ပြည်သူလူထုကို ကာကွယ်ပေးရန် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တာဝန်ပေးထားသည့် ဒေသ နှစ်ခုမှ ခုခံတော်လှန်ရေးအဖွဲ့များ လူ့အခွင့်အရေး ချိုးဖောက်သောကြောင့် ဝေဖန်မှုများ ရင်ဆိုင်နေရသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်ကောင်စီက အကြမ်းဖက် နှိမ်နင်းသောကြောင့် ၂၀၂၁ ခုနှစ်၊ မတ်လတွင် နိုင်ငံတဝန်းလုံး၌ စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှု ပေါ်ပေါက်လာသည်။ ထိုအချိန်မှစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဟုခေါ်သည့် လက်နက်ကိုင် ခုခံတော်လှန်ရေး အဖွဲ့များ ပေါ်ပေါက်လာသည်။
PDFs များသည် လက်နက်ကိုင်တော်လှန်ရေးကို လက်လုပ်သေနတ်များနှင့် စတင်ခဲ့သော်လည်း ယခုအခါ ပြည်တွင်း ပြည်ပ ပြည်သူများ၏ ထောက်ခံမှုဖြင့် စစ်မြေပြင်အဆင့်လက်နက်များ အသုံးပြုသည်အထိ တိုးတက်လာသည်။ လက်ရှိအချိန်အထိ PDF တပ်ရင်း ၃၀၀ ကျော်ရှိပြီး မြို့နယ်အခြေစိုက်အုပ်စု ၂၅၀ ရှိကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာန၏ စာရင်းအရသိရသည်။
ထို့ပြင် ဒေသကာကွယ်ရေးတပ် (LDF) ဟုခေါ်သည့် ပြောက်ကျားအဖွဲ့ ၄၀၀ ခန့်ရှိပြီး ၎င်းတို့အနက် အများစုသည် NUG နှင့် အဆက်အသွယ် ရှိသည်။ LDFs နှင့် PDFs များအပြင် NUG ကာကွယ်ရေး ဝန်ကြီးဌာအောက်မှ ပကဖ (PDTs) ခေါ် ပြည်ကာကွယ်ရေးအဖွဲ့များလည်း ရှိသေးသည်။
အရပ်ဘက် အုပ်ချုပ်ရေးနှင့် ပြည်သူ့လုံခြုံရေးအတွက် NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနသည် ပြည်သူ့အာဏာပိုင်အဖွဲ့ (ပအဖ) နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ (ပလဖ) များကို ဖွဲစည်းထားသည်။
စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် စိတ်အားထက်သန်သော နိုင်ငံသားများ၏ ခိုင်မာသော ဆုံးဖြတ်ချက်ကြောင့် PDFs နှင့် LDFs တို့သည် ပြည်သူ့ယုံကြည်လေးစားမှုကို လျင်မြန်စွာရရှိသည်။
စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် စိတ်အားထက်သန်သော နိုင်ငံသားများ၏ ခိုင်မာသော ဆုံးဖြတ်ချက်ကြောင့် PDFs နှင့် LDFs တို့သည် ပြည်သူ့ယုံကြည်လေးစားမှုကို လျင်မြန်စွာရရှိသည်။
သို့သော် အချို့နေရာများမှ ခုခံတော်လှန်ရေးအဖွဲ့ဝင်များက ကျူးလွန်သည့် ရာဇဝတ်မှုများသည် ထိုယုံကြည်မှုကို ထိခိုက်စေကြောင်း ခုခံတိုက်ခိုက်ရေးသမားများနှင့် ဒေသခံများက ပြောသည်။
သတိထားရမည့် ရာဇဝတ်မှုများ
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ ဆယ်ကျော်သက် ယောကျ်ားလေးများနှင့် မိန်းကလေးများ အပါအဝင် ဒေသခံ ခုနစ်ဦးကို ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်တဦးက စစ်ကောင်စီ သတင်းပေး ဒလန်များ ဖြစ်သည်ဆိုသည့် သံသယဖြင့် လွန်ခဲ့သောနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် ဖမ်းသည်။ ဖမ်းဆီးခံရသူများဖြစ်သည့် မမြင့်မိုအေး (၁၅ နှစ်)၊ မဖြူချစ် (၁၇ နှစ်)၊ မစန်းစန်းငယ် (၁၉ နှစ်)၊ မဇင်ဇင်မော် (၂၀ နှစ်)၊ မောင်အောင်ကိုစန်း (၁၅ နှစ်)၊ မောင်သက်ပိုင်ဦး (၁၆ နှစ်)နှင့် မောင်ကရင် (၂၆ နှစ်) ကို အထက်ပါအဖွဲ့က စုံစမ်းစစ်ဆေးခြင်းမပြုဘဲ သြဂုတ်လ ၃၀ ရက်နေ့တွင် သတ်ဖြတ်လိုက်သည်ဟု ချောင်းဦး PDF က ဖော်ပြသည်။
သတ်ဖြတ်ခံရသည့် အမျိုးသမီး သုံးဦးကို မသတ်မီ အထက်ပါအဖွဲ့က အဓမ္မပြုကျင့်ခဲ့သည်ဟုလည်း ဆိုသည်။
ယခုနှစ် ဧပြီလတွင် မကွေးတိုင်း၊ ဆောမြို့နယ်မှ အမျိုးသမီးတဦးကို ခိုးမှုဖြင့် ဖမ်းဆီးပြီးနောက် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် ရှစ်ဦးက အဓမ္မပြုကျင့်ခဲ့သည်။
ဇူလိုင်လ ၂၁ ရက်နေ့တွင် ဆောမြို့နယ်မှ အသက် ၃၈ နှစ်နှင့် ၅၈ နှစ်အရွယ် အမျိုးသမီး နှစ်ဦးကို ကျေးရွာအစည်းအဝေးတခုအတွင်း ရယ်မောသောကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုခေါင်းဆောင် ကျေးရွာအကြီးအကဲက ကြိမ်ဒဏ် ၃၀ ရိုက်နှက်သည်ဟု ယောအလင်းတန်း သတင်းပြန်ကြားရေးအဖွဲ့က ဖော်ပြသည်။
သြဂုတ်လ ၃ ရက်နေ့တွင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှ ဘုန်းကြီးတပါးကို သူ၏ ဘုန်းကြီးကျောင်းတွင် ဂန့်ဂေါမြို့နယ် တပ်ရင်း ၁၅ မှ ခုခံတော်လှန်ရေးအဖွဲ့ဝင်တဦးနှင့်အရပ်သားတဦးက ပစ်သတ်လိုက်သည်။
အကြမ်းဖက်ရခြင်းအကြောင်းရင်းများ
ခုခံတော်လှန်ရေးအုပ်စုများက ကျူးလွန်သည့် ပြင်းထန်သော ရာဇဝတ်မှုများသည် PDFs များကြား ပဋိပက္ခများကြောင့်နှင့် ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသများတွင် ပြည်သူများကို အခွင့်အရေး ချိုးဖောက်မှုကြောင့် ဖြစ်သည်။ ထိုပြဿနာ၏ ရင်းမြစ်မှာ ကွပ်ကဲမှုကွင်းဆက် အားနည်းခြင်းနှင့် ကျင့်ဝတ်ကြောင့် ဖြစ်သည်ဟု မြန်မာ အမျိုးသမီးမဟာမိတ်အင်အားစု (WAB) ကိုယ်စားလှယ် မချောစုစံက ပြောသည်။
မုံရွာ ပြည်သူ့သပိတ်ကော်မတီဝင်နှင့် မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်လည်းဖြစ်သော မချောစုစံသည် စစ်ကိုင်းတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်များကို နိုင်ငံရေး၊ ဒီမိုကရေစီ၊ ဖက်ဒရယ်အုပ်ချုပ်ရေးနှင့် ကျင့်ဝတ်ဆိုင်ရာ အကြံပေးနေသူဖြစ်သည်။ များပြားလှသော PDFs များကို ကာလတိုအတွင်း စစ်လုပ်ထုံးလုပ်နည်းမဲ့ ဖွဲ့စည်ခဲ့ခြင်းနှင့် ကျင့်ဝတ်ဆိုင်ရာသိရှိမှု လွန်စွာ အားနည်းသောကြောင့်ဖြစ်ကြောင်း သူကရှင်းပြသည်။
“သူတို့တွေက စစ်အာဏာရှင်စနစ်ကို သူတို့ရဲ့ ပုဂ္ဂလိက မုန်းတီးမှုကြောင့် တော်လှန်တယ်၊ ဘယ်ကွပ်ကဲမှုကိုမှ လိုက်နာစရာမလိုဘူးလို့ ထင်နေကြတာ။ စစ်တပ်တတပ်အနေနဲ့ အဲဒီလို အတွေးအခေါ်မျိုးက မသင့်တော်ဘူး” ဟု မချောစုစံက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“သူတို့တွေက စစ်အာဏာရှင်စနစ်ကို သူတို့ရဲ့ ပုဂ္ဂလိက မုန်းတီးမှုကြောင့် တော်လှန်တယ်၊ ဘယ်ကွပ်ကဲမှုကိုမှ လိုက်နာစရာမလိုဘူးလို့ ထင်နေကြတာ။ စစ်တပ်တတပ်အနေနဲ့ အဲဒီလို အတွေးအခေါ်မျိုးက မသင့်တော်ဘူး” ဟု မချောစုစံက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
အချို့ PDFs များသည် သူတို့ကိုယ်သူတို့ လူ့အခွင့်အရေးချိုးဖောက်နိုင်သည့် တရားစီရင်သူများဟု ထင်နေကြောင်းလည်း ၎င်းကပြောသည်။
အချို့ PDFs နှင့် LDFs များသည် လက်နက်များ ရရှိသွားသောအခါ တော်လှန်ရေးနှင့် ၎င်းတို့၏ ကတိကဝတ်များကို မေ့သွားကြောင်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှ ခုခံတော်လှန်ရေး ခေါင်းဆောင်တဦးက ပြောသည်။
“ကျနော်တို့ PDFs တွေ အားလုံးအနေနဲ့ တော်လှန်ရေးလမ်းကြောင်းကိုသာ အာရုံစိုက်ဖို့လိုတယ်” ဟု အထက်ပါ ခုခံတော်လှန်ရေးခေါင်းဆောင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ခုခံတော်လှန်ရေးအဖွဲ့ဝင်များက လူ့အခွင့်အရေး ချိုးဖောက်ခြင်းကို ဖြစ်စေသောအချက်များတွင် ဥပဒေအရ နောက်ဆက်တွဲ အရေးယူနိုင်မည့် အကျိုးဆက် မရှိသောကြောင့်လည်း ဖြစ်ကြောင်း တော်လှန်ရေးတပ်များနှင့် ဒေသခံများက ပြောသည်။
ဆောမြို့နယ်တွင် ရိုက်နှက်ခံရသော အမျိုးသမီး နှစ်ဦးသည် တရားမျှတမှု မရရှိကြောင်း ယောအလင်းတန်း သတင်းပြန်ကြားရေးအဖွဲ့က ပြောသည်။ NUG ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ထိုသို့သော ဖိနှိပ်မှုကို မဖြေရှင်းနိုင်ပါက ပိုမိုဆိုးရွားသော ချိုးဖောက်မှုများ ဖြစ်လာပြီး NUG အပေါ် ပြည်သူများ၏ ယုံကြည်မှု ကျဆင်းမည်ဖြစ်ကြောင်း ထိုသတင်းပြန်ကြားရေးအဖွဲ့က ပြောသည်။
“သေနတ်ရှိရင် လုပ်ချင်တာ လုပ်လို့ရမယ်ဆိုတဲ့ မှားယွင်းတဲ့ အယူအဆကြောင့် ဒီအခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်လာတာလို့ ကျနော်တို့မြင်တယ်” ဟု ယောအလင်းတန်း ပြောခွင့်ရသူတဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
NUG သည် အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားစီရင်ရေး ယန္တရားများ ထူထောင်ထားသော်လည်း မြေပြင်တွင် စုံစမ်းစစ်ဆေးနိုင်သည့် လက်တွေ့ အာဏာမရှိသည့် အခြေအနေမျိုး မကြာခဏ တွေ့ရကြောင်း မချောစုစံက ပြောသည်။
“မြေပြင်က လုပ်ငန်းတွေကို သူတို့က ထိန်းချုပ်နိုင်တာ မရှိတဲ့အခါ တရားစီရင်ရေးစနစ်မှာ အားနည်းချက်တခု ဖြစ်လာတယ်” ဟုလည်း ဧရာဝတီသတင်းဌာနသို့ ၎င်းကပြောသည်။
မြေပြင်အချက်အလက်များ ရှာဖွေဖော်ထုတ်ရန်
ထိုသို့သော ဖြစ်ရပ်များကို စနစ်တကျ စောင့်ကြည့်ရန် NUG အနေဖြင့် ခုခံတော်လှန်ရေး အဖွဲ့ဝင်များနှင့် နီးကပ်သောဆက်ဆံရေး ထူထောင်ထားရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းကြသည်။
“NUG ရဲ့ လုပ်နည်းလုပ်ဟန်နဲ့ လုပ်ထုံးလုပ်နည်းနဲ့က မှန်ကန်တယ်။ အခု အဓိက လိုအပ်ချက်က မြေပြင်ကလူတွေနဲ့ ထိတွေ့ဆက်ဆံမှုပဲ” ဟု အထက်ပါ မြောင်မြို့နယ် တော်လှန်ရေးခေါင်းဆောင်က ဧရာဝတီသို့ ပြောသည်။
ယောအလင်းတန်းမှ ပြောခွင့်ရသူကလည်း အထက်ပါအချက်ကို သဘောတူကြောင်း ပြောပြီး NUG အနေဖြင့် တော်လှန်ရေး အခြေအနေမှန်ကို စတင် စောင့်ကြည့်လေ့လာသင့်ကြောင်း ပြောသည်။
“မြေပြင်က အချက်အလက်မှန်တွေကို သိရှိဖို့ ကြိုးစားပြီး ဒီလိုပြဿနာတွေကို ကျနော်တို့တားဆီး နိုင်တယ်” ဟု ဧရာဝတီသို့ ၎င်းကပြောသည်။
လက်ရှိအချိန်တွင် NUG ကာကွယ်ရေး ဝန်ကြီးဌာနနှင့် တက်ကြွလှုပ်ရှားသူများသည် PDFs များ၏ ကျင့်ဝတ်နှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများ ပြုလုပ်နေသည်။ NUG အနေဖြင့် အသိပညာပေးနိုင်ပြီး ပြင်းထန်သော အရေးယူမှုများ ပြုလုပ်နိုင်လျှင် လူ့အခွင့်အရေး ချိုးဖောက်မှုများ လျော့ကျလာမည်ဖြစ်သည်ဟု မချောစုစံက ပြောသည်။
“ဒါပေမယ့် အရေးယူမှုအားနည်းရင်၊ အပြစ်ပေးမခံရဘဲ ရာဇဝတ်မှု ကျူးလွန်လို့ရတယ်လို့ ယုံကြည်လာရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုများလာမယ်” ဟုလည်း သူကပြောသည်။
တရားခံများကို ဖယ်ရှားရှင်းလင်းရန်
PDFs များ အနေဖြင့် ၎င်းတို့သည် ပြည်သူများ၏အထက်တွင် ရှိသည်ဆိုသည့် အတွေးအခေါ်ကို ဖယ်ရှားပစ်ရမည် ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။
“ကျနော်တို့ ကိုင်ထားတဲ့သေနတ်တွေက ပြည်သူတွေက ထောက်ပံ့ထားတဲ့ သေနတ်တွေဖြစ်တယ်။ ကျနော်တို့စားတဲ့ ထမင်းက ပြည်သူက ထောက်ပံ့တဲ့ ဆန်ဖြစ်တယ်။ ပြည်သူကို လက်နက်နဲ့ အခွင့်အရေး ချိုးဖောက် အနိုင်ကျင့်တဲ့အပြုအမူထက် ဆိုးတဲ့အပြုအမူ မရှိဘူး။ PDF အဖွဲ့ဝင်တွေ ဒီလိုလုပ်ရင် သူတို့ကို ရှင်းရှင်းလင်းလင်း ဖော်ထုတ် ရှင်းလင်းပစ်ရမယ်” ဟု ဦးရည်မွန်က သြဂုတ်လ ၉ ရက်နေ့က PDF သင်တန်းဆင်းပွဲတခုတွင် ပြောသည်။
PDFs များ အနေဖြင့် ၎င်းတို့သည် ပြည်သူများ၏အထက်တွင် ရှိသည်ဆိုသည့် အတွေးအခေါ်ကို ဖယ်ရှားပစ်ရမည် ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။
လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုအတွက် ကျင့်ဝတ်များ၊ စစ်မြေပြင်နှင့် အရပ်သားဘဝ အပြုအမူဆိုင်ရာ ညွှန်ကြားချက်များကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ အတွင်းဝန် ဦးမောင်မောင်ဆွေက ပြောသည်။
သို့သော် အလွန်များပြားသည့် ခုခံတော်လှန်ရေး အင်အားစုများ လှုပ်ရှားနေသောကြောင့် စုံစမ်းစစ်ဆေးမှု အားနည်းချက်များ သာမက ပြည်သူလူထု နားလည်မှု မှားယွင်းသည့်ကိစ္စများပါ ရှိနေကြောင်း သူက ဆက်လက် ပြောကြားသည်။
“အုပ်ချုပ်ရေးယန္တရားရဲ့ အခုလို အစောပိုင်းရက်တွေမှာ လစ်ဟာမှုတွေ ရှိနေတယ်။ လူတဦးချင်း ကျင့်ဝတ်မရှိတာနဲ့ စိတ်ခံစားမှုကို အခြေခံတဲ့ ရာဇဝတ်မှုတွေကို ကျနော်တို့ တွေ့နေရသေးတယ်” ဟု ဦးမောင်မောင်ဆွေက ခုခံတော်လှန်ရေးသမားများက အခွင့်အရေးချိုးဖောက်မှုများ နောက်ကွယ်မှ အကြောင်းရင်းနှင့် ပတ်သက်ပြီး ပြောသည်။
ခုခံတော်လှန်ရေး အင်အားစုဘက်က ကျူးလွန်သည့် အကြမ်းဖက်မှုများနှင့် ဖြစ်နိုင်ခြေရှိသော စစ်ရာဇဝတ်မှုများကို ဖော်ထုတ် စုံစမ်းစစ်ဆေးရန်အတွက် NUG သည် တိုင်စာဖြေရှင်းရေး ကော်မတီကို ယခုနှစ် မေလတွင် ဖွဲ့စည်းခဲ့သည်။
လက်ရှိအချိန်အထိ ထိုကော်မတီသည် တိုင်စာပေါင်း ၁၄၆ စောင်ရရှိထားပြီး အများစုမှာ ပြည်သူလူထုထံမှ ဖြစ်သည်။ ထိုတိုင်စာများသည် လက်နက်ကိုင်အုပ်စုများအကြား ပဋိပက္ခများ၊ အုပ်ချုပ်ရေး ကြိုးနီစနစ်များ၊ ခုခံတော်လှန်ရေး လက်နက်ကိုင်တပ်များနှင့် အမျိုးမျိုးသော လုံခြုံရေးနှင့် အုပ်ချုပ်ရေး အုပ်စုများအကြား အငြင်းပွားမှုများနှင့် PDFs များ ဟန်ဆောင်ထားသည့် ပျူစောထီများက ကျူးလွန်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ပါဝင်ကြောင်း ကာကွယ်ဝန်ကြီးဌာနက ဖော်ပြသည်။
ထိုတိုင်ကြားမှုများအနက် ၁၀ ခုကို ဖြေရှင်းပြီးဖြစ်ကာ ၁၂ ခုကို မှတ်တမ်းတင်ထားပြီး ၁၇ ခုကို စီရင် ပိုင်ခွင့်ရှိသော ဝန်ကြီးဌာနများသို့ လွှဲပြောင်းပေးပြီး ဖြစ်သည်။
မြေပြင်မှ အခြေအနေများကြောင့် အချို့အမှုများကို စုံစမ်းစစ်ဆေးရန် ခက်ခဲကြောင်း ဦးမောင်မောင်ဆွေက ဝန်ခံသော်လည်း စုံစမ်းစစ်ဆေးနိုင်သော နေရာများတွင် တစုံတရာသော အရေးယူမှု ပြုလုပ်ခဲ့ကြောင်း ပြောသည်။ ချောင်းဦးနှင့် ဆောမြို့နယ်များတွင်ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့က စုံစမ်းစစ်ဆေးနေကြောင်း သူကအတည်ပြု ပြောကြားသည်။
မြေပြင်မှ အခြေအနေများကြောင့် အချို့အမှုများကို စုံစမ်းစစ်ဆေးရန် ခက်ခဲကြောင်း ဦးမောင်မောင်ဆွေက ဝန်ခံသော်လည်း စုံစမ်းစစ်ဆေးနိုင်သော နေရာများတွင် တစုံတရာသော အရေးယူမှု ပြုလုပ်ခဲ့ကြောင်း ပြောသည်။
လက်ရှိ အခြေအနေအရ စုံစမ်းစစ်ဆေးရန် ခက်ခဲသည့် အမှုများကို NUG က မှတ်တမ်းတင်ထားမည်ဖြစ်ပြီး တော်လှန်ရေးကာလ နောက်ပိုင်းတွင် အမှုပြန်ဖွင့်မည်ဖြစ်ကြောင်းလည်း သူပြောသည်။
“ဒုက္ခရောက်ရတဲ့ လူတိုင်းလူတိုင်းအတွက် ကျနော်တို့ တာဝန်ယူပြီး တရားဥပဒေ ရှေ့မှောက်ကို ပို့ဆောင်ပေးမှာ ဖြစ်တယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုမှာ ပူးပေါင်းဆောင်ရွက်တဲ့ လူတွေက ပြည်သူတွေနဲ့ တန်းတူအခွင့်အရေး ရမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောကြားချင်တယ်” ဟု ဦးမောင်မောင်ဆွေက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
စစ်ကောင်စီအပါအဝင် မည်သည့် လက်နက်ကိုင်အုပ်စုမဆိုက အမျိုးသမီးများနှင့် ကလေးများအပေါ် အကြမ်းဖက်မှုကို ရှုတ်ချကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ပြောသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ အထွေထွေ အတွင်းရေးမှူး နော်ခင်စန်းထွေးက “ကျမတို့က စစ်ကောင်စီ စစ်တပ်က ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာ တရားရုံးတခုမှာ အရေးယူဖို့ ကြိုးစားနေပြီး ပြည်သူ့လုံခြုံရေးတပ်တွေကလည်း ဒီလိုချိုးဖောက်တွေ ထပ်မဖြစ်အောင် အရေးယူဆောင်ရွက်ဖို့ လိုတယ်” ဟု ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Rooting Out the Resistance Criminals That Threaten Myanmar’s Revolution ကို ဘာသာပြန်သည်။)
You may also like these stories:
ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ် NUG ဩဇာညောင်းရဲ့လား
အချုပ်ကျ အမျိုးသမီးကို မုဒိမ်းကျင့်သည့် ပ.လ.ဖ အဖွဲ့ဝင်များ အရေးယူခံရမည်
NLD ပါတီဝင်တဦး သက်ငယ်မုဒိမ်းမှုဖြင့် တိုင်ကြားခံရ
အင်းတော် ပ.က.ဖ အဖွဲ့က အမျိုးသမီးတဦးကို ရိုက်နှက်မှုဖြစ်ပွား
အစည်းအဝေး၌ စကားပြောရယ်မောသည့် အမျိုးသမီးနှစ်ဦး ပ.က.ဖ ရိုက်နှက်