ဒေသတွင်းနိုင်ငံတွေအပေါ် အွန်လိုင်းငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုတွေနဲ့ မြန်မာနယ်စပ်က တရုတ်ရာဇဝတ်ဂိုဏ်းတွေ အကြီးအကျယ် ခြိမ်းခြောက်နေတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေချိန်မှာ အွန်လိုင်းလောင်းကစားနဲ့ပတ်သက်လို့ ဖမ်းထားသူ တရုတ်နိုင်ငံသား ၂၄ ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဩဂုတ် ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းဌာနရဲ့ သတင်းတပုဒ်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လေးနှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံသံတမန်တွေ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ဘေကျင်းမှာ စုဝေးခဲ့ကြပြီး “တွေ့ဆုံမှုယန္တရားကို မြှင့်တင်ရန်၊ လူအချင်းချင်း ဖလှယ်ရာတွင် လွယ်ကူချောမွေ့စေရေးနှင့် နယ်စပ်ဖြတ်ကျော် အင်တာနက် လိမ်လည်မှု တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အရေးကြီးသော သဘောတူညီမှုများ ရရှိခဲ့သည်” လို့ ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံသားတွေ မြန်မာနိုင်ငံထဲ လိမ်သွင်းပြီး အွန်လိုင်းပေါ်ကနေ လိမ်လည်ရာမှာ အတင်းအကျပ် ပါဝင်လုပ်ကိုင်စေတဲ့ သတင်းတွေကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်အစိုးရဟာ မြန်မာစစ်ကောင်စီကို အလိုရှိတဲ့ ရာဇဝတ်ဂိုဏ်းသားတွေ ဖမ်းပြီး ပြန်ပို့ခိုင်းနေပုံပါ။
ဒါကြောင့် တရုတ်နိုင်ငံသားတွေ မြန်မာနိုင်ငံထဲ လိမ်သွင်းပြီး အွန်လိုင်းပေါ်ကနေ လိမ်လည်ရာမှာ အတင်းအကျပ် ပါဝင်လုပ်ကိုင်စေတဲ့ သတင်းတွေကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်အစိုးရဟာ မြန်မာစစ်ကောင်စီကို အလိုရှိတဲ့ ရာဇဝတ်ဂိုဏ်းသားတွေ ဖမ်းပြီး ပြန်ပို့ခိုင်းနေပုံပါ။
တကယ်တမ်းလည်း တရုတ်နိုင်ငံသားတွေဟာ ဒီအွန်လိုင်းလိမ်လည်မှုဒဏ်တွေကို ခံနေရပြီး ငွေသာမက လူတွေပါ လိမ်လည်ခေါ်ယူခိုင်းစေခံနေရတာပါ။ ပင်စင်စား သက်ကြီးရွယ်အိုတွေအပြင် တရုတ်နိုင်ငံသားတွေရဲ့ ငွေကြေးဆုံးရှုံးမှုတွေ၊ တရုတ်လူငယ်တွေ ကိုယ်တိုင် ဒီလုပ်ငန်းတွေမှာ လူကုန်ကူးခံရကာ အဓမ္မခိုင်းစေခံနေရပါတယ်။
ဩဂုတ်လ ၂၂ ရက်နေ့ တရုတ်ပြည် အရှေ့ပိုင်း ဖုကျန့်ခရိုင်က သတင်းတခုမှာ အသက်မပြည့်သေးတဲ့ ကလေး ၁၁ ဦး မြန်မာပြည်ထဲ လိမ်လည်ခေါ်ယူပြီး ချုပ်နှောင်ခိုင်းစေခံနေရတယ်လို့ ဖော်ပြခဲ့တာက နောက်ဆုံးပါ။
တရုတ်ဆိုရှယ်မီဒီယာမှာ မြန်မာပြည်ကို ပိုမကောင်းမြင်စေတာက လတ်တလော ပြသနေတဲ့ “ဘယ်တော့မှ မလောင်းတော့ဘူး” No More Bets လို့ အမည်ရတဲ့ ရုပ်ရှင်ကြောင့်လည်း ပါပါတယ်။ မြန်မာပြည်က အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းမှာ ပိတ်မိခဲ့တဲ့ တရုတ်ဇနီးမောင်နှံရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းအပေါ် အခြေခံတဲ့ ဒီရုပ်ရှင်ဟာ လူကြည့် အတော်များပြီး တရုတ်ဆိုရှယ်မီဒီယာမှာ အပြင်းအထန် ပြောဆို ဝေဖန်နေပါတယ်။
ဒါကြောင့် ဘေဂျင်းအစိုးရက တရုတ်ပြည်သူတွေ အမြင်ကောင်းစေဖို့ အလုပ်လုပ်ပြရတော့တာပါပဲ။
ဇူလိုင်လအတွင်း နေပြည်တော်လာပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့နဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာပြည်ဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွန်းရဲ့ ခရီးစဉ်မှာ ဒီနယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေကို ပူးပေါင်းတိုက်ဖျက်ရေး အရေးပေးသွားတာ တွေ့ရပါတယ်။ မေလအတွင်း လာသွားတဲ့ အဲဒီအချိန်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းကလည်း အွန်လိုင်းလိမ်လည်မှုတွေကို ပူးပေါင်းတိုက်ဖျက်ရေး တွန်းအားပေး ပြောဆိုခဲ့ပါတယ်။
တရုတ်ရာဇဝတ်ဂိုဏ်းတွေပါဝင်နေတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်းတွေဟာ တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့ မြန်မာနယ်စပ်ဒေသတွေဖြစ်တဲ့ “ဝ”အမျိုးသားသွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (NDAA-မိုင်းလား)နဲ့ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တွေ ထိန်းချုပ်ရာ မြဝတီ၊ လောက်ကိုင်၊ တာချီလိတ်မြို့နယ်တွေမှာ အမြစ်တွယ်နေတာ ကြာပါပြီ။
မြန်မာနိုင်ငံတဝှမ်းက အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်းတွေထဲမှာ ပိတ်မိနေသူ တသိန်းနှစ်သောင်းခန့် ရှိနိုင်ပြီး အရှေ့တောင်အာရှဒေသအတွင်း ဒီလုပ်ငန်းတွေရဲ့ နှစ်စဉ်ဝင်ငွေဟာလည်း အမေရိကန်ဒေါ်လာ ဘီလီယံချီရှိတယ်
မြန်မာနိုင်ငံတဝှမ်းက အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်းတွေထဲမှာ ပိတ်မိနေသူ တသိန်းနှစ်သောင်းခန့် ရှိနိုင်ပြီး အရှေ့တောင်အာရှဒေသအတွင်း ဒီလုပ်ငန်းတွေရဲ့ နှစ်စဉ်ဝင်ငွေဟာလည်း အမေရိကန်ဒေါ်လာ ဘီလီယံချီရှိတယ်လို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်က ဩဂုတ် ၂၉ ရက်နေ့မှာ အစီအရင်ခံစာ ထုတ်ပြန်ပါတယ်။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ ပိတ်မိပြီး အဓမ္မစေခိုင်းခံနေရသူတွေထဲမှာ အာဆီယံနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံသားတွေပါဝင်နေသလို တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ တောင်အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကနိုင်ငံတွေကလည်း ပါဝင်နေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
ဒီလိုအဓမ္မစေခိုင်းခံရသူတွေဟာ လုံခြုံရေးအပါအဝင် ပြင်းထန်တဲ့ချိုးဖောက်များစွာ ရင်ဆိုင်နေရပြီး ညှဉ်းပန်းနှိပ်စက်တာ၊ မတရားချုပ်နှောင်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ အဓမ္မအလုပ်စေခိုင်းတာနဲ့ အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကြုံတွေ့နေရတယ်လို့လည်း ကုလအစီအရင်ခံစာက ဆိုထားပါတယ်။
မြန်မာနယ်စပ်မှာ ရှိနေတဲ့ ဒီလိုလုပ်ငန်းတွေနဲ့ ပတ်သက်လို့ တရုတ်အစိုးရအနေနဲ့ အရင်ကလည်း ဖိအားပေးခဲ့ပေမယ့် ပျောက်ကွယ်သွားခြင်း မရှိခဲ့ဘဲ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ပိုမို ကျယ်ပြန့်လာတာကိုလည်း တွေ့ရပါတယ်။
တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက “ သူတို့လုပ်နေတာတော့ ကြာပြီ၊ ခုနောက်ပိုင်းက မြန်မာပြည်မြောက်ပိုင်းမှာ ငွေလိမ်ဂိုဏ်းတွေ၊ လူမှောင်ခိုကုန်ကူးတာတွေ သိပ်များလို့ သူတို့ကိုင်တာပါ၊ သူတို့ကိုင်ရင်တော့ ဖြစ်အောင်ကိုင်ပါတယ်။ ဟိုတခါ ငွေလိမ်ဂိုဏ်းတခုကို ရအောင်ဖမ်းပြီးတော့ သူတို့ဆီခေါ်ပြီးတော့ သေဒဏ်ပေးလိုက်တာပဲ။ ဖမ်းလည်း ဖမ်းတာပဲ၊ သတ်လည်း သတ်တာပဲ။ သေဒဏ်တွေလည်း ပေးနေတာပဲ၊ လုပ်တဲ့သူတွေ ကလည်း လုပ်နေတာပဲ” လို့ ပြောပါတယ်။
တရုတ်အစိုးရအနေနဲ့ ဒီလုပ်ငန်းတွေ တိုက်ဖျက်ဖို့အတွက် မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေရှိနေသလို ရှမ်းပြည် မြောက်ပိုင်းအခြေစိုက် UWSA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အချို့နဲ့လည်း ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးမှုတွေ ရှိခဲ့တယ်။
တရုတ်အစိုးရအနေနဲ့ ဒီလုပ်ငန်းတွေ တိုက်ဖျက်ဖို့အတွက် မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေရှိနေသလို ရှမ်းပြည် မြောက်ပိုင်းအခြေစိုက် UWSA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အချို့နဲ့လည်း ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက “ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးကိစ္စနဲ့ပတ်သက်ပြီး တရုတ်အစိုးရ လာရောက်တွေ့ဆုံတာရှိပါတယ်။ ဘယ်လိုပူးပေါင်းတိုက်ဖျက်ကြမလဲဆိုတာ ဗဟိုက မူဝါဒ မချသေးပါဘူး” လို့ ဧရာဝတီကို ပြောပါတယ်။
UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်းပေါက်ဒေသမှာ မကြာသေးမီက လူငယ်အများအပြား တရားမဝင် အွန်လိုင်းလုပ်ငန်းတွေမှာ လူကုန်ကူးခံရပြီး အတင်းအဓမ္မခိုင်းစေမှုတွေကြုံခဲ့ရတဲ့အပြင် ပြန်လည် လွတ်မြောက်ရေးအတွက် မိသားစုတွေက ငွေကြေးနဲ့ရွေးထုတ်ခဲ့ရတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
ဒီလိုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ UWSA အနေနဲ့ ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေတယ်လို့သာ ဦးညီရန်းက ပြောဆိုခဲ့ပြီး အရေးယူမှု အသေးစိတ်ကို ပြောဆိုခြင်း မရှိပါဘူး။
တကယ်တမ်း ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ UWSA၊ မိုင်းလား-NDAA နဲ့ ကိုးကန့်အဖွဲ့တွေဟာ ယေဘုယျအားဖြင့် တရုတ်နဲ့နီးစပ်တဲ့ ဆက်ဆံရေးရှိပေမယ့် အကျိုးအမြတ် များစွာရရှိနေတဲ့ အွန်လိုင်းလောင်းကစားနဲ့ ကာစီနိုလို လုပ်ငန်းတွေ တိုက်ဖျက်ရေးမှာတော့ တရုတ်ရဲ့ဖိအားပေး တိုက်တွန်းမှုက ဘယ်လောက်အထိ အကျိုးသက်ရောက်မလဲဆိုတာ မှန်းဆလို့ မရပါဘူး။
မြန်မာ့အရေးကျွမ်းကျင်သူ ဝါရင့်သတင်းစာဆရာ ဘာတေးလ်လစ်တနာက “ တရုတ်-မြန်မာနယ်စပ် မိုင်းလားမှာ ဘေဂျင်းက အရင်ကလည်း အကြိမ်ကြိမ် ကြားဝင်ပြီး မိုင်းလားဒေသက ကာစီနိုလောင်းကစားရုံတွေ ပိတ်ဖို့ လုပ်ခဲ့တယ်၊ ဒါပေမယ့် မိုင်းလား-NDAA က အဲဒီ ကာစီနိုတွေကို တောင်ဘက် မိုင် ၂၀ လောက်ကရွာကို ရွှေ့လိုက်တယ်၊ ငွေရဖို့ရှိနေရင် ကာစီနိုလုပ်ငန်းလုပ်သူတွေက ဖြိုခွဲမှုတွေကိုရှောင်ဖို့ နည်းလမ်း ရှာတွေ့နေမှာပဲ” လို့ ထောက်ပြပြောဆိုပါတယ်။
၂၀၂၃ ခုနှစ် အစပိုင်းကတည်းက တရုတ်အစိုးရအနေနဲ့ သူ့ရဲ့နိုင်ငံသားတွေကို မြန်မာနိုင်ငံမြောက်ပိုင်း၊ တာချီလိတ်နဲ့ မြဝတီ ဒေသတို့ကို သတိထားသွားလာကြဖို့နဲ့ အဲဒီမှာရှိတဲ့ အွန်လိုင်းလောင်းကစားလို တရားမဝင်လုပ်ငန်းတွေမှာ မပါဝင်ကြဖို့၊ ပြန်ပေးဆွဲခံရတာ၊ ထိန်းသိမ်းခံရတာစတဲ့ အရေးပေါ်အခြေအနေတွေမှာ သံရုံးနဲ့ ကောင်စစ်ဝန်ရုံးကို ဆက်သွယ်ကြဖို့ သတိပေး ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့အရေး လွတ်လပ်တဲ့သုတေသီတဦးဖြစ်သူ ဒေးဗစ်မက်သီဆင်က “တရုတ်က ဒီအွန်လိုင်း ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တော်တော်လေး စိတ်မချမ်းသာဘူး၊ ဒီလိမ်လည်မှုတွေက အမျိုးသား ဂုဏ်သိက္ခာထိခိုက်ပြီး တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေကို မီးထိုးပေးတယ်။ တရုတ်က ဒါတွေကို ထိန်းချုပ်ဖို့ တစုံတရာ လုပ်နေတယ်ဆိုတာ ထင်ရှားတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
အွန်လိုင်းလိမ်လည်တဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ လျှင်မြန်တဲ့ တရုတ်စီးပွားရေးတိုးတက်မှုနဲ့ ရာဇဝတ် အစိတ်အပိုင်းတွေရဲ့ ထုတ်ကုန်ဖြစ်သလို အတားအဆီးမရှိတဲ့လောဘကြောင့် ဖြစ်လာတဲ့အတွက် တရုတ်အစိုးရကသာ တာဝန်ခံရမှာဖြစ်သလို မြန်မာနဲ့ ကမ္ဘောဒီးယားတို့လို နိုင်ငံတွေဟာလည်း အလားတူကြံရာပါဖြစ်ပြီး ရာဇဝတ်မှုတွေကို မနှိမ်နင်းနိုင်ဘဲ အမြစ်တွယ် ခွင့်ပြုထားတဲ့ နိုင်ငံရေးအားနည်းမှုကို မီးမောင်းထိုးပြနေတယ်လို့လည်း ဒေးဗစ်မက်သီဆင်က ဆိုပါတယ်။
ရှမ်းပြည်မြောက်ပိုင်း UWSA နဲ့ မိုင်းလားဒေသတွေဟာ မြန်မာစစ်တပ် ဩဇာသက်ရောက်မှု မရှိတဲ့နေရာတွေဖြစ်သလို ထိုင်းမြန်မာ နယ်စပ် မြဝတီ၊ တာချီလိတ်နဲ့ လောက်ကိုင်လိုဒေသက အွန်လိုင်းလောင်းကစားလုပ်ငန်းတွေမှာ စစ်တပ်ရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တွေပါ ပါဝင်လုပ်ကိုင်နေကြတာပါ။
ရှမ်းပြည်မြောက်ပိုင်း UWSA နဲ့ မိုင်းလားဒေသတွေဟာ မြန်မာစစ်တပ် ဩဇာသက်ရောက်မှု မရှိတဲ့နေရာတွေဖြစ်သလို ထိုင်းမြန်မာ နယ်စပ် မြဝတီ၊ တာချီလိတ်နဲ့ လောက်ကိုင်လိုဒေသက အွန်လိုင်းလောင်းကစားလုပ်ငန်းတွေမှာ စစ်တပ်ရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တွေပါ ပါဝင်လုပ်ကိုင်နေကြတာပါ။ ဒီလိုအနေအထားမှာ စစ်ကောင်စီအနေနဲ့ သူ့လက်အောက်ခံတွေကို ဖိအားပေးပြီး တရားမဝင် လုပ်ငန်းတွေ လုပ်နေတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေကို တိုက်ဖျက်မောင်းထုတ်မလား။
ဘာတေးလ်လစ်တနာက သံသယရှိပါတယ်။ “စစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေကြေး လိမ်လည်မှုတွေဟာ သူတို့ရဲ့ မဟာမိတ်ဒေသခံ လက်နက်ကိုင်တွေက လုပ်နေတာမို့ အဲဒါကို နှိမ်နင်းဖို့ နိုင်ငံရေးအရ ဆန္ဒမရှိဘူး” လို့ ဧရာဝတီကို ပြောပါတယ်။
တကယ်လို့ စစ်ကောင်စီအနေနဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေကို အပြီးတိုင်မောင်းထုတ်ပြီး စီမံကိန်းတွေကို ရပ်ဆိုင်းပစ်လိုက်မယ်ဆိုရင် အကျိုးစီးပွားဆက်နွယ်ပြီး အားကိုးအားထားပြုနေရတဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)နဲ့ ပြည်သူ့စစ်တွေရဲ့ ဆန့်ကျင်မှုကို ရင်ဆိုင်ရဖွယ်လည်း ရှိနေပါတယ်။
စစ်တပ်အာဏာမသိမ်းမီ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်ဒေသက စီမံကိန်းနဲ့ ပတ်သက်ပြီး လာဘ်စားမှုနဲ့ တပ်အရာရှိ သုံးဦးကို အရေးယူခဲ့ဖူးသလို လောင်းကစားလုပ်ငန်းတွေနဲ့ နာမည်ပျက်နေတဲ့ နယ်ခြားစောင့်တပ် အရာရှိတွေကို ဖိအားပေးခဲ့တာကြောင့် BGF ခေါင်းဆောင် ဗိုလ်မှူးချုပ် စောချစ်သူနဲ့ တပ်မှူးတွေဟာ BGF က နုတ်ထွက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖြစ် ပြန်လည်ရပ်တည်မယ်လို့ တုန့်ပြန် ခြိမ်းခြောက်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ BGF ကြားက ပြဿနာတွေဟာ ပျောက်ကွယ်သွားခဲ့ပြီး ရွှေကုက္ကိုလ် စီမံကိန်းနဲ့ အတူ မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်တကြောမှာ လူကိုယ်ခန္ဓာအစိတ်အပိုင်းတွေပါ ရောင်းဝယ်နေကြတယ်လို့ နာမည်ဆိုးထွက်နေတဲ့ KK Park လို စီမံကိန်းကြီးတွေ အပြိုင်အဆိုင် ပေါ်ပေါက်လာခဲ့ပါတယ်။ ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းဌာနအဆို တံတိုင်းအမြင့်ကြီးတွေ ကာရံထားတဲ့ ခြံဝန်းကြီးတွေ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တလျှောက် ၁၇ ခု ရှိကြောင်း သိရပါတယ်။
လတ်တလော တရုတ်ရဲ့ဖိအားပေးမှုကြောင့် ရွှေကုက္ကိုလ်စီမံကိန်းနဲ့ KK park စီမံကိန်းတွေကို ပေးတဲ့ အင်တာနက် ဝန်ဆောင်မှုနဲ့ လျှပ်စစ်မီး ထိုင်းကို ဖြတ်တောက်ခိုင်းတာ၊ တရုတ်နိုင်ငံသားတွေကို ဗီဇာသက်တမ်း တိုးမပေးတာတွေ စစ်ကောင်စီဘက်က လုပ်ဆောင်ထားပါတယ်။
ရွှေကုက္ကိုလ်စီမံကိန်း တာဝန်ရှိသူတဦးက “ အင်တာနက်ဖြတ်တာတို့၊ နိုင်ငံခြားသားတွေကို ဗီဇာထပ် မတိုးပေးတာတို့ လုပ်နေတာကြာပြီ၊ မီးပေးတာကိုလည်း သက်တမ်းမတိုးပေးဘူး။ ခုထိလည်း ပြန်မပေးသေးဘူး၊ ကျနော်တို့က အရင်ကတည်းက ဒီလိုလုပ်ငန်းတွေ(အွန်လိုင်းလောင်းကစား) လက်မှ မခံတာ၊ အခု ပူးပေါင်း တိုက်ဖျက်ရေးဆိုတာနဲ့ ပတ်သက်လို့ ကျနော်တို့ဆီ ဘာမှ ပြောလာတာတော့ မရှိသေးဘူး” လို့ ပြောပါတယ်။
ဒီလို သောင်ရင်းမြစ်တလျှောက်က ခြံဝန်းကြီးတွေရဲ့ နောက်ကွယ်မှာ ဖြစ်ပွားနေတဲ့ အဓမ္မစေခိုင်းမှုတွေ၊ လူကုန်ကူးမှုတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ထွက်ပြေးလာကြသူတွေကတဆင့် သိရှိလာရတာပါ။
ဒီလို သောင်ရင်းမြစ်တလျှောက်က ခြံဝန်းကြီးတွေရဲ့ နောက်ကွယ်မှာ ဖြစ်ပွားနေတဲ့ အဓမ္မစေခိုင်းမှုတွေ၊ လူကုန်ကူးမှုတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ထွက်ပြေးလာကြသူတွေကတဆင့် သိရှိလာရတာပါ။
လက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ ဒေသတွင်းက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ အတင်းအကျပ် စေခိုင်းခံနေရသူ တွေကို ကယ်ထုတ်ဖို့ရာ လက်တွေ့မှာ အခက်အခဲတွေများစွာရှိနေပြီး ဒီနှစ်အတွင်း ကယ်ဆယ်ပေးဖို့ ဆက်သွယ် အကူအညီတောင်းလာသူ တရာကျော်ရှိတဲ့အထဲ ဆယ်ဦးကျော်လောက်သာ ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း ထိုင်းနိုင်ငံ အခြေစိုက်လူကုန်ကူးခံရသူတွေကို ကူညီပေးနေတဲ့ AAT အဖွဲ့က ကိုစိုင်းက ပြောပါတယ်။
၎င်းက “ လက်နက်ကိုင်အဖွဲ့တွေအောက်မှာ အန္တရာယ်လည်းတော်တော်များတယ်၊ သူတို့က မတရားတဲ့ အဖွဲ့အစည်းတွေ၊ များသောအားဖြင့် တရုတ်တွေပေါ့၊ ထိန်းချုပ်တဲ့သူတွေက တအားဆိုးဝါးတာကိုး။ ညှဉ်းပန်း နှိပ်စက်တာတွေပေါ့။ တခြားနဲ့ခိုးပြီး ဆက်သွယ်တယ်၊ အကူအညီတောင်းထားတယ်၊ ဖုန်းခိုးသုံးတယ် ဆိုတာ သိသွားရင်တော့ အဲ့ဒီလူကတော့ ခံရပြီ ” လို့ ပြောပါတယ်။
ဒါပေမယ့် ပြန်ပြီး ထွက်ပြေးလာသူတွေဟာ သူတို့လိုအပ်တဲ့ ပြန်လည်ထူထောင်ရေးနဲ့ ကုစားခွင့်တွေ မရဘဲ ရာဇဝတ်ကောင်တွေ သို့မဟုတ် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖေါက်သူတွေလို့ မှားယွင်းစွာသတ်မှတ်ကြတာတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အစီရင်ခံပါတယ်။
“အဲဒီ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွေမှာ အတင်းအကျပ်စေခိုင်းခံရသူတွေဟာ လူမဆန်တဲ့ ဆက်ဆံမှုတွေကို ခံစားခဲ့ရပြီး ရာဇဝတ်မှု ကျူးလွန်ဖို့ အတင်းအကျပ်စေခိုင်း ခံနေရတာပါ။ သူတို့ဟာ သားကောင်တွေသာ ဖြစ်ပါတယ်။။ ရာဇဝတ်ကောင်တွေ မဟုတ်ပါ” လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်လ်ကာ တာ့ခ် က အစီရင်ခံစာထဲမှာ ပြောပါတယ်။။
“သက်ဆိုင်ရာ နိုင်ငံများအားလုံး လူ့အခွင့်အရေးတောင့်တင်းကြံ့ခိုင်စေဖို့၊ အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ လေးနက်ပြီး ရေရှည်အားထုတ်မှုတွေ အပါအဝင် အုပ်ချုပ်ရေးနဲ့ တရားဥပဒေ စိုးမိုးမှု တိုးတက်စေဖို့ နိုင်ငံရေးဆန္ဒ စုစည်းဖို့ လိုအပ်ပါတယ်။ အဲဒီလိုလုပ်တာဟာ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကို တောင့်တင်းကြံ့ခိုင်တဲ့ ရာဇဝတ်မှု တရားစီရင်ရေးတုံ့ပြန်မှုရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်” လို့ တာ့ခ်က တိုက်တွန်းသွားပါတယ်။။
You may also like these stories:
မြန်မာပြည်တွင်းရှိ အွန်လိုင်းလောင်းကစားရာဇဝတ်မှုများ အမြစ်ဖြတ်ချေမှုန်းမည်ဟု တရုတ်ဆို
မီးဖြတ်ခံရသည့် တရုတ်မြို့သစ်များ မီးစက်များဖြင့် ဆက်လည်ပတ်
တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ
တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား
ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ