“သာစွလေ၊ ဆီးကြွေနှင်းခဲ၊ သာလွန်ကဲ၍၊ ရဲရဲမိုးလေ၊ ဖဂ္ဂုဏနှင့်၊ ပြည့်ပအညီ၊ မိန်ရာသီဟု…”
လူးတားဆရာ ဦးအောင်ကြီးက နွေကို ထိုသို့ ဖွဲ့ခဲ့သည်။
“သေနင်္ဂါမည်၊ နတ်စည်ဆော်ထံလှိုင်လို့လေး၊ သွန်းမည့်ရုပ်ပုံ၊ ပဇ္ဇုန်ဆင်၊ သင်တိုင်းငယ်နှင့်လေး၊ မိလ္လာရီ ဆိုင်းပြန်ပြီ၊ ပြာရီအုံ့မှိုင်းဝေ လို့မှောင်၊ အာကာဘောင် ဂဠန်တောင်ချိန်ပါလို့ ပန်းတိမ်လိပ်ရောင်…”
ပတ်ပျိုးဆရာ မြဝတီ မင်းကြီးက မိုးကို ထိုသို့ ဖွဲ့သည်။
“နှင်းယွန်းခါဟေမန်၊ လေပြန်သွင်းလှုံ ညင်းညံညံ၊ တိမ်ယံကွန့်ဆိုင်း၊ အိုလေမျှော်တိုင်း၊ မှိုင်းမှိုင်းပေ…”
ပြင်စည်မင်းသားက ဆောင်းကို ထိုသို့ဖွဲ့သည်။
ဆီသည် ရွာစား ဦးအောင်ကြီး၊ မြဝတီမင်းကြီးနှင့် ပြင်စည်မင်းသားတို့ သုံးဦးစလုံးသည် ၁၉ ရာစုနှစ်က ပေါ်ထွန်းခဲ့သော မြန်မာ ကဗျာ ဆရာကြီးများ၊ မြန်မာတေးဖွဲ့ စာဆိုကြီးများ ဖြစ်ကြသည်။
သူတို့ခေတ်တုန်းကတော့ ရာသီကိုဖွဲ့သည့် အဖွဲ့များသည် အလှဗေဒ သက်သက်၊ အလင်္ကာအဖွဲ့ သက်သက်မျှသာ ဖြစ်သည်။ ဆန်းစနွေကို ဆန်းနွေဦး၊ မိုးကို အသူရာ၏ စစ်သေနင်္ဂဗျူဟာ။ နှင်းယွန်းဟေမန်ဆောင်းကို မှိုင်းမှိုင်းဝေဆောင်း။
ထိုစကားလုံးများသည် အလှဗေဒသဘောကို ဖော်ပြနေသည့် စကားလုံးများဖြစ်သည်။ အလင်္ကာသဘောကို ရည်ညွှန်း ထားသော စကားလုံးများသာ ဖြစ်သည်။ အတ္တဗေဒကို ဖော်ကျူးထားသော စကားလုံးများသာ ဖြစ်သည်။
ယခု နှစ်ဆယ်ရာစုနှစ် ကုန်ခါနီး၊ စက်မှုသိပ္ပံ တော်လှန်ရေးက အရှိန်အဟုန်ပြင်းစွာ ချီတက်နေစဉ်တွင်မူ ဥတုသုံးလီကို ဆိုညွှန်းသည့် စကားလုံးများသည် အလှဗေဒ သက်သက်၊ အလင်္ကာ သက်သက်၊ အတ္တဗေဒ သက်သက်မျှသာ မကတော့ဘဲ သိပ္ပံပညာ သဘောကိုလည်း ဆောင်လာခဲ့သည်။
မကြာသေးမီက အနောက်နိုင်ငံနိုင်များမှ သိပ္ပံပညာရှင်များ၊ စာရေးဆရာများနှင့် ကဗျာဆရာများသည် ဥတုသုံးလီကို သိပ္ပံပညာမှ အမည်များနှင့် ယှဉ်တွဲခေါ်လာခဲ့ကြသည်။
ခရမ်းလွန်နွေဦး တဲ့၊ အက်ဆစ်မိုး တဲ့၊ နျူကလီယားဆောင်း တဲ့။
စာပေ ပညာရှင်တို့က နှင်းယွန်းဂိမ္မာန်၊ ပဇ္ဇုန်မိုးနှင့် နှင်းမှုန်ဝေဆောင်းတို့ကို ခက်ဆစ် အဓိပ္ပာယ် ဖွင့်ခဲ့ကြသည့် နည်းတူ သိပ္ပံ ပညာရှင်တို့ကလည်း ခရမ်းလွန်နွေဦး၊ အက်ဆစ်မိုးနှင့် နျူကလီးဆောင်း တို့ကို ခက်ဆစ် အဓိပ္ပာယ် ဖွင့်ခဲ့ကြသည်။
၁၉၈၅ ခုနှစ်က ဗြိတိသျှလူမျိုး အန္တာတိတ်ဒေသ လေ့လာရေးအဖွဲ့ဝင်များသည် တောင်ဝင်ရိုးစွန်း တဝိုက် အိုဇုန်းဓာတ် မရှိသော ဟင်းလင်းပြင် အပေါက်တခုကို တွေ့လာခဲ့ကြသည်၊ ထိုနေရာတဝိုက်တွင် ကမ္ဘာမြေကြီးကို ဖုံးထားသော အိုဇုန်းဓာတ် မရှိတော့ဘဲ ဖြစ်သွားခဲ့သည်။
ထိုအဖွဲ့သည် ၁၉၈၇ ခုနှစ်တွင် အန္တာတိတ် စက်ဝိုင်းသို့ ဒုတိယအကြိမ် သွားရောက်ကာ ကမ္ဘာ ပတ်လည်တွင် အိုဇုန်း ဓာတ်များ ပါးလွှာ ပျောက်ကွယ်သွားပုံကို အသေးစိတ် လေ့လာခဲ့ကြပြန်သည်။
သြဂုတ်လမှ စက်တင်ဘာလ အကုန်အထိ သူတို့သည် တိုင်းထွာရေး ကိရိယာများ တပ်ဆင်ထားသော လေယာဉ်ပျံများကို အထက် အိုဇုန်း အလွှာထဲသို့ စေလွှတ်ကြည့်ခဲ့သည်။
ယင်းသို့ လေ့လာကြည့်လိုက်သည့် အခါတွင် အိုဇုန်းဓာတ်သည် ရက်သတ္တပတ် အနည်းငယ် အတွင်းတွင် ငါးဆယ် ရာနှုန်းခန့် ကျဆင်းနေသည်ကို တွေ့ရသည်။
အိုဇုန်းဓာတ်များ ပါးလွှာသွားခြင်းနှင့် ပတ်သက်၍ ဒတ်ချ် အမျိုးသားတဦး ဖြစ်သူ နျူကလီယားဗေဒ ပညာရှင် ကရုဇင်က အောက်ပါအတိုင်း ပြောခဲ့သည်။
“အောက်ဆီဂျင် အနုမြူ သုံးခုနဲ့ အိုဇုန်းဓာတ်ပါတဲ့ မော်လီကျူးကလေးတွေဟာ ကျနော်တို့ ကမ္ဘာမြေကြီး အသက်ရှင် တည်တံ့ရေး အတွက် အဓိကပစ္စည်းတွေ ဖြစ်တယ်။ အဲဒီ ဒြပ်စင်တွေပါတဲ့ တိမ်တိုက်ကြီးဟာ ကျနော်တို့ ကမ္ဘာမြေကြီးရဲ့ အထက် ဆယ်မိုင် လောက်မှာ တိမ်လွှာထုကြီး အဖြစ် ဖုံးအုပ်နေတယ်။ အဲဒီ တိမ်လွှာထုကြီး ရှိနေတဲ့နေရာကို ကျနော် တို့က စထရာတိုစဖီးယားလို့ ခေါ်ကြတယ်။ နေရောင်ခြည်ကလာတဲ့ အပူရှိန် ဖြာထွက်မှုနဲ့ ခရမ်းလွန် ရောင်ခြည်တွေ ကျနော်တို့ ကမ္ဘာမြေပြင်ကို တိုက်ရိုက် ကျမလာအောင် အဲဒီ တိမ်လွှာထုကြီးက ကာကွယ်ပေးထားတယ်။ အိုဇုန်းဓာတ် တွေနဲ့ ဖွဲ့စည်းထားတဲ့ အဲဒီ တိမ်တိုက်ကြီးသာ မရှိခဲ့ရင် နေရောင်ခြည် ဖြာထွက်မှုနဲ့ ခရမ်းလွန် ရောင်ခြည်တွေဟာ ကျနော် တို့ အပေါ်ကို တိုက်ရိုက် ကျရောက်လာပြီး သေလောက်တဲ့ အရေးပြား ကင်ဆာရောဂါတွေ ဖြစ်မယ်။ ကျနော်တို့ အားလုံး ဟာလည်း လောင်ကျွမ်းသွားပြီး အသက်ဇီဝကို ဖြစ်ပေါ်စေတဲ့ ဒီအင်အေ မော်လီကျူးများဟာလည်း ပျက်စီးသွားကြ လိမ့်မယ်”ဟု သူက ပြောခဲ့သည်။
ကရုဇင်က အိုဇုန်းအလွှာများ ပျက်စီးရသည့် အကြောင်းနှင့် ပတ်သက်၍ သုတေသနပြုလုပ်ကာ စာတမ်းတင်ခဲ့သည်။
သူ့စာတမ်းတွင် အိုဇုန်းအလွှာများ ပျက်စီးသဖြင့် ခရမ်းလွန် ရောင်ခြည်တို့ကြောင့် လူမျိုးနွယ် တရပ်လုံးတွင် ကျရောက် နိုင်သော ရောဂါများနှင့် အိုဇုန်းလွှာများ ပျက်စီးရသည့် အကြောင်းရင်းများကို ရှာဖွေ တင်ပြသွားခဲ့သည်။
“အသံထက် လျင်မြန်တဲ့ လေယာဉ်ကြီးတွေက ထုတ်လွှတ်တဲ့ နိုက်ထရိုဂျင် အောက်ဆိုဒ် ဓာတ်တွေကြောင့် အိုဇုန်း အလွှာကြီး ပျက်စီးနိုင်တယ်။ တော်မီးတွေက ထွက်တဲ့ မီးခိုးတွေကြောင့် ပျက်နိုင်တယ်။ နျူကလီးယား စမ်းသပ်မှုတွေ ကြောင့်လည်း ပျက်နိုင်တယ်။ နျူကလီယားစစ်ကြီး တခုသာ ဖြစ်လာခဲ့ရင် အိုဇုန်းအလွှာ တခုလုံး ပျက်စီးပြီး ကျနော်တို့ဟာ ဘာမှ အကာအကွယ်မရှိဘဲ နေရောင်ခြည် ဟင်းလင်းပြင်အောက်မှာ ရောက်စေလိမ့်မယ်။ ခရမ်းလွန် ရောင်ခြည်ဟာ ကျနော်တို့ ကမ္ဘာကြီးကို သေလောက်တဲ့ အတိုင်းအတာအထိ ရောက်လိမ့်မယ်”ဟု သူက ပြောသည်။
ခရမ်းလွန် နွေဦး ကဲ့သို့ ကမ္ဘာကြီးကို ခြိမ်းခြောက်နေသော အရာတခုမှာ အက်ဆစ်မိုး ဖြစ်သည်။
အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ဆွီဒင်၊ ဂျာမနီ၊ တရုတ်ပြည် တို့တွင် အက်ဆစ်မိုးများ ရွာချခဲ့သည်ဟု ဆိုသည်။ ထိုနေရာ တဝိုက်ရှိ ကန်များထဲမှ ရေသည် ရှာလကာရည်ထက် နှစ်ဆနီးပါး အက်ဆစ်တွေ များနေသည်ကို တွေ့ရသည်ဟု ဆိုသည်။
အက်ဆစ်မိုး သည်လည်း လူလုပ် ပစ္စည်းများကြောင့် ပေါ်ထွက်ရခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြသည်။
ကျောက်ဖြစ် ရုပ်ကြွင်း လောင်စာများကို သုံးခြင်း၊ ကျောက်မီးသွေး များကို သုံးခြင်း၊ ယဉ်ရထားများမှ လွှတ်သော မီးခိုး အဆိပ်သင့်ခြင်း တို့ကြောင့် လေထုသည် ညစ်ညမ်းလာခဲ့ကာ ဆာလ်ဖာဒိုင် အောက်ဆိုဒ် နှင့် နိုက်ထရိုဂျင် အောက်ဆိုဒ် ဓာတ်တို့ဖြင့် ပြွမ်းနေခဲ့သည်။
“အက်ဆစ်မိုးဟာ ပိုတက်ဆီယန်နဲ့ အလူမီနီယန် ဓာတ်တွေကို ထုတ်ပေးတဲ့ အတွက် သစ်မြစ်တွေထဲကို ဝင်သွားပြီး သစ်မြစ်တွေကို အလူမီနီယမ် အဆိပ်သင့်စေတယ်၊ သစ်တောတွေ တုံးသွားနိုင်တယ်၊ နောက် မိုးရေထဲမှာ ပါလာလို့ ချောင်းတွေ၊ မြစ်တွေ၊ ကန်တွေထဲကို ရောက်သွားပြီး ရေသတ္တဝါများ၊ အထူးသဖြင့် ငါးများကို အဆိပ်သင့်စေတယ်၊ ဒီနောက်မှ တိရစ္ဆာန်များနဲ့ ကလေးငယ်များကို အဆိပ်သင့် သေလိမ့်မယ်”ဟု ကျွမ်းကျင်သူများက ဆိုကြသည်။
သူတို့က အက်ဆစ်မိုးကို ရပ်တန့်သွားစေရန် အတွက် ပတ်ဝန်းကျင် လေထု သန့်ရှင်းရေး လုပ်ငန်းများနှင့် စက်မှု လုပ်ငန်းများ ထိန်းချုပ်ရေးတို့သည် အရေးကြီးသည်ဟု ဆိုနေကြသည်။
နောက် တရာသီမှာ နျူကလီးယားဆောင်း ဖြစ်သည်။
ကမ္ဘာ့နိုင်ငံများသည် နျူကလီယား လက်နက်များကို ထုတ်လုပ်နေကြသည်။ မကြာမီ ကမ္ဘာတွင် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် နိုင်ငံများသည် ဆယ်ပေါင်းများစွာ ရှိလာတော့သည်။
ယခုပင်လျှင် နျူကလီးယား လက်နက်များကို အပြိုင်အဆိုင် တပ်ဆင်နေကြသည်မှာ အနှစ် လေးဆယ်ခန့် ကြာလေပြီ။
နျူကလီးယား လက်နက်တိုက် တခုမှ ပေါက်ကွဲထွက်လာသည့် မီးခိုးများသည် မြောက်ဘက် ကမ္ဘာတခြမ်းကို ဖုံးလွှမ်း သွားနိုင်သည်။ ထိုပေါက်ကွဲမှုကြောင့် ကမ္ဘာ့ မြောက်ဘက်ခြမ်းတွင် နေရာင်ခြည် ကွယ်ပျောက်သွားနိုင်သည်ဟု ဆိုကြသည်။
၁၉၈၃ ခုနှစ်က အမေရိကန် နက္ခတ္တ ဗေဒ ပညာရှင်နှင့် သိပ္ပံ ဝတ္ထုရေးဆရာ ကားလ်ဆေဂန်းက အောက်ပါအတိုင်း ပြောခဲ့သည်။
“တကယ်လို့သာ မဟာအင်အားကြီး နိုင်ငံများရဲ့ နျူကလီးယား လက်နက်အားလုံးရဲ့ တရာခိုင်နှုန်းလောက်ကိုပဲ ဖောက်ခွဲ လိုက်တယ်ထား၊ အဲဒီလောက် ဖောက်ခွဲပစ်လိုက်ရင် တကမ္ဘာလုံးလောက်မှာ နေကို ဖုံးကွယ်သွားနိုင်တဲ့ မည်းမှောင်တဲ့ တိမ်တိုက်ကြီး တခု ဖုံးအုပ်နေတော့မယ်၊ အပူရှိန်ဟာလည်း ဇောက်ထိုးဆင်းသွားပြီး နွေခေါင်ခေါင်ကြီးမှာတောင် ရေခဲတဲ့ အမှတ်အောက်ကို လပေါင်းများစွာ ရောက်သွားပြီး စကြဝဠာကြီးဟာ ရေခဲပြင်ကြီး ဖြစ်နေတော့မယ်။ လက်နက်တွေရဲ့ တရာနှုန်းလောက် ဖောက်ခွဲပစ်လိုက်ရုံနဲ့ ကမ္ဘာကြီးဟာ ဆယ့်နှစ်ရာသီ ပတ်လုံး ရေခဲတော့မယ်”ဟု သူက ပြောခဲ့သည်။
အမေရိကန် သိပ္ပံပညာရှင် တာကိုက ထိုအခြေအနေကို “နျူကလီးယားဆောင်း” ဟု အမည်ပေးခဲ့လေသည်။
သိပ္ပံပညာရှင်များက နျူကလီးယားဆောင်းသာ ကျရောက်လျှင် လူ့သက်တမ်း တလျှောက်တွင် တခါမျှ မကြံရဘူး သေးသော ကပ်ဆိုးကြီးနှင့် ကြုံရတော့မည်ဟု ဆိုကြသည်။
လွန်ခဲ့သော နှစ်သန်းပေါင်း ခြောက်ဆယ်က ကရိတေးစီးယတ်စ် ကပ်ကမ္ဘာကြီး အဆုံးမှာ ကြယ်တိမ်တိုက်ကြီးတခု ပေါက်ကွဲသည့် အတွက် ကမ္ဘာတွင် အမှုန့်တွေလွှမ်းပြီး ကမ္ဘာမြေကြီး တခုလုံးသည် ရေခဲသွားခဲ့သည်ဟု ဆိုသည်။ ထို ရေခဲကပ်ကြီး အပြီးတွင် ဒိုင်နိုဆော သတ္တဝါကြီးများသည် မျိုးတုံး ပျောက်ကွယ်သွားခဲ့ကြသည်။
“ဒီတခါ နျူကလီးယား ဆောင်းဥတုကြီး ပေါ်လာခဲ့ရင်တော့ ကျနော်တို့ လူသားအနွယ်ကြီး တရပ်လုံး မျိုးပြုန်းရမယ့် အလှည့်ပဲ” ဟု ပြောခဲ့သည်။
ယင်းတို့မှာ ခရမ်းလွန်နွေဦး၊ အက်ဆစ်မိုးနှင့် နျူကလီယား ဆောင်းတို့၏ ပဏ္ဍိတ်တို့၏ အဆိုများ ဖြစ်သည်။
သူတို့က ခရမ်းလွန်နွေဦး၊ အက်ဆစ်မိုးနှင့် နျူကလီးယားဆောင်း တို့ကို ဖန်တီးခဲ့သူမှာ “လူ” ဖြစ်၍ ထိုအရာများကို တားဆီးနိုင်သူမှာလည်း “လူ” သာလျှင် ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသည်။ ။
(စာရေးဆရာကြီး မြသန်းတင့် ရေးသားသည့် ဤ ရသစာတမ်း (Literary Essay) ကို ချမ်းမြေ့ ရတနာ စာအုပ်တိုက်က ၂၀၀၅ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “ခရမ်းလွန် နွေဦး၌ ဗျစ်ဆိုင်များ ကွယ်လွန်ခြင်း နှင့် သမိုင်း ပုံရိပ် အက်ဆေးများ ဒုတိယ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)