခု ရွာဘက် ရောက်ဖို့ဆိုရင် ၃၀၀၀၊ ၄၀၀၀ လောက် ဈေးကြီးပေးဝယ်ကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီနှစ်မှာတော့ ရွှေဘိုပေါ်ဆန်း စပါးစိုက်ပျိုးနိုင်တဲ့ ဒေသတွေက တဧက စိုက်စရိတ် ကျပ် ၁၅ သိန်းလောက်ထိ ကုန်ကျ မှုရှိခဲ့ပြီး စစ်ကိုင်းတိုင်းရဲ့ တချို့နေရာတွေမှာ စိုက်ပျိုးပြီးတာရှိသလို တချို့နေရာတွေမှာလည်း စိုက်ပျိုးနေဆဲအချိန်ဖြစ် ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ရွှေဘိုပေါ်ဆန်းစပါးပေါ်စမှာပင် တအိတ် ၆၉၀၀၀ ကျပ်နဲ့ ဈေးကွက်ထဲ ဝင်ရောက်ခဲ့ပြီး အခုချိန်မှာတော့ ၁ သိန်း ၆ သောင်းအထိ ရှိလာတာကြောင့် ကျပ် ၁ သိန်းဝန်းကျင်အထိ မြင့်တက်ခဲ့တာပါ။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ ဆန်စက်ပိုင်ရှင်တဦးက “အခုကတော့ ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှဘူး ဖြစ်နေတယ်။ ပြောမယ်ဆိုရင် အကန့်အသတ်ရှိတဲ့ ပစ္စည်းဖြစ်နေတယ်။ ရွှေဘိုပေါ်ဆန်းမွှေးက အရင်နှစ်က စိုက်ဧကလည်း နည်း တယ်၊ အထွက်နှုန်း ကျတယ်။ ဒီပုံစံနဲ့ဆိုရင် ရွှေဘိုဆန်က နောက်တလနဲ့ နှစ်လမှာ ပြတ်ပြီ။ ကျနော်တို့ဘက်တော့ မထုတ်လုပ်နိုင်တော့ဘူး” လို့ ပြောပါတယ်။
ရွှေဘိုမြို့ ဆန်စက်မှာတောင် ရွှေဘိုပေါ်ဆန်း ၁ အိတ် အနိမ့်ဆုံး ၁၃၅၀၀၀ ကျပ်ကနေ ၁၅၀၀၀၀ အထိရှိပြီး ဝယ်ယူလို သူ ဆန်ကုန်သည်တွေကနေ ဆန်အမှာ ဆက်တိုက်ရှိနေပေမယ့် ဆန်စက်တွေမှာ ပစ္စည်းပြတ်တဲ့အခြေအနေ ရှိနေ တယ်လို့ သူက ဆိုပါတယ်။
ဒီနှစ်မှာတော့ ပြီးခဲ့တဲ့နှစ်ကထက် ရွှေဘိုပေါ်ဆန်း စပါး စိုက်ပျိုးကြတယ်ဆိုပေမယ့်လည်း တချို့ ပျူရွာနဲ့နီးတဲ့ရွာတွေ မစိုက်နိုင်တဲ့အပြင် စိုက်နိုင်တဲ့ တောင်သူတွေအနေနဲ့လည်း ဓာတ်မြေဩဇာတွေ၊ သီးနှံအားဆေးတွေ၊ ပိုးသတ်ဆေး စတဲ့ သွင်းအားစုဈေး အဆမတန် မြင့်တက်နေတာကြောင့် အသုံးမပြုနိုင်တဲ့အတွက် အထွက်နှုန်းလျော့ကျတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ တောင်သူတွေက ခန့်မှန်းပြောဆိုကြပါတယ်။
ဒါကြောင့် ရွှေဘိုပေါ်ဆန်းက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဈေးကွက်အတွင်းမှာ ရှားသထက်ရှားလာပြီးတော့ ဈေးတွေကလည်း အဆမတန် မြင့်တက်လို့ လာပါတယ်။
တခြား ဆန်ဈေးတွေအနေနဲ့လည်း ဆန်ကြမ်းတအိတ်ကို ကျပ် ၇ သောင်းကျော်ကနေ ၈ သောင်းကျော်အထိ ရှိနေ သလို ဧရာဝတီပေါ်ဆန်း အမျိုးအစား (ဆန်ချော) တအိတ်ကို ၁ သိန်းကျော်ကနေ ၁ သိန်း ၃ သောင်းလောက်အထိ မြင့်တက်လို့ နေပါတယ်။
ဒီဈေးတွေက ရန်ကုန်မြို့ ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်ဈေးတွေကို အခြေခံထားတာ ဖြစ်ပြီးတော့ စစ်ပွဲ ဖြစ်ပွားရာ ဒေသတွေ၊ သွားလာရခက်ခဲပြီး ဝေးလံခေါင်ဖျားတဲ့ဒေသတွေနဲ့ တချို့ စစ်တပ် စစ်ကြောင်းထိုးတဲ့ နေရာတွေမှာဆို အခုထက် ပိုပြီး ဈေးတွေ မြင့်နိုင်ပါသေးတယ်။
ရန်ကုန် ဆန်ကုန်သည်ကြီးတဦးက “အတက်က ရပ်ကို မရပ်သေးဘူး။ ဒီတပတ်လည်း ဆန်ချောတအိတ် ၅၀၀၀ ကနေ ၇၀၀၀ ကျပ်လောက်ထိ တက်လာတာ။ ဆန်တွေကတော့ အပတ်စဉ် တက်နေတာပဲ။ စစ်ကောင်စီက ကုန် သည်တွေကို ခေါ်တွေ့တာတွေ အရေးယူမှာတွေ ပြောနေတော့ ကုန်သည်တွေမှာ စိုးရိမ်စိတ်တွေ ရှိတယ်။ အခုထိတော့ အရေးမယူသေးဘူး။ ဈေးတက်တာကတော့ နှစ်သောင်းတန် ထွက်မယ်ဆိုတဲ့သတင်းထွက်ထဲ တောက်လျှောက်တက် လာတာ။ ရွှေဘိုကတော့ ပစ္စည်းရှားတာလည်း ပါတယ်” လို့ ပြောပါတယ်။
ဆန်ဈေးနှုန်းတွေ အဆမတန် တက်လာရခြင်းအကြောင်းရင်းထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ပစ္စည်း အားလုံး ဈေးတက်လာတာတွေကြောင့်အပြင်၊ စိုက်ပျိုးစရိတ်၊ လုပ်သားခ၊ စက်သုံးဆီ စတဲ့ ဈေးတွေကြောင့် တက် သလို စပါးဈေးတက်တာတွေကြောင့်လည်း ပါတယ်လို့ သူက ဆိုပါတယ်။
အဲဒါတွေအပြင် စစ်တပ်ရဲ့ တရွာဝင်တရွာထွက် အိမ်၊ ဝမ်းစာစပါး၊ မျိုးစပါး၊ လယ်ထွန်စက်၊ ကျွဲ၊ နွားပါမချန် မီးရှို့ဖျက် ဆီးနေတာကြောင့် လယ်သမားတွေက အခုနှစ်တွေမှာ လယ်ယာလုပ်ငန်းခွင်မှာ မစိုက်ရဲတော့ဘဲ စစ်ရှောင် လယ်သမားတွေ များလာတာကလည်း ဆန်ဈေး တက်လာခြင်းရဲ့ အကြောင်းအရင်းထဲ ပါဝင်နေပါတယ်။
ဒါ့ပြင် စစ်ကြောင်းနဲ့တိုးရင် လယ်စိုက်နေတဲ့ ကောက်စိုက်သမတွေကို လူသားဒိုင်းအဖြစ် ဖမ်းတာဆီးတာတွေရှိသလို ရွှေဘိုပေါ်ဆန်း စပါးထွက်ရှိတဲ့ ရွှေဘိုအနောက်ခြမ်းမှာ ပြည်သူတွေ စိုက်ထားတဲ့ စပါးတွေကို စစ်တပ်နဲ့ ပျူစောထီး ပေါင်းပြီး ဝင်ရိတ်သိမ်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီထုတ် ဖေဖော်ဝါရီ၂၈ ရက် သတင်းစာမှာဆိုရင် ၂၀၂၀-၂၀၂၁ ခုနှစ်မှာ စပါးစိုက်ဧကပေါင်း ၁၇ သန်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီး၊၂၀၂၁- ၂၀၂၂ ခုနှစ်မှာ မိုးစပါး စိုက်ဧက ၁၅ သန်းခန့်နဲ့ နွေစပါး စိုက်ဧက၂ သန်းကျော် စိုက်ပျိုးနိုင်ခဲ့ တယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စိုက်ဧက ဘယ်လောက် လျော့ပါးသွားပြီလဲဆိုတာကိုတော့ မဖော်ပြထားပါဘူး။
ဒါ့ပြင် ကုန်ဈေးနှုန်းတွေ တက်နေတာက လောဘကြီးပြီး ဈေးကစားတဲ့လုပ်ငန်းရှင်တွေကြောင့်သာ ဖြစ်တယ်လို့ ဒီရက်ပိုင်း စစ်ကောင်စီပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။
အဲဒီ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းက “မြန်မာမှာ ဆန်လက်ကျန် တန်ချိန် ၃ ဒသမ ၅ သန်းကျော် ရှိနေပြီးတော့ မိုးစပါး မထွက်ခင်အထိ ဆန် လုံလောက်မှု ရှိတယ်။ ကုန်ဈေးနှုန်းကြီးမြင့်တာကို ဖြေရှင်းဖို့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ပြည်ထောင်စု အဆင့်ထိ ဖွဲ့စည်းထားပြီး လိုအပ်တဲ့ထိန်းကျောင်းမှုတွေ လုပ်နေတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ပြည်တွင်း စီပွားရေးပညာရှင်တွေနဲ့ ကုန်သည်တွေကတော့ စစ်ကောင်စီအနေနဲ့ ကုန်ဈေးနှုန်းတွေ တက်လာရင် အရင် စစ်အစိုးရတွေလိုပဲ ကုန်သည်တွေ ဖမ်းမယ်ဆီးမယ်၊ ဈေးမတက်ဖို့ ခေါ်ပြောပြီး စတာတွေနဲ့ ထိန်းချုပ်ဖို့ ကြိုးစားကြမယ်လို့ ဆိုပါတယ်။
“အခုဖြစ်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီမှာ ဖြေရှင်းဖို့ နည်းမရှိဘူး။ နိုင်ငံရေးကြောင့် စီးပွားရေးက ဖြစ်လာတာ။ အဓိကတော့ အာဏာသိမ်းလိုက်တာရဲ့ အကျိုးဆက်ပဲ၊ စီးပွားရေး ပြေလည်ဖို့ နိုင်ငံရေးအရ ဖြေရှင်းနိုင်မှပဲ ရမှာ” လို့ ပြည်တွင်း စီးပွားရေးပညာရှင်တဦးက သုံးသပ်ပြောဆိုပါတယ်။
မြန်မာနိုင်ငံဟာ ဆန်ကို အဓိက စားသုံးတဲ့ နိုင်ငံတခုဖြစ်ပြီးတော့ လူဦးရေ ၅၅ သန်းက နှစ်စဉ် ဆန်တန်ချိန် ၁၀ သန်း နီးပါး စားသုံးကြပြီး ပြည်တွင်း စားသုံးမှုအများဆုံး ရွှေဘိုပေါ်ဆန်း (ဆန်ချော) ကို အများဆုံးစားသုံးတယ်လို့ စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
အခု၂၀၂၃ ခုနှစ် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီစဉ် (UNDP) ရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့က လူ ၃ ထောင်ကို စစ်တမ်း ကောက်ရာမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၁ နှစ်အတွင်း ကုန်ဈေးနှုန်းတက်လို့ ဝင်ငွေထွက်ငွေ မမျှဘဲ အစားလျှော့ စားရတဲ့အထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို သွင်းကုန်ပစ္စည်းများဈေးနှုန်းအပြင် ဆီဈေး၊ အသားငါး၊ အသီးရွက်ဈေး၊ လူသုံးကုန်ပစ္စည်းဈေးနှုန်းတွေ တောက်လျှောက်တက်နေသလို အခုလို ဆန်ဈေး အတက်ပိုင်းမှာပဲရှိနေတာက ထမင်းကို အဓိကအားပြုစားသုံးကြတဲ့ ဝင်ငွေနည်း ပြည်သူတွေအတွက်တော့ အကျပ်အတည်းဆိုက်စရာတခု ပိုလို့ တိုးလာတာပဲဖြစ်ပါတယ်။ ။
You may also like these stories:
မူဆယ်မှာ စက်သုံးဆီပြတ်လပ်မှုဖြစ်
ကလေးမြို့တွင် စက်သုံးဆီနှင့် ကုန်ပစ္စည်းများ ပြတ်
ဒေါ်လာနှင့် ရွှေဈေးကို ထိန်းချုပ်ရန် စစ်ကောင်စီ အထူးအဖွဲ့ ဖွဲ့စည်းမည်